အခန်း ၁၀
Vol. 1 Ch. 10
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အကယ်၍ သခင်မလေးကသာ လန်လင်းအား ဆိုလွန်၏ နေရာကို ဝင်ယူခွင့် မပြုပါက ရဲ့ကျင်းယွီ ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
သူမ အလွန်အမင်း စိုးရိမ်ပူပန်နေသည်ကို မြင်သည့်အခါ လန်လင်းက နှစ်သိမ့်ပေးရန် ကြင်နာစွာ ပြုံးပြလိုက်၏။
ထိုနွေးထွေးသည့် အပြုံးက ရဲ့ကျင်းယွီကို ချက်ချင်းပင် သူ့အပေါ် ပို၍ သဘောကျသွားစေသည်။ သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရှေ့သို့လျှောက်သွားကာ တံခါးခေါက်လိုက်၏။
အထဲမှ အသက်ကြီးကြီး အသံတစ်သံ ထွက်ပေါ်လာသည်။ "မြို့စားကြီးစံအိမ်က ဧည့်သည် လက်မခံဘူး... နာမည် ချန်ထားခဲ့... နောက်နေ့မှ သခင်မလေး ကိုယ်တိုင် လာ တောင်းပန်လိမ့်မယ်..."
ရဲ့ကျင်းယွီက နှုတ်ခမ်းကိုက်လိုက်သည်။ "အိမ်တော်ထိန်းကြီး... ကျွန်မပါ... ကျွန်မ ပြန်ရောက်ပြီ..."
နေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ ထို့နောက် တံခါးက အမြန်ပွင့်လာ၏။ အဘိုးအိုက တုန်ယင်နေသည့် အသံဖြင့် မေးလာသည်။ "သခင်လေးရော..."
ရဲ့ကျင်းယွီ ပြန်မဖြေချေ။ စံအိမ်ထဲသို့သာ တန်း၍ ဝင်သွားလိုက်၏။
စံအိမ်ရှိ အစေခံမိန်းကလေးများနှင့် အစေခံများ ထွက်လာကြကာ ရဲ့ကျင်းယွီကို အရိုအသေပေးကြသည်။ သူတို့က သူမ၏ နောက်သို့ လှမ်းကြည့်နေကြ၏။ သူတို့အားလုံး သိချင်နေသည့် အရာတစ်ခုတည်းမှာ သခင်လေး ဆိုလွန် ပြန်ရောက်လာပြီလား ဆိုသည်ပင်။
ဆိုလွန်က လူကောင်းတစ်ယောက် ဖြစ်နေ၍ မဟုတ်ချေ။ အကယ်၍ သူသာ ပြန်မလာပါက ထျန်းရွှေ မြို့စားကြီးစံအိမ် ပြိုလဲသွားမည် ဖြစ်သောကြောင့်ပင်။ စံအိမ်သာ မရှိတော့ပါက အစေခံများအားလုံး အလုပ်လက်မဲ့ဖြစ်ကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပေလိမ့်မည်။
**--**--**--**--**--**--**--**
ထျန်းရွှေ မြို့စားကြီး၏ သမီးဖြစ်သူ ဆိုနင်ပင်းမှာ သူမ၏ အလှအပကြောင့် နိုင်ငံတစ်ဝန်း၌ နာမည်ကျော်ကြားလှ၏။ သူမသည်လည်း မင်းသမီး ကျိနင်ကဲ့သို့ပင် လှပသည်။
လွန်ခဲ့သည့် နှစ်များစွာက သူမ အသက်ဆယ့်သုံးနှစ်အရွယ်၌ ယခင် မြို့စားကြီးက သူမကို တော်ဝင်စားပွဲသဘင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျိပိုင်ဘုရင်က သူမကိုမြင်ပြီး အလွန်အံ့ဩသွား၏။ "ကောင်းကင်ရေကန်ရဲ့ အလှတရားတွေ အားလုံးက မင်းသမီးလေးဆီမှာ စုစည်းနေတာပဲ... တကယ့် ကောင်းကင်ရေစင်နတ်မိမယ်လေးပါလား..."
ထိုအကြောင်းကြောင့် လူများက ဆိုနင်ပင်းအား ရေခဲနတ်မိမယ်ဟု စတင်ခေါ်ဝေါ်လာကြသည်။ သူမသည် နုလန်ဘုရင့်နိုင်ငံ တစ်ဝန်းလုံး၌ ကြီးကျယ်ခမ်းနားလှသည့် အလှပိုင်ရှင်အဖြစ် လူသိများလာခဲ့၏။
လက်ရှိအချိန်၌ သူမသည် ရဲ့ကျင်းယွီ၏ ရှေ့၌ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ကာ ရပ်နေသည်။ သူမ၏ ဆံပင်များကို အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဲ့သို့ ပုံသွင်းထားပြီး သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးကြောင်း ပြသသည့်အနေဖြင့် အဖြူရောင် ခေါင်းစီးကြိုးကို ပတ်ထား၏။
ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း နတ်မိမယ်လေး တစ်ပါးကဲ့သို့ လှပနေဆဲပင်။ သူမ၏ ဘေး၌မူ များစွာ လှပသည့် ရဲ့ကျင်းယွီပင်လျှင် ရိုးစင်းသွားပုံရသည်။
သူမက မျက်ရည်ဝဲနေလျက် မေးလိုက်၏။ "ကျင်းယွီ... နင် ပြန်ရောက်ပြီလား... ဆိုလွန်ရော..." ငိုထားသည့်အတွက် သူမ၏ အသံမှာ အနည်းငယ် အက်ရှနေသည်။
ရဲ့ကျင်းယွီက တံခါးကို ပိတ်လိုက်၏။ မည်သူမှ ခိုးနားမထောင်နေကြောင်း သေချာသွားပြီးနောက် သူမက တိုးတိုးလေး ပြောလိုက်သည်။ "သခင်မလေး... ကျွန်မ ဘာပဲပြောပြော ကျေးဇူးပြုပြီး အသံမထွက်နဲ့... တခြား ဘယ်သူ့ကိုမှ ကြားခွင့်ပေးလို့ မဖြစ်ဘူး..."
ရဲ့ကျင်းယွီ၏ အမူအရာတို့ကြောင့် ဆိုနင်ပင်း၏ လှပသည့် မျက်နှာမှာ တည်ကြည်သွားပြီး ခေါင်းညိတ်ပြလိုက်၏။
ရဲ့ကျင်းယွီက မျက်လွှာချလိုက်သည်။ "သခင်လေး ဆိုလွန် သေသွားပြီ... ကောင်းကင်မိစ္ဆာ တောင်တန်း အပျက်အစီးတွေထဲက စွမ်းအင်စက်ကွင်း တစ်ခုကြောင့် သေသွားပါပြီ..."
ဆိုနင်ပင်း ယိုင်နဲ့သွားပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များ ထပ်မံ စီးကျလာ၏။ သူမ၏ ဝမ်းနည်းကြေကွဲဖွယ် ငိုရှိုက်သံများကို လုံသွားစေရန် ပါးစပ်ကို တင်းတင်း ပိတ်ထားလိုက်သည်။ သူမ ဟန်ချက်ပျက်သွားကာ ကုလားထိုင်ပေါ်သို့ နောက်ပြန် ကျသွား၏။
အလွန် တိုတောင်းသည့် အချိန်အတွင်း သူမ၏ မိသားစုဝင် နှစ်ဦးစလုံးကို ဆုံးရှုံးလိုက်ရသည်။ သူမ လုံးဝ မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရ၏။
ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ "သခင်လေး ဆိုလွန်က တစ်ဦးတည်းသော ဆက်ခံမယ့် ယောက်ျားလေးလေ... အခု သူ သေဆုံးသွားပြီဆိုတော့ တော်ဝင်မိသားစုက ဒီအခွင့်အရေးကို သုံးပြီး ထျန်းရွှေမြို့ရဲ့ နယ်မြေတွေကို ပြန်သိမ်းယူလိမ့်မယ်... ဆိုလွန် မိသားစုရဲ့ နှစ်ပေါင်းနှစ်ရာ ကြိုးပမ်းအားထုတ်မှုတွေက ချက်ချင်း ပျက်စီးသွားတော့မယ်..."
ဆိုနင်ပင်း ပို၍ ဆိုးရွားစွာ ခံစားလိုက်ရပြီး ငိုကြွေးလိုက်၏။ "ဆိုလွန်ကို သေချာ မသွန်သင်ခဲ့တဲ့ ငါ့အမှားတွေ... ငါသာ ပိုပြီး တင်းကျပ်ခဲ့မယ်ဆိုရင် သူက မင်းသမီး ကျိနင်နောက်ကို လိုက်နေခဲ့မှာ မဟုတ်ဘူး... ဒါဆိုရင် သူလည်း သေမှာ မဟုတ်သလို... တို့မိသားစုလည်း ပျက်စီးမှာ မဟုတ်ဘူး..."
ရဲ့ကျင်းယွီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဆိုလွန်၌ ရိုင်းစိုင်းပြီး မိုက်မဲသည့် စရိုက်ရှိ၏။ မည်သူကမှ သူ့ကို မထိန်းချုပ်နိုင်ချေ။
နူးညံ့သော်လည်း တင်းကျပ်သည့် သူ၏ အစ်မကို အနည်းငယ် ကြောက်ရွံ့သောကြောင့် သူမကို ရှောင်ရှားရန် အိမ်နှင့် အချိန်အတော်ကြာ ဝေးဝေးနေခဲ့ခြင်းပင်။
ရဲ့ကျင်းယွီက စူးစိုက်ကြည့်လိုက်သည်။ "သခင်မလေး... ဆိုလွန် မိသားစုကို ကယ်တင်ဖို့ ကျွန်မ နည်းလမ်းရှာတွေ့ပြီ..." ထို့နောက် သူမက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်၏။ "ဒါပေမဲ့ ကျွန်မက သခင်မလေးရဲ့ ခွင့်ပြုချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့မိတယ်..."
ဆိုနင်ပင်းက သူမအား စိုက်ကြည့်လာသည်။ "ပြော... မတ်တပ်ရပ်ပြီး ပြော..."
"သခင်လေး ဆိုလွန်နေရာကို ဝင်ယူမယ့်သူတစ်ယောက်ကို ကျွန်မ ရှာတွေ့ခဲ့တယ်... ဒါမှ သူပြန်လာပြီး မြို့စားကြီးဘွဲ့ကို ဆက်ခံနိုင်မှာလေ..." ရဲ့ကျင်းယွီက မတ်တပ်မရပ်ချေ။ ဒူးထောက်လျက်သာ ခေါင်းငုံ့လိုက်သည်။ "ကျွန်မ အရမ်း ရဲတင်းလွန်းသွားခဲ့တယ်... ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေး သခင်မလေး..."
ဆိုနင်ပင်း လုံးဝ အံ့ဩထိတ်လန့်သွားရသည်။ သူမ ကြားနေရသည့် အရာကို မယုံနိုင်စွာဖြင့် ရဲ့ကျင်းယွီအား စိုက်ကြည့်နေ၏။
"သခင်လေး ဆိုလွန်ရဲ့ အလောင်းကို တော်ဝင်မြို့တော်ဆီ ပြန်သယ်လာတုန်းက... ဘုရင့်နိုင်ငံ နယ်စပ်နားက လူသူကင်းမဲ့တဲ့ တောင်တန်းတွေမှာ သေလုမျောပါး ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်မ ကယ်ခဲ့တယ်..."
"သူက သခင်လေး ဆိုလွန်နဲ့ အရမ်း တူနေတာ မြင်တော့ ကျွန်မ အံ့ဩသွားရတယ်... သူ့မျက်နှာ ၊ သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ သူ့အသံကအစ လုံးဝ အတူတူပဲ... ဒါကြောင့် ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်... သူ့ကို ဆိုလွန်အဖြစ် ဟန်ဆောင်ခိုင်းပြီး မြို့စားကြီးဘွဲ့ကို ဆက်ခံစေချင်ခဲ့တာ..." ရဲ့ကျင်းယွီက ရှင်းပြလိုက်၏။ "အစကတော့ သူငြင်းတယ်... အတုအယောင်ဘဝနဲ့ နေရမယ့်အစား ဆင်းဆင်းရဲရဲပဲ နေမယ်တဲ့... ဒါပေမဲ့ ကျွန်မက အသက်သခင် ကျေးဇူးရှင်ဆိုပြီး အတင်းအကျပ် ဖိအားပေးခဲ့တယ်... နောက်ဆုံးတော့ သုံးနှစ်တိတိ ဆိုလွန်နေရာ ဝင်ယူပေးဖို့ သူ သဘောတူခဲ့တယ်..."
ရဲ့ကျင်းယွီက ဤမျှ ကြီးမားသည့် ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချမှတ်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ရဲရင့်လွန်းလှ၏။
ဆိုနင်ပင်းက တုန်ယင်နေသည့် အသံဖြင့် မေးလာသည်။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့ချင်း တူရင်တောင် အတိအကျ တူနိုင်မှာ မဟုတ်ဘူးလေ... လူတွေ သိသွားကြလိမ့်မယ်..."
ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်၏။ "စိတ်မပူနဲ့... ကျွန်မ သူ့ရဲ့ မျက်နှာကို ပြောင်းလဲဖို့ နတ်စိတ်ဝိညာဉ်ကိုးပါး မှော်ဆရာမဆီ ခေါ်သွားခဲ့တယ်... အခုဆိုရင် သူက သခင်လေး ဆိုလွန်နဲ့ ခွဲမရအောင် တူနေပြီ... ပြီးတော့ သခင်လေး ဆိုလွန်ရဲ့ အလောင်းကိုလည်း ကျွန်မ မီးရှို့ပြီး ပြာတွေကို ပြန်ယူလာခဲ့တယ်..."
"နင်... နင်ကတော့..." ဆိုနင်ပင်း စကားရှာမရဖြစ်သွားတော့သည်။ ခွင့်ပြုချက်မတောင်းဘဲ ဆိုလွန်၏ အလောင်းကို မီးရှို့ခဲ့ခြင်းပင်။ သူမ၏ မောင်လေးအား နောက်ဆုံးအနေဖြင့် တစ်ချက်ပင် မမြင်လိုက်ရချေ။
သို့သော် ရဲ့ကျင်းယွီက မိသားစုကို ကယ်တင်ရန် ဤသို့လုပ်ခဲ့ခြင်းဖြစ်ကြောင်း သူမ သိနေသည့်အတွက် အပြစ်တင်ရန် စိတ်မကူးရက်တော့ပေ။
ရဲ့ကျင်းယွီက ဒူးထောက်လျက်ပင် မျက်လွှာချထား၏။ "ကျွန်မ မှားသွားမှန်း သိတယ်... ဘယ်လို အပြစ်ပေးပေး ကျွန်မ ခံယူမယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး မိသားစုရဲ့ အနာဂတ်ကို ကယ်တင်ဖို့အတွက် ကျွန်မရဲ့ အစီအစဉ်ကို သဘောတူပေးပါ..."
ထိုသို့ ပြောပြီးနောက် ရဲ့ကျင်းယွီက ကြမ်းပြင်နှင့်ထိသည်အထိ သူမ၏ ခေါင်းကို ဦးညွှတ်လိုက်၏။
"ထပါတော့..." ဆိုနင်ပင်းက သူမကို မတ်တပ်ရပ်နိုင်ရန် အလျင်အမြန် ကူညီပေးလိုက်သည်။ သို့သော် ဆိုနင်ပင်းက သိုင်းပညာရှင်မဟုတ်သည့်အတွက် သူမကို မချီနိုင် ဖြစ်နေ၏။
ရဲ့ကျင်းယွီက ပြတ်သားစွာ ပြောသည်။ "အကယ်၍ သခင်မလေး သဘောမတူရင် ကျွန်မ ဘယ်တော့မှ ထမှာ မဟုတ်ဘူး..."
ထိုစဉ် ဆိုနင်ပင်းက ရဲ့ကျင်းဖုန်း ပျောက်နေသည်ကို သတိပြုမိသွား၏။ ရဲ့ကျင်းယွီနှင့် ရဲ့ကျင်းဖုန်းတို့မှာ ညီအစ်မများဖြစ်ကြပြီး အမြဲတမ်း အတူတူ ရှိနေတတ်သည် မဟုတ်လော။ ယခုအခါ ပျောက်နေ၏။
ဆိုနင်ပင်းက မျက်မှောင်ကျုံ့ကာ မေးသည်။ "ကျင်းဖုန်းရော ဘယ်မှာလဲ..."
မဖြေဆိုခင် ရဲ့ကျင်းယွီ ခဏတာ တိတ်ဆိတ်သွား၏။ "မျက်နှာကို မှော်ပညာနဲ့ ပြောင်းလဲဖို့ ရွှေပြား တစ်ထောင် ကုန်ကျတယ်... ကျွန်မမှာ ငွေအလုံအလောက် မပါခဲ့ဘူး... နတ်စိတ်ဝိညာဉ်ကိုးပါး မှော်ဆရာမက မျက်နှာပြောင်းလဲခ အနေနဲ့ ညီမ ကျင်းဖုန်းကို သူ့ဆီမှာ သုံးနှစ်တိတိ နေပြီး အလုပ်အကျွေးပြုဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်..."
"ဘာ..."
"နင် ဒါမျိုး ဘယ်လိုလုပ်ရက်ရတာလဲ..." ဆိုနင်ပင်းက ရင်နာစွာဖြင့် ပြော၏။ "ကျင်းဖုန်းက ကလေးဘဝတည်းက ငါတို့အနားကနေ တစ်ခါမှ မခွာဖူးဘူး... နင်က သူ့ကို အဲ့ဒီ ကြောက်စရာကောင်းတဲ့ မှော်ဆရာမနဲ့ သုံးနှစ်တောင် ထားခဲ့တာလား... သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... အခုချက်ချင်း အိမ်က ငွေတွေယူပြီး ပြန်သွားခေါ်..."
ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ "ကျွန်မ သူ့ကို ပြန်ခေါ်လို့ မရတော့ဘူး... မှော်ဆရာတွေက ဘယ်လောက် ထူးဆန်းပြီး ခေါင်းမာလဲဆိုတာ သခင်မလေးလည်း သိပါတယ်... ဒီမိသားစုကို ကယ်တင်ဖို့အတွက် ကျွန်မ ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ်... ကျင်းဖုန်းရဲ့ လွတ်လပ်ခွင့် သုံးနှစ် ဆုံးရှုံးရတာက ပေးဆပ်ရတဲ့ တန်ကြေးနည်းနည်းလေးပါ..."
ဆိုနင်ပင်းက ဒေါသတကြီး အော်၏။ "ဒီဆုံးဖြတ်ချက်တွေ အားလုံး မချခင် အိမ်ပြန်လာပြီး ငါ့သဘောထားကို ဘာလို့ မတောင်းခဲ့ရတာလဲ..."
"အချိန်မရှိလို့ပါ..." ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ အမှန်တကယ်၌ သူမ၏ နူးညံ့သိမ်မွေ့သည့် သခင်မလေးသည် ဤရူးသွပ်ဖွယ် အစီအစဉ်ကို ဘယ်သောအခါမှ သဘောတူမည် မဟုတ်ကြောင်း ရဲ့ကျင်းယွီ ကောင်းစွာ သိနေ၏။ ထို့အတွက်ကြောင့်ပင် အရင်လုပ်ခဲ့ပြီး ပြောင်းလဲ၍ မရနိုင်အောင် ဖန်တီးခဲ့ခြင်းပင်။
ရဲ့ကျင်းယွီက အဓိက ပြဿနာသို့ ပြန်လှည့်လာ၏။ "သခင်မလေး... ကျေးဇူးပြုပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးပါ... ဒီလူငယ်လေးကို သခင်လေး ဆိုလွန်အဖြစ် ဟန်ဆောင်ခွင့် ပြုမှာလား..."
ဆိုနင်ပင်း အကျပ်ရိုက်သွားသည်။ အလွန် ခက်ခဲသည့် ရွေးချယ်မှုတစ်ခုပင်။ အချိန်အတော်ကြာပြီးနောက် သူမ သက်ပြင်းချကာ မေးလိုက်၏။ "နင် ခေါ်လာတဲ့ ကောင်လေးရော ဘယ်မှာလဲ..."
ရဲ့ကျင်းယွီက အပြင်သို့ ညွှန်ပြလိုက်သည်။ "စံအိမ်အပြင်ဘက်မှာ စောင့်နေတယ်..."
"သူ့ကို သွားခေါ်ခဲ့... တွေ့ချင်တယ်..."
"ဟုတ်ကဲ့ပါ သခင်မလေး..." ရဲ့ကျင်းယွီက အမြန် မတ်တပ်ရပ်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ ကျောခိုင်းလိုက်ချိန်၌ သူမက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ စိတ်သက်သာရာ ရသွား၏။
**--**--**--**--**--**--**--**
လန်လင်းက ရဲ့ကျင်းယွီ နောက်မှလိုက်ကာ စံအိမ်ထဲသို့ ဝင်လာသည်။ အထဲသို့ ဝင်လာလေလေ သူ၏ နှလုံးသားကလည်း ပို၍ မြန်ဆန်စွာ ခုန်ပေါက်လာလေလေပင်။
စံအိမ်က အလွန် ကြီးမားသော်လည်း ဟောင်းနွမ်းနေပုံရ၏။ အစေခံ များများစားစား မကျန်တော့ချေ။ လူတစ်ဒါဇင်ခန့်ကိုသာ သူ မြင်တွေ့ရသည်။ ဤမျှ ကြီးမားလှသည့် အိမ်ကြီးအတွက် အလွန် နည်းပါးသော အရေအတွက်ပင်။
သူတို့ ဥယျာဉ်ငယ်တစ်ခုကို ဖြတ်လျှောက်သွားပြီး တိတ်ဆိတ်သည့် နောက်ဖေးခြံဝင်းတစ်ခုဆီ ရောက်ရှိလာကြ၏။ ခြံဝင်းထဲ၌ ပွင့်လန်းနေသည့် အဖြူရောင် သစ်တော်သီးပင်များ ဝန်းရံထားသော လှပသည့် မဏ္ဍပ်ငယ်လေးတစ်ခု ရှိနေသည်။
ရဲ့ကျင်းယွီက လန်လင်းအား မဏ္ဍပ်ဆီသို့ ခေါ်ဆောင်သွားပြီး တိုးတိုးလေး ပြော၏။ "သခင်မလေး... သခင်လေး ရောက်ပါပြီ..."
အထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။ "သူ့ကို အထဲဝင်ခိုင်းလိုက်..." အသံမှာ အနည်းငယ် အက်ရှနေသော်လည်း သာယာနာပျော်ဖွယ် ကောင်းလှသည်။
လန်လင်း ကြက်သီးထသွားရသည်။ သူ ကြားယောင်နေသည်ဟု ခံစားလိုက်ရပြီး သူ၏ နားကိုပင် ပွတ်သပ်လိုက်မိ၏။
ရဲ့ကျင်းယွီက မေးငေါ့ပြလိုက်သည်။ "အထဲဝင်သွားလေ..." ထို့နောက် မည်သူမှ အနားမကပ်လာစေရန် သူမက တံခါးအပြင်ဘက်၌ စောင့်နေလိုက်၏။
လန်လင်း တစ်ခဏမျှ မှင်သက်သွားရသည်။ ဆိုလွန်နေရာကို ဝင်ယူရန် အစကတည်းက သူ လုံးဝ မလိုလားခဲ့သော်ငြား ယခုအခါ၌မူ ကြောက်မက်ဖွယ် စာမေးပွဲတစ်ခုကို ဖြေဆိုရတော့မည့်အလား သူ၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်နေ၏။
သူ အသက်ပြင်းပြင်း တစ်ချက်ရှူကာ တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ကျောပြင်ကို သူ မြင်လိုက်ရ၏။ သူမသည် လှပလွန်းလှပြီး ကျောပြင်ကို ကြည့်ရုံမျှဖြင့် လန်လင်း၏ ရင်ကို ဒိန်းကနဲ ခုန်သွားစေသည်။
အခန်းတစ်ခုလုံး၌ မွှေးပျံ့သည့် ရနံ့များဖြင့် ပြည့်နှက်နေ၏။ ထိုရနံ့သည် ရေမွှေးမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အမျိုးသမီးထံမှ သဘာဝအတိုင်း ထွက်ပေါ်နေသည့် နူးညံ့ပြီး ချိုမြိန်သော ရနံ့တစ်ခုပင်။ ဤမျှ လှပသူကို လန်လင်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမနှင့် အလွန် ထူးဆန်းပြီး ရင်းနှီးကျွမ်းဝင်သည့် ဆက်သွယ်မှုတစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။
အကြောင်းရင်း ရေရေရာရာ မရှိဘဲ သူ၏ နှလုံးမှာ ပြင်းထန်စွာ ခုန်ပေါက်နေ၏။
ဆိုနင်ပင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်လုံးဖွင့်ကာ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ သေဆုံးသွားသော သူမ၏ မောင်လေးနှင့် အတိအကျ တူညီသည့် လူစိမ်းတစ်ယောက်ကို ကြည့်ရန် သူမ ကိုယ်သူမ ပြင်ဆင်ထားရခြင်းပင်။
သူမ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်၌ လန်လင်း၏ နှလုံးခုန်နှုန်းက ရပ်တန့်သွားရ၏။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသည့်အလား နေရာ၌တင် မှင်သက်နေ၏။
ဤအမျိုးသမီးမှာ အမှန်တကယ်ပင် လှပလွန်းလှ၏။ သူမသည် နူးညံ့သော အလင်းရောင်များဖြင့် တောက်ပနေသည့်အလားပင်။ သူမ၏ အလှတရားက လူတစ်ယောက်ကို အသက်ရှူမှားသွားစေနိုင်သည်။ သို့သော် လန်လင်း မှင်သက်သွားရခြင်းမှာ သူမ၏ အလှတရားကြောင့် မဟုတ်ချေ။
တစ်မိနစ်တိတိ ကြာပြီးနောက်မှသာ လန်လင်း တစ်ဖန် ပြန်လည် လှုပ်ရှားနိုင်သည်။ သို့သော် သူ၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ၏ လက်များ ၊ နှုတ်ခမ်းများ ၊ ပါးပြင်များအားလုံး ထိန်းမရသိမ်းမရ တုန်ယင်နေ၏။
နောက်ဆုံး၌ သူ ရှေ့သို့ အလျင်အမြန် ပြေးသွားပြီး ဆိုနင်ပင်းကို သူ၏ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်သည်။ အစွမ်းကုန် အားပြု၍ သူမကို ဖက်ထားလိုက်၏။
"အစ်မ... အစ်မ လန်ခုံး... ကျွန်တော် အစ်မကို ရှာတွေ့ပြီ... နောက်ဆုံးတော့ ကျွန်တော် အစ်မကို ရှာတွေ့ပြီ... ကျွန်တော် အိပ်မက်မက်နေတာလား... အိပ်မက်လား..."
"ကျေးဇူးတင်တယ်... ကောင်းကင်ဘုံကြီးကို ကျေးဇူးတင်တယ်... အစ်မရဲ့ မျက်နှာက ပြန်ကောင်းလာပြီပဲ..."
"ကျွန်တော် အစ်မနဲ့ ဘယ်တော့မှ ထပ်မခွဲတော့ဘူး... အစ်မအနားမှာပဲ ထာဝရ နေတော့မယ်..."
လန်လင်း တုန်ယင်နေရင်း ရေရွတ်လိုက်၏။ သူ၏ မျက်နှာထက်၌ မျက်ရည်များ စီးကျနေသည်။ သူ၏ နှလုံးသား၌ ဖြူစင်ပြီး အကန့်အသတ်မရှိသည့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှံနေ၏။
သူ ဤသို့ ပြုမူရခြင်းမှာ ဆိုနင်ပင်းသည် ကမ္ဘာမြေပေါ်ရှိ သူ၏ အစ်မဖြစ်သူ လန်ခုံးနှင့် အတိအကျ တူညီနေသောကြောင့်ပင်။ သူမသည် သူ ဆယ်နှစ်ကျော်ကြာ အတူနေထိုင်ခဲ့သည့် အစ်မဖြစ်သည်။ သူ တိတ်တဆိတ် ချစ်မြတ်နိုးခဲ့သည့် အစ်မလည်း ဖြစ်၏။ ထို့အပြင် အက်ဆစ်ဖြင့် ပက်ခံရသောကြောင့် မျက်နှာ ပျက်စီးသွားခဲ့ရသည့် အစ်မလည်း ဖြစ်သည်။
လန်လင်း ဤမှော်လောကကြီးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာချိန်၌ သူ့ ကမ္ဘာကြီး ပြီးဆုံးသွားပြီဟု ခံစားခဲ့ရ၏။ သူ့ အစ်မထံ ပြန်ရောက်ရန် ဘာမဆို လုပ်မည်ဟု လမင်းကိုတိုင်တည်၍ပင် သစ္စာဆိုခဲ့ဖူးသည်။ ဤကမ္ဘာသစ်၌ သူမ၏ ပြီးပြည့်စုံနေသည့် မျက်နှာလေးကို ပြန်မြင်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်မထားမိခဲ့ချေ။
ဤသည်က ကံကြမ္မာလား။ သို့မဟုတ် ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုလား။
သူ ဂရုမစိုက်ချေ။ လက်ရှိအခိုက်အတန့်၌ လန်လင်း တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးလောက်သည့် အပျော်ဖြင့် ပျော်ရွှင်နေမိတော့၏။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
(ကြိုရေးထားတာ အပိုင်း ၁၀၀ လောက်ရှိပါတယ်။ မနက်ဖြန်နားမယ်နော်။ June 2 ကနေစပြီးတော့ တစ်ရက် တစ်အုပ်ထွက်မယ်ဗျ။ စာစဥ် ၁၅ လောက်အထိ တစ်ရက်တစ်အုပ်ထွက်ပါမယ်။ အဲနောက်ပိုင်းတော့ ကြိုရေးထားတာ ကုန်လောက်ပြီ ဖြစ်တာမို့ ၃ ရက်ကို ၂ အုပ်လောက် ပြန်ပြောင်းပါမယ်ဗျ။ ၂ ရက် တစ်အုပ်ကိုတော့ အာမခံပါတယ်။)