← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အရေခွံဆုတ်ခံထားရသည့် ဆိုလွန်၏ အလောင်းကို ကြည့်ကာ လန်လင်း ကြက်သီးထသွားရ၏။ ထို့နောက် မေးလိုက်သည်။ "အရေခွံက ဘယ်ရောက်သွားတာလဲ..."

မှော်ဆရာမက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "သက်သေမချန်ချင်ရုံပါပဲ။ အခုဆိုရင် မင်းက သူမဟုတ်ကြောင်းကို ဘယ်သူကမှ သက်သေပြနိုင်မှာ မဟုတ်တော့ဘူး။ စိတ်မပူနဲ့။ ငါ ပေးလိုက်တဲ့ မျက်နှာက အပြစ်အနာအဆာ လုံးဝမရှိဘူး..."

လန်လင်း သက်ပြင်းတစ်ချက် ချလိုက်၏။ ဤမျက်နှာသစ်ကြီးမှာ ဆိုလွန်၏ အရေခွံဖြင့် ပြုလုပ်ထားခြင်း မဟုတ်သည့်အတွက် သူ ဝမ်းသာသွားခြင်းပင်။

လှဲအိပ်လိုက်သည့်အခါ မှော်ဆရာမက ထူးဆန်းပြီး ကြည်လင်နေသည့် မျက်နှာဖုံးလေးကို ယူကာ လန်လင်း၏ မျက်နှာပေါ်သို့ ဖြည်းညင်းစွာ တင်ပေးလိုက်သည်။

ချက်ချင်းပင် ယားယံသွားသည်ကို ခံစားလိုက်ရ၏။

မျက်နှာဖုံးမှာ အရည်ကဲ့သို့ ဖြစ်သွားကာ လန်လင်း၏ အရေပြားအတွင်းသို့ ဖြည်းညင်းစွာ စီးဝင်လာသည်။

ထိုအရာက လန်လင်း၏ မျက်နှာနှင့် လုံးဝ တစ်သားတည်း ကျသွား၏။ အရည်ကဲ့သို့ ဖြစ်နေသည့်အတွက် မျက်နှာပေါက်ကို ချောမွေ့စွာ ပြောင်းလဲပေးနေသည်။ ဤမျက်နှာဖုံးမှာ အသက်ရှင်နေသည့်အလားပင်။

သိပ်မကြာလိုက်ပေ လန်လင်း၏ နှာတံမှာ အနည်းငယ် ပို၍ မြင့်တက်လာကာ နှုတ်ခမ်းများမှာ ပို၍ နူးညံ့သွားပုံရပြီး မျက်လုံးများမှာလည်း အပေါ်သို့ အနည်းငယ် ခပ်စွေစွေလေး ဖြစ်သွား၏။ မျက်ခုံးများကလည်း ပို၍ ထင်းလာသည့်အတွက် အလွန်အမင်း ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိသည့် ပုံပေါ်လာသည်။

မျက်နှာဖုံးက ဆယ့်ငါးမိနစ်တိတိ လှုပ်ရှားနေကာ သူ၏ မျက်နှာအား ပုံသွင်းပေးနေ၏။

နောက်ဆုံး၌ အရာအားလုံး ရပ်တန့်သွားပြီး လန်လင်း မျက်နှာပေါ်၌ မည်သည့်အရာကိုမျှ မခံစားရချေ။ လက်လှမ်းကာ အရေပြားကို စမ်းသပ်ကြည့်လိုက်သည်။ ပို၍ ချောမွေ့နေသည်မှလွဲ၍ မျက်နှာဖုံး အလွှာထူထူကြီး ရှိမနေချေ။

မုတ်ဆိတ်မွေး အတိုလေးများကိုပင် ပုံမှန်အတိုင်း ခံစားနေရ၏။ မျက်နှာဖုံးတစ်ခု လုံးဝ မဟုတ်ဘဲ သူ၏ အစစ်အမှန် မျက်နှာကဲ့သို့ပင် ဖြစ်နေသည်။ မှော်ပညာများ ကျရှုံးသွားသည်လားဟုပင် လန်လင်း သံသယဝင်လာမိ၏။ မျက်နှာဖုံး ရှိနေသည်ကို အဘယ်ကြောင့် မခံစားရသည်နည်း။

သို့သော် သူ မျက်လုံးဖွင့်လိုက်ပြီး ရဲ့ကျင်းယွီနှင့် ရဲ့ကျင်းဖုန်း ညီအစ်မနှစ်ဦး၏ အံ့ဩထိတ်လန့်နေသည့် မျက်နှာများကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ အမှန်တကယ် ပြောင်းလဲသွားပြီဖြစ်ကြောင်းကို သိလိုက်ရသည်။

မှော်ဆရာမက လန်လင်း၏ မျက်လုံးရှေ့သို့ ကြည်လင်နေသည့် မှန်တစ်ချပ်အား ယူလာပြ၏။ မှန်မှာ ကမ္ဘာမြေပေါ်ရှိ မှန်များကဲ့သို့ပင် ကြည်လင်နေကာ အသေးစိတ်မှစ၍ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

မှန်ထဲရှိ သူ၏ ပုံရိပ်ကို မြင်သည့်အခါ လန်လင်း မှင်သက်သွားရသည်။

သူ၏ မျက်နှာမှာ လုံးဝ ကွဲပြားသွားကြောင်းကို သတိပြုမိလိုက်၏။ ယခင်ကနှင့် ရာခိုင်နှုန်း ခုနစ်ဆယ်ခန့် တူညီနေသေးသော်ငြား ယခုအခါ သုံးဆခန့် ပို၍ ချောမောနေလေပြီ။ ဆိုလွန်နှင့် အတိအကျကို တူညီနေသည်။

အမှားအယွင်း လုံးဝမရှိချေ။ ဆိုလွန်၏ ပေါ့ပျက်ပျက်နိုင်ပြီး မျက်နှာများတတ်သည့် စရိုက်မျိုးပင် မျက်နှာသစ်ပေါ်၌ ထင်ဟပ်နေပုံရ၏။ ဤမျက်နှာဖြင့်ဆိုပါက မည်သူကမှ သံသယဝင်မည် မဟုတ်ချေ။

ဆိုလွန်၏ မျက်နှာကို ဤမျှလောက် ပြီးပြည့်စုံစွာ ကူးယူနိုင်ခြင်းက အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှ၏။ မှော်ဆရာမမှာ ဈေးကြီးကြီး တောင်းသော်လည်း သူမ၏ မှော်ပညာမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် အစွမ်းထက်လွန်းလှသည်။

လန်လင်းက မေးသည်။ "နောက်နှစ်အနည်းငယ် ကြာလို့ ကျုပ်ရဲ့ မျက်နှာဟောင်းကို ပြန်လိုချင်ရင် ဘယ်လိုလုပ်ရမလဲ..."

မှော်ဆရာမက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ငါ့ဆီ ပြန်လာခဲ့... ပြီးရင် နောက်ထပ် ရွှေပြား တစ်ထောင် ထပ်ပေး...။ ဒါပေမဲ့ ဒီမျက်နှာဖုံးကို ခွာချလိုက်တာနဲ့ တစ်ခါတည်း ထာဝရပျက်စီးသွားမှာဖြစ်ပြီး ပြန်ပြင်လို့ မရနိုင်တော့ဘူး..."

ထို့နောက် မှော်ဆရာမက ရဲ့ကျင်းဖုန်းကို မေးငေါ့ပြလိုက်၏။ "ဒီကောင်မလေး ဒီမှာ နေရမယ်...။ မင်းတို့နှစ်ယောက် သွားလို့ရပြီ..."

ရဲ့ကျင်းဖုန်း၏ မျက်လုံးများ နီရဲလာသည်။ "ကျွန်မ... ကျွန်မ အစ်မနဲ့ သခင်လေးကို အပြင်အထိ လိုက်ပို့ပေးလို့ ရမလား...။ နှုတ်ဆက်ချင်လို့ပါ..."

မှော်ဆရာမက ခေါင်းညိတ်ပြလိုက်၏။

**--**--**--**--**--**--**--**

ရဲ့ကျင်းဖုန်းက အစ်မဖြစ်သူအား တင်းကျပ်စွာ ဖက်ထားသည်။ အချိန်အတော်ကြာသည်အထိ ငြိမ်သက်စွာ ရပ်နေ၏။ အသံထွက်၍ မငိုသော်ငြား တိတ်တဆိတ် ရှိုက်ငိုနေသည်။ ရဲ့ကျင်းယွီကမူ မငိုသော်လည်း သူမ၏ မျက်လုံးများကလည်း နီရဲနေ၏။

သူမတို့ စကားတစ်ခွန်းမှ မပြောကြချေ။ အမွှာညီအစ်မများ ဖြစ်ကြသည့်အလျောက် သူတို့၏ နှလုံးသားများမှာ ဆက်သွယ်နေကြသည်။ အချိန်ကြာမြင့်စွာ နှုတ်ဆက်နေရန် သို့မဟုတ် ပိုလျှံနေသည့် စကားများ ပြောနေရန် မလိုအပ်ချေ။

ရဲ့ကျင်းယွီကို ဖက်ထားရာမှ လွှတ်ပေးပြီးနောက် ရဲ့ကျင်းဖုန်းက လန်လင်းအား ဖက်ထားရင်း မျက်ရည်ဝဲသွားသည်။ "လန်လင်း... အခုချိန်ကစပြီး ရှင်က ကျွန်မတို့ရဲ့ သခင်လေးပဲ...။ ဆိုလွန် မိသားစုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ရှင် တတ်နိုင်သမျှ အကုန် လုပ်ပေးရမယ်နော်... ဟုတ်လား...။ ပြီးတော့ ကျွန်မ အစ်မကိုလည်း ကာကွယ်ပေးရမယ်နော်... ဟုတ်လား..."

လန်လင်း၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်တက်လာသည်။ ချိုသာပြီး ကြင်နာတတ်သည့် ဤကောင်မလေးသာ မရှိပါက ရဲ့ကျင်းယွီက သူ့အား အစောကြီးကတည်းက သတ်ပစ်လောက်ပြီ ဖြစ်၏။ သူမက သူ၏ အသက်သခင် ကျေးဇူးရှင်ပင်။

ထို့အပြင် ဆိုလွန် မိသားစုအား ပြန်လည်တည်ဆောက်ရာ၌ ကူညီပေးနိုင်ရန် ဤကြောက်မက်ဖွယ် ကောင်းသော နေရာ၌ သုံးနှစ်တိုင်တိုင် ကျန်ရစ်နေရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခင်က အစ်မဖြစ်သူနှင့် တစ်ခါမှ မခွဲဖူးချေ။

ရုတ်တရက် လန်လင်း ကြီးမားလေးလံသော တာဝန်ဝတ္တရားများကို ခံစားလိုက်ရသည်။

"သုံးနှစ်ပြည့်ရင် မင်းကို လာခေါ်မယ်..."

ရဲ့ကျင်းဖုန်းက သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်ပေးလိုက်၏။ "ကတိနော်..."

လန်လင်းက အပြုံးဖြင့် သူမနှင့် လက်သန်းချိတ်လိုက်သည်။ "ကတိပါဗျာ..."

ရဲ့ကျင်းဖုန်းက နှုတ်ခမ်းကိုက်လိုက်သည်။ "ကဲ... ရှင်တို့ သွားလို့ရပါပြီ...။ အစ်မ စိတ်မရှည်ဖြစ်နေလောက်ပြီ..." ထို့နောက် သူမ လှည့်ကာ ရဲတိုက်ကြီးထဲသို့ အမြန် ပြေးဝင်သွားလိုက်၏။

ထိုသို့ဖြင့် သိုင်းပညာရပ်များ၌ အလွန်အမင်း ကျွမ်းကျင်သော်ငြား အပြစ်ကင်းစင်ပြီး ကြောက်တတ်သည့် ရဲ့ကျင်းဖုန်းမှာ ရဲတိုက်ကြီးထဲ၌ ကျန်ရစ်နေကာ ထူးဆန်းပြီး ဂွကျသည့် မှော်ဆရာမနှင့်အတူ နေထိုင်ရတော့သည်။

**--**--**--**--**--**--**--**

လေးလံနေသည့် စိတ်ဖြင့် ရဲ့ကျင်းယွီနှင့် လန်လင်းတို့ လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာမ၏ စံအိမ်ကြီးထဲမှ ထွက်ခွာလာကြ၏။

ဆိုလွန်၏ အလောင်းကို သူတို့ ယူဆောင်သွား၍ မရနိုင်ချေ။ လုံးဝ ပျက်စီးနေပြီး အရေခွံလည်း မရှိပေ။ ခရီးစဉ်တစ်လျှောက်၌ သေချာပေါက် ပုပ်သိုးသွားမည်ဖြစ်ရာ မီးရှို့ပြီး ပြာများကိုသာ ယူဆောင်သွားရမည် ဖြစ်၏။

ရဲ့ကျင်းယွီက ဆိုလွန်၏ အလောင်းကို ပြန့်ပြူးနေသည့် ကျောက်တုံးပြားတစ်ခုပေါ်၌ တင်လိုက်သည်။ တောက်ပနေသော အနီရောင် အရည်တစ်ပုလင်းကို ထုတ်ကာ သူ၏ အပေါ်သို့ လောင်းချလိုက်၏။

ထို့နောက် သူမက လန်လင်းထံ မီးတုတ်တစ်ချောင်း ကမ်းပေးလိုက်သည်။ "အခု အရှင်က သခင်လေးပဲ...။ မိသားစုရဲ့ တစ်ဦးတည်းသော ယောက်ျားလေးဆိုတော့... အရှင်ပဲ မီးရှို့လိုက်ပါ..."

လန်လင်း အံ့ဩသွားရ၏။ မီးတုတ်ကို ယူလိုက်ချိန်၌ ချက်ချင်းပင် မီးတုတ်၏ အလေးချိန်ကို ခံစားလိုက်ရသည်။ မီးတုတ်ကိုယ်တိုင်က လေးလံနေခြင်း မဟုတ်သော်လည်း ရဲ့ကျင်းယွီ၏ စကားများက အလွန်အမင်း လက်တွေ့ဆန်သွားနေခြင်း​ကြောင့်ပင်။

ကျောက်တုံးပေါ်ရှိ ဆိုလွန်၏ အလောင်းကို ကြည့်ကာ လန်လင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ကျုပ် သေချာလုပ်နိုင်မလားတော့ မသိဘူး... ဒါပေမဲ့ အစွမ်းကုန် ကြိုးစားပါ့မယ်..."

ထို့နောက် ဆိုလွန်၏ အလောင်းအား မီးရှို့လိုက်၏။

"ဝုန်းးး။" တောက်ပနေသည့် အပြာရောင် မီးတောက်များ ချက်ချင်း ထတောက်လာသည်။ မှော်အရည်၏ အကူအညီကြောင့် မီးတောက်က ဆိုလွန်၏ အလောင်းကို လျင်မြန်စွာ ဝါးမျိုသွားပြီး ပြင်းထန်စွာ လောင်ကျွမ်းသွား၏။

ဆယ့်ငါးမိနစ် မပြည့်ခင်မှာပင် မီးများ ငြိမ်းသွားသည်။ ဆိုလွန်၏ အလောင်းမှာ လုံးဝ ပျောက်ကွယ်သွားလေပြီဖြစ်ကာ ပြာတစ်လွှာသာ ကျန်ရစ်ခဲ့သည်။

ရဲ့ကျင်းယွီက ပြာများအားလုံးကို သတိတကြီး လှည်းကျင်းကာ သေတ္တာတစ်လုံးထဲသို့ ထည့်လိုက်၏။

"တော်ဝင်မြို့တော်က မြို့စားကြီးစံအိမ်ဆီ ပြန်ကြစို့..." ရဲ့ကျင်းယွီက မှော်ဆရာမ၏ စံအိမ်ဘက်သို့ နောက်ဆုံးအနေဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။

လန်လင်းသည်လည်း မြင်းလှည်းပေါ်သို့ တက်လိုက်၏။

ရဲ့ကျင်းယွီက မြင်းလှည်းကို ဦးဆောင်လျက် နုလန်ဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ကျစ်တူးရှိရာ အနောက်မြောက်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားလိုက်သည်။

**--**--**--**--**--**--**--**

မှော်ဆရာမ၏ စံအိမ်မှ ထွက်ခွာလာပြီး ငါးရက်အကြာ၌ သူတို့၏ မြင်းလှည်းမှာ နုလန်ဘုရင့်နိုင်ငံ၏ မြို့တစ်မြို့ထဲသို့ ဝင်ရောက်လာ၏။

ပြတင်းပေါက်မှတစ်ဆင့် လမ်းမများကို ကြည့်ရင်း ဤမြို့မှာ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောနှောနေသည်ကို လန်လင်း သတိထားမိလိုက်သည်။ အရှေ့တိုင်းဟန် သစ်သားခြံစည်းရိုးများ ၊ မဏ္ဍပ်များနှင့် မျှော်စင်များရှိနေသကဲ့သို့ အနောက်တိုင်းဟန် ကျောက်တုံးရဲတိုက်များ ၊ သိုင်းပြိုင်ကွင်းများနှင့် ရုပ်တုများလည်း ယှဉ်တွဲလျက် ရှိနေ၏။

မြို့မှာ အလွန်အမင်း ချမ်းသာကြွယ်ဝပြီး စည်ကားနေသည်။ မြို့တော်နှင့် ပို၍ နီးကပ်လာလေလေ မြို့များက ပို၍ ချမ်းသာကြွယ်ဝလာလေလေပင်။

ဆယ်ရက်မြောက်နေ့၌ ခမ်းနားထည်ဝါလှသော မြို့ကြီးတစ်မြို့က လန်လင်း၏ ရှေ့၌ ပေါ်ထွက်လာ၏။ နောက်ဆုံး၌ နုလန်ဘုရင့်နိုင်ငံ၏ မြို့တော်သို့ သူတို့ ရောက်ရှိလာကြလေပြီ။

နုလန်ဘုရင့်နိုင်ငံသည် အလယ်ပိုင်းဒေသ၏ တောင်ဘက်ပိုင်းကို အုပ်စိုးထားသည်။ မိုင်ထောင်ချီ ကျယ်ဝန်းပြီး လူဦးရေ သန်းသုံးဆယ်ကျော် နေထိုင်ကြ၏။

ကျစ်တူးဟုခေါ်သည့် မြို့တော်၌မူ လူဦးရေ တစ်သန်းကျော်ရှိသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်ရုံသာမက တစ်ကမ္ဘာလုံး၌ အကျော်ကြားဆုံး မြို့ကြီးငါးမြို့ထဲမှ တစ်မြို့လည်း ဖြစ်၏။

ကျစ်တူးအား ဝန်းရံထားသည့် ဧရာမ မြို့ရိုးကြီးမှာ မိုင်သုံးဆယ်ကျော် ရှည်လျားသည်။ ထိုရှေ့၌ ရပ်နေရင်း လန်လင်း ကြီးမားခမ်းနားလှသော အရွယ်အစားကြောင့် လုံးဝ အံ့ဩမှင်သက်သွားရ၏။

ကြည့်လိုက်သည့် နေရာတိုင်း၌ မြို့ရိုးအပေါ်ရော အောက်ဘက်၌ပါ တောက်ပနေသော သံချပ်ကာများ ဝတ်ဆင်ထားသည့် စစ်သည်များကို တွေ့နေရသည်။

ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ပျံသန်းနေသည့် အမည်းရောင်အရိပ် ဆယ်ခုကျော်ကို လန်လင်း မြင်တွေ့လိုက်ရ၏။

သေချာကြည့်လိုက်သောအခါ ထိုသူများမှာ လေကြောင်းကို စောင့်ကြပ်နေသည့် အမ်ဘာသားရဲများအား စီးနင်းထားသော စစ်သည်များ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ဤစိတ်ကူးယဉ်ဆန်လှသည့် လောကကြီး၌ ပျံသန်းနိုင်သော သားရဲများဖြင့် ဖွဲ့စည်းထားသည့် လေတပ်တစ်ခု အမှန်တကယ် ရှိနေခြင်းပင်။

ဧရာမ မြို့တံခါးကြီး သုံးခုလုံးမှာ ကျယ်ဝန်းစွာ ပွင့်နေသော်လည်း ကြီးမားလှသည့် လူအုပ်ကြီးမှာ အထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြဆဲပင်။ မတူညီသည့် လူမျိုးနွယ်များစွာ ရှိနေကြောင်း လန်လင်း သတိထားမိလိုက်၏။ သူတို့ထဲမှ အများစုမှာ အရှေ့အာရှသားများနှင့် တူသော်လည်း လူဖြူများ ၊ လူညိုများနှင့် အခြားသူများလည်း ရှိနေကြသည်။

ရဲ့ကျင်းယွီက အထူး ကျောက်စိမ်းပြားတစ်ခုကို ဆွဲထုတ်ကာ အစောင့်များအား ပြလိုက်၏။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ အလယ်တံခါးမှတစ်ဆင့် သူမ၏ မြင်းကို ဖြတ်မောင်းလိုက်သည်။ ဤသည်က မှူးမတ်များကိုသာ ပေးအပ်ထားသည့် အထူး အခွင့်အရေးတစ်ခုပင်။

သူတို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် လူစည်ကားပြီး ကြီးမားလှသည့် မြို့ကြီးတစ်ခုကို မြင်လိုက်ကြရသည်။

"တော်ဝင်မြို့တော်... ငါ ရောက်လာပြီ..." လန်လင်းက အသက်ကို ခပ်ပြင်းပြင်းရှုကာ ရေရွတ်လိုက်သည်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters