← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ “ဒီနေ့ကစပြီး သခင်လေးကို ကျွန်မ သိုင်းပညာ သင်ပေးမယ်။”

သူတို့က တိတ်ဆိတ်နေသည့် အတွင်းဘက် ခြံဝင်းထဲ၌ ရှိနေကြခြင်းဖြစ်၏။

ရဲ့ကျင်းယွီကမူ ထုံးစံအတိုင်းပင် အနက်ရောင် သားရေဝတ်စုံကိုယ်ကြပ်ကို ဝတ်ဆင်ထားသည်။

တစ်ပုံစံတည်း တူညီသည့် ဝတ်စုံ ဆယ်စုံကျော်လောက် သူမ၌ ရှိကြောင်း လန်လင်း သိထားပြီးဖြစ်၏။ ဝတ်စုံများကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ရင်ဘတ်ပေါ်၌ ငွေရောင်ချည်ဖြင့် ထိုးထားသည့် ပုံစံများသာ ဖြစ်သည်။

အတူတူ အချိန်များစွာ ကုန်ဆုံးပြီးဖြစ်သော်လည်း လန်လင်းက သူမအနီး၌ ရှက်ရွံ့နေဆဲပင်။ သူမ၏ ခန္ဓာကိုယ်မှ ကောက်ကြောင်များက အလွန်ပေါ်လွင်နေကာ ဆွဲဆောင်မှု ရှိလွန်းနေ၏။ ထို့အပြင် သူသည်လည်း အမျိုးသမီးများနှင့် ပတ်သက်၍ အတွေ့အကြုံ လုံးဝ မရှိသည့် လူပျိုစင်စစ်ပင်။

ရင်ထဲ၌ အစ်မဖြစ်သူသာ ရှိသော်ငြား သာမန် သွေးဆူလွယ်သည့် လူငယ်တစ်ယောက် ဖြစ်နေဆဲပင်။

ရဲ့ကျင်းယွီက အမြဲတမ်း ကိုယ်ကြပ်အဝတ်အစား များကိုသာ ဝတ်ဆင်တတ်သောကြောင့် သိုင်းပညာ လေ့ကျင့်သည့်အခါ သူမ၏ ခန္ဓာကိုယ်က ကွေးညွတ်ဆန့်တန်းသွားတတ်၏။

သူမ၏ ကြီးမားသည့် ရင်သားများ ၊ ကောက်ကြောင်းပေါ်လွင်သော ခါးနှင့် တင်ပါးများ ၊ ထို့အပြင် လှပကျစ်လျစ်သည့် ခြေတံတို့က လန်လင်းအား စိတ်လှုပ်ရှားလာစေပြီး ရှက်ရွံ့ဖွယ်ရာ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ရဲ့ကျင်းယွီက ရုတ်တရက် မျက်ခုံးပင့်လိုက်၏။ “သခင်လေး အလိုရှိရင် မြို့စားကြီးစံအိမ်ထဲက ကြိုက်တဲ့ အစေခံကောင်မလေးကို ခေါ်အိပ်လို့ ရတယ်။”

သူမ၏ အပြောကြောင့် လန်လင်း၏ မျက်နှာတစ်ခုလုံး နီရဲသွားရသည်။ လန်လင်း အလျင်အမြန် ခေါင်းခါလိုက်၏။

သူ ရှက်ရွံ့နေသည်ကို မြင်သောအခါ ရဲ့ကျင်းယွီက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ “သခင်လေး လေ့ကျင့်မှု မစခင် သွေးကြောကို အရင် စမ်းသပ်ရမယ်။ သခင်လေးဆီမှာ နဂါးသွေးကြော ပါရမီ လုံလောက်မှု ရှိ ၊ မရှိ ကြည့်ရမယ်။”

ဤလောက၌ လူသားများကို နဂါး၏ သွေးဆက်ဟု လူသိများကြသည်။ လူတိုင်း၏ သွေးကြောထဲ၌ နဂါးသွေး အနည်းငယ်စီ ရှိနေကြ၏။

ထိုသွေးထဲ၌ နဂါးစွမ်းအားဟု ခေါ်ဆိုသည့် အားကောင်းသော စွမ်းအင်တစ်ခု ပါဝင်နေသည်။ သိုင်းပညာ၏ အဓိက ရည်ရွယ်ချက်မှာ ထိုနဂါးစွမ်းအားကို နိုးကြားလာစေရန်နှင့် ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်ရန်ပင်။

အားလုံး၏ သွေးကြောပါရမီမှာ မတူညီကြဘဲ ကွဲပြားသည့် အရောင်များဖြင့် ပေါ်ထွက်လာတတ်၏။ လက်ရှိအချိန်၌ လောက၌ အဓိက နဂါးသွေးကြော အရောင် ခြောက်ရောင် ရှိနေသည်။ မီးခိုးရောင် ၊ အဖြူရောင် ၊ အနက်ရောင် ၊ အပြာရောင် ၊ အနီရောင်နှင့် ခရမ်းရောင်တို့ ဖြစ်ကြ၏။ ပထမဆုံး အရောင်မှစ၍ နောက်ဆုံး အရောင်အထိ ပို၍ ရှားပါးလာပြီး ပိုမို လေးစားခံရသည်။

သို့သော် ရှားပါးပြီး မွန်မြတ်တိုင်း အမြဲတမ်း ပိုသန်မာသည်ဟု အဓိပ္ပာယ် မရချေ။ ဥပမာအားဖြင့် ခရမ်းရောင် နဂါးသွေးကြောကို ထိပ်တန်း တော်ဝင်မိသားစုများနှင့် အဆင့်မြင့် မူးမတ်များ၌ အများဆုံး တွေ့ရတတ်၏။

ထိုသို့တိုင်အောင် ထိုတော်ဝင်သွေးဆက် အများစုမှာ တိုက်ခိုက်ရေး၌ သိပ်မတော်ကြချေ။

ခရမ်းရောင်ထက်ပင် ပို၍ ရှားပါးသည့် နောက်ထပ် သွေးကြောအရောင်တစ်ခုလည်း ရှိနေသေးသည်။ လုံးဝ ကြည်လင်နေပြီး အရောင်အဆင်း မရှိသည့် သွေးကြောပင်။

လူတစ်သန်း၌ တစ်ယောက်သာ ထိုသွေးကြောမျိုး ရှိတတ်သည်ဟု ပြောစမှတ်တွင်၏။ သို့သော် ထိုသည်က ကောင်းချီးအပေးခံထာရသည်ဟု အဓိပ္ပာယ် မရချေ။ ထိုအစား ကျိန်စာတစ်ခု၏ လက္ခဏာပင် ဖြစ်သည်။

ကြည်လင်နေသည့် သွေးကြောဆိုသည်မှာ ထိုလူ၌ နဂါးစွမ်းအား လုံးဝမရှိကြောင်း ဆိုလို၏။ သူတို့ကို ကောင်းကင်၏ ကျိန်စာသင့်နေသူများအဖြစ် သတ်မှတ်ကြသည်။ ထိုကဲ့သို့သော လူများသည် များသောအားဖြင့် တောရိုင်းများဆီသို့ နှင်ထုတ်ခံရခြင်း ၊ သို့မဟုတ် သတ်ဖြတ်ခြင်းကို ခံကြရ၏။

လိုရင်းကိုပြောရလျှင် ရှားပါးတိုင်း ပိုကောင်းသည်ဟု မဆိုလိုပေ။

လောကကြီးရှိ လူ ၈၀ ရာခိုင်နှုန်းကျော်က မီးခိုးရောင် သွေးကြောကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ သွေးကြောစွမ်းအားက အလွန် အားနည်းလွန်းသောကြောင့် သိုင်းပညာ သင်ယူရန် အကြောင်းပြချက် မရှိချေ။ ပေးရသည့်အချိန်နှင့် ရလာသည့် အောင်မြင်မှုက မညီမျှသောကြောင့် သင်နေလျှင် အချိန်ဖြုန်းနေသည်ဟုပင် ဆိုရမည်။

အဖြူ ၊ အနက် ၊ အပြာ ၊ အနီနှင့် ခရမ်းရောင် ဟူသည့် အခြားသော အရောင်ငါးရောင်တို့ကမူ အဆင့်မြင့်မားသရွေ့ သိုင်းပညာအတွက် အားလုံး ကောင်းမွန်ကြ၏။

အဆင့်ကို မည်သို့ စစ်ဆေးရမည်နည်း။ အရောင်၏ အနုအရင့်ကို ကြည့်ခြင်းဖြင့် ဖြစ်သည်။ အရောင် ပိုရင့်လေလေ ၊ အဆင့် ပိုမြင့်လေလေဖြစ်ပြီး သွေးကြောလည်း ပို၍သန်မာလေလေ ဖြစ်၏။

အဆင့်သာ လုံလောက်စွာ မြင့်မားနေမည်ဆိုလျှင် ထိုအရောင်ငါးရောင်ထဲမှ မည်သည့် အရောင်ကမဆို လူတစ်ယောက်ကို သန်မာသည့် သိုင်းပညာရှင် တစ်ဦး ဖြစ်လာစေနိုင်သည်။

ဥပမာအားဖြင့် အဖြူရောင် နဂါးသွေးကြော ရှိသူတစ်ဦးက အစွမ်းထက် ဓားသမားတစ်ယောက်ဖြစ်လာနိုင်ရန် အလားအလာရှိ၏။ သူတို့၌ ဓားသမားတစ်ယောက်ဖြစ်ရန် လိုအပ်သည့် ခွန်အားနှင့် အမြန်နှုန်းတို့ ရှိကြ၏။ သို့သော် သူတို့၏ စိတ်ဝိညာဉ် ၊ ခန္ဓာကိုယ်နှင့် ခံနိုင်ရည်တို့ကမူ အလယ်အလတ်သာ ရှိကြသည်။

အနက်ရောင် နဂါးသွေးကြော ရှိသူများမှာ အလွန် အားကောင်းသည့် စိတ်ဝိညာဉ်နှင့် အမြန်နှုန်း ရှိကြသော်လည်း ကျန်သော နယ်ပယ်သုံးခု၌ အားနည်းနေပြန်၏။

ထို့အတွက်ကြောင့် သူတို့က ကျွမ်းကျင်သည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်လာကြသည်။ တစ်ချက်တည်းဖြင့် သေကွင်းသေကွက်ကို ရှာဖွေကာ သတ်ဖြတ်နိုင်ကြသော်လည်း အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်စွမ်းတော့ မရှိနေပေ။

အပြာရောင် နဂါးသွေးကြောပိုင်ရှင်များကမူ စိတ်ဝိညာဉ်နှင့် ခွန်အား အားသာချက် ရှိကြပြန်ပြီး ကျန်သောအပိုင်းများ၌ အလယ်အလတ်သာ ရှိကြ၏။ ထူးချွန်သည့် လေးသမားများ ဖြစ်လာရန် အလားအလာရှိသည်။

အနီရောင် နဂါးသွေးကြောပိုင်ရှင်များကမူ အားကောင်းသည့် ခွန်အား ၊ ကြံ့ခိုင်သည့် ခန္ဓာကိုယ်နှင့် မြင့်မားသော ခံနိုင်ရည် ရှိကြသော်လည်း စိတ်ဝိညာဉ်နှင့် အမြန်နှုန်း၌ အားနည်းကြပြန်၏။

သူတို့က စစ်သူရဲများဖြစ်လာရန် အလားအလာရှိသည်။ ထူထဲသည့် သံချပ်ကာများကို ဝတ်ဆင်ကာ ဧရာမဓားကြီးကို ဝှေ့ယမ်းရင်း စစ်မြေပြင်၌ လူသား တင့်ကားများကဲ့သို့ တိုက်ခိုက်တတ်ကြသည်။

နောက်ဆုံး ခရမ်းရောင် နဂါးသွေးကြောပိုင်ရှင်များသည် အားကောင်းသည့် စိတ်ဝိညာဉ် ၊ လျင်မြန်သည့် အမြန်နှုန်းနှင့် အံ့မခန်း ခွန်အားတို့ကို ပိုင်ဆိုင်ကြသည်။

ခန္ဓာကိုယ်နှင့် ခံနိုင်ရည်မှာလည်း အလွန် ကောင်းမွန်၏။ သူတို့၏ စွမ်းရည်ငါးခုစလုံးက ပြီးပြည့်စုံစွာ ညီမျှနေကြ၏။

ဤသည်က သူတို့ကို ပြီးပြည့်စုံသည့် သူရဲကောင်းများနှင့် မွေးရာပါ ခေါင်းဆောင်များ ဖြစ်လာစေ၏။ မြင်းပေါ်၌ ဓားဖြင့် တိုက်ခိုက်နိုင်သလို မြှားများကိုလည်း ပစ်ခတ်နိုင်ကြပြန်သေးသည်။

ထို့အတွက်ကြောင့် ခရမ်းရောင် နဂါးသွေးကြောကို ပိုင်ဆိုင်ထားသည့် မိသားစုများက လောက၌ အင်အားအကြီးဆုံးနှင့် အလေးစားရဆုံးသည့် မူးမတ်များအဖြစ် တဖြည်းဖြည်း မြင့်တက်လာကြတတ်၏။

ဤခန္ဓာကိုယ်၏ ယခင်ပိုင်ရှင် ဖြစ်သည့် ဆိုလွန်၌ အနီရောင် သွေးကြော ရှိခဲ့သော်လည်း အဆင့်က အလွန် နိမ့်ကျသည်။

ပြင်းပြင်းထန်ထန် ကြိုးစားရသည်ကိုလည်း ပျင်းရိခဲ့သောကြောင့် အလွန်အားနည်းသည့် အမှိုက်ကောင်ပင်။ ချစ်သူများစွာ ရှိခဲ့သော်ငြား ရန်ဖြစ်သည့်အခါ သူတို့ကိုပင် မနိုင်ခဲ့ချေ။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက မြေအိုးငယ်တစ်ခုကို သူ့ထံ ကမ်းပေးလိုက်၏။ “ဒါကို မီးကျောက်အရည်လို့ ခေါ်တယ်။ သောက်လိုက်ပါ သခင်လေး။”

မီးကျောက်အရည်သည် လတ်ဆတ်သော သွေး ၊ နဂါးစမ်းရေတို့နှင့် ရောစပ်သွားသည့် အခါမှသာ သွေးကြောအရောင် ပေါ်လာမည် ဖြစ်သည်။

လန်လင်းက ခေါင်းညိတ်ကာ သောက်လိုက်၏။ သိပ်မကြာလိုက်ပေ လန်လင်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပူလောင်လာသည်။

ပိုဆိုးသည်မှာ မနည်းဖိထားရသည့် သူ၏ အောက်ပိုင်းက ရုတ်တရက် ပြန်လည် မာတောင်လာခြင်းပင်။ လန်လင်း အလွန်ရှက်သွားရပြီး ရဲ့ကျင်းယွီကို မကြည့်ရဲတော့ချေ။ အနေရခက်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းထားလိုက်ရ၏။

အကယ်၍ ဤမီးကျောက်အရည်သာ ကမ္ဘာမြေ၌ ရှိနေမည်ဆိုလျှင် ကျားဟုန်မာန်ပင် ဒေဝါလီခံသွားရပေလိမ့်မည်။

ရဲ့ကျင်းယွီက အမြန် ပြောလိုက်၏။ “လက်ညှို ထုတ်ပေးပါ သခင်လေး။”

လန်လင်းက ခေါင်းညိတ်ကာ ထုတ်ပေးလိုက်သည်။

ထိုအခါ ရဲ့ကျင်းယွီက ဓားဖြင့် လန်လင်း၏ လက်ချောင်းကို ညင်သာစွာ လှီးဖြတ်လိုက်ပြီး စားပွဲပေါ်ရှိ ကြည်လင်နေသည့် ကျောက်စိမ်းပန်းကန်လုံးထဲသို့ သူ၏ သွေးများကို ကျစေလိုက်၏။

ဤပန်းကန်လုံးထဲ၌ သွေးကြောများကို စမ်းသပ်ရန်အတွက်သာ အသုံးပြုသည့် နဂါးစမ်းရေ ပါရှိသည်။ အလုံးစုံ ကြည်လင်နေပြီး သာမန်ရေနှင့်ပင် သွား၍တူနေ၏။

လန်လင်း၏ သွေးများ အထဲသို့ ကျသွားသောအခါ သွေး၏ အနီရောင်က အလျင်အမြန် အရည်ပျော်သွားပြီး မှေးမှိန်ပျောက်ကွယ်သွားရသည်။

ရဲ့ကျင်းယွီက စိတ်ပူပန်စွာဖြင့် သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်၏။ “မီးခိုးရောင် သွေးကြော မဟုတ်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ မဟုတ်ရင် သခင်လေး သိုင်းပညာကို လုံးဝ လေ့ကျင့်နိုင်မှာ မဟုတ်ဘူး”

ပန်းကန်လုံးထဲရှိ ရေများ လုံးဝနီးပါး ကြည်လင်သွားသည်ကို လန်လင်း စောင့်ကြည့်နေလိုက်သည်။

သူ၏ သွေးမှ အနီရောင်က ပျောက်ကွယ်သွားလေပြီ။

ဘာမှ ဆက်မဖြစ်လာသောကြောင့် ရဲ့ကျင်းယွီက မျက်လုံးပြူးသွားရကာ အော်ဟစ်လိုက်မိသည်။

“ဒါက... အကြည်ပဲ။”

ကြည်လင်၍ အရောင်အဆင်းမရှိသည့် နဂါးသွေးကြော ရှိသူများကို ကောင်းကင်မှ ကျိန်စာသင့်နေသူများအဖြစ် သတ်မှတ်ကြ၏။

ဒဏ္ဍာရီများအရဆိုလျှင် ထိုသူများက သူတို့၏ မိသားစုနှင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ပျက်စီးခြင်းကို ဆောင်ကြဉ်းလာသည်ဟု ဆိုကြသည်။

ထို့အတွက်ကြောင့် ကြည်လင်သည့် သွေးကြောရှိသူ မည်သူ့ကိုမဆို နှင်ထုတ်ကြ၏။ အကယ်၍ မြင့်မြတ်နတ်နဂါးကျောင်းတော်ကသာ တွေ့သွားပါက သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။

လန်လင်းသည်လည်း ပူပန်သွားရသည်။

ကြည်လင်နေသည့် သွေးကြော မဟုတ်ရန် သူ ဆုတောင်းနေမိသည်။ အကယ်၍ ဟုတ်နေပါက ဆိုလွန် မိသားစုထဲရှိ သူ၏ နေရာက ပျက်စီးသွားပေလိမ့်မည်။ သူ၏ အစ်မဖြစ်သူနှင့် မိသားစု တစ်ခုလုံးကိုပင် ဘေးအန္တရာယ် ဆောင်ကြဉ်းလာနိုင်၏။

သို့သော် လန်လင်းက ယုံကြည်မှု ရှိနေဆဲပင်။ သူ၏ ခန္ဓာကိုယ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သည့် အသူရာမိစ္ဆာကြယ် ပုန်းကွယ်နေသည့်အတွက် သူ၏ နဂါးသွေးကြော ပါရမီက အလွန် မြင့်မားသင့်သည်ဟု လန်လင်း တွေးမိသည်။

ရေများ လုံးဝ ကြည်လင်သွားသည်ကို မြင်သောအခါ ရဲ့ကျင်းယွီ၏ မျက်နှာက တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့သွားတော့၏။

ထိုစဉ်မှာပင် ပန်းကန်လုံးထဲရှိ ရေက ညင်သာစွာ လှိုင်းထလာပြီး အရောင်အသစ်တစ်ခု ပေါ်လာသည်။

ရဲ့ကျင်းယွီက ချက်ချင်းပင် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။ ကြည်လင်နေသည့် သွေးကြော မဟုတ်သရွေ့ အရာအားလုံးက အဆင်ပြေသေးသည်။

အကယ်၍ ကြည်လင်နေမည်ဆိုလျှင် သူမလည်း ဘာဆက်လုပ်ရမည်ကို သိမည်မဟုတ်ချေ။

သို့သော် တစ်စက္ကန့်အကြာ၌ သူမ၏ ခန္ဓာကိုယ်က ထပ်မံတုန်ယင်သွားပြန်ပြီး မျက်နှာအမူအရာက ပြောင်းလဲသွားရ၏။

ရေထဲ၌ ပေါ်လာသည့် အရောင်မှာ ယခင်က မည်သူမှ မမြင်ဖူးခဲ့သည့် အရာတစ်ခု ဖြစ်နေသည်။

လောက၌ လူသိများသည့် နဂါးသွေးကြော အရောင် ခုနစ်ရောင်သာ ရှိ၏။ မီးခိုးရောင် ၊ အဖြူရောင် ၊ အနက်ရောင် ၊ အပြာရောင် ၊ အနီရောင် ၊ ခရမ်းရောင်နှင့် အကြည်ရောင်တို့ ဖြစ်ကြသည်။

သို့သော် ယခုလက်ရှိ၌ ကျောက်စိမ်းပန်းကန်လုံးထဲရှိ ရေ၏ အရောင်မှာ... အဝါညိုရောင် ဖြစ်နေ၏။

သမိုင်းတစ်လျှောက်လုံး၌ အဝါညိုရောင် နဂါးသွေးကြောဆိုသည်မှာ တစ်ခါမှ မရှိခဲ့ဖူးချေ...။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters