← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်း မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်မိသည်။ "သနားစရာ ကောင်မလေးပါလား… ဆိုလွန်က တကယ့် ခွေးကောင်ပဲ။"

ဆိုနင်ပင်းကလည်း သက်ပြင်းချလိုက်၏။ "အင်း... ယန်နိုင်အာရဲ့ အဖေက ဆိုလွန်ကို အရမ်း မုန်းတာလေ... အထူးသဖြင့် ဆိုလွန်မှာ စေ့စပ်ထားသူ ရှိနေပြီးသားဆိုတော့ ပိုဆိုးတာပေါ့... နိုင်အာက သူ့ကြောင့် မိဘတွေနဲ့တောင် ရန်ဖြစ်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့လည်း ဆိုလွန်က သူ့ကို အသုံးချပြီး စွန့်ပစ်တာပဲ... မိန်းမတစ်ယောက်အနေနဲ့ဆိုရင် သူ လုပ်တာတွေကို ငါ တကယ် ရွံတယ်။"

လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "နောင်တစ်ချိန် ယန်နိုင်အာနဲ့သာ ဆုံမိရင်တော့ ကျွန်တော် ပြဿနာ အကြီးကြီး တက်တော့မှာပဲ။"

ဆိုနင်ပင်းက ခေါင်းညိတ်လိုက်၏။ "အင်း... မင်းကို မြင်ရင် သူ ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါမတွေးရဲဘူး... သူ့ရဲ့ သိုင်းပညာစွမ်းရည်တွေက အရမ်း မြင့်မားတော့ မင်းကို မြင်မြင်ချင်း ဓားဆွဲထုတ်ပြီး ခုတ်ရင် ခုတ်လောက်မယ်...။"

လန်လင်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ၏ ပခုံးပေါ်၌ ကြီးမားသည့် ဖိအားတစ်ခု ကျဆင်းလာသလို ခံစားလိုက်ရ၏။

ဆိုနင်ပင်းက အလျင်အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်။ "ယန်နိုင်အာက အရမ်း တော်တယ်... သူသာ မင်းကို တိုက်ခိုက်လာရင် သနားစရာကောင်းအောင်သာ ဟန်ဆောင်နေလိုက်... ဘာမှလည်း ဝင်မပြောနဲ့... ပြန်လည်း မတိုက်ခိုက်နဲ့... သူက ဆိုလွန်ကို နက်နက်ရှိုင်းရှိုင်း ချစ်တာဆိုတော့ မင်းကို တကယ်ကြီး ထိခိုက်နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။"

လန်လင်းက စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။ "ဟုတ်ကဲ့... နားလည်ပါပြီ... ကျွန်တော် သတိထားရမယ့် တခြား အမျိုးသမီးတွေများ ရှိသေးလား။"

ဆိုနင်ပင်းက ခေါင်းရမ်းလိုက်၏။ "ငါလည်း သေချာတော့ မသိဘူး... အရင်က သူ့ကို ဆုံးမလေ့ရှိတဲ့အတွက် ဆိုလွန်က အိမ်မှာ သိပ်မနေတတ်ဘူးလေ... သူ့ဘဝနဲ့ ပတ်သက်ပြီး ငါ မသိတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်... ဒါပေမဲ့ သူ့အကယ်ဒမီက ဆရာမတစ်ယောက်နဲ့ ဖောက်ပြန်ပြီး အဲဒီဆရာမရဲ့ ခင်ပွန်းကိုယ်တိုင် လက်ပူးလက်ကြပ် ဖမ်းမိတယ်ဆိုတဲ့ ကောလာဟလတစ်ခုတော့ ကြားဖူးတယ်။"

လန်လင်း ရူးသွားတော့မလိုပင် ခံစားလိုက်ရသည်။ အကယ်၍ ထိုအရာကသာ အမှန်ဖြစ်နေမည်ဆိုလျှင် တော်ဝင်အကယ်ဒမီ၌ သူ တစ်ရက်လေးပင် ငြိမ်းငြိမ်းချမ်းချမ်း နေရမည် မဟုတ်ချေ။

ထိုဆိုလွန်ဆိုသည့် အကောင်က အမှိုက်သရိုက်စစ်စစ်ပင်။ ကိုယ်ပိုင် ဆရာမဖြစ်သူ အိမ်ထောင်ရှင် အမျိုးသမီးကိုပင် မြှူဆွယ်ပြီး လက်ပူးလက်ကြပ် အဖမ်းခံရသေးသည်။ နံရံကို ပန်းသင့်သည်ဆိုသော စကားမှာ ဆိုလွန်ကဲ့သို့ အကောင်မျိုးကို ဖော်ပြရန် အသင့်တော်ဆုံးသော စကားပင်။

သူမ၏ လှပသည့် မျက်လုံးများ၌ အပြစ်ရှိသလို ခံစားနေရမှုတို့ ပြည့်နှက်နေလျက် ဆိုနင်ပင်းက မျက်လွှာချလိုက်သည်။ "တောင်းပန်ပါတယ် ရှောင်လင်းရယ်... ဆိုလွန်က အရမ်း စိတ်ပျက်ဖို့ကောင်းတယ်။ သေသွားတာတောင် အခု မင်းအတွက် ပြဿနာကြီးကို ချန်သွားတုန်းပဲ။"

လန်လင်းက အီးမှန်ထားသည့် မျက်နှာဖြင့် အားတင်း ပြုံးလိုက်၏။

"အာ... ကျွန်တော်... ကျွန်တော်... အကောင်းဆုံး ကြိုးစားပါ့မယ်... ဒါပေမဲ့ အဲဒီ အမျိုးသမီးတွေရဲ့ မျက်နှာကိုတောင် ကျွန်တော် မသိဘူး... သူတို့နဲ့ ဆုံမိပြီး မမှတ်မိရင်တော့ အပိုင်းတစ် ဇာတ်သိမ်းပဲဗျ"

ဆိုနင်ပင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "ဆိုလွန်က ဘာမှ အသုံးမကျပေမယ့် ပန်းချီဆွဲတဲ့နေရာမှာတော့ ပါရမီရှင်ပဲ... သူနဲ့ ပတ်သက်တဲ့ အမျိုးသမီးတွေအားလုံးရဲ့ ပုံတူပန်းချီကားတွေကို ဆွဲထားတယ်... မင်းအတွက် သွားယူပေးမယ်။"

ခဏအကြာ၌ ဆိုနင်ပင်းက သေတ္တာတစ်လုံး ယူဆောင်လာ၏။ ထိုအထဲ၌ လိပ်ထားသည့် ပန်းချီကားများစွာ ရှိနေသည်။

လန်လင်း ဖွင့်ကြည့်လိုက်သောအခါ အားလုံးက လှပသော အမျိုးသမီးများ၏ ပုံတူပန်းချီကားများ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ တစ်ယောက်ချင်းစီတိုင်းက မတူညီသည့် အလှတရားများဖြင့် လှပကြကာ လန်လင်းအား အသက်ရှူပင် မှားသွားစေ၏။

ခွေးကောင်ဆိုလွန် ဖျက်ဆီးခဲ့သည့် အမျိုးသမီးတိုင်းက ယုံကြည်နိုင်စရာမရှိလောက်အောင်ကို လှပလွန်းလှပြီး တစ်ဦးချင်းစီတိုင်းက နတ်သမီးတစ်ပါးနှင့်ပင် တူနေ၏။

ထိုခွေးကောင်က အမျိုးသမီးများကို ပန်းချီဆွဲရာ၌ အမှန်တကယ်ပင် အံ့မခန်းဖြစ်၏။ ဤလောက၌ ခေတ်သစ် ခဲခြစ်ပန်းချီများ ၊ သို့မဟုတ် လက်တွေ့ဆန်သည့် ပုံတူပန်းချီကားများ မရှိချေ။ ပန်းချီရေးဆွဲဟန်မှာ ဂန္ထဝင် မှင်ပန်းချီများနှင့် ဆင်တူသည်။

ရိုးရှင်းသော စုတ်ချက်အနည်းငယ်ကိုသာ အသုံးပြုကာ အမျိုးသမီးများ၏ ဆွဲဆောင်မှုကို ပြီးပြည့်စုံစွာ ပုံဖော်နိုင်သည့် ဆိုလွန်မှာ အမှန်တကယ်ပင် အထင်ကြီးလောက်စရာ ကောင်းလှ၏။

လန်လင်းက မင်းသမီး ကျိနင် ၊ ကွေ့ချင်းရှောင်နှင့် ယန်နိုင်အာတို့၏ ပုံတူပန်းချီများကို သေချာစွာ လေ့လာကြည့်လိုက်သည်။ သူမတို့၏ ပန်းချီကားများကပင် အသက်ရှူမှားလောက်အောင် လှပနေသည့်အတွက် အပြင်၌ မည်မျှပင် လှပနေမည်နည်းကို သူ တွေးကြည့်လိုက်မိ၏။

ယန်နိုင်အာဆိုလျှင် အလွန်အမင်း ဆွဲဆောင်မှုရှိကာ ကောက်ကြောင်း ပေါ်လွင်လွန်းသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး အန္တရာယ်များလောက်အောင်ပင် ဆွဲဆောင်မှု ရှိလွန်းနေသည်။ သူမက အမှန်တကယ် ရှားပါးလှသည့် အလှတရားပင်။

ထိုခွေးကောင်က အမျိုးသမီးများနှင့် ပတ်သက်လာလျှင် ရူးသွပ်လောက်အောင် ကံကောင်းလွန်းလှ၏။

ဆိုနင်ပင်းက မျက်ခုံးပင့်လိုက်သည်။ "ရှောင်လင်း... မင်းက သိုင်းပညာရော ၊ စာပေမှာပါ ညံ့ဖျင်းပေမယ့် မင်းရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်တွေကတော့ အံ့မခန်းပဲလေ... ဒါကြောင့် နောက်ရက်အနည်းငယ်အတွင်း သူ့ရဲ့ ပန်းချီဆွဲနည်းတွေကို ငါ သင်ပေးမယ်... ဒါဆိုရင် တစ်ယောက်ယောက်က မင်းကို ပန်းချီဆွဲခိုင်းတဲ့အခါ မင်းရဲ့ လျှို့ဝှက်ချက် ပေါ်သွားမှာ မဟုတ်ဘူးပေါ့။"

ပန်းချီဆွဲရာ၌ အလွန် ကျွမ်းကျင်နေပြီးဖြစ်သည့်အတွက် လန်လင်း ငြင်းဆန်ရန် ပြင်လိုက်မိ၏။ သို့သော် သူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ဟုတ်ကဲ့ပါ အစ်မ။"

အတိတ်ဘဝ၌ လန်လင်းက အနုပညာကို လေ့လာခဲ့ဖူးသည့်အတွက် သူ၏ စွမ်းရည်များက အမှန်တကယ်ကို အမြင့်ဆုံးအဆင့်၌ ရှိနေသည်။ ကလေးဘဝတည်းက သူ့ အစ်မဖြစ်သူ၏ ပုံတူပန်းချီကားပေါင်း ထောင်ကျော်ကို ဆွဲခဲ့ဖူး၏။

သူ၏ ခဲခြစ်ပန်းချီစွမ်းရည်မှာ ပြီးပြည့်စုံလွန်းလှရာ ရေးဆွဲလိုက်သည့် ပန်းချီကားများက အစစ်အမှန် ဓာတ်ပုံများနှင့်ပင် သွား၍တူနေတတ်သည်။

သို့သော် ဆိုနင်ပင်းအား သူ့ကို ပန်းချီဆွဲနည်း သင်ပေးခွင့်ပြုခြင်းက သူတို့ အတူတူ အချိန်များစွာ ကုန်ဆုံးရမည်ဟု အဓိပ္ပာယ်ရ၏။ ဤသည်က သူမနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အရေးကောင်း တစ်ခုပင်။ ထို့အတွက်ကြောင့် လန်လင်း မငြင်းတော့ပဲ ခေါင်းသာ ညိတ်လိုက်၏။

**--**--**--**--**--**--**--**

ပထမနှစ်ရက်အတွင်း ဆိုနင်ပင်းက ဆိုလွန်၏ အတိတ်မှ ဆက်ဆံရေးများအကြောင်း အားလုံးကို လန်လင်းအား ပြောပြသည်။ အတိအကျ ဆိုရလျှင် ပန်းချီကားများထဲရှိ ရည်းစားဟောင်းများစွာ၏ အခြေခံ အကျဉ်းချုပ်ကို သူမက ရှင်းပြ၏။ ထို့အပြင် တော်ဝင်အကယ်ဒမီမှ ဆရာများနှင့် အတန်းဖော်များအကြောင်းကိုလည်း သူမက မိတ်ဆက်ပေးသေးသည်။

ထို့နောက် ဤလောကသစ်၏ သမိုင်းကြောင်းနှင့် အခြေခံ ဗဟုသုတများကို လန်လင်း ဆက်လက် လေ့လာရသည်။

ဤလောက၏ စာအုပ်များကို လန်လင်း ပထမဆုံးအကြိမ် ဖွင့်ကြည့်လိုက်သည့်အခါ လုံးဝ အံ့ဩထိတ်လန့်သွားရ၏။

သူ စာလုံးများအားလုံးကို ဖတ်တတ်နေသည်။ အရေးအသားစနစ်က ကမ္ဘာမြေပေါ်ရှိ တရုတ်စာလုံးများနှင့် အတိအကျ တူညီနေ၏။ ထိုမျှမက အချို့သော စာစီစာကုံးများနှင့် စာကြောင်းများကိုပင် မှတ်မိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် ဤလောက၌လည်း ရှေးဟောင်း ဂန္ထဝင်စာပေများ ၊ အခြေခံ သင်္ချာနှင့် ဒဿနိကဗေဒ အယူအဆများ ရှိနေသည့်အတွက်ပင်။ ဤဗဟုသုတ အားလုံးက ရှေးဟောင်း ကမ္ဘာမြေ၏ ဂန္ထဝင်ကျမ်းများမှ တိုက်ရိုက် ဆင်းသက်လာသကဲ့သို့ ဖြစ်နေပြီး အချို့မှာ အနောက်တိုင်း ဒဿနိကဗေဒမှပင် လာခြင်း ဖြစ်၏။

ဂီတအပိုင်း၌လည်း ကမ္ဘာမြေနှင့် တူညီသည့် ဂီတသင်္ကေတများနှင့် မှတ်စုများကိုပင် အသုံးပြုထားသေးသည်။

သိချင်စိတ် ပြင်းပြစွာဖြင့် သမိုင်းစာအုပ်များကို သူ အလျင်အမြန် လှန်ကြည့်လိုက်သည်။ နောက်ဆုံး၌ ဤလောကသို့ သူ ရောက်ရှိလာကတည်းက ကြုံတွေ့ခဲ့ရသည့် အကြီးမားဆုံး ပဟေဠိအတွက် အဖြေကို သူ ရှာတွေ့သွားလေပြီ။

ဤလောကကြီးတစ်ခုလုံးက တူညီသည့် ဘာသာစကားကို အသုံးပြုနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ချေ။ အကြောင်းရင်း အားလုံးမှာ လူတစ်ယောက်၏ ကျေးဇူးကြောင့်ပင်။

နဂါးဧကရာဇ်ပင် ဖြစ်၏။

နဂါးဧကရာဇ်ဆိုသူမှာ ဤလောက၏ သမိုင်းတစ်လျှောက် အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

အလယ်ပိုင်းဒေသ၏ ယဉ်ကျေးမှု တစ်ခုလုံးကို သူက တစ်ကိုယ်တော် ပုံသွင်းခဲ့ခြင်းပင်။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ခန့်က ဤလောကကြီးမှာ ဖရိုဖရဲ ဖြစ်နေသည့် နေရာတစ်ခု ဖြစ်ခဲ့၏။ နေရာအများစု၌ ရှေးဟောင်း မျိုးနွယ်စုများဖြင့် ပြည့်နှက်နေပြီး သေးငယ်သည့် ကျေးရွာများနှင့် မြို့ငယ်အနည်းငယ်သာ ရှိခဲ့သည်။ ယဉ်ကျေးမှုမှာ အလွန် နောက်ကျနေ၏။ မတူညီသည့် အရေးအသားစနစ် ရာပေါင်းများစွာနှင့် မတူညီသော ဘာသာစကား ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။

ဤလောကရှိ လူသားများကို နဂါး၏ သွေးဆက်ဟု လူသိများကြသည်။ လူတိုင်း၏ သွေးကြောထဲ၌ နဂါးသွေး အနည်းငယ်စီ စီးဆင်းနေကြ၏။ သူတို့၏ နဂါးသွေး ပို၍ သန့်စင်လေလေ ၊ သိုင်းပညာ ပါရမီမှာလည်း ပို၍ မြင့်မားလေလေ ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် နှစ်သောင်းပေါင်းများစွာ တိုင်အောင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အကြမ်းဖက်မှုတို့က လောကကြီးကို ကြီးစိုးခဲ့သည်။ ထို့နောက် အကြမ်းဖက်မှုနှင့်အတူ အဆုံးအစမရှိသည့် စစ်ပွဲတို့၏ ခေတ်ရောက်ရှိလာ၏။

လောကကြီးက နှစ်ပေါင်းများစွာကြာအောင် ကမောက်ကမ ဖြစ်နေခဲ့သည်။ လူအချင်းချင်း သတ်ဖြတ်ကြသလို သားရဲများနှင့်လည်း တိုက်ခိုက်ခဲ့ကြ၏။

အစစ်အမှန် ယဉ်ကျေးမှုအဖွဲ့အစည်း မရှိသလို ဥပဒေနှင့် အင်ပါယာများလည်း မရှိခဲ့ချေ။ တစ်ခုတည်းသော အမှန်တကယ် အင်အားကြီးမားသည့် အဖွဲ့အစည်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်သာ ဖြစ်သည်။

နတ်နဂါးကျောင်းတော်မှာ သမိုင်းအစကတည်းက တည်ရှိခဲ့သည့် ဤလောကရှိ အမြင့်မြတ်ဆုံးနှင့် အသန့်စင်ဆုံး အဖွဲ့အစည်းကြီး ဖြစ်၏။ ထိုကျောင်းတော်က ပြည်သူလူထု၏ ပကတိယုံကြည်ရာ ဘာသာတရားဖြစ်ပြီး မြင့်မြတ်နတ်နဂါး၏ တမန်တော်လည်း ဖြစ်သည်။

သို့သော် မြင့်မြတ်နတ်နဂါးကျောင်းတော်က သီးခြားသာ နေထိုင်၏။ လူသားများ၏ ကိစ္စရပ်များကို ဂရုမစိုက်သလို လူသားများ၏ စစ်ပွဲများ၌လည်း သမိုင်းတစ်လျှောက် မည်သည့်အခါတုန်းကမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ချေ။

ထို့အတွက်ကြောင့် အလယ်ပိုင်းဒေသမှာ သွေးစွန်းနေသည့် မြေရိုင်းတစ်ခုအဖြစ်သာ ရှိနေခဲ့သည်။ နယ်မြေ၏ လက်မတိုင်း၌ နှစ်စဉ်နှစ်တိုင်း စစ်ပွဲများကြောင့် သွေးများစွန်းထင်းနေခဲ့၏။

နေ့စဉ်နှင့်အမျှ ရေတွက်၍ မရနိုင်သည့် လူများ သေဆုံးခဲ့ကြရသည်။ ကလေးတစ်ယောက် ဘေးကင်းစွာ ကြီးပြင်းလာနိုင်ခြင်းကပင် အံ့ဩဖွယ်ရာ ကိစ္စတစ်ခု ဖြစ်နေခဲ့၏။

သို့သော် ထိုအဆုံးအစမရှိသည့် ဖရိုဖရဲ အခြေအနေမှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်ခန့်က နောက်ဆုံး၌ အဆုံးသတ်သွားခဲ့သည်။

သမိုင်းတစ်လျှောက် အသန်မာဆုံး လူသားတစ်ဦး မွေးဖွားလာခဲ့၏။ သူ မည်သည့်နေရာမှ လာသည်ကိုဖြစ်စေ ၊ သူ၏ မိဘများက ဘယ်သူဖြစ်သည်ကိုဖြစ်စေ မည်သူကမှ မသိကြချေ။ ကောင်းကင်နှင့် မြေကြီးမှ တိုက်ရိုက် မွေးဖွားလာသကဲ့သို့ပင်။

အသက် လေးဆယ် မပြည့်သေးခင်၌မှာပင် လောက၏ ပကတိ အသန်မာဆုံး သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက် အဓိက မျိုးနွယ်စုကြီးများ အားလုံးကို ချေမှုန်းရန်အတွက် အနှစ်နှစ်ဆယ် အချိန်ယူခဲ့၏။

အလယ်ပိုင်းဒေသကို စည်းလုံးစေခဲ့ပြီး အရာအားလုံးထက် စွမ်းအားကြီးမားသည့် မီးလျံနဂါးအင်ပါယာကို တည်ထောင်ခဲ့၏။ ပထမဆုံးအကြိမ်အဖြစ် မီးလျံနဂါးတိုက်ကြီးမှာ ဖရိုဖရဲ အခြေအနေများမှ လွတ်မြောက်ကာ စည်းကမ်းတကျ ဖြစ်လာခဲ့သည်။

နဂါးဧကရာဇ်သည်လည်း လောကကြီး၏ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့၏။

သူ၏ ဂန္ထဝင်မြောက် အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် မြင့်မြတ်နတ်နဂါးကျောင်းတော်က သူ့အား နဂါးဧကရာဇ်ဟူသည့် ဘွဲ့ကို တရားဝင် ပေးအပ်ခဲ့သည်။

သို့သော် ထိုအရာက အစမျှသာ ဖြစ်၏။ နောက်ထပ် အနှစ်သုံးဆယ်တိုင်အောင် သူသည် စစ်ပွဲများ ဆင်နွှဲခြင်းကို ရပ်တန့်ခဲ့သည်။ ထိုအစား အခြား ဘာသာစကားများနှင့် အရေးအသားစနစ်များ အားလုံးကို သူက လုံးဝ ဖယ်ရှားပစ်ခဲ့၏။

ထို့နောက် နဂါးဘာသာစကားကို ဖန်တီးခဲ့ပြီး ထိုဘာသာစကားကို လောက၌ တစ်ခုတည်းသော တရားဝင် ဘာသာစကားနှင့် အရေးအသားအဖြစ် သတ်မှတ်ခဲ့သည်။

ဤသည်များသာမက ဒဿနိကဗေဒ ၊ အနုပညာ ၊ သင်္ချာ ၊ စာပေနှင့် ဂီတတို့ကိုလည်း သူက အသက်သွင်းခဲ့သေးသည်။ အဆင့်မြင့် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းကြီး တစ်ခုလုံးကို နဂါးဧကရာဇ်က တစ်ကိုယ်တော် တည်ဆောက်ခဲ့ခြင်းပင်။

သေချာပေါက်ပင် အသန်မာဆုံးသော လူပင်လျှင် အဆုံး၌ သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

နဂါးဧကရာဇ်သည် သက်တော် တစ်ရာ့နှစ်ဆယ့်ကိုးနှစ်၌ ကွယ်လွန်သွားခဲ့သည်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters