← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ "အစ်မ... မြို့စားကြီးစံအိမ်က ဘာလို့ ဒီလောက်တောင် ဟာလာဟင်းလင်း ဖြစ်နေရတာလဲ... လူသူကင်းမဲ့နေသလိုပဲ..."

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဟူး... အဖေက နှစ်ပေါင်းများစွာ အသည်းအသန် ဖျားနာနေတာဆိုတော့ ဆေးဖိုးဝါးခတွေက အများကြီး ကုန်ကျတယ်လေ... ဒါ့အပြင် တော်ဝင်မြို့တော်က နေထိုင်စရိတ် အရမ်းကြီးတယ်"

"မှူးမတ်တွေက ပေါင်းသင်းဆက်ဆံရေးအတွက် ငွေအများကြီး သုံးရတယ်... ပြီးတော့ ဆိုလွန်ကလည်း ဘာမှ အသုံးမကျဘဲ မိသားစုရဲ့ ငွေတွေကို ဖြုန်းတီးပစ်သေးတယ်... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ တို့မိသားစုရဲ့ ငွေတွေက ထွက်ပဲထွက်သွားပြီး ဝင်ငွေ လုံးဝ မရှိဘူး... ဒါကြောင့် မြို့စားကြီးစံအိမ်က အခုဆိုရင် လုံးဝကို ဒေဝါလီခံရမယ့် အခြေအနေ ရောက်နေပြီ..."

လန်လင်းက မျက်ခုံးပင့်လိုက်သည်။ "ဒါပေမဲ့ ထျန်းရွှေမြို့ရဲ့ နယ်မြေကရော... အဲဒါက လီလေးငါးရာလောက် ကျယ်ဝန်းတဲ့ နေရာကြီးတစ်ခုလေ... နှစ်စဉ် ရတဲ့ အခွန်ငွေက အများကြီး ဖြစ်ရမှာပေါ့..."

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့ စတင်တွေ့ဆုံကာစသာ ဖြစ်သည့်အတွက် ဤအကြောင်းအရာများကို မေးမြန်းခြင်းမှာ လန်လင်းအတွက် ရိုင်းစိုင်းရာ ကျပေလိမ့်မည်။

သို့သော် သူ၏ နှလုံးသားထဲ၌ ဆိုနင်ပင်းအား သူ၏ အစ်မအရင်းဖြစ်သူ လန်ခုံးအဖြစ် သတ်မှတ်ထားပြီးဖြစ်၏။ ထို့ကြောင့် သူစိမ်းတစ်ယောက်ဟု မခံစားရတော့ချေ။

ဆိုနင်ပင်းက ခါးသီးစွာ ပြုံးလိုက်သည်။ "ဆေးကုသမှု ခံယူဖို့အတွက် အဖေ နယ်မြေကနေ တော်ဝင်မြို့တော်ကို ထွက်လာတဲ့ အချိန်ကစပြီး ထျန်းရွှေမြို့ကနေ စံအိမ်ဆီကို ငွေတစ်ပြားမှ ပို့မလာတော့ဘူး... အခုဆိုရင် ငါးနှစ်တောင် ရှိသွားပြီ..."

လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "သူတို့က ပုန်ကန်ဖို့များ စီစဉ်နေကြတာလား..."

ဆိုနင်ပင်းက ခေါင်းရမ်းလိုက်သည်။ "ဟင့်အင်း... လက်ရှိအချိန်မှာ သခင်က အားနည်းနေပြီး အစေခံတွေက အင်အားကြီးနေတယ်လေ... တို့တွေက သူတို့ကို မှီခိုနေရတဲ့အတွက် သူတို့ ဘာလုပ်နေလဲဆိုတာကို မသိချင်ယောင်ဆောင်နေရုံကလွဲပြီး တခြား မရှိဘူး..."

လန်လင်းက စိုက်ကြည့်လိုက်သည်။ "သခင်ဖြစ်သူက ကိုယ့်နယ်မြေနဲ့ အချိန်အတော်ကြာ ဝေးကွာနေပြီး အစေခံတွေကို အရာအားလုံး အုပ်ချုပ်ခွင့်ပေးထားတာက အရမ်း အန္တရာယ်များတယ်..."

ဆိုနင်ပင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "အခုလည်း အန္တရာယ် များနေပြီပဲလေ... နယ်မြေထဲက အစေခံတွေက ဂနာမငြိမ် ဖြစ်နေကြပြီ... သူတို့က ဆိုလွန်အိန်တော် ပျောက်ဆုံးသွားတဲ့အတွက် ပျော်ပွဲရွှင်ပွဲတောင် ဆင်နွှဲလိုက်သေးတယ်..."

လန်လင်းတစ်ယောက် မျက်လုံးပြူးသွားရသည်။ "ဒါဆို ဆိုလွန် မိသားစုက အကြီးအကျယ် ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား... အပြင်ဘက်ကနေ တော်ဝင်မိသားစုက ကျွန်တော်တို့ကို စောင့်ကြည့်နေသလို အတွင်းဘက်ကနေလည်း ကိုယ့်အစေခံတွေက ပြဿနာ ရှာနေကြတယ်..."

ဆိုနင်ပင်းက ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါကြောင့် မင်းက မြို့စားကြီးဘွဲ့ကို အမြန်ဆုံး ဆက်ခံဖို့ လိုအပ်တာ... အဲဒီနောက် ထျန်းရွှေမြို့ဆီ ချက်ချင်း ပြန်သွားပြီး မြို့စားကြီးတစ်ယောက်အနေနဲ့ တာဝန်ယူရမယ်... ဒီထက်ပိုပြီး စောင့်နေမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်..."

လန်လင်းက နားမလည်ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။ "ထျန်းရွှေမြို့ရဲ့ မြို့စားကြီး ဖြစ်လာဖို့ ဘွဲ့ကို အရင် ဆက်ခံရမှာလား..."

ဆိုနင်ပင်းက အတည်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။ "အင်း... ဒါပေါ့... ဒါက မင်း ပြီးမြောက်အောင် လုပ်ရမယ့် အဆင့်တစ်ခုပဲ... တော်ဝင်မိသားစုက မင်းကို မြို့စားကြီးဘွဲ့ ပေးအပ်ပြီးမှသာ မင်းက တရားဝင် မြို့စားကြီး ဖြစ်လာနိုင်မှာလေ..."

လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "ဒီဘွဲ့ကို ကျွန်တော် ဘယ်တော့ ရနိုင်မှာလဲ..."

ဆိုနင်ပင်းက လန်လင်းအား အလေးအနက်ထား ကြည့်လိုက်သည်။ "တော်ဝင်မြို့တော် အကယ်ဒမီကနေ ဘွဲ့ရတာနဲ့ မင်း ဆက်ခံခွင့် ရလိမ့်မယ်... မှူးမတ် ဆက်ခံသူတိုင်းက အဲဒီမှာ ခြောက်နှစ်ကြာ ပညာသင်ကြားရပြီး ဘွဲ့ကို မရခင် ကျောင်းဆင်းစာမေးပွဲကို အောင်မြင်ဖို့ လိုအပ်တယ်..."

လန်လင်း တံတွေးမြိုချလိုက်၏။ "စာမေးပွဲက ခက်လား..."

ဆိုနင်ပင်းက အားပေးသည့်ဟန်ဖြင့် ပြုံးပြသည်။ "ဘာသာရပ် လေးခုပဲ အောင်ဖို့ လိုတာပါ... ခြောက်နှစ်တိတိ ပုံမှန် စာသင်တဲ့သူဆိုရင် လွယ်လွယ်ကူကူ အောင်မြင်နိုင်တယ်... ဒါပေမဲ့ မင်းက အစစ်အမှန် ဆိုလွန်မှ မဟုတ်တာ... မင်းက ဒီမှာ တစ်ရက်လေးတောင် စာမသင်ဖူးဘူးဆိုတော့ မင်းအတွက် အရမ်း ခက်ခဲလိမ့်မယ်... မင်း ကျောင်းဆင်းဖို့ နောက်ထပ် တစ်နှစ်လောက် အချိန်ဆွဲရနိုင်တယ်..."

လန်လင်း စိတ်ပူသွားသည်။ "ဒါပေမဲ့ ကျွန်တော်တို့က အရမ်း အလျင်လိုနေတာ မဟုတ်ဘူးလား... နယ်မြေထဲက အစေခံတွေတောင် ထိန်းမရသိမ်းမရ ဖြစ်နေပြီလေ..."

ဆိုနင်ပင်းက သက်ပြင်းချလိုက်၏။ "ဟူး... တခြားနည်းလမ်း မရှိတော့ဘူး... ဒီအခက်အခဲကို ကျော်ဖြတ်ရမှာပဲ... ဒါ့အပြင် တော်ဝင်မိသားစုက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ စည်းမျဉ်းတွေကို အများကြီး ဖြေလျှော့ပေးထားတယ်... အရင်တုန်းကဆိုရင် ဘွဲ့ကို ဆက်ခံဖို့အတွက် စာမေးပွဲကြီးမှာ အမြင့်ဆုံးအမှတ် ရဖို့နဲ့ မှူးမတ်သူရဲကောင်း တံဆိပ်ကို ရဖို့ လိုတယ်..."

လန်လင်းက တွေဝေစွာ ခေါင်းကုတ်လိုက်သည်။ "တစ်နှစ် အချိန်မဆွဲရဘဲ အချိန်မီ ကျောင်းဆင်းနိုင်မယ့် နည်းလမ်းများ ရှိလား..."

ဆိုနင်ပင်း မတုံ့ပြန်ရသေးခင်မှာပင် ရဲ့ကျင်းယွီက နှာခေါင်းရှုံ့ကာ ကြားဖြတ်ဝင်လာ၏။ "ဟမ့်... ဒါက မဖြစ်နိုင်ဘူး... တော်ဝင်မြို့တော် အကယ်ဒမီရဲ့ ကျောင်းဆင်းစာမေးပွဲအထိ ငါးလတောင် မလိုတော့ဘူး... ရှင်က ဘာသာရပ် လေးခုစလုံးကို အစကနေ ပြန်သင်ရမှာလေ... သခင်မလေးက ရှင့်ကို အထင်ကြီးလို့သာ နောက်ထပ် တစ်နှစ်ပဲ လိုမယ်လို့ ပြောနေတာ... ရိုးရိုးသားသား ပြောရရင် သခင်လေး ဆိုလွန်ရဲ့ စရိုက်မျိုးနဲ့ဆိုရင် ကျောင်းဆင်းဖို့အတွက် နောက်ထပ် သုံးနှစ်တောင် လောက်မှာ မဟုတ်ဘူး..."

စာမေးပွဲက မည်မျှ ခက်ခဲကြောင်းကို လန်လင်း မသိသည့်အတွက် မကြောက်ရွံ့ချေ။ ထိုမှူးမတ်ကလေးများက တော်ဝင်အကယ်ဒမီသို့ ခြောက်နှစ်သာ သွားရောက် သင်ကြားရသော်ငြား သူတို့၏ မိသားစုများက အသက်လေးငါးနှစ် အရွယ်ကတည်းက အရာအားလုံးကို စတင် လေ့ကျင့်ပေးကြသည်။ ထို့ကြောင့် သူတို့သည် အမှန်တကယ်၌ ပညာသင်ကြားရာတွင် ဆယ်နှစ်ကျော် အချိန်ယူထားကြ၏။

သို့သော် လန်လင်းအတွက်မူ သုညမှ စတင်ရမည် ဖြစ်သည်။ ဆယ်နှစ်စာ စာပေနှင့် သိုင်းပညာ သင်ခန်းစာများကို ခြောက်လမပြည့်သည့် အချိန်အတွင်း ပြီးမြောက်ရန် မျှော်လင့်ခြင်းက မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသာ ဖြစ်၏။

**--**--**--**--**--**--**--**

နောက်ထပ် တစ်လကြာသည်အထိ လန်လင်းက ကွယ်လွန်သွားပြီဖြစ်သည့် မြို့စားကြီး၏ အထိမ်းအမှတ် ခန်းမ၌သာ နေထိုင်ခဲ့သည်။ သူက အတိတ်မှ ဆိုးသွမ်းမှုများအတွက် တောင်းပန်နေသယောင် ဟန်ဆောင်ကာ ထိုနေရာ၌ပင် စားသောက် အိပ်စက်လျက် ဝမ်းနည်းပူဆွေးနေပုံ ဖမ်းထား၏။

အမှန်တကယ်၌မူ ဆိုနင်ပင်းက ထိုအချိန်ကို အသုံးချကာ သူ့အား ဤလောက၏ အခြေခံ ဗဟုသုတများကို လျှို့ဝှက်စွာ သင်ကြားပေးခဲ့သည်။

သူမက ဆိုလွန်၏ မိတ်ဆွေများနှင့် ရန်သူများအကြောင်း အားလုံးကိုလည်း သူ့အား ပြောပြခဲ့သေး၏။ ဤသည်က လန်လင်းအနေဖြင့် စံအိမ်မှ ထွက်ခွာပြီးနောက် သူ မသိသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံမိပါက ဟန်ဆောင်မှု မပေါ်သွားစေရန် သေချာစေရေးအတွက် ဖြစ်၏။ ထို့အပြင် တော်ဝင်အကယ်ဒမီသို့ ဝင်ရောက်သည့်အခါ လုံးဝ မသိနားမလည်သူ တစ်ယောက်ကဲ့သို့ ဖြစ်နေခြင်းမှ ရှောင်ရှားနိုင်ရန်လည်း ကူညီပေးပေလိမ့်မည်။

ဆိုနင်ပင်းက ခေါင်းခါလိုက်သည်။ "ဟင့်အင်း... ဆိုလွန်က အသုံးမကျဘူး... စာပေရော ၊ သိုင်းပညာရော ဘာမှ နားမလည်ဘူး... သူ့ရဲ့ တစ်ခုတည်းသော ကျွမ်းကျင်မှုက မိန်းကလေးတွေကို လိုက်ဖို့ပဲ... ဒါကြောင့် တော်ဝင်မြို့တော် အကယ်ဒမီမှာ မင်းရဲ့ အမှတ်တွေ နည်းနည်း ဆိုးနေရင်တောင် ပြဿနာ မရှိပါဘူး..."

လန်လင်းက မျက်လုံးကျဉ်းလိုက်သည်။ "သူ့မှာ ရည်းစားတွေ အများကြီး ရှိတာလား..."

ဆိုနင်ပင်းက ခေါင်းညိတ်လိုက်သည်။ "အင်း... အများကြီးပဲ..."

လန်လင်းက မျက်ခုံးပင့်လိုက်သည်။ "အတိအကျ ဘယ်လောက်တောင် ရှိတာလဲ..."

ဆိုနင်ပင်း မျက်နှာရဲသွား၏။ "ဂဏန်းနှစ်လုံး အရေအတွက်လောက်တော့ ရှိမယ်... ဒါမှမဟုတ်ရင်လည်း အဲဒီထက်တောင် ပိုနိုင်သေးတယ်..."

ဂဏန်းနှစ်လုံး... သို့မဟုတ် ထိုထက်ပင် ပိုနိုင်သေးသည်။

လန်လင်း ရူးသွားတော့မလို ခံစားလိုက်ရသည်။ ထိုအကြောင်းကို တွေးလိုက်ရုံမျှဖြင့် သူ၏ ဦးရေပြားပင် ထုံကျင်သွား၏။

လန်လင်းက စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်သည်။ "အစ်မ... ကျွန်တော်က အရင်က ရည်းစား တစ်ခါမှ မထားဖူးဘူး... ဆိုလွန်က ဒီလောက် ရှုပ်ပွေတဲ့ ရည်းစား ရာဇဝင် ရှိနေတာ... သူ့ရဲ့ ချစ်သူတွေထဲက တစ်ယောက်ယောက်သာ ကျွန်တော့်ကို လာရှာရင် ကျွန်တော်က အတုမှန်း သေချာပေါက် သိသွားကြလိမ့်မယ်..."

ဆိုနင်ပင်းက တောင်းပန်သည့်ဟန်ဖြင့် မျက်လွှာချလိုက်သည်။ "ဆိုလွန်က အတည်မလုပ်သလို အဲဒီ အမျိုးသမီး အများစုကလည်း ကစားနေကြရုံပါပဲ... ဒါကြောင့် သူတို့က မင်းကို လာရှာကြမှာ မဟုတ်ပါဘူး... ဒါပေမဲ့... မင်း အထူး သတိထားဖို့ လိုအပ်တဲ့ အမျိုးသမီး အနည်းငယ်တော့ ရှိသေးတယ်..."

လန်လင်းက ခေါင်းညိတ်သည်။ "သူတို့အကြောင်း ကျွန်တော့်ကို ပြောပြပါဦး အစ်မ..."

ဆိုနင်ပင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "ပထမတစ်ယောက်က ဆိုလွန်ရဲ့ စေ့စပ်ထားသူ ကွေ့ချင်းရှောင်ပဲ... သူက လင်ဟိုင် မြို့စားကြီးရဲ့ သမီးလေ... စာပေရော ၊ သိုင်းပညာမှာပါ အရမ်း တော်ပြီး နာမည်ကောင်းလည်း အများကြီး ရထားတယ်... သူက ဆိုလွန်ကို အထင်သေးတာ... အကယ်၍ မင်း သူနဲ့ တွေ့ရင် သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး... သူက ကိုယ့်ဘာသာကိုယ် မင်းကို ရှောင်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်..."

လန်လင်းက စိတ်သက်သာရာရသွားကာ ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါဆို တော်ပါသေးတယ်..."

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဟူး... ဒုတိယ တစ်ယောက်ကတော့ မင်းသမီး ကျိနင်ပဲ... သူက အရမ်း လှပပြီး ထက်မြက်တဲ့ အမျိုးသမီး တစ်ဦးလေ... လူတွေကတော့ သူ့ကို တော်ဝင်မိသားစုမှာ အရည်အချင်း အရှိဆုံး အမျိုးသမီးလို့ ပြောကြတယ်... ဆိုလွန်က သူ့ကို အရူးအမူး ဖြစ်ပြီး အရှက်မရှိ လိုက်ပေမယ့် အရှက်ခွဲခံရရုံပဲ အဖတ်တင်တယ်..."

"သူ ကောင်းကင်မိစ္ဆာ တောင်တန်းကို သွားရတဲ့ တကယ့် အကြောင်းရင်းကလည်း သူ့ကြောင့်ပါပဲ... မင်းသမီး ကျိနင်က အဲဒီတောင်တန်းတွေထဲမှာ ဝှက်ထားတဲ့ ရှေးဟောင်းနဂါးတံဆိပ်တုံး မိတ္တူတစ်ခုကို အရမ်း လိုချင်နေတယ်လို့ သူ ကြားတာ... ဒါကြောင့် သူ့ကို အထင်ကြီးစေချင်ရုံ သက်သက်နဲ့ ဆိုလွန်က သူ့အသက်ကို စွန့်ပြီး သွားရှာတာလေ..."

ထိုအရာကို ကြားလိုက်ရသည့်အခါ တစ်ခုခု မှားယွင်းနေကြောင်း လန်လင်း ချက်ချင်း ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က ဆိုလွန်၏ သေဆုံးမှုကို တမင်တကာ ကြံစည်ထားခြင်း ဖြစ်နိုင်ပေလိမ့်မည်။

ဆိုနင်ပင်းက လန်လင်းအား လေးနက်စွာ စိုက်ကြည့်လိုက်သည်။ "ကျိနင်က အရမ်းကို ပါးနပ်တယ်... သူနဲ့ တွေ့ရင် မင်း သဘာဝကျကျနဲ့ သတိထားပြီး နေရမယ်... မဟုတ်ရင် မင်း ဟန်ဆောင်ထားတာကို သူ သေချာပေါက် ရိပ်မိသွားလိမ့်မယ်..."

လန်လင်းက နားလည်ဟန်​ဖြငိ့ ခေါင်းညိတ်လိုက်သည်။ "အင်း... ကျွန်တော် နားလည်ပါပြီ... ဒီလို အမျိုးသမီးမျိုးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်..."

လန်လင်း လိမ်ပြောနေခြင်း မဟုတ်ချေ။ သူနှင့် သူ၏ အစ်မဖြစ်သူတို့မှာ ကလေးဘဝကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးရပြီး လူ့အသိုင်းအဝိုင်း၏ အမှောင်ဘက်ခြမ်းကို မြင်တွေ့ခဲ့ရသည်။ သူသည် ကြင်နာတတ်သူ တစ်ယောက် ဖြစ်သော်ငြား လူများထံမှ အဆိုးရွားဆုံးကို အမြဲတမ်း မျှော်လင့်ထားတတ်၏။ ပါးနပ် ကောက်ကျစ်သူများကို ကိုင်တွယ်ဖြေရှင်းရာ၌ လန်လင်း ကျွမ်းကျင်သည်။

ဆိုနင်ပင်းက စိုးရိမ်ပူပန်စွာ မျက်လုံးကျဉ်းလိုက်၏။ "တတိယ အမျိုးသမီးကိုတော့ မင်း အထူး သတိထားရမယ်... သူ့ရဲ့ နာမည်က ယန်နိုင်အာတဲ့... သူက ယုံနိုင်စရာမရှိလောက်အောင်ကို လှပသလို သိုင်းပညာ စွမ်းရည်တွေကလည်း အရမ်းမြင့်ပြီး ဒေါသ အရမ်းကြီးတယ်....

"ဆိုလွန်က သူ့ရဲ့ နှလုံးသားကို အနိုင်ရဖို့ အချိန်နဲ့ ခွန်အား အများကြီး ပေးဆပ်ရသလို သူ့ရဲ့ အရိုက်ကိုလည်း အကြိမ်ကြိမ် ခံရတယ်... သူ့ကို ချစ်သူဖြစ်လာအောင် လုပ်ဖို့ သူ့မှာ တစ်နှစ်ကျော်တောင် အချိန်ယူရတာ... ဒီမိန်းကလေးက ဖြူစင်ပြီး ရိုးရှင်းတဲ့ စိတ်ထားရှိပေမယ့် အရမ်း ပြင်းထန်တဲ့ စရိုက်ရှိတယ်... တစ်ခါ ချစ်မိသွားပြီဆိုရင်လည်း နက်နက်ရှိုင်းရှိုင်း တွယ်တာပြီး စွဲလမ်းသွားတတ်တယ်... ဆိုလွန်ကလွဲပြီး တခြား ဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့တောင် သူက သစ္စာဆိုသေးတယ်..."

ထိုဆက်ဆံရေး မည်သို့ အဆုံးသတ်သွားကြောင်းကို လန်လင်း အလွယ်တကူ ခန့်မှန်းမိလိုက်၏။ ဆိုလွန်ကဲ့သို့ အောက်တန်းစား တစ်ယောက်က သစ်ပင်တစ်ပင်တည်းအတွက် သစ်တောတစ်ခုလုံးကို ဘယ်သောအခါမှ လက်လွှတ်ခံမည် မဟုတ်ချေ။

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဟူး... သူတို့ အတူတူ နေပြီးတဲ့နောက်မှာ ယန်နိုင်အာက သူ့ကို လက်ထပ်ဖို့ ဆက်တိုက် ဖိအားပေးတယ်... သူက မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတဲ့အထိ ပြဿနာတွေ ရှာသေးတာ... ဒါပေမဲ့... ဆိုလွန်က သူလိုချင်တာ ရသွားပြီးနောက်မှာ သူ့ကို စွန့်ပစ်ပြီး မင်းသမီး ကျိနင်ဆီကို သူ့ရဲ့ အာရုံ ပြောင်းသွားတယ်... ယန်နိုင်အာကတော့ လုံးဝ အသည်းကွဲသွားပြီး မြို့တော်ကနေ ထွက်သွားတယ်... အခုချိန် သူ ဘယ်မှာ ရှိနေလဲဆိုတာ ဘယ်သူမှ မသိကြဘူး..."

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters