← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မြို့တော်ကြီးမှာ အလွန်တရာ ကျယ်ဝန်းလှပြီး လမ်းမများပေါ်၌ လူများဖြင့် ပြည့်နှက်နေသည်။ အချို့သော အမျိုးသမီးများမှာ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို ဖော်ပြကာ ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားကြပြီး အချို့ကမူ ဝတ်ရုံများဖြင့် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားကာ မျက်လုံးများကိုသာ ဖော်ပြထားကြ၏။

တော်ဝင်မြို့တော်ရှိ အဆောက်အအုံများမှာလည်း လူများနည်းတူ ပြည့်ကျပ်နေပြီး ငါးထပ် သို့မဟုတ် ခြောက်ထပ်ရှိသည့် အဆောက်အအုံမြင့်ကြီးများက နေရာတိုင်း၌ ယှဉ်တွဲလျက် ရှိနေကြသည်။

အမျိုးသမီးများ၏ အလှပြင်ပစ္စည်း အနံ့များ ၊ အမျိုးသားများ၏ ချွေးနံ့များ ၊ ရေမြောင်းများမှ အပုပ်နံ့များ လမ်းဘေးအစားအစာများမှ အသားကင်နံ့များစသည့် ရေတွက်၍မရနိုင်သော အနံ့များ ပေါင်းစပ်နေကာ အလွန်တရာ ထူးဆန်းပြီး ရှုပ်ထွေးလှသည့် အနံ့ကြီးတစ်ခု ဖြစ်ပေါ်နေစေ၏။

ရဲ့ကျင်းယွီက နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... အရင်လို အနံ့ဆိုးနေတုန်းပဲ။"

လန်လင်းကမူ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ အရာအားလုံးကို သိချင်စိတ်ဖြင့် လှမ်းကြည့်နေ၏။ အရာအားလုံးက အစစ်အမှန်ဖြစ်ပြီး ရုပ်ရှင်များထဲ၌ မြင်ဖူးသည်ထက် အမြင်အာရုံကို ပို၍ ဖမ်းစားနိုင်လွန်းလှသည်။ အထူးသဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်းဟန် ရောနှောနေသည့် ဤမြို့ကြီးမှာ ရုပ်ရှင်များထဲ၌ မြင်တွေ့ရသည်များနှင့် လုံးဝကို ကွာခြားနေ၏။

တော်ဝင်မြို့တော်ထဲ၌ လူအလွန်များလွန်းသောကြောင့် မှူးမတ်များ၏ မြင်းလှည်းများပင် အလွန် နှေးကွေးစွာ သွားလာနေကြရသည်။

ရုတ်တရက် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာသည်။ "အို... သခင်လေး ဆိုလွန် ပြန်လာတာလား။"

လန်လင်း မြင်းလှည်းကုလားကာကို မတင်ကာ လှမ်းကြည့်လိုက်၏။ ခမ်းနားထည်ဝါလှသည့် ရွှေရောင် အဆောက်အအုံတစ်ခုပေါ်၌ အဝတ်အစားများ ဟိုတစ်စဒီတစ်စ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဒါဇင်ခန့်မှာ ဆွဲဆောင်မှုရှိစွာ ကိုယ်ဟန်ပြနေကြသည်။ လန်လင်း၏ မျက်နှာကို မြင်လိုက်ရသည့်အခါ အမျိုးသမီးများက ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ "သခင်လေး ဆိုလွန် ပြန်ရောက်လာပြီ။ သခင်လေး ဆိုလွန် ပြန်ရောက်လာပြီ။"

ပြည့်တန်ဆာအိမ်ပင်။

ထို့နောက် ထိုအမျိုးသမီးများက ရဲတင်းစွာပင် သူတို့၏ ရင်သားဖုံးများကို မတင်လိုက်ကြပြီး လူတိုင်းရှေ့၌ အပေါ်ပိုင်းကို အပြည့်အဝ ဖော်ပြလိုက်ကြသည်။

"သခင်လေး ဆိုလွန်... မြန်မြန်လာပါ။ ကျွန်မတို့ ရှင့်ကို အရမ်းလွမ်းနေပြီ။"

ထို့နောက် အမျိုးသမီး အတော်များများက အပေါ်ထပ်မှ ပြေးဆင်းလာကြပြီး မြင်းလှည်းပေါ်သို့ ခုန်တက်ရန် ကြိုးစားကြ၏။

မြင်းလှည်းပေါ်ရှိ လန်လင်းတစ်ယောက် ကြက်သီးများပင် ထသွားရသည်။ သူ ဟန်ဆောင်နေသည့် ဆိုလွန်ဆိုသည့် နွားလေးမှာ ပြည့်တန်ဆာအိမ်များ၏ နံပါတ်တစ် ဖောက်သည် ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပြည့်တန်ဆာများက ယခုလောက် စိတ်အားထက်သန်နေကြမည် မဟုတ်ချေ။

ရဲ့ကျင်းယွီက မျက်လွှာချကာ အနေခက်စွာ ပြောလာသည်။ "သခင်လေး ဆိုလွန်က အရင်တုန်းက ဒီလိုနေရာမျိုးတွေကို အမြဲလာပြီး ငွေတွေ အများကြီး ဖြုန်းပစ်တာ။ ဒါကြောင့် ပြည့်တန်ဆာအိမ်က မိန်းမတွေ အားလုံးက သခင်လေးကို သိကြပြီး တော်ဝင်မျိုးနွယ်တစ်ပါးလို ဆက်ဆံကြတော့တာပဲ။"

လန်လင်း ရုတ်တရက် ကြီးမားသည့် ဖိအားများကို ခံစားလိုက်ရ၏။ ကမ္ဘာမြေပေါ်၌ သူသည် အပြစ်ကင်းစင်သည့် လူပျိုစစ်စစ်တစ်ယောက် ဖြစ်သော်လည်း ယခုအခါ မိန်းမလိုက်စားသူတစ်ဦးအဖြစ် ဟန်ဆောင်ရတော့မည် ဖြစ်ကာ ခက်ခဲလွန်းလှသည်။

ရဲ့ကျင်းယွီက မြင်းလှည်းကို အရှိန်မြှင့်ရန် ချက်ချင်းပင် ကျာပွတ်ကို ရမ်းလိုက်ပြီး ခုန်တက်ရန် ကြိုးစားနေသော ပြည့်တန်ဆာများကို ခွာကာ မြို့စားကြီးစံအိမ်ဆီသို့ အမြန် ချီတက်သွားလိုက်၏။

**--**--**--**--**--**--**--**

ထျန်းရွှေ မြို့စားကြီးစံအိမ်မှာ တော်ဝင်မြို့တော်၏ အတွင်းမြို့တော်ထဲ၌ တည်ရှိပြီး နိုင်ငံတော်၏ မှူးမတ်မိသားစုများသာ နေထိုင်ကြသည်။

အတွင်းမြို့တော်သို့ ဝင်ရောက်လိုက်သည်နှင့် လေထုမှာ ချက်ချင်း ပြောင်းလဲသွားကာ မွှေးပျံ့ကာသာယာလာ၏။ လမ်းများမှာလည်း ရုတ်တရက် ကျယ်ဝန်းလာပြီး လမ်းဆင်းလျှောက်သည့် လူများ နည်းပါးသွားသည်။ ထိုအစား ဇိမ်ခံမြင်းလှည်းများနှင့် မြင်းကောင်းများသာ အသွားအလာ ရှိ၏။

ကျယ်ဝန်းလှသည့် ကျောက်စိမ်းပြာလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီ၌ ရှည်လျားမြင့်မားလှသည့် တံတိုင်းကြီးများ ရှိနေကာ ထိုတံတိုင်းများ၏ နောက်ကွယ်၌ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသည့် မိသားစုများ၏ စံအိမ်များလည်း ရှိနေကြသည်။

လမ်းက ကျယ်ဝန်းပြီး လူနည်းပါးသောကြောင့် မြင်းလှည်းမှာ ပို၍ မြန်ဆန်စွာ သွားလာနိုင်၏။ သူတို့ ခရီးနှင်ရင်း ပြတင်းပေါက်မှတစ်ဆင့် လှပသည့် ရှုခင်းများကို လန်လင်း ကြည့်ရှုနေစဉ် မြင်းလှည်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။

လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "ဘာဖြစ်လို့လဲ။ မြို့စားကြီးစံအိမ်ကို ရောက်ပြီလား။"

ရဲ့ကျင်းယွီက မြင်းပေါ်မှ ခုန်ဆင်းလာကာ လန်လင်းထံ အလျင်စလို လက်ဟန်ပြလိုက်သည်။ "မြန်မြန် ဆင်းပြီး လမ်းဘေးမှာ ရပ်နေ။ ခေါင်းငုံ့ထားပြီး ရိုရိုသေသေ တည်တည်ငြိမ်ငြိမ် နေပါ။"

လန်လင်းသည်လည်း မြင်းလှည်းပေါ်မှ အမြန်ဆင်းကာ ရဲ့ကျင်းယွီနှင့်အတူ လမ်းဘေး၌ ရပ်လိုက်၏။ သူ ခေါင်းအနည်းငယ် ငုံ့ကာ အောက်သို့ စိုက်ကြည့်နေသည်။ လမ်းပေါ်ရှိ အခြားသော မြင်းလှည်းများ အားလုံး ရပ်တန့်နေကြပြီး အထဲရှိ မှူးမတ်များလည်း ဆင်းကာ လမ်းဘေး၌ တိတ်ဆိတ်စွာ ရပ်နေကြသည်ကို တွေ့လိုက်ရ၏။

သူ အံ့ဩသွားရသည်။ ဖြတ်သွားမည့် အရေးကြီးပုဂ္ဂိုလ်က မည်သူနည်း။ တော်ဝင်မျိုးနွယ်ဖြစ်ပုံရသည်။

ခဏအကြာ၌ မည်သူဖြစ်သည်ကို မမြင်ရသေးခင်မှာပင် လန်လင်းက ထူးဆန်းသည့် ရနံ့တစ်ခုကို ရလိုက်၏။ အလွန်အမင်း သိမ်မွေ့သော်ငြား နတ်ပြည်မှ ရနံ့ကဲ့သို့ပင် စွဲလန်းဖွယ် ကောင်းနေသည်။ ထို့နောက် အရှေ့ဘက် လမ်းထောင့်မှ လူလေးယောက်ပါဝင်သည့် အုပ်စုတစ်စု ပေါ်ထွက်လာကာ လမ်းမအလယ်မှ လျှောက်လာသည်ကို မြင်လိုက်ရ၏။

ထိုအမျိုးသမီး လေးဦးစလုံးမှာ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဝတ်ရုံများဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံထားကြပြီး မျက်လုံးများကိုသာ မြင်တွေ့နေရသည်။ သူမတို့၏ မျက်နှာများကို ဖုံးကွယ်ထားသော်လည်း သွယ်လျပြီး ကျက်သရေရှိလှသည့် ခန္ဓာကိုယ် ကောက်ကြောင်းများကိုမူ ရှင်းလင်းစွာ မြင်တွေ့နေရ၏။

ထို့အပြင် သူမတို့၏ မျက်လုံးများသည် အလွန်အမင်း အပြစ်ကင်းစင်ပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပင် သန့်စင်ပေးနိုင်သည့်အလား မြင့်မြတ်လှသည့် အလင်းရောင်များ တောက်ပနေသည့် မျက်လုံးမျိုးကို လန်လင်း ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ထိုလေးဦးလုံးမှာ အလွန် မြန်ဆန်စွာ လျှောက်လှမ်းနေကြသော်လည်း ခြေလှမ်းလှမ်းနေသည်ကို လုံးဝ မမြင်ရသည့်အလားပင်။ လူတိုင်း၏ ရှေ့မှ မျောလွင့်သွားသကဲ့သို့ ဖြစ်နေ၏။ လမ်းမတစ်လျှောက်လုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။

အဖြူရောင် ဝတ်ရုံများနှင့် အမျိုးသမီး လေးဦးလုံး လုံးဝ ထွက်ခွာသွားပြီးနောက်မှသာ အားလုံး မြင်းလှည်းပေါ်သို့ ပြန်တက်ကြကာ သူတို့၏ ခရီးကို ဆက်နှင်လိုက်ကြ၏။

လန်လင်းတစ်ယောက် အလွန် သိချင်နေသော်ငြား မမေးဘဲ မြင်းလှည်းပေါ်သို့သာ တက်လိုက်သည်။

ရဲ့ကျင်းယွီက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ "သူတို့က မြင့်မြတ်နတ်နဂါးကျောင်းတော်က နှင်းဝတ်ရုံတမန်တော်တွေပဲ။ ဒီလောကကြီးက နတ်ဘုရားတွေရဲ့ တမန်တော်တွေပေါ့။ နောက်နောင် ဘယ်နေရာမှာပဲ သူတို့နဲ့ ဆုံဆုံ လမ်းဘေးမှာ တိတ်တိတ်လေး ရပ်နေရမယ်။ ခေါင်းမမော့ရဘူး ၊ မလှုပ်ရဘူး ၊ စကားတစ်ခွန်းမှလည်း မဟရဘူး။"

လန်လင်းက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း... နားလည်ပြီ။"

မြင့်မြတ်နတ်နဂါးကျောင်းတော်ဆိုသည့် စကားလုံးတို့က သူ၏ စိတ်ထဲ၌ ချက်ချင်းပင် စွဲထင်လာ၏။ ထိုကျောင်းတော်က ဤလောကကြီး၌ လွှမ်းမိုးမှုအရှိဆုံး ဘာသာရေး ယုံကြည်မှု အဖွဲ့အစည်းကြီး ဖြစ်ပေလိမ့်မည်။

မြင်းလှည်းမှာ အတွင်းမြို့တော်ထဲ၌ ဆယ့်ငါးမိနစ်ခန့် ခရီးနှင်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ ရဲ့ကျင်းယွီက မြင်းလှည်းကုလားကာကို မတင်လိုက်၏။ "သခင်လေး... ရောက်ပါပြီ။"

လန်လင်း၏ နှလုံးသားမှာ တစ်ချက် ဒုန်းကတည်း ခုန်သွားရသည်။ အကြောင်းရင်း ရေရေရာရာ မရှိသော်ငြား သူ၏ အတွင်း၌ တင်းမာနေသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။

လန်လင်း မြင်းလှည်းတံခါးကို ဖွင့်ကာ အရှေ့ရှိ မြို့စားကြီးစံအိမ်ကို လှမ်းကြည့်လိုက်သည်။

အနီရောင် တံခါးမကြီးများနှင့် ကျောက်စိမ်းတံခါးများရှိသည့် ခမ်းနားထည်ဝါလှသော စံအိမ်ကြီးတစ်ခုပင်။ ခြံဝင်းကြီးသည် လူသူကင်းမဲ့ကာ အေးချမ်းနေ၏။

ဧရာမ ကျောက်ခြင်္သေ့ကြီး နှစ်ကောင်မှာ တံခါးမကြီး၏ ရှေ့၌ ရပ်နေကာ အနီရောင် တံခါးမကြီးနှင့် ဧရာမ ရွှေချထားသည့် ဆိုင်းဘုတ်ကြီးလည်း ရှိနေသေးသည်။

လေးငါးမီတာ မြင့်ပြီး မီတာရာချီ ရှည်လျားသည့် အစိမ်းရောင် တံတိုင်းကြီးမှာလည်း မျက်စိတစ်ဆုံး ဆန့်တန်းနေသည်။ ထိုတံတိုင်းကြီးက အထဲရှိ မြင်ကွင်းကို လုံးဝ ပိတ်ဆို့ထားကာ နောက်ကွယ်မှ ပန်းပွင့်နေသည့် သစ်ပင်များသာ တစ်ခါတစ်ရံ ထွက်ပေါ်နေ၏။

ကမ္ဘာမြေပေါ်၌ လန်လင်း၏ မိသားစုမှာ အလတ်တန်းစားသာ ဖြစ်ပြီး နှစ်နှစ်ဆယ် သက်တမ်းရှိ စတုရန်းမီတာ တစ်ရာကျော်ခန့်သာ ကျယ်ဝန်းသော အိမ်အိုလေးတစ်လုံး၌ နေထိုင်ခဲ့ရသည်။ သို့သော် အရှေ့ရှိ မြို့စားကြီးစံအိမ်မှာ အနည်းဆုံး ဧကတစ်ရာခန့် ကျယ်ဝန်းနေ၏။ ​တုန်လှုပ်ဖွယ် ခမ်းနားကြီးကျယ်မှုကြောင့် လန်လင်းတစ်ယောက် အနည်းငယ်ပင် မှင်သက်သွားရ၏။

သို့သော် ဆိုင်းဘုတ်ပေါ်ရှိ ရွှေချထားမှုမှာ အနည်းငယ် မှေးမှိန်နေပုံရပြီး တံတိုင်းအတွင်းရှိ သစ်ပင်များမှာလည်း အချိန်အတန်ကြာသည်အထိ ခုတ်ထွင်ရှင်းလင်းထားခြင်း မရှိသည့်အလား ဖိုသီဖတ်သီ ကြီးထွားနေကြသည်။

ထို့အပြင် မြို့စားကြီးစံအိမ်ကို တင်းကျပ်စွာ ပိတ်ထားပြီး အထဲမှ မည်သည့် အသံကိုမှလည်း မကြားရချေ။ အကြောင်းတစ်ခုခုကြောင့် ကြီးမားကျယ်ဝန်းလှသည့် မြို့စားကြီးစံအိမ်မှာ ခြောက်ကပ်နေသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ရဲ့ကျင်းယွီက ပြုံးကာ လှည့်ကြည့်လိုက်သည်။ "သခင်လေး... သခင်မလေးကို ကျွန်မ သွားရောက် သတင်းပို့နေတုန်း ခဏလောက် ဒီမှာ စောင့်နေပေးပါ။"

ရိုးရိုးသားသား ဆိုရလျှင် ရဲ့ကျင်းယွီသည်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ လန်လင်းကို ဆိုလွန်အဖြစ် ဟန်ဆောင်ခိုင်းခြင်းမှာ သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး သခင်မလေးက ဤအကြောင်းကို သိမထားချေ။ သခင်မလေးက သူမအား ညီမအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံသော်ငြား ဤကိစ္စသည် သူမ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေသည်။

မြို့စားကြီး သက်ရှိထင်ရှား ရှိစဉ်က ကျန်းမာရေးကြောင့် နှစ်ပေါင်းများစွာ အိပ်ရာထဲ လဲနေခဲ့ရပြီး ဆိုလွန်မိသားစု၏ သခင်လေးမှာလည်း မိန်းမလိုက်စားကာ ပေါ့ပျက်ပျက်နိုင်လွန်း၏။

ထိုအကြောင်းအရင်းများကြောင့် သခင်မလေးကသာ မြို့စားကြီးစံအိမ်ကို အချိန်အတော်ကြာ တာဝန်ယူခဲ့ရပြီး အမြဲတမ်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters