အခန်း ၁၇
Vol. 2 Ch. 17
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဖန်သော်တာနည်းစနစ်မှာ ဤလောကရှိ သိုင်းပညာ၏ အခြေခံအကျဆုံး အပိုင်းဖြစ်သော်လည်း သိုင်းပညာရှင်တစ်ဦး၏ တစ်သက်တာလုံး၌ အသုံးပြုရသည့် အရာလည်းဖြစ်၏။
တိုက်ခိုက်ရေးသမားများသည် တိုက်ပွဲတိုင်း၌ ထိုနည်းစနစ်ကို သဘာဝကျကျ အသုံးပြုကြပေလိမ့်မည်။ လိုရင်းကိုပြောရလျှင် ဖန်သော်တာနည်းစနစ်မှာ စိတ်အာရုံကိုစုစည်းသည့် နည်းစနစ်တစ်ခုပင်။
ရဲ့ကျင်းယွီက လေးနက်စွာ ညွှန်ကြားလိုက်၏။ "နောက်တစ်ဆင့်အနေနဲ့ ကျွန်မနောက်က မန္တန်ကို လိုက်ဆိုပါ။ သခင်လေးရဲ့ စိတ်ဝိညာဉ်ကို မန္တန်ကမ္ဘာထဲ အပြည့်အဝ ဝင်ရောက်သွားပါစေ။"
ရဲ့ကျင်းယွီက မန္တန်ကို စတင်ရွတ်ဆိုလိုက်ပြီး လန်လင်းကလည်း သူမ၏ စကားများအတိုင်း လိုက်ဆိုကာ မှတ်သားလိုက်သည်။
"မှန်တစ်ချပ်လို ကြည်လင်နေတဲ့ ရေပြင် ၊ လင်းလက်နေတဲ့ လမင်းကြီးကို ထင်ဟပ်နေတယ်။ ပြီးပြည့်စုံပြီး ဝိုင်းစက်နေတဲ့ ကျောက်စိမ်းတစ်ခုလို..." ဤအပိုင်းက ရေပြင်ပေါ်၌ ထင်ဟပ်နေသည့် လမင်း၏ ငြိမ်းချမ်းသည့် မြင်ကွင်းကို ဖော်ပြနေခြင်းပင်။
"လေးလံတဲ့ ကျောက်တုံးကြီးတစ်ခု ပြုတ်ကျလာပြီး ရေပြင်ကို ဖြိုခွဲလိုက်တယ် ၊ ပြီးတော့ လပြည့်ဝန်းကို ဖျက်ဆီးပစ်လိုက်တယ်..." ဤအပိုင်းက လေးလံသည့် ကျောက်တုံးတစ်တုံး ပြုတ်ကျလာကာ လမင်း၏ အရိပ်ကို ရိုက်ခွဲလိုက်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
"လမင်းကြီးကို စုစည်းပြီး အရင်လို ပြန်ဖြစ်အောင် လုပ်ချင်တယ် ၊ ဒါပေမဲ့ လေတွေက တိုက်ခတ်နေတုန်းပဲ၊ လှိုင်းတွေကလည်း ရွေ့လျားနေတုန်းပဲ။ ခွန်အားကို ငှားရမ်းချင်ပေမဲ့ ဘယ်နေရာမှာ ရှာတွေ့နိုင်မှာလဲ..." ဤအပိုင်းက လမင်း၏ အရိပ်ကို ပြုပြင်ရန် လေနှင့် လှိုင်းများကို ငြိမ်သက်သွားစေချင်သည့် ပြင်းပြသော ဆန္ဒကို ပြသနေ၏။
သို့သော် ထိုသူမှာ လက် သို့မဟုတ် ခြေထောက်များ မရှိသလို ခံစားနေရပြီး ထိုအရာကို ပြုလုပ်ရန် ခွန်အားရှာဖွေနိုင်မည့် နည်းလမ်းလည်း မရှိနေချေ။
နှစ်ခေါက် သို့မဟုတ် သုံးခေါက်ခန့် လိုက်ဆိုပြီးနောက် လန်လင်းက မန္တန်တစ်ခုလုံးကို အလွတ်မှတ်မိသွား၏။
ရဲ့ကျင်းယွီက ဆက်လက် လမ်းညွှန်ပေးလိုက်သည်။ "မန္တန်ထဲက မြင်ကွင်းတွေကို ပုံဖော်ဖို့ စိတ်ဝိညာဉ်ကို အသုံးပြုပါ ၊ ပြီးရင် မန္တန်ကမ္ဘာထဲကို အပြည့်အဝ ဝင်ရောက်သွားလိုက်။"
အလွန် ရိုးရှင်းလှ၏။ မန္တန်မှာ မှတ်မိရလွယ်နေပြီး ပုံရိပ်များကိုလည်း စိတ်ကူးယဉ်ရန် လွယ်ကူသောကြောင့် ထိုအထဲ၌ နစ်မြောသွားရန် လွယ်ကူစေသည်။
မျက်လုံးများကို မှိတ်လိုက်သည့်အခါ လန်လင်း၏ စိတ်ဝိညာဉ်က လုံးဝ မှောင်မိုက်သွားရ၏။ ရေကန်တစ်ခုနှင့် ထိုရေကန်၏ အရိပ်ကိုသာ သူ မြင်တွေ့နေရသည်။ ရုတ်တရက် ရေများက ပြင်းထန်စွာ လှုပ်ရှားလာပြီး အရိပ်မှာလည်း အပိုင်းပိုင်း ကွဲကြေသွားသည်။
သူက ရေပြင်ကို ငြိမ်သက်သွားစေရန် အပြင်းအထန် ကြိုးစားသော်လည်း လေနှင့် လှိုင်းများက ရပ်တန့်မသွားချေ။ သူ၏ စိတ်ဝိညာဉ်က လွတ်နေသည့် ဟင်းလင်းပြင်တစ်ခုထဲ၌ ပိတ်မိနေ၏။ ထိတွေ့ရန် သူ၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိနေပေ။ သူ လုံးဝ အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။
ရဲ့ကျင်းယွီက အကဲခတ်သည့်ဟန်ဖြင့် စူးစမ်းလိုက်၏။ "ဖန်သော်တာနည်းစနစ်ရဲ့ ကမ္ဘာထဲမှာ သခင်လေး ဘာကို အများဆုံး ခံစားရလဲ။"
လန်လင်းက သက်ပြင်းချလိုက်သည်။ "စွမ်းအားမဲ့နေသလို ခံစားရတယ်။"
ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ စွမ်းအားမဲ့နေတာပဲ။ အဲခံစားချက်ကြောင့် သခင်လေးရဲ့ စိတ်ဝိညာဉ်က စွမ်းအားကို ရှာဖွေဖို့ အပြင်းအထန် ကြိုးစားလိမ့်မယ်။ အဲအချိန်မှာ သခင်လေးရဲ့ သွေးထဲက နဂါးစွမ်းအားတွေက နှလုံးထဲကနေ စီးထွက်လာလိမ့်မယ်။"
"အကြိမ်များစွာ ရှာဖွေပြီးတဲ့နောက် သခင်လေးရဲ့ စိတ်ဝိညာဉ်က နဂါးစွမ်းအားကို ခံစားရလိမ့်မယ်။ ပြီးတော့ သခင်လေးက အတွင်းဘက်ကို ပြန်ကြည့်နိုင်ပြီး ကိုယ်ပိုင် နဂါးစွမ်းအားကို မြင်တွေ့နိုင်လိမ့်မယ်။ အဲဒါက အရောင်အသွေးစုံလင်တဲ့ အလင်းဘောလုံးလေးတစ်ခုနဲ့ တူတယ်။ အဲဒီအလင်းအရောင်က သခင်လေးရဲ့ သွေးကြောအရောင်နဲ့ ကိုက်ညီနေလိမ့်မယ်။"
လန်လင်း အံ့ဩသွားရ၏။ နဂါးစွမ်းအားကို အာရုံခံခြင်း၏ နောက်ကွယ်ရှိ သဘောတရားမှာ ရိုးရှင်းသော်လည်း နက်ရှိုင်းလှပြီး ပြီးပြည့်စုံသည့် ယုတ္တိလည်း ရှိနေသည်။
ရဲ့ကျင်းယွီက ရှင်းလင်းပြတ်သားစွာ ထပ်မံရှင်းပြသည်။ "စွမ်းအားကို ခံစားရတဲ့အခါ နည်းနည်းချင်းစီ ငှားရမ်းပါ။ ရေပြင်ကို လုံးဝ ငြိမ်သက်သွားစေဖို့နဲ့ လမင်းရဲ့ အရိပ်ကို ပြုပြင်ဖို့ အဲဒါကို အသုံးပြုပါ။ ဒါကို လုပ်နိုင်ပြီဆိုရင် သခင်လေးက နဂါးစွမ်းအားကို အောင်မြင်စွာ အာရုံခံနိုင်သွားပြီလို့ ဆိုလိုတာပဲ။ ဒါက သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပထမဆုံးအကြိမ် အာရုံပြုခြင်းလည်း ဖြစ်လာလိမ့်မယ်။"
လမင်း၏ အရိပ်ကို ပြီးပြည့်စုံစွာ ငြိမ်သက်နေစေခြင်းမှာ သိုင်းပညာရှင်တစ်ဦးအတွက် အရေးအကြီးဆုံး စွမ်းရည်ပင် ဖြစ်၏။ ဤသည်က သူတို့၏ စွမ်းအင်အားလုံးကို စုစည်းနိုင်ပြီး ပြီးပြည့်စုံသည့် အာရုံစူးစိုက်မှုကို ရရှိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။
ထို့နောက် လန်လင်းက အလေးချိန် ပေါင်လေးဆယ်ရှိသည့် ကျောက်တုံးတစ်တုံးကို လက်ဖြင့် ကိုင်ဆောင်ကာ မြင်းစီးဟန်ဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် ရေပြင်ထဲမှ ဖန်သော်တာမန္တန်ကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်၏။
သူ၏ မျက်လုံးတို့ကို မှိတ်လိုက်ပြီး မန္တန်၏ ကမ္ဘာထဲသို့ စိတ်ဝိညာဉ်ကို ဝင်ရောက်သွားစေလိုက်သည်။ ထို့နောက် ရေပြင်ကို ငြိမ်သက်သွားစေရန်နှင့် လမင်းကို ယခင်ကဲ့သို့ ပြန်ဖြစ်လာစေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
စက္ကန့်အနည်းငယ် ကြာတိုင်း သူ၏ ခန္ဓာကိုယ်က သည်းမခံနိုင်သည့် နာကျင်မှုကို ခံစားနေရသည်။ ထိုသို့ ဖြစ်လာတိုင်း သွေးထဲရှိ စွမ်းအားများက နှလုံးထဲမှ တစ်ဆင့်ညလက်မောင်းများ ၊ ခြေထောက်များနှင့် အရိုးများထဲသို့ စီးဝင်လာ၏။
လန်လင်း၏ စိတ်ဝိညာဉ်က ငှားရမ်းနိုင်မည့် မည်သည့် စွမ်းအားကိုမဆို အပြင်းအထန် ရှာဖွေနေသည်။ အချိန်များ ကုန်ဆုံးသွားသည်ကိုပင် လုံးဝ မေ့လျော့သွားကာ အကြိမ်ကြိမ်အခါခါ ကြိုးစားနေမိ၏။
ရဲ့ကျင်းယွီကမူ စောင့်ကြပ်ပေးရန် အနီး၌ ထိုင်နေသည်။
နာရီဝက် ၊ တစ်နာရီ ၊ တစ်နာရီခွဲ ၊ နှစ်နာရီ ကုန်လွန်သွားလေပြီ။
ရဲ့ကျင်းယွီ အလွန် အံ့ဩသွားရ၏။ အစပြုသူတစ်ယောက်၏ သွေးကြောစွမ်းအင်မှာ တစ်နာရီကြာပြီးနောက် ကုန်ခမ်းသွားသင့်သည်။ သို့သော် လန်လင်းက အဘယ်ကြောင့် ဤမျှ အချိန်ကြာမြင့်စွာ ဆက်လက်လုပ်ဆောင်နိုင်နေရသည်နည်း။
လန်လင်း တစ်ယောက် လနှင့် ရေပြင်ရှိ စိတ်ကူးယဉ်ကမ္ဘာထဲ၌ လမ်းပျောက်နေ၏။ အပြင်းအထန် ရှာပြီးရင်း ရှာနေသည်။
သို့သော် နဂါးစွမ်းအား၏ အရိပ်အယောင် မရှာတွေ့သလို မည်သည့် အလင်းရောင်ကိုမှလည်း မမြင်ရချေ။
ထိုအခိုက်မှာပင် နဂါးစွမ်းအားကို ရှာဖွေရန် စွန့်လွှတ်တော့မည့် ဆဲဆဲ၌ မှောင်မိုက်နေမှုကြားမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အလင်းရောင် တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
လန်လင်း၏ စိတ်ဝိညာဉ်က အလျင်အမြန်ပင် ထိုအလင်းရောင်ထံသို့ ဦးတည်လိုက်၏။
အဆုံးမဲ့ အမှောင်ထုထဲ၌ အလင်းရောင်ကို အချိန်အတော်ကြာ လိုက်လံရှာဖွေပြီးနောက် နောက်ဆုံး၌ ထိုအရာ၏ လားရာကို ရှာတွေ့သွားလေပြီ။
ထိုအရာက သေးငယ်လှသည့် စွမ်းအင်ကြိုးမျှင်များစွာဖြင့် ဖွဲ့စည်းထားသည့် ကြည်လင်၍ မှေးမှိန်နေသည့် ရွှေရောင်အလင်းတန်းလေးတစ်ခု ဖြစ်၏။ အသက်ဝင်နေသည့် နှလုံးကဲ့သို့ ဖြည်းညှင်းစွာ စီးချက်မှန်မှန်ဖြင့် ခုန်နေသည်။
လန်လင်း အလွန်တရာ ဝမ်းသာသွားရ၏။
သို့သော် ထိုစဉ်မှာပင် သူ၏ စိတ်ဝိညာဉ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်... သခင် ကျွန်တော့်ကို လိုအပ်လာလိမ့်မယ်လို့ ကျွန်တော် ပြောသားပဲမလား။" အလင်းရောင်ထံမှ အသံက လန်လင်း၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်လာ၏။
အသူရာမိစ္ဆာကြယ်မှန်း သိလိုက်ရသောအခါ လန်လင်း စိတ်ပျက်သွားရသည်။
"ဘာလို့ မင်း ဖြစ်နေရတာလဲ။ ငါ့ရဲ့ နဂါးစွမ်းအားလို့ ထင်နေတာ။"
အသူရာမိစ္ဆာကြယ်က မကျေမနပ် ညည်းတွားသည်။ "သခင်က ဘာလို့ အဲဒီလို ခွဲခြားနေရတာလဲ။ ကျွန်တော်က သခင့်ရဲ့ နဂါးစွမ်းအားပဲလေ။"
နဂါးစွမ်းအား အာရုံခံခြင်းကို အဆုံးသတ်ရန် သူ၏ စိတ်ဝိညာဉ်ထဲရှိ ရေပြင်ကို ငြိမ်သက်သွားစေပြီး လမင်း၏ အရိပ်ကို ပြုပြင်ရမည် ဖြစ်၏။
လန်လင်းက မျက်လုံးကျဉ်းလိုက်သည်။ "ဒါဆို ငါ့အထဲမှာ ကိုယ်ပိုင်နဂါးစွမ်းအား တကယ် ရှိနေတာလား။"
အသူရာမိစ္ဆာကြယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ရှိတာပေါ့။ သခင့်ဆီမှာ လောကကြီးရဲ့ အသန်မာဆုံး နဂါးစွမ်းအား ရှိနေတယ်။ ပုံမှန်ထက် အဆရာထောင်ချီပြီး ပိုသန်မာတယ်။ အဲဒီစွမ်းအားက ကျွန်တော်ပဲ။ ဒါပေမဲ့ အခု ကျွန်တော် အရမ်း အားနည်းနေတယ်။ ပိုသန်မာလာဖို့အတွက် နောက်ထပ် နဂါးစွမ်းအားတွေကို စုပ်ယူဖို့ လိုအပ်တယ်။"
စိတ်ဝိညာဉ်ထဲ၌ သူတို့ စကားပြောနေချိန် အသူရာမိစ္ဆာကြယ်က လန်လင်း၏ ခန္ဓာကိုယ်ရှိ နာကျင်မှုများကို လျော့ကျသွားစေရန် စွမ်းအင်များကို ဆက်လက် ပေးပို့နေသည်။
အသူရာမိစ္ဆာကြယ်၏ အလင်းရောင်က ပိုမို သေးငယ်လာပြီး မှေးမှိန်လာသည်ကို လန်လင်း အတိုင်းသား မြင်တွေ့နေရ၏။ ရုတ်တရက် အသူရာမိစ္ဆာကြယ်ကို အစာငတ်ပြီး သေသွားစေချင်စိတ်များ သူ့ထံ၌ ပေါ်လာသည်။
အသူရာမိစ္ဆာကြယ်က အလျင်အမြန် သတိပေးလိုက်၏။ "သခင်... ကျွန်တော်တို့ရဲ့ အသက်တွေက ဆက်သွယ်နေတာနော်။ ကျွန်တော် သေရင် သခင်လည်း သေရလိမ့်မယ်။ သခင့်ဆီမှာ စွမ်းအင်တွေ ကုန်သွားတဲ့အခါ ကျွန်တော့်စွမ်းအင်တွေကို ဆက်ပေးနေဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းအင်တွေ ကုန်သွားတဲ့အခါ အသက်ရှင်ဖို့အတွက် သခင့်ရဲ့ စွမ်းအင်တွေကို သဘာဝအတိုင်း ပြန်စားသုံးလိမ့်မယ်။"
လန်လင်း ဆွံ့အသွားရ၏။
အသူရာမိစ္ဆာကြယ်က နားချသည့်ဟန်ဖြင့် ရှင်းပြလာသည်။ "သခင်က ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် ဆန့်ကျင်နေလဲဆိုတာ နားမလည်နိုင်ဘူး။ ကျွန်တော်က သခင်ပဲ ၊ ပြီးတော့ သခင်ကလည်း ကျွန်တော်ပဲ။ ကျွန်တော်တို့ကို ခွဲခြားလို့ မရဘူး။ ကျွန်တော့်ရဲ့ စွမ်းအင်တွေ ကုန်ခမ်းနေပြီမလို့ နဂါးစွမ်းအား အာရုံခံတာကို ချက်ချင်း အဆုံးသတ်ဖို့ လိုတယ်။ ကျွန်တော့်ရဲ့ စွမ်းအားကို ထိန်းချုပ်ဖို့ သခင့်ရဲ့ စိတ်ဝိညာဉ်ကိုပဲ သုံးပါ။ သခင့်ရဲ့ စိတ်ဝိညာဉ်ထဲက ရေပြင်ကို ငြိမ်သက်သွားစေပြီး လပြည့်ဝန်းကို ပြုပြင်လိုက်။ သခင့်ရဲ့ အမိန့်တိုင်းကို ကျွန်တော် အပြည့်အဝ လိုက်နာပါ့မယ်။"
ထိုအခိုက်အတန့်၌ ခါးသီးသည့် အမှန်တရားတစ်ခုကို လန်လင်း နားလည်သွားရ၏။ အကယ်၍ သူ သိုင်းပညာကို လေ့ကျင့်ချင်ပါက အသူရာမိစ္ဆာကြယ်နှင့် လက်တွဲလုပ်ဆောင်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
"ကျွန်တော်က သခင့်ရဲ့ နဂါးစွမ်းအားပဲ" ဟူသည့် အသူရာမိစ္ဆာကြယ်၏ အဆိုက အစပိုင်း၌ ထူးဆန်းနေသလို ထင်ရသော်လည်း သေချာတွေးကြည့်လိုက်သောအခါ တကယ်ပင် မှန်ကန်နေသည်။
ဤလောက၌ လူသားခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြောမှာ အခြေခံအားဖြင့် ဂြိုဟ်သားစွမ်းအင်တစ်ခုပင်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာမြေမှ လူသားများ၌ မည်သည့် နဂါးစွမ်းအားမှ မရှိခဲ့ဖူးချေ။
လန်လင်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် အသူရာမိစ္ဆာကြယ်ထံမှ စွမ်းအင်ကို ထုတ်လွှတ်ရန် သူ၏ စိတ်ဝိညာဉ်ကို အသုံးပြုလိုက်သည်။
ရရှိလာသည့် စွမ်းအားဖြင့် သူ၏ စိတ်ဝိညာဉ်ကမ္ဘာထဲရှိ ခက်ထန်နေသည့် ရေပြင်ကို အလျင်အမြန်ပင် ငြိမ်သက်သွားစေလိုက်၏။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၇ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team