← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နဂါးဧကရာဇ် ကွယ်လွန်ပြီးနောက် ယန်အင်ပါယာက သူ့ လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းကာ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့၏။ ထက်မြက်သည့် ပညာရှင်များနှင့် ဒဿနိကဗေဒပညာရှင် အများအပြား ပေါ်ထွက်လာကြသည်။

သူတို့က ကြီးကျယ်ခမ်းနားသည့် စာအုပ်စာပေများနှင့် လှပသည့် ဂီတစာပေများကို ရေးသားကြပြီး ဗဟုသုတနှင့် အယူအဆသစ်များ၏ ရွှေခေတ်တစ်ခေတ်ကို ဖန်တီးနိုင်ကြ၏။

သို့သော် အကြီးမားဆုံးသော အင်ပါယာကြီးများပင်လျှင် အချိန်၏ တိုက်စားမှုအောက်၌ ပြိုလဲပျက်စီးသွားရသည်။

နဂါးဧကရာဇ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း သုံးရာအကြာ၌ ယန်အင်ပါယာ ပြိုကွဲသွား၏။ နောက်ထပ် နှစ်ပေါင်း နှစ်ထောင်မှ သုံးထောင်အထိ ထိုနယ်မြေ၌ အဆုံးအစမရှိသည့် စစ်ပွဲများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

လက်ရှိအချိန်၌မူ အလယ်ပိုင်းဒေသမှာ နိုင်ငံပေါင်း ရာချီ၍ ကွဲပြားနေ၏။ ထိုအထဲ၌ အင်အားအကြီးဆုံး အင်အားစုငါးခုမှာ နိုင်ငံတော်ကြီး လေးခုနှင့် အင်ပါယာတစ်ခုတို့ ဖြစ်ကြသည်။

နိုင်ငံတော်ကြီး လေးခုမှာ အရှေ့ဘက်မှ တုန်းလီဘုရင့်နိုင်ငံ ၊ တောင်ဘက်မှ နုလန်ဘုရင့်နိုင်ငံ ၊ အနောက်ဘက်မှ ရှီးလျန်ဘုရင့်နိုင်ငံနှင့် မြောက်ဘက်မှ ပေ့ဖုန်းဘုရင့်နိုင်ငံတို့ ဖြစ်ကြ၏။

အင်ပါယာကမူ အလယ်ပိုင်း ယန်အင်ပါယာဖြစ်ပြီး အလယ်ပိုင်းဒေသ၏ အင်အားအကြီးဆုံး အုပ်ချုပ်သူနှင့် နိုင်ငံများအားလုံး၏ ခေါင်းဆောင် ဖြစ်သည်။

အမည်ခံအားဖြင့် ယန်အင်ပါယာက လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်ခန့်က နဂါးဧကရာဇ် တည်ဆောက်ခဲ့သော မီးလျံနဂါးအင်ပါယာကို ဆက်ခံထားခြင်း ဖြစ်၏။ သို့သော် အမှန်တကယ်၌မူ သူတို့ကြား၌ ပတ်သက်ဆက်နွှယ်မှု အနည်းငယ်သာ ရှိသည်။

လက်ရှိအချိန်၌ ယန်အင်ပါယာက အင်အားအကြီးဆုံး ဖြစ်၏။ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ထောက်ခံမှုကိုလည်း ရရှိထားသည့်အတွက် အလယ်ပိုင်းဒေသ၏ ဗဟိုအင်ပါယာ ဖြစ်လာခဲ့သည်။

ထိုသို့တိုင်အောင် ယန်အင်ပါယာ၏ လက်ရှိအုပ်ချုပ်သူက သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးဟု မခေါ်ဝေါ်ဘဲ ဘုရင်တစ်ပါးအဖြစ်သာ သတ်မှတ်ထား၏။

နဂါးဧကရာဇ် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း သုံးထောင်နီးပါး ရှိနေပြီ ဖြစ်သော်ငြား သူသည် တစ်လောကလုံး၏ ပြယုဂ်တစ်ခုအဖြစ် ရှိနေဆဲပင်။ လူအများက သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားကြသည်။

နဂါးဧကရာဇ် မည်သည့်နေရာမှ လာသည်ကို ဤလောကရှိ မည်သူကမျှ မသိကြသော်လည်း လန်လင်းကတော့ အဖြေရှာတွေ့သွားလေပြီ။

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော နဂါးဧကရာဇ်မှာ လန်လင်းကဲ့သို့ပင် အချိန်ခရီးသွားတစ်ဦး ဖြစ်ရပေမည်။ သို့သော် လန်လင်းကဲ့သို့ သာမညတော့ မဟုတ်ပေ။

နဂါးဧကရာ်သည် လောကကြီးအား စည်းလုံးစေပြီး အင်ပါယာတစ်ခုကို တည်ဆောက်ကာ လူ့ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုလုံးကိုပါ တည်ဆောက်ပေးခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်မှာ အရင်က နဂါးဧကရာဇ် ပိုင်ဆိုင်ခဲ့သောအရာ ဖြစ်နိုင်လောက်ကြောင်း လန်လင်း ခန့်မှန်းမိလိုက်သည်။ သို့သော် ထိုအရာက အဓိပ္ပာယ် မရှိလှချေ။ ဤလောကကို ဖျက်ဆီးပစ်ရန်က သူ၏ တာဝန်ဖြစ်ကြောင်း အသူရာမိစ္ဆာကြယ်က ပြောဖူး၏။

နဂါးဧကရာဇ်က ဤလောက၏ ယဉ်ကျေးမှုအဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် တစ်သက်တာလုံး ပြင်းထန်စွာ ကြိုးစားအားထုတ်ခဲ့ရသည်။ အဘယ်ကြောင့် ဖျက်ဆီးပစ်ရမည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ သူ၏ အချိန်ခရီးသွားလာမှုက နဂါးဧကရာဇ်နှင့် လျှို့ဝှက်စွာ ဆက်နွှယ်နေကြောင်းကို လန်လင်း ခံစားမိနေ၏။

ထို့နောက် ဤလောက၌ သူလုပ်ဆောင်ရမည့် တာဝန်နှင့် ပတ်သက်၍ အသူရာမိစ္ဆာကြယ် ဆိုခဲ့သော စကားကို လန်လင်း သတိရသွားသည်။

လောကကြီးကို ဖျက်ဆီးပစ်ရမည်။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် လန်လင်း အလျင်အမြန် ခေါင်းရမ်းလိုက်မိ၏။ ဤရူးသွပ်ဖွယ်ကောင်းသည့် တာဝန်ကို သူ ဂရုမစိုက်ချေ။ သူလိုချင်သည်မှာ အစ်မဖြစ်သူနှင့် မိသားစုကို ကာကွယ်ပေးချင်ရုံသာ။ ထိုမျှသာ ဖြစ်သည်။

ဆိုနင်ပင်းက မျက်ခုံးပင့်လိုက်သည်။ “ရှောင်လင်း... ဘာဖြစ်လို့လဲ။”

လန်လင်းက ခေါင်းခါလိုက်သည်။ “ဘာမှမဖြစ်ပါဘူး အစ်မ။ ဒီစာအုပ်တွေထဲက အကြောင်းအရာ အများစုကို ကျွန်တော် သိပြီးသားမလို့ သုညကနေ စစရာ မလိုတော့ဘူး။ အစ်မနဲ့ ခဏလောက် လေ့လာပြီးသွားရင် တော်ဝင်အကယ်ဒမီ ကျောင်းဆင်းစာမေးပွဲအတွက် သိုင်းပညာ မဟုတ်တဲ့ ဘာသာရပ် သုံးခုကို ကျွန်တော် လွယ်လွယ်ကူကူပဲ အောင်မြင်နိုင်လောက်တယ်။”

လန်လင်း နှိမ့်ချလိုက်ခြင်းသာ ဖြစ်၏။ သူသည် ကမ္ဘာမြေပေါ်ရှိ ကျော်ကြားသည့် တက္ကသိုလ်တစ်ခုမှ ထိပ်တန်း အနုပညာကျောင်းသား တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ဤလောကရှိ ဒဿနိကဗေဒနှင့် စာပေတို့က အနည်းငယ် ကွဲပြားနေသော်ငြား ကမ္ဘာမြေ၏ ဗဟုသုတများအပေါ် အခြေခံထားဆဲပင်။

နာမည်ကျော် ရှေးဟောင်းနှင့် ခေတ်သစ် စာအုပ်စာပေ အများအပြားကို လန်လင်း ဖတ်ရှုဖူးပြီး ထိုအရာများကို အလွတ်ပင် ရွတ်ဆိုပြနိုင်သေးသည်။

ထို့အတွက်ကြောင့် ဤလောက၏ အရေးအသားစနစ်ကို သူ လေ့လာပြီးသွားသည်နှင့် သူ၏ ဗဟုသုတတို့က သာမန်ကျောင်းသားများကို ကျော်လွန်သွားပေလိမ့်မည်။

လန်လင်း၏ အဆိုကို ကြားသော် ဆိုနင်ပင်း၏ မျက်လုံးတို့က အရောင်တောက်လာ၏။ “တကယ်လား။”

လန်လင်းက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ “တကယ်ပါ။”

နောက်ထပ် ဆယ်ရက်ကြာသောအခါ လန်လင်းတစ်ယောက် ဘာသာရပ် များစွာကို ကျွမ်းကျင်ပိုင်နိုင်သွားရာ ဆိုနင်ပင်းအား လုံးဝ အံ့အားသင့်သွားစေတော့၏။

ဆိုနင်ပင်းက လှပစွာ ပြုံးသည် “ရှောင်လင်း။ မင်းက ဆိုလွန်ထက် အများကြီး ပိုတော်တာပဲ။ အစ်မကို တကယ် အံ့အားသင့်သွားစေတယ်။”

လက်ရှိအချိန်၌ တော်ဝင်အကယ်ဒမီ ကျောင်းဆင်းစာမေးပွဲကို အောင်မြင်ရန်အတွက် လန်လင်း၏ အကြီးမားဆုံးသည့် ပြဿနာမှာ သိုင်းပညာစွမ်းရည် ဖြစ်ပုံရသည်။

လူတစ်ယောက်၏ သိုင်းပညာ စွမ်းရည်မှာ နဂါးသွေးကြောအပေါ်၌ အဓိက မူတည်နေ၏။

အဆင့်မြင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ရဲ့ကျင်းယွီက လန်လင်းအား သိုင်းပညာကို ကိုယ်တိုင် သင်ကြားပေးတော့မည် ဖြစ်သည်။

ယခုလက်ရှိ အဓိက မေးခွန်းမှာ လန်လင်း၏ နဂါးသွေးကြော ပါရမီပင်။

ဆိုနင်ပင်းက ရယ်မောလိုက်၏။ “မကြာခင် မင်းကို အစ်မ ဆက်သင်ပေးလို့ ရတော့မှာ မဟုတ်ဘူး။ ရိုးရိုးသားသား ဝန်ခံရရင် အခုတောင် အစ်မ မသင်ပေးနိုင်တော့တဲ့ အရာတွေ အများကြီး ရှိနေပြီ။”

လန်လင်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “အဲဒီလိုလည်း မဟုတ်ပါဘူးဗျာ။”

ဤသည်က သူ ပါရမီရှင် ဖြစ်နေသောကြောင့် မဟုတ်ချေ။ အကြောင်းမှာ ပထမဆုံး အချိန်ခရီးသွားဖြစ်သူ နဂါးဧကရာဇ်က လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်ခန့်က စာပေစနစ်ကို ဖန်တီးခဲ့သောကြောင့် ဖြစ်၏။ လန်လင်းက ကမ္ဘာမြေပေါ်၌ ရှိနေစဉ်ကတည်းက ထိုအရာ အများစုကို လေ့လာကာ ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်သည်။

သင်ယူနေခဲ့သည့် အချိန်အတောအတွင်း နိဗ္ဗာန်ဘုံသို့ ရောက်နေသကဲ့သို့ လန်လင်း ခံစားခဲ့ရသည်။ အစ်မဖြစ်သူ ဆိုနင်ပင်းက သူနှင့်အတူ နေ့ရောညပါ ရှိနေပေးခဲ့၏။

လန်လင်းက လေ့လာသင်ယူမှု မြန်ဆန်ရုံသာမက သူတို့ မောင်နှမ နှစ်ယောက်မှာလည်း အလွန် ရင်းနှီးလာကြသည်။

ဆိုနင်ပင်းက စာအုပ်များထဲမှသာ သင်ကြားပေးခြင်း မဟုတ်ချေ။ ပန်းချီဆွဲနည်းနှင့် စန္ဒရားတီးနည်းတို့ကိုပါ သင်ကြားပေးသည်။ နေ့စဉ်နှင့်အမျှ အချင်းချင်း သိမ်မွေ့စွာ စကားစမြည် ပြောဆိုကြရင်း သူတို့၏ ဆက်ဆံရေးမှာ များစွာ ပိုမို နီးကပ်လာကြ၏။

အမှန်တကယ်၌ ရဲ့ကျင်းယွီက ဆိုလွန်ထက်ပင် လန်လင်းက ဆိုနင်ပင်း၏ မောင်အရင်းတစ်ယောက်နှင့် ပိုတူနေကြောင်း အကြိမ်ကြိမ် နောက်ပြောင်သေးသည်။

ထိုစကားကို ကြားရသည့်အခါ လန်လင်း သိပ်မပျော်ရွှင်ချေ။ သူသည် မောင်လေး တစ်ယောက်အဖြစ်သာ မနေချင်ဘဲ ခင်ပွန်းအဆင့်အထိ တတ်နေလိုခြင်းပင်။

သို့သော် သူမနှင့် မိသားစုကို ကာကွယ်ပေးနိုင်လောက်သည်အထိ သူ မသန်မာသေးချေ။ ထို့အတွက်ကြောင့် လတ်တလော၌ သူ၏ ခံစားချက်များကို ရင်ထဲ၌သာ သိမ်းဆည်းထားလိုက်သည်။

အစပိုင်း၌ လန်လင်းအား လျှို့ဝှက်စွာ နှစ်လကြာ လေ့လာသင်ယူရန် ဆိုနင်ပင်း စီစဉ်ထားခဲ့၏။ သို့သော် သူ၏ သင်ယူမှု အလွန် မြန်ဆန်လွန်းသည့်အတွက် တစ်လအတွင်းမှာပင် လျှို့ဝှက်လေ့ကျင့်မှုကို အဆုံးသတ်နိုင်ပြီ ဖြစ်သည်။

လက်ရှိအခြေအနေ၌ လန်လင်းတစ်ယောက် တော်ဝင်အကယ်ဒမီသို့ ဝင်ရောက်ရန် အသင့်ဖြစ်နေလေပြီ။

မကြာမီ၌ ရဲ့ကျင်းယွီ၏ လက်အောက်၌ သူ၏ ပထမဆုံး သိုင်းပညာ လေ့ကျင့်မှုကို လန်လင်း စတင်ရတော့မည် ဖြစ်၏။

ယခုလက်ရှိ သူ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေသည်။ သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး တော်ဝင်အကယ်ဒမီ ကျောင်းဆင်းစာမေးပွဲကို အမြန်ဆုံး အောင်မြင်ရန် ဖြစ်၏။

ဤသည်က ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်လာခင် ထျန်းရွှေမြို့စားကြီးနှင့် ထျန်းရွှေမြို့၏ သခင်ဘွဲ့တို့ကို အဆင်ပြေချောမွေ့စွာ ဆက်ခံနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters