အခန်း ၁၆
Vol. 2 Ch. 16
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
သမိုင်းတစ်လျှောက်လုံး၌ အဝါရောင် နဂါးသွေးကြောဆိုသည်မှာ တစ်ခါမှ မရှိခဲ့ဖူးချေ။ သို့သော် လန်လင်း၏ သွေးကြောက အဝါရောင် ဖြစ်နေ၏။ မည်သို့ ဖြစ်ရသည်နည်း။
ရဲ့ကျင်းယွီနှင့် လန်လင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြရသည်။ ဤလောကနှင့် ပတ်သက်သော စာအုပ်များကို လန်လင်း ဖတ်ဖူးထားပြီးဖြစ်ကာ လူသိများသည့် သွေးကြော ခုနစ်မျိုးသာ ရှိကြောင်း သိထား၏။ သို့သော် ယခု သူ၌ ယခင်က မည်သူမှ မမြင်ဖူးခဲ့သည့် အဋ္ဌမမြောက် အဝါရောင် သွေးကြော ရှိနေသည်။
သူ၏ ခန္ဓာကိုယ် ယခင်ပိုင်ရှင်ဖြစ်သူ ဆိုလွန်မှာ တရားမဝင် သားတစ်ယောက် ဖြစ်သော်လည်း သူ၏ သွေးကြောက လုံးဝ သာမန်သာ ဖြစ်၏။
ဤသည်က သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကြောင့်လော။ သို့မဟုတ် သူ့ အထဲရှိ အသူရာမိစ္ဆာကြယ်ကြောင့်လော။
လန်လင်း မသိပေ။ သူတို့ နှစ်ဦးသား တုန်လှုပ်နေစဥ်အတိုင်းမှာပင် ကျောက်စိမ်းပန်းကန်လုံးထဲမှ အဝါရောင်က တဖြည်းဖြည်း ပို၍ ရင့်လာပြီး မှောင်လာ၏။
ရုတ်တရက် ပန်းကန်လုံးက ပြင်းထန်စွာ တုန်ခါသွားရသည်။ ထို့အပြင် ရွှေရောင်အလင်းတန်းတစ်ခုသည်လည်း လင်းလာပြီး အဝါရောင် သွေးကြောမှ တောက်ပသည့် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား၏။
ရဲ့ကျင်းယွီတစ်ယောက် မှင်သက်သွားရသည်။ သူမ နဂါးစမ်းရေထဲသို့ ဝက်သွေး တစ်ပန်းကန်လုံးကို အလျင်အမြန် လောင်းထည့်လိုက်၏။ ချက်ချင်းပင် ရွှေရောင်က ပျက်သွားပြီး အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။
သူတို့နှစ်ဦးသား တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လန်လင်းက ခေါင်းကုတ်လိုက်သည်။ “ဒါဆို... ကျွန်တော် ဘယ်သိုင်းပညာကို လေ့ကျင့်ရမလဲ...။”
ရဲ့ကျင်းယွီက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းရမ်းသည်။ “ကျွန်မ တကယ် မသိဘူး။ ရွှေရောင် သွေးကြောဆိုတာကို အရင်က မမြင်ဖူးသလို ကြာလည်း မကြားဖူးဘူး။”
လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ “ကျွန်တော်က တခြားတိုင်းပြည်ကနေ လာလို့များလား...။”
ရဲ့ကျင်းယွီက လေးနက်စွာ ပြောလိုက်၏။ “ဒါကြောင့်ပဲ ဖြစ်ရမယ်။ ဒီနေ့ကစပြီး သခင်လေးရဲ့ သွေးကြောကို စမ်းသပ်တဲ့အခါ အရမ်း သတိထားရမယ်။ သခင်လေးရယ် ၊ ကျွန်မရယ် ၊ ပြီးတော့ သခင်မလေးရယ်ကလွဲရင် တခြား ဘယ်သူမှ ဒါကို သိလို့မဖြစ်ဘူး။”
လန်လင်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။ ဒါဆို ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ။ သိုင်းပညာ စပြီး လေ့ကျင့်တော့မလား။”
ရဲ့ကျင်းယွီက သူမ၏ လှပသည့် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ရာ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက ပို၍ပင် ဆွဲဆောင်မှုရှိလာပြန်၏။ ခဏကြာပြီးနောက် သူမ၏ မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။ “လေ့ကျင့်ကြတာပေါ့။ အံ့ဩစရာတစ်ခုခုများ ရလာမလားပေါ့။”
**--**--**--**--**--**--**--**
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ “သိုင်းပညာ သင်ယူခြင်းရဲ့ ပထမဆုံး အဆင့်က နဂါးစွမ်းအားကို အာရုံခံဖို့ပဲ။”
ဤလောကရှိ လူသားတိုင်း၏ သွေးထဲ၌ နဂါးစွမ်းအား အနည်းငယ်စီ ရှိကြ၏။ သို့သော် လူအများစုအတွက်မူ ထိုစွမ်းအားမှာ ပုန်းကွယ်နေပြီး ခံစားသိရှိနိုင်ခြင်း မရှိကြချေ။
ထို့အတွက်ကြောင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် ပထမဆုံးအဆင့်မှာ ထိုနဂါးစွမ်းအားကို ရှာဖွေပြီး စိတ်အာရုံဖြင့် ခံစားသိရှိရန်ပင်။
နဂါးစွမ်းအားမှာ သွေးကြော၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ လာခြင်းဖြစ်၏။ ထိုအရာက ဤလောကရှိ သိုင်းပညာအားလုံး၏ အခြေခံအုတ်မြစ်ပင်။
လူတစ်ယောက်၌ နဂါးသွေး အနည်းငယ်မျှ ရှိနေသရွေ့ နဂါးစွမ်းအားရှိကို ရှိပေလိမ့်မည်။ ခန္ဓာကိုယ်က အဆုံးစွန် ကန့်သတ်ချက်သို့ မရောက်မချင်း ထိုစွမ်းအားသည် သွေးထဲ၌ ပုန်းကွယ်နေတတ်၏။
လူတစ်ယောက်၏ ခန္ဓာကိုယ်က ဆက်၍ မခံနိုင်တော့သည့်အခါ ရုတ်တရက် စွမ်းအင်တစ်ခုက သူတို့၏ နှလုံးထဲမှ ထွက်ပေါ်လာတတ်ကြပြီး လက်မောင်းများနှင့် ခြေထောက်များဆီသို့ စီးဆင်းသွားပေလိမ့်မည်။
ဤသည်က ကမ္ဘာမြေရှိ လူသားများ၏ ပုန်းကွယ်နေသည့် အလားအလာများနှင့် အလွန် တူညီ၏။ ဥပမာအားဖြင့် မိခင်တစ်ဦးက သူမ၏ ကလေးကို ကယ်တင်ရန်အတွက် ပေါင် ၂၀၀၀ ကျော် လေးလံသည့် ကားတစ်စီးကို ရုတ်တရက် မတင်လိုက်နိုင်ခြင်းမျိုးပင်။
သို့သော် ကမ္ဘာမြေ၌ ထိုစွမ်းအားက အရေးပေါ် အခြေအနေများ၌ ခဏတာမျှသာ ခံနိုင်ရည်ရှိသည်။ ဤလောက၌မူ နဂါးစွမ်းအားကို သွေးထဲ၌ သိုလှောင်ထားပြီး စဉ်ဆက်မပြတ် အသုံးပြုနိုင်ကြ၏။
နဂါးစွမ်းအားမှာ ဤလောကရှိ သိုင်းပညာရှင်များ အလွန် သန်မာနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ နဂါးစွမ်းအားကို အာရုံခံခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲရှိ ထိုစွမ်းအင်ကို ရှင်းလင်းစွာ ခံစားသိမြင်နိုင်ရန် စိတ်အာရုံကို အသုံးပြုခြင်း ဖြစ်၏။
ထိုနဂါးစွမ်းအားကို မထိန်းချုပ်တတ်ခင် ကိုယ့်ကိုယ်ကိုယ် အတွင်းဘက်သို့ ပြန်ကြည့်ကာ အရင်ရှာဖွေရမည် ဖြစ်သည်။
ရဲ့ကျင်းယွီက လေးနက်စွာ.ပြောသည်။ “သခင်လေးရဲ့ စိတ်ဝိညာဉ်ပါရမီက ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ နဂါးစွမ်းအားကို အာရုံခံတဲ့ ပထမဆုံး အဆင့်ကို တစ်လအတွင်းမှာ ပြီးအောင် ကျွန်မတို့ ကြိုးစားကြမယ်။ သခင်လေးက နောက်လကျရင် တော်ဝင်အကယ်ဒမီကို ဝင်ရတော့မှာဆိုတော့ အချိန်မရှိတော့ဘူး။”
သိုင်းပညာရှင်တစ်ဦး၏ ပါရမီငါးခုထဲ၌ စိတ်ဝိညာဉ်ပါရမီက အရေးအကြီးဆုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နဂါးစွမ်းအားကို ထိန်းချုပ်ရန် အားကောင်းခိုင်မာသည့် စိတ်ဝိညာဉ်ကို လိုအပ်သောကြောင့်ပင်။
လန်လင်းက မျက်ခုံးပင့်လိုက်၏။ “စိတ်ဝိညာဉ်ပါရမီ မြင့်တဲ့သူဆိုရင် နဂါးစွမ်းအားကို အာရုံခံဖို့ ပုံမှန်ဆို အချိန် ဘယ်လောက်ကြာတတ်လဲ။”
ရဲ့ကျင်းယွီက ခဏမျှ တွေးပြီးနောက် ပြန်ဖြေလိုက်သည်။ “ပါရမီရှင်တွေကတော့ တစ်လပဲ။ ပါရမီ အရမ်းမြင့်တဲ့သူက လဝက်လောက်နဲ့ လုပ်နိုင်တာကို ကျွန်မ မြင်ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာတော့ အထိပ်အထွတ် ပါရမီရှင်က ဆယ်ရက်တည်းနဲ့ လုပ်နိုင်ခဲ့တယ်။”
လန်လင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “အဲ... ဘယ်သူလဲ။”
ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ “မြောက်ပိုင်းရဲ့ အုပ်စိုးရှင် ၊ တုန်းလီဘုရင့်နိုင်ငံက ဘုရင်ကျန်းရှန်ပဲ။ သူ့ရဲ့ သိုင်းပညာက အဆုံးစွန် ထိပ်သီးအဆင့်ကို ရောက်နေပြီ။ သူက လောကကြီးက တခြားလူအားလုံးကို အထင်အမြင်သေးတတ်တယ်။”
နုလန်ဘုရင့်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကမှ အလယ်ပိုင်းဒေသ၌ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် တုန်းလီ ဘုရင့်နိုင်ငံကမူ မြောက်ပိုင်းကို နှစ်ရာချီ၍ အုပ်စိုးလာခဲ့သည်။
ထိုနိုင်ငံ၌ ပြည်နယ် ဆယ့်တစ်ပြည်နယ် ၊ လူဦးရေ သန်းခုနစ်ဆယ်နှင့် စစ်သည်အင်အား တစ်သန်းရှိသည့် ဧရာမ စစ်တပ်ကြီးတစ်ခုကို ပိုင်ဆိုင်ထားသည်။
ဘုရင်ကျန်းရှန်အား လောကတစ်ခွင်လုံးက အလွန် ကြောက်ရွံ့ပြီး လေးစားကြ၏။ အင်အားကြီးမားလှသည့် ယန်အင်ပါယာ၏ ဧကရာဇ်ယင်းချွီပင်လျှင် သူ့ကို လေးစားသမမှုဖြင့် ဆက်ဆံရသည်။
ရဲ့ကျင်းယွီ၏ စကားများကြောင့် လန်လင်းမှာ အံ့ဩသင့်သွားရ၏။
ရဲ့ကျင်းယွီက လန်လင်းအား လေးနက်စွာ ရှင်းပြလိုက်သည်။ “သေချာတာပေါ့။ ကျန်းရှန်ရဲ့ ကြီးကျယ်ခမ်းနားမှုက သူ့ရဲ့ သိုင်းပညာကြောင့်တင် မဟုတ်ဘူး။ သူ့ရဲ့ ဩဇာအာဏာနဲ့ သူ့နိုင်ငံရဲ့ စစ်ရေးအင်အားတွေကြောင့်လည်း ပါတယ်။ သခင်လေး ထျန်းရွှေမြို့ရဲ့ မြို့စားကြီး ဖြစ်လာတဲ့အခါ ဒါကို မှတ်ထားရမယ်။ အဆင့်မြင့် မူးမတ်တစ်ယောက်အနေနဲ့ သခင်လေးရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်တွေက အရံဟင်းပွဲလောက်ပဲ။ သခင်လေး ထိန်းချုပ်ထားတဲ့ ကြွယ်ဝချမ်းသာမှု ၊ စစ်တပ်နဲ့ အာဏာတွေကသာ တကယ့် အဓိကဟင်း ၊ အခြေခံအုတ်မြစ်ပဲ။”
လန်လင်းက ခေါင်းညိတ်လိုက်သည်။ “နားလည်ပြီ”
ဤအကြောင်းကို သူ အလွန် ကောင်းစွာ သိထား၏။
သင့်လျော်သည့် ယဉ်ကျေးမှုနှင့် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည့် လောကတစ်ခု၌ လူတစ်ယောက်၏ တိုက်ခိုက်ရေးခွန်အားက အရာအားလုံးကို ကိုယ်တိုင် ပြောင်းလဲပစ်နိုင်ရန်က မဖြစ်နိုင်သလောက်နီးပါးပင်။
ဥပမာအားဖြင့် နုလန်ဘုရင့်နိုင်ငံ၏ ဘုရင်ကျိပိုင်သည် သာမန်ဆန်သည့် သိုင်းပညာစွမ်းရည် ရှိ၏။ သို့သော် ထိုအချက်က အလယ်ပိုင်းဒေသ၏ ထိပ်တန်း အုပ်စိုးရှင်နှင့် နိုင်ငံသမိုင်း၌ ကြီးမြတ်ဆုံးသော ဘုရင်တစ်ပါး ဖြစ်လာခြင်းမှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။
ယန်အင်ပါယာ၏ ဧကရာဇ်ယင်းချွီမှာလည်း ကြီးကျယ်ခမ်းနားသည့် တိုက်ခိုက်ရေးသမား တစ်ယောက် မဟုတ်ပေ။ ထိုသို့တိုင်အောင် သူသည် ဘုရင်များ၏ ဘုရင်နှင့် လောကကြီး၏ အုပ်စိုးရှင် ဖြစ်လာဆဲပင်။
ရဲ့ကျင်းယွီက မေးငေါ့ပြလိုက်သည်။ “ကောင်းပြီ။ စလိုက်ကြရအောင်။ ပထမဆုံး သခင်လေးရဲ့ အထဲမှာ ပုန်းကွယ်နေတဲ့ နဂါးစွမ်းအားကို အတင်း တွန်းထုတ်နိုင်ဖို့ ခန္ဓာကိုယ်ကို အဆုံးစွန် ကန့်သတ်ချက်အထိ တွန်းပို့ဖို့ လိုတယ်။”
လန်လင်း သူ့ကိုယ်သူ သံသယမဝင်ဘဲ မနေနိုင်တော့ချေ။ ‘ငါက ကမ္ဘာမြေက လူသားတစ်ယောက်လေ။ ငါ့အထဲမှာ တကယ်ပဲ နဂါးစွမ်းအား ရှိနေနိုင်ပါ့မလား။’
ရဲ့ကျင်းယွီက အကဲခတ်လိုက်သည်။ “သခင်လေး လက်နဲ့ အလေးချိန် ဘယ်လောက်အထိကို မနိုင်လဲ။”
လန်လင်းက ပခုံးတွန့်လိုက်သည်။ “ကျင်းတစ်ရာလောက်...။” (ပေါင်တစ်ရာ)
သူသည် ကမ္ဘာမြေ၌ ဆင်းရဲစွာ ကြီးပြင်းလာခဲ့သော်လည်း မြို့ပေါ်၌ နေထိုင်ခဲ့ဖူး၏။ ငယ်စဉ်ကတည်းက အချိန်ပိုင်း အလုပ်များကို လုပ်ကိုင်ခဲ့သော်ငြား လေးလံသည့် ကာယလုပ်အားများကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။
ရဲ့ကျင်းယွီက လေးလံသည့် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ “ဒီကျောက်တုံးက ကျင်း ၁၁၀ အလေးချိန် ရှိတယ်။ ဒါက သခင်လေးရဲ့ ကန့်သတ်ချက် ဖြစ်လောက်တယ်။ ဒီကျောက်တုံးကို လက်နှစ်ဖက်နဲ့ ဖက်ထားပြီး မြင်းစီးဟန်နဲ့ ထိုင်ချလိုက်ပါ။”
လန်လင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ။”
ထို့နောက် မြင်းစီးဟန် ယူလိုက်ပြီး သူ၏ လက်များကို ဆန့်ထုတ်လိုက်၏။
ရဲ့ကျင်းယွီက လေးလံသည့် ကျောက်တုံးကို လန်လင်း၏ လက်မောင်းများထဲသို့ ထည့်ပေးလိုက်သည်။ အလေးချိန်ကြောင့် လန်လင်း၏ ခန္ဓာကိုယ်က ချက်ချင်းပင် ယိုင်ကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။
မြင်းစီးဟန်ဖြင့် ထိုင်နေရခြင်းက နာကျင်နေပြီးဖြစ်သော်လည်း ယခုမူ ကျင်း ၁၁၀ အလေးချိန်ရှိ ကျောက်တုံးကိုပါ ထမ်းထားရသေးသည်။ စက္ကန့်ပိုင်းအတွင်း၌ပင် လန်လင်းမှာ ဆက်၍ မခံနိုင်တော့သလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ယိမ်းထိုး တုန်ယင်လာတော့သည်။
ရဲ့ကျင်းယွီက အားပေးသည့်ဟန်ဖြင့် လက်သီးဆုပ်လိုက်သည်။ “အတင်းတောင့်ခံထား။ သခင်လေးရဲ့ ခန္ဓာကိုယ်က အဆုံးစွန် ကန့်သတ်ချက်ကို ရောက်တဲ့အထိ စောင့်။”
လန်လင်း၏ ခန္ဓာကိုယ်မှာ တစ်ဆတ်ဆတ်ဖြင့် တုန်ယင်နေရ၏။ သူ၏ မျက်နှာထက်၌ ချွေးများ စီးကျလာပြီး အချိန်မရွှေး ပြိုလဲကျသွားတော့မည်ဟု ခံစားနေရသည်။
ထိုစဉ်မှာပင် ရုတ်တရက် ပူနွေးနေသည့် စွမ်းအင်စီးကြောင်းလေးတစ်ခုက သူ၏ နှလုံး အနက်ရှိုင်းဆုံးနေရာမှ လျှံတက်လာ၏။ ထိုအပူက သူ၏ လက်မောင်း ၊ ခြေထောက်နှင့် အရိုးများထဲသို့ အလျင်အမြန် စီးဝင်သွားသည်။
ချက်ချင်းပင် လန်လင်း၏ ခန္ဓာကိုယ်ရှိ နာကျင်မှုအားလုံး ပျောက်ကွယ်သွားရ၏။ ရုတ်တရက် နွေးထွေးသွားကာ အလွန် သက်တောင့်သက်သာ ရှိလာသည်။
ရဲ့ကျင်းယွီ၏ မျက်လုံးပြူးသွားသည်။ “သခင်လေး ခံစားမိလား။”
လန်လင်းက အံ့ဩသင့်စွာ ခေါင်းညိတ်လိုက်သည်။ “အင်း... ခံစားမိတယ်...။”
ဤစွမ်းအင်က အလွန် ရင်းနှီးနေသလို ခံစားရသော်လည်း အသူရာမိစ္ဆာကြယ်၏ စွမ်းအားလား သို့မဟုတ် သူ၏ ကိုယ်ပိုင် သွေးကြောကြောင့်လားဆိုသည်ကို လန်လင်း မသေချာပေ။
လန်လင်းက မျက်မှောင်ကျုံ့လျက် ပြောသည်။ “အဲဒါ ရှိနေတယ်ဆိုတာကိုပဲ ကျွန်တော် ခံစားလို့ရတယ်။ ဒါပေမဲ့ သေချာမြင်ရအောင် အတွင်းဘက်ကို ပြန်မကြည့်နိုင်သေးဘူး။”
ရဲ့ကျင်းယွီက ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်သည်။ “နောက်တစ်ဆင့်အနေနဲ့ သခင်လေးရဲ့ နဂါးစွမ်းအားကို တကယ် အာရုံခံနိုင်ဖို့အတွက် ဖန်သော်တာ နည်းစနစ်ကို လေ့ကျင့်ကြမယ်။”
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
Reverse Moon Technique - ဖန်သော်တာ နည်းစနစ်
ဖန်က တရုတ်လို ဆန့်ကျင်ဘက် / ပြောင်းပြန်။
သော်တာကတော့ မြန်မာလို လမင်းပေါ့။
Reverse Moon Technique ကို မြန်မာလိုပဲ တိုက်ရိုက်ပြန်ရရင် လပြောင်းပြန် နည်းစနစ် ဒါမှမဟုတ် လဆန့်ကျင် နည်းစနစ်လို့ ရေးလို့ရမယ်။ ၂ ခုလုံးက ထောက်နေလို့ ဖန်သော်တာ နည်းစနစ်ဆိုပြီးပဲ မြန်မာနဲ့ တရုတ်ပေါင်းလိုက်မယ်။ ဒီထက် ပိုကောင်းတဲ့ နာမည်ကို စဥ်းစားမိရင် comments ထဲမှာ ရေးခဲ့ပေးဖို့ အကူအညီတောင်းပါတယ်ဗျ။