← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ လန်လင်းက ပေါင်တစ်ရာကျော် အလေးချိန်ရှိသည့် လေးလံသော ကျောက်တုံးကြီးတစ်ခုကို လက်ဖြင့် ကိုင်ဆောင်ကာ မြင်းစီးဟန်ဖြင့် ထိုင်နေ၏။

သူ၏ ခန္ဓာကိုယ်မှာ အဆုံးစွန် ကန့်သတ်ချက်ဖြစ်သည့် နာကျင်မှုများကို ခံစားနေရသည်။ ထိုနာကျင်မှုများ သက်သာစေရန် သူ၏ အထဲရှိ အသူရာမိစ္ဆာကြယ်ကလည်း စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေ၏။

အသူရာမိစ္ဆာကြယ်မှာ ရေဘဝဲတစ်ကောင်ကဲ့သို့ ကျုံ့လိုက်ဆန့်လိုက်ဖြင့် လှုပ်ရှားနေသည်။ အကြိမ်တိုင်း၌ စွမ်းအင်ကြိုးမျှင်ပေါင်းများစွာ ပြန့်ကျဲထွက်ပေါ်လာပြီး လန်လင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာ၏။ အသူရာမိစ္ဆာကြယ်၏ အသုံးဝင်ပုံမှာ နာမည်ကျော် နဂါးစွမ်းအားနှင့် လုံးဝ ထပ်တူကျနေသည်။

ပုံမှန်အားဖြင့် လူတစ်ယောက်က ပထမဆုံးအကြိမ် နဂါးစွမ်းအားကို အာရုံခံရန် ကြိုးစားသည့်အခါ ထိုစွမ်းအင်ကြိုးမျှင်များကို စိတ်ဖြင့် ထိန်းချုပ်ရန်မှာ အလွန် ခက်ခဲလှ၏။

အစပိုင်း၌ လူတစ်ယောက်သည် ကြိုးမျှင်အနည်းငယ် ဒါမှမဟုတ် ရာဂဏန်းလောက်ကိုသာ ထိန်းချုပ်နိုင်ကြသည်။

သူတို့၏ စိတ်ဝိညာဉ်ကမ္ဘာထဲရှိ ကသောင်းကနင်း ဖြစ်နေသော ရေပြင်ကို ငြိမ်သက်သွားစေရန် လုံလောက်သည့် စွမ်းအင်များ စုဆောင်းနိုင်ဖို့ အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ကြိုးစားရပေလိမ့်မည်။

ထို့အတွက်ကြောင့် ဤလောကရှိ အထူးချွန်ဆုံးသော ပါရမီရှင်များပင်လျှင် ပထမဆုံးအဆင့်ဖြစ်သည့် နဂါးစွမ်းအားကို အာရုံခံရန်အတွက် တစ်လခန့် အချိန်ယူရခြင်း ဖြစ်၏။

သို့သော် လန်လင်းကမူ ကွဲပြားနေသည်။ သူ့ထံ၌ အသူရာမိစ္ဆာကြယ် ရှိနေ၏။

သူ့ စိတ်ကို အသုံးပြုကာ မရေမတွက်နိုင်သော စွမ်းအင်ကြိုးမျှင်များကို ထိန်းချုပ်လိုက်သည့်အခါ သူ၏ ကိုယ်ပိုင် လက်မောင်းများနှင့် ခြေထောက်များကို လှုပ်ရှားနေရသကဲ့သို့ လွယ်ကူနေသည်။ စွမ်းအင်အားလုံးက သူ၏ အမိန့်တိုင်းကို အပြည့်အဝ နာခံကြ၏။

ပိုမို သန်မာလာနေသည်ကို လန်လင်း ခံစားနေရသည်။ ထောင်ပေါင်းများစွာသော စွမ်းအင်ကြိုးမျှင်များက မမြင်ရသည့် လက်တစ်ဖက်အဖြစ် ပြောင်းလဲသွား၏။ ထိုလက်က ပြင်းထန်သည့် လေတိုက်ခတ်မှုများကို ဖြည်းညှင်းစွာ ရပ်တန့်သွားစေပြီး သူ၏ စိတ်ဝိညာဉ်ကမ္ဘာထဲရှိ ကြမ်းတမ်းခက်ထန်နေသည့် လှိုင်းလုံးများကို ငြိမ်သက်သွားစေသည်။

လေများက တဖြည်းဖြည်း ပို၍ အားနည်းလာ၏။ ရေပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်များကလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ရေပြင်ပေါ်၌ ထင်ဟပ်နေသည့် လပြည့်ဝန်းက တဖြည်းဖြည်း ပြန်ပေါ်လာလေပြီ။

"ဝေါ..." နောက်ဆုံး လေပြေလေး တိုက်ခတ်အပြီး၌ လန်လင်း၏ စိတ်ဝိညာဉ်မှာ လုံးဝ ငြိမ်သက်သွားလေပြီ။

သူ့ စိတ်ဝိညာဉ်ကမ္ဘာထဲ၌ အရာအားလုံးက ငြိမ်းချမ်းနေပြီး ရေပြင်ထက်ရှိ လမင်း၏ အရိပ်သည်လည်း ပြီးပြည့်စုံကာ အတွန့်အတတ်လေးပင် မရှိတော့ချေ။

ထိုသို့ဖြင့် ပထမဆုံးအဆင့်ဖြစ်သည့် နဂါးစွမ်းအား အာရုံခံခြင်းကို လန်လင်း အလွယ်တကူ ပြီးမြောက်သွားသည်။

ဤသည်က အံ့မခန်းပင်။ အကြီးကျယ်ဆုံးသော ပါရမီရှင်များပင်လျှင် သူတို့၏ နဂါးစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်ကြချေ။ အထူးသဖြင့် ပထမဆုံးအကြိမ် ကြိုးစားသည့်အချိန်၌ ပို၍ ဆိုးရွားကြသည်။

မည်သည့် ကျွမ်းကျင်သူမှ သူတို့၏ စွမ်းအားကို ၁၀၀ ရာခိုင်နှုန်း မထိန်းချုပ်နိုင်ကြပေ။ သို့သော် လန်လင်းကမူ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း လွယ်ကူစွာ ထိန်းချုပ်နိုင်နေ၏။

"ကျွန်တော် လုပ်နိုင်သွားပြီ။ စိတ်ဝိညာဉ်ထဲက လမင်းအရိပ်က ပြီးပြည့်စုံသွားပြီ"

လန်လင်း၏ အပြောကို ကြားသောအခါ ရဲ့ကျင်းယွီ၏ မျက်လုံးတို့ ပြူးလာပြီး အော်ဟစ်လိုက်မိ၏။ "ဒါ... ဒါ မဖြစ်နိုင်ဘူး။"

လန်လင်း နဂါးစွမ်းအားကို စတင် အာရုံခံသည်မှာ တစ်ရက်ပင် မပြည့်သေးချေ။ နှစ်နာရီ ၊ သုံးနာရီခန့်သာ ရှိသေးသည်။ ဒဏ္ဍာရီလာ သူရဲကောင်းကြီး ကျန်းရှန်ပင်လျှင် ဆယ်ရက် အချိန်ယူခဲ့ရ၏။

လန်လင်းက မည်သို့လုပ်၍ တစ်ရက်တည်းဖြင့် လုပ်နိုင်ရသည်နည်း။ ဤသည်က ရဲ့ကျင်းယွီ သိထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက မျက်လုံးကျဉ်းလိုက်သည်။ "သခင်လေး... တကယ် အောင်မြင်သွားတာ သေချာလား။"

လန်လင်းကမူ ပျော်ရွင်စွာ​ ခေါင်းညိတ်၏။ "အင်း... သေချာတယ်။"

"သခင်လေး အရင်က ဒါကို တကယ် မလေ့ကျင့်ဖူးဘူးမလား။" ရဲ့ကျင်းယွီက ထပ်မေးသည်။

လန်လင်း ခေါင်းရမ်းလိုက်၏။ "ဟင့်အင်း... တစ်ခါမှ မလေ့ကျင့်ဖူးပါဘူး။"

ရဲ့ကျင်းယွီ ဆွံ့အသွားရသည်။ လေ့ကျင့်သူကသာ ကိုယ်ပိုင် စိတ်ဝိညာဉ်ကမ္ဘာကို မြင်နိုင်သည်ဖြစ်၍ သူမကိုယ်တိုင် ဝင်စစ်ဆေး၍ မရပေ။ သို့သော် လန်လင်းကို သူမ အပြည့်အဝ ယုံကြည်၏။ ထိုကောင်လေးက သူမကို ဘယ်တော့မှ လိမ်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ တစ်ရက်တည်းဖြင့် ပြီးမြောက်သွားခြင်းက အံ့ဩတုန်လှုပ်စရာပင်။

'ဒါ သူ့ရဲ့ ရွှေရောင် နဂါးသွေးကြောကြောင့်များလား။' သူမ တွေးလိုက်မိ၏။

လန်လင်းက ပြုံးလိုက်သည်။ "ဒုတိယအဆင့် စကြမလား။"

ရဲ့ကျင်းယွီ အဆင်သင့် မဖြစ်သေးချေ။ ပထမဆုံးအဆင့်အတွက် တစ်လလုံး အချိန်ယူရမည်ဟု သူမ ထင်ထားခြင်း ဖြစ်၏။ သို့သော် ယခုအခါ ဒုတိယအဆင့်အား စရတော့မည်လော။

ထိုအခိုက်၌ပင် ဆိုနင်ပင်း၏ နူးညံ့သည့် အသံလေးက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ "မောင်လေး ၊ ကျင်းယွီ... မောင်လေးရဲ့ အစ်ကို ရောက်နေတယ်။"

**--**--**--**--**--**--**--**

သူမ ဆိုလိုသော အစ်ကိုဆိုသည်မှာ မြို့စားကြီးဆို၏ မွေးစားသား ဆိုဟန်ရီပင်။ ဆိုဟန်ရီမှာ ဆင်းရဲသည့် အစေခံတစ်ယောက်အဖြစ် မွေးဖွားလာသူ ဖြစ်သည်။

မြို့စားကြီးဆိုက ဆိုဟန်ရီ၏ ပါရမီကို မြင်တွေ့သွားသည့်အခါ အကောင်းဆုံးသော လေ့ကျင့်မှုများ ပေးပြီး မွေးစားခဲ့ခြင်း ဖြစ်၏။ ရည်ရွယ်ချက်မှာ အနာဂတ်၌ ဆိုမိသားစုကို ဆိုဟန်ရီ ကူညီပေးနိုင်ရန်ပင်။

ဆိုဟန်ရီကလည်း မြို့စားကြီးဆိုအား စိတ်မပျက်သွားစေချေ။ အသက် ၂၇ နှစ်၌ အစွမ်းထက်သည့် နဂါးစစ်သည်တော် တစ်ယောက် ဖြစ်လာ၏။ နုလန်ဘုရင့်နိုင်ငံ၌ အသန်မာဆုံး လူငယ် တိုက်ခိုက်ရေးသမားများထဲမှ တစ်ဦးလည်း ဖြစ်သည်။

အသက် ၂၈ နှစ်၌ပင် မြို့၏ စစ်တပ်တစ်ဝက်ကို ထိန်းချုပ်ထားသည့် ထျန်းရွှေမြို့စောင့်တပ်၏ တပ်မှူးကြီး ဖြစ်နေလေပြီ။ ဆိုဟန်ရီသည် ဆိုမိသားစု၏ အမာခံ မဏ္ဍိုင်ကြီးပင်။

လန်လင်းနှင့် ရဲ့ကျင်းယွီတို့က ဧည့်ခန်းထဲသို့ ဆိုနင်ပင်းနောက်မှ လိုက်သွားကြ၏။

အထဲ၌မူ လူငယ်တစ်ယောက်က ဟိုဘက်ဒီဘက် လမ်းလျှောက်နေသည်။ သူ၏ အဝတ်အစားတို့က ခရီးဝေးမှ လာရသဖြင့် ဖုန်များ ပေကျံနေ၏။

ရွှေရောင်ဆံပင် ၊ အလွန် ချောမောသည့် မျက်နှာနှင့် စူးရှသော မျက်လုံးများ ရှိသည်။ အရပ်မှာ ၁၉၀ စင်တီမီတာခန့် ရှည်လျား၏။ လှံတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေပြီး တောင်တန်းတစ်ခုကဲ့သို့ တည်ငြိမ်နေပုံပေါ်သည်။

ထိုသူမှာ ဆိုဟန်ရီပင်။ ဆိုရလျှင် လန်လင်းထက်ပင် ပို၍ မြင့်မြတ်သော အရှင်သခင်တစ်ယောက်နှင့် တူနေသည်။

လန်လင်းက ရှေ့တစ်လှမ်း တိုးကာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။ "မင်္ဂလာပါ အစ်ကိုကြီး။"

သူတို့ အပြင်မထွက်လာခင်ကတည်းက ဆိုနင်ပင်းက ဆိုဟန်ရီအပေါ် အလွန် ယဉ်ကျေးစွာ ဆက်ဆံရန် လန်လင်းကို အကြိမ်ကြိမ် သတိပေးထား၏။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိအချိန်၌ ဆိုဟန်ရီက မိသားစု၏ အကြီးမားဆုံးသော ထောက်တိုက်ကြီး ဖြစ်နေသောကြောင့်ပင်။

ဆိုဟန်ရီက လန်လင်းကို မြင်သည့်အခါ မျက်မှောင်ကျုံ့လိုက်၏။ သူ၏ မျက်လုံးများထဲ၌မူ ဒေါသနှင့် ရွံရှာမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူက အေးစက်စွာ ဆူပူလိုက်သည်။ "မင်း အသုံးမကျတဲ့ကောင် နောက်ဆုံးတော့ ပြန်လာဖို့ စိတ်ကူးရပြီပေါ့။ မိန်းမတစ်ယောက်အတွက် အန္တရာယ်များတဲ့ ကောင်းကင်မိစ္ဆာတောင်တန်းအထိ မင်း လိုက်သွားတယ်။ မင်းအဖေ မသေခင်မှာတောင် မြင်ရဖို့ အချိန်မီ ပြန်မလာဘူး။ တကယ် အရှက်မရှိတဲ့ကောင်ပဲ။"

လန်လင်းက ငြင်းခုံခြင်း မပြုပေ။ သူက ခေါင်းကိုသာ ငုံ့ထားလိုက်၏။ "အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်။"

ဆိုဟန်ရီ အနည်းငယ် အံ့ဩသွားရသည်။ အတိတ်၌ လန်လင်းနှင့် သူက တစ်ယောက်ကိုတစ်ယောက် မုန်းတီးခဲ့ကြ၏။ ဖခင်ဖြစ်သူက မွေးစားသားကို မျက်နှာသာပေးသည့်အတွက် ယခင် လန်လင်းက အမြဲတမ်း မနာလိုဖြစ်ပြီး ရိုင်းစိုင်းခဲ့သည်။ သူ့ကို အစ်ကိုကြီးဟု ဘယ်တော့မှ ခေါ်မည် မဟုတ်သလို ယဉ်ကျေးစွာလည်း ဆက်ဆံမည် မဟုတ်ချေ။

ထိုသို့တိုင်အောင် ဆိုဟန်ရီက အလျင်အမြန်ပင် အကြည့်လွဲလိုက်၏။ သူသည် ဆိုမိသားစုအပေါ် အလွန် သစ္စာရှိသော်လည်း စိတ်ထဲ၌မူ သူ၏ အသုံးမကျသော ညီဖြစ်သူကို အပြည့်အဝ အထင်အမြင်သေးနေဆဲပင်။

ဆိုနင်ပင်းက နူးညံ့စွာ မေးသည်။ "အစ်ကိုကြီး... ထျန်းရွှေမြို့မှာ ဘာဖြစ်နေလို့လဲ။"

ဆိုဟန်ရီက လန်လင်းကို လျစ်လျူရှုကာ သူမကို လှည့်ကြည့်လိုက်၏။ လန်လင်း မသေချာသော်လည်း ဆိုဟန်ရီ၏ မျက်လုံးများက သူ၏ အစ်မဖြစ်သူအား လျှို့ဝှက်၍ ပြင်းပြသော ရမ္မက်ဆန္ဒများဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။ သို့သော် ထိုအကြည့်များက အလျင်အမြန်ပင် ပျောက်ကွယ်သွား၏။

သူက ယင်ကောင်မောင်းသကဲ့သို့ လန်လင်းအား လက်ဟန်ပြကာ မောင်းလိုက်သည်။ "လန်လင်း... နင်ပင်းနဲ့ ငါ အရေးကြီးတဲ့ မိသားစုကိစ္စ ပြောစရာရှိတယ်။ မင်း ထွက်သွားတော့။"

သူ၏ အပြုအမူက အလွန် ဆိုးရွားလှ၏။ လန်လင်းမှာ သူ၏ ညီငယ်လေးသာ မဟုတ်ပေ။ မိသားစု၏ အမှန်တကယ် အမွေဆက်ခံမည့်သူနှင့် သခင်ဖြစ်၏။ သို့သော် ဆိုဟန်ရီက သူ့ကို အစေခံတစ်ယောက်ကဲ့သို့ အမိန့်ပေးနေသည်။

ဆိုနင်ပင်းက အနည်းငယ် အနေရခက်သွားဟန် ရှိ၏။ သူမက ညင်သာစွာ ပြုံးလိုက်သည်။ "အစ်ကိုကြီး... လန်လင်းလည်း ကြီးပြင်းလာပြီလေ။ သူလည်း ကျွန်မတို့ရဲ့ နယ်မြေတွေကို ဘယ်လို စီမံအုပ်ချုပ်ရမလဲဆိုတာ သင်ယူဖို့ လိုတယ်။ သူ့ကို နေခွင့်ပေးလိုက်ပါ။"

ဆိုဟန်ရီက စိတ်မပါဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ "အင်း... အစ်ကို တော်ဝင်မြို့ကို ပြန်လာတာ အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက လန်လင်း ပြန်ရောက်နေပြီ ကြားလို့။ ဒုတိယတစ်ခုက ထျန်းရွှေမြို့မှာ ကြီးမားတဲ့ အကျပ်အတည်းတစ်ခု ဖြစ်နေလို့ပဲ။"

ဆိုနင်ပင်း၏ လှပသည့် မျက်နှာလေးမှာ ဖြူရော်သွားရသည်။ သူမက အလျင်အမြန် မေးလိုက်၏။ "ဘာအကျပ်အတည်းလဲဟင်။"

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters