← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အစပိုင်း၌ ဆိုနင်ပင်းက သူမ ရှေ့ရှိ လူငယ်လေးမှာ သူမ၏ မောင်လေးနှင့် အတိအကျတူညီနေသည်ကို မြင်လိုက်ရချိန်၌ ခံစားချက်များ အလွန်ရှုပ်ထွေးသွားရ၏။

သူမ အနည်းငယ် စိတ်သက်သာရာရသွားသော်ငြား ချက်ချင်းပင် နက်ရှိုင်းသည့် ဝမ်းနည်းကြေကွဲမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ထို့ကြောင့်ပင် လန်လင်း၏ တုန်လှုပ်သွားသော အမူအရာကို သူမ သတိမပြုမိလိုက်ချေ။

ရုတ်တရက် လန်လင်းက အလျင်အမြန်ပြေးလာကာ သူမကို ဖက်လိုက်၏။ ချက်ချင်းပင် ဆိုနင်ပင်းမှာ အံ့ဩထိတ်လန့်သွားရပြီး ရှက်ရွံ့ကာ ဒေါသထွက်သွားသည်။

တွန်းထုတ်ရန် ကြိုးစားသော်လည်း လန်လင်းက တင်းကျပ်စွာ ဖက်ထားလွန်းသောကြောင့် ရုန်းထွက်၍ မရဖြစ်နေ၏။

ရဲ့ကျင်းယွီက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခန်းထဲသို့ အမြန်ပြေးဝင်လာ၏။ သူမ မျက်လုံးပြူးသွားသည်။

"ရှင် ဘာလုပ်နေတာလဲ။"

သူမက လန်လင်း၏ လက်မောင်းကို ဖမ်းဆွဲကာ အားပြင်းပြင်းဖြင့် လိမ်ချိုးလိုက်ရာ ပခုံးဆစ် ပြုတ်ထွက်သွားသည်။

လက်မောင်း ပြုတ်ထွက်သွားသော်ငြား လန်လင်း နာကျင်မှုကို မခံစားရချေ။ သူက ဆိုနင်ပင်းကို တင်းကျပ်စွာ ဆက်ဖက်ထားဆဲပင်။ လန်လင်း မြင်မကောင်းအောင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ "အစ်မ... အစ်မ လန်ခုံး... ကျွန်တော်တို့ ဘယ်တော့မှ ထပ်မခွဲရအောင်။ ကျွန်တော် အစ်မကို လက်ထပ်ချင်တယ်။ ပြီးတော့ တစ်သက်လုံး အစ်မကို ကာကွယ်စောင့်ရှောက်သွားမယ်။"

ကမ္ဘာမြေပေါ်၌ သူ ပြောရန် အခွင့်အရေး မရခဲ့သည့် စကားများအားလုံးကို နောက်ဆုံးတော့ ပြောထွက်လိုက်လေပြီ။

ထိုစကားများကို ကြားလိုက်ရသည့်အခါ ဆိုနင်ပင်း တည်ငြိမ်သွား၏။ လန်လင်း၏ စကားများက အလွန် စိတ်အားထက်သန်ပြီး ရိုးသားဖြူစင်သည်။ သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး လုံးဝ ဟန်ဆောင်ထား၍ မရနိုင်ချေ။

ဆိုနင်ပင်း သက်ပြင်းချလိုက်သည်။ "ကျင်းယွီ... သူ့ကို မနာကျင်စေနဲ့။" သူမ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး ပျော်ရွှင်နေသော်လည်း ဇဝေဇဝါဖြစ်နေသည့် လန်လင်း၏ မျက်လုံးများကို ကြည့်လိုက်၏။ "အရင်ဆုံး ငါ့ကို လွှတ်ပေးပါဦး။ ငါ့နာမည်က ဆိုနင်ပင်းပါ။ လန်ခုံး မဟုတ်ဘူး။ မင်း လူမှားနေပြီ။"

လန်လင်း မှင်သက်သွားပြီးနောက် စိုက်ကြည့်လိုက်သည်။ "အစ်မ... ကျွန်တော်ပါ လန်လင်းလေ။ ကလေးဘဝတည်းက အစ်မ ပြုစုပျိုးထောင်လာတဲ့ လန်လင်းပါ။"

ဆိုနင်ပင်း ခေါင်းခါလိုက်၏။ "လန်လင်းဆိုတဲ့ လူကို ငါ တကယ် မသိဘူး။"

လန်လင်း တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ့ ရှေ့ရှိ အမျိုးသမီးကို သေချာ စိုက်ကြည့်လိုက်သည်။

သူမ၏ စရိုက်လက္ခဏာနှင့် ရုပ်ရည်သွင်ပြင်တို့မှာ လန်ခုံးနှင့် တစ်ပုံစံတည်းပင်။ သို့သော် သူမ၏ မြင့်မြတ်သည့် နောက်ခံကြောင့် ပို၍ ကျက်သရေရှိပြီး ခမ်းနားသော ခံစားချက်ကို ပေးစွမ်းနေ၏။ ချမ်းသာကြွယ်ဝသည့် ဘဝကြောင့်လည်း ဖြစ်နိုင်သည်။ သူမ၏ မျက်နှာလေးမှာ လန်ခုံးထက်ပင် ပို၍ ပြီးပြည့်စုံကာ လှပနေသည်။ အသက်ရှူမှားလောက်အောင် လှပသည့် အမျိုးသမီးတစ်ဦးပင်။

ထိုသို့တိုင်အောင် သူမ၏ နူးညံ့သိမ်မွေ့သော အငွေ့အသက်နှင့် မျက်လုံးထဲမှ နူးညံ့သည့် အကြည့်တို့မှာ အတိအကျ တူညီနေဆဲပင်။

'ငါတောင် တခြားကမ္ဘာတစ်ခုကို ကူးလာနိုင်သေးတာပဲ။ ငါ့အစ်မလည်း ကူးလာနိုင်တာပဲ မဟုတ်ဘူးလား။' လန်လင်း စိတ်ထဲမှ တွေးလိုက်သည်။

"အစ်မက ဒီလောကမှာ မွေးလာတာလား။"

ဆိုနင်ပင်းက အံ့ဩသွားပုံရပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါပေါ့။ ငါက ထျန်းရွှေ မြို့စားကြီးစံအိမ်မှာ မွေးဖွားလာတာလေ။"

လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "ဒါဆို... အစ်မရဲ့ ခေါင်းထဲမှာ ထူးဆန်းတဲ့ မှတ်ဉာဏ်တွေများ ရှိနေလား။ တခြား တစ်ယောက်ယောက်နဲ့ သက်ဆိုင်နေတယ်လို့ ခံစားရတဲ့ မှတ်ဉာဏ်မျိုးပေါ့။"

ဆိုနင်ပင်း ဇဝေဇဝါဖြစ်သွားပြီး ခေါင်းရမ်းလိုက်သည်။

လန်လင်း အလွန်အမင်း စိတ်ပျက်သွား၏။ 'ငါ့အစ်မ လန်ခုံး တကယ်ပဲ မဟုတ်တာလား။'

သူ တွေးတောနေမိသည်။ အကယ်၍ လန်ခုံးသာ ကမ္ဘာမြေမှ ကူးပြောင်းလာမည်ဆိုလျှင် သူမ၌ ယခင် မှတ်ဉာဏ်ဟောင်းများ ရှိနေရမည် မဟုတ်လော။

ထို့နောက် လန်လင်း နောက်ထပ် အတွေးတစ်ခု ဝင်လာသည်။ ဤသည်က ဝင်စားခြင်းများလား။ သူ့ ရှေ့ရှိ ဆိုနင်ပင်းက လန်ခုံး လူပြန်ဝင်စားခြင်း ဖြစ်နေနိုင်လော။

'ဟုတ်တယ် ၊ ဒါပဲ ဖြစ်ရမယ်' သူ တွေးလိုက်၏။ သူတို့က နီးပါးလောက်ကို အတိအကျ တူညီနေကြသည့်အတွက် တစ်ယောက်တည်းသာ ဖြစ်ရမည်။ ခန္ဓာကိုယ် ကွဲပြားနေပြီး အတိတ်မှ မှတ်ဉာဏ်များ မရှိတော့သော်ငြား သူမ၏ စိတ်ဝိညာဉ်မှာမူ အတူတူပင် ဖြစ်ရမည်။

သူမကိုယ်တိုင် မသိသေးလျှင်ပင် ဤအမျိုးသမီးက ဘဝသစ်မှ လန်ခုံးသာဖြစ်ကြောင်း လန်လင်းက သူ့ကိုယ်သူ ဦးနှောက်ဆေးလိုက်၏။ သူ့ကို သူမအနားသို့ ခေါ်ဆောင်လာခြင်းမှာ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။

ဆိုနင်ပင်းက လန်လင်းအား စိုက်ကြည့်လိုက်သည်။ "သူ့ရဲ့ ဇာတ်လမ်း ငါ့ကို ပြောပြနိုင်မလား။ မင်း လန်ခုံးလို့ ခေါ်တဲ့ မိန်းကလေးလေ။"

လန်လင်း ခေါင်းညိတ်လိုက်၏။ "အင်း... ကျွန်တော်က မိဘမဲ့တစ်ယောက်ပါ။ မိဘတွေက ဘယ်သူမှန်း တစ်ခါမှ မသိခဲ့ရဘူး။ အသက်လေးနှစ် အရွယ်အထိ မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းလာခဲ့ပြီးတော့ မိသားစုတစ်ခုက ကျွန်တော့်ကို မွေးစားခဲ့တယ်..."

လန်လင်း သူ၏အစ်မဖြစ်သူ လန်ခုံးအကြောင်း သူ၏ ဇာတ်လမ်းတစ်ခုလုံးကို ဆက်လက် ပြောပြလိုက်သည်။

သူ့ကို မွေးစားခဲ့သော မိဘများ မတော်တဆမှုတစ်ခုဖြင့် မည်သို့ သေဆုံးသွားရကြောင်း သူ ပြောပြသည့်အခါ ဆိုနင်ပင်း တစ်ဖန် ငိုကြွေးလာပြန်၏။

လူယုတ်မာများက လန်ခုံး၏ မျက်နှာကို အက်ဆစ်ဖြင့် မည်သို့ ဖျက်ဆီးပစ်ကြောင်း သူ ရှင်းပြသည့်အခါ ဆိုနင်ပင်း ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလာ၏။

လန်လင်း သက်ပြင်းချလိုက်သည်။ "အစ်မက ဆက်ပြီး အသက်မရှင်ချင်တော့တဲ့အတွက် အဲဒီ လူယုတ်မာတွေကို သွားမသတ်ခင် အစ်မကို လက်ထပ်ခွင့်တောင်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပဲ။ အစ်မ ဆက်ရှင်သန်ချင်လာအောင် အကြောင်းပြချက်တစ်ခု ပေးချင်ခဲ့တယ်။ အစ်မရဲ့ မျက်နှာ ပျက်စီးသွားရင်တောင်မှ အစ်မက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အလှပဆုံး အမျိုးသမီး ဖြစ်နေမှာပါ။"

ထိုစကားများကို ကြားလိုက်ရသည့်အခါ ရဲ့ကျင်းယွီပင်လျှင် နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားပုံရ၏။

"အဲဒီညက ကြယ်ကြွေတွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အစ်မကိုပြဖို့ ကင်မရာတစ်ခုနဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယို ရိုက်ကူးခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် တစ်လုံးက ကျွန်တော့်ကို လာမှန်တယ်။ ကျွန်တော် နိုးလာတော့ လုံးဝစိမ်းသက်နေတဲ့ နေရာတစ်ခုကို ရောက်နေတာပဲ..."

လန်လင်း သူ၏ ဇာတ်လမ်းကို ပြောပြ၍ အဆုံးသတ်လိုက်သည်။ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာသည့် အကြောင်းကိုမူ သူ ထည့်မပြောချေ။ အလွန် ဝေးကွာသော နေရာတစ်ခု ၊ လုံးဝ ကွဲပြားခြားနားသည့် နိုင်ငံတစ်ခုမှ လာကြောင်းကိုသာ သူ ပြောပြ၏။

ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့က တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ဆိုနင်ပင်း၏ မျက်လုံးများမှာ နီရဲနေ၏။

ရဲ့ကျင်းယွီကမူ မျက်လုံးပြူးနေသည်။ "တကယ်ပဲ... အဲဒီလောက်တောင် တူနေတာလား။"

လန်လင်းက ခေါင်းညိတ်၏။ "အင်း... အမွှာလိုပဲ။ စရိုက်လက္ခဏာတွေနဲ့ မျက်လုံးတွေက လုံးဝကို တစ်ပုံစံတည်းပဲ။ ကျွန်တော် ဆိုးသွမ်းတဲ့အခါ အစ်မက ကျွန်တော့်ကို ဆူဖို့ ကြိုးစားတတ်တယ်။ ဒါပေမဲ့ ကျွန်တော်က နောက်ပြောင်လိုက်ရင်တော့ အစ်မက တည်တည်ငြိမ်ငြိမ်နေဖို့ အတင်းကြိုးစားရင်းနဲ့ မအောင်မြင်ဘဲ ရယ်ချလိုက်ရော။ အစ်မ ရယ်တဲ့အခါ တခြားလူတွေက ဗိုက်ကို ဖိထားတတ်ပေမယ့် အစ်မကတော့ ခါးအောက်ပိုင်းကို လက်နဲ့ အမြဲတမ်း ဖိထားတတ်တယ်။"

"ပြီးတော့ အစ်မ ဒေါသထွက်တဲ့အခါ နားရွက်တွေ ယားလာတတ်တယ်။ ပြီးတော့ အစ်မက ခြေထောက်တွေ ၊ ဗိုက်တွေ ဒါမှမဟုတ် ဂျိုင်းတွေကို ယားအောင် ကလိထိုးလည်း မယားတတ်ဘူး။ ဒါပေမဲ့ ခြေသလုံးအနောက်ဘက်ကို ကလိထိုးလိုက်ရင်တော့ အစ်မ လုံးဝ မခံနိုင်ဘူး။"

ဤမျှ နက်ရှိုင်းလှသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားလိုက်ရသောအခါ ဆိုနင်ပင်း တုန်ယင်သွားပြီး ရဲ့ကျင်းယွီအား ချက်ချင်း လှမ်းကြည့်လိုက်သည်။

ရဲ့ကျင်းယွီ မျက်နှာပျက်သွားရ၏။ "သခင်မလေး... သခင်မလေးရဲ့ လျှို့ဝှက်ချက်တွေကို သူ့ကို ကျွန်မ တစ်ခါမှ မပြောပြဖူးပါဘူး။ ဒါ့အပြင် သခင်မလေးရဲ့ ဒီလိုအချက်တွေကို ကျွန်မ ကိုယ်တိုင်တောင် မသိဘူး။ ဖြစ်နိုင်တာက... သခင်မလေးကိုယ်တိုင်က သူပြောသလို ဖြစ်နေတာလား။"

ဆိုနင်ပင်းက မယုံနိုင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း..."

ရဲ့ကျင်းယွီ မျက်ရည်ဝဲသွားရ၏။ "သခင်မလေး... ဒါ ကံကြမ္မာပဲ။ တကယ့် ကံကြမ္မာပါပဲ... သူက သခင်မလေးရဲ့ အနားကို ရောက်လာဖို့ ဖန်လာတာပါ။"

ဆိုနင်ပင်းက အလွန် နူးညံ့ပြီး မေတ္တာအပြည့်ပါသည့် မျက်လုံးများဖြင့် လန်လင်းအား ကြည့်လိုက်သည်။ သူမက ရှေ့သို့ လျှောက်လာကာ သူ့ကို နူးညံ့စွာ ဖက်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ မောင်လေးပဲ။ မင်းရဲ့ အစ်မက မင်းကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားမယ်။"

**--**--**--**--**--**--**--**

တော်ဝင်မြို့တော်ရှိ အကြီးမားဆုံးသော မိန်းမလိုက်စားသူ လေးဦးအနက်မှ တစ်ဦးဖြစ်သည့် ဆိုလွန် ပြန်ရောက်လာလေပြီ။

ဤသတင်းမှာ တစ်ရက်ပင် မပြည့်သေးခင် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အချို့က စိတ်လှုပ်ရှား ဝမ်းသာနေကြပြီး ၊ အချို့ကမူ စိတ်အနှောင့်အယှက် ဖြစ်နေကြ၏။ သို့သော် အများစုကမူ ဂရုပင် မစိုက်ကြချေ။

ဤအလိုလိုက်ခံထားရသည့် မိန်းမလိုက်စားသူလေးမှာ လပေါင်းများစွာ ပျောက်ဆုံးနေခြင်းပင်။ သူ၏ ကိုယ်ပိုင် ဖခင်၏ ဈာပနကိုပင် လွတ်သွားသေး၏။

လူတိုင်းက ထိုသကောင့်သားအား ကောင်းကင်မိစ္ဆာ တောင်တန်းများ၌ သေဆုံးသွားပြီဟု ထင်မှတ်ထားကြသော်လည်း အံ့ဩစရာကောင်းစွာဖြင့် အသက်ရှင်လျက် ပြန်လည် ရောက်ရှိလာသည်။

ဆိုလွန် မိသားစု နောက်ဆုံး၌ အဆုံးသတ်သွားတော့မည် ဖြစ်ပြီး ရာစုနှစ်နှစ်ခု သက်တမ်းရှိသည့် နောက်ထပ် အင်အားကြီး မှူးမတ်မိသားစု တစ်စု ထာဝရ ပျောက်ကွယ်သွားတော့မည်ဟု လူများက ယုံကြည်ထားကြ၏။

သို့သော် မျှော်လင့်မထားသည်များကို ကျော်လွန်ကာ ထိုမိသားစုမှာ ပြန်လည် နာလန်ထူလာလေပြီ။

**--**--**--**--**--**--**--**

နန်းတော်အနီးမှ လီရွှေ ဥယျာဉ်အတွင်းရှိ မဏ္ဍပ်တစ်ခု၌ နှင်းကဲ့သို့ ဖြူဆွတ်နေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပကျက်သရေရှိသော အမျိုးသမီးတစ်ဦးမှာ ရေပြင်အနီး၌ ပျင်းရိစွာ အနားယူနေသည်။

သူမက လက်တစ်ဖက်၌ စာအုပ်တစ်အုပ်ကို ကိုင်ထား၏။ အခြား လက်တစ်ဖက်ကိုမူ ကြည်လင်နေသည့် ရေကန်ထဲသို့ စိမ်ထားကာ ရောင်စုံငါးလေးများကို သူမ၏ လက်ချောင်းများအား ခပ်ဖွဖွ ကိုက်ခဲခွင့် ပြုထားသည်။

သူမသည် အခြားမဟုတ် နုလန်ဘုရင့်နိုင်ငံ၌ အထက်မြက်ဆုံးနှင့် အရည်အချင်း အရှိဆုံး အမျိုးသမီး ဖြစ်သည့် မင်းသမီး ကျိနင်ပင်။ သူမသည် ရေတွက်၍မရနိုင်သည့် လူငယ်မှူးမတ်များ၏ အိပ်မက်ထဲမှ မိန်းကလေးလည်း ဖြစ်၏။

မိန်းမစိုးတစ်ဦးက အသံမထွက်သလောက်ပင် ခြေဖွဖွလှမ်းကာ မဏ္ဍပ်ထဲသို့ ဝင်လာသည်။ သူက ခေါင်းငုံ့လိုက်၏။ "မင်းသမီး... ဖားပြုတ် ဆိုလွန် ပြန်ရောက်လာပါပြီ။"

မင်းသမီး ကျိနင်၏ လှပသည့် မျက်ခုံးတို့က အနည်းငယ် ကျုံ့သွား၏။ ရေထဲ၌ ရှိနေသည့် သူမ၏ ချောမွေ့သော လက်မှာ ရုတ်တရက် လက်သီးအဖြစ် ဆုပ်သွားသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက အေးစက်စွာ ပြောလိုက်၏။ "ငါ နားလည်ပြီ။"

မိန်းမစိုးက မျက်လွှာချလိုက်သည်။ "ကျွန်တော်မျိုးတို့ကို ဘာများ လုပ်စေချင်ပါသလဲ။"

မင်းသမီး ကျိနင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ "ဘာမှ လုပ်စရာ မလိုဘူး။"

မိန်းမစိုးက ခေါင်းငုံ့လိုက်သည်။ "မှန်လှပါ မင်းသမီး။"

တစ်ခဏမှ ရပ်တန့်သွားပြီးနောက် တိတ်ဆိတ်စွာ နောက်ဆုတ်ထွက်ခွာသွား၏။

မင်းသမီး ကျိနင်က သူမ၏ စာအုပ်ကို ပြန်လည် ဖတ်ရှုနေလိုက်သည်။ ရေထဲရှိ လက်သီးဆုပ်ကို ဖြန့်လိုက်သည့်အခါ သေဆုံးနေသည့် ငါးလေးတစ်ကောင်က ဝမ်းဗိုက်အဖြူလေး အပေါ်သို့ လှန်လျက် ရေပြင်ထက်၌ ပေါ်လာ၏။

မင်းသမီး ကျိနင်က မဲ့ပြုံးပြုံးလိုက်သည်။ "ဟက်... စိတ်မပူပါနဲ့ အစ်ကိုလီ... ဖမ်းမိထားတဲ့ ငါးတစ်ကောင်ကို ထွက်ပြေးခွင့် ကျွန်မ ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး။ ထျန်းရွှေမြို့ကို အစ်ကို့အတွက် ကျွန်မ သေချာပေါက် ယူပေးမှာပါ။"

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters