အခန်း ၁၉
Vol. 2 Ch. 19
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုဟန်ရီက လေးနက်စွာ ပြောလာသည်။ "ဒန်က အခု အဆင့်မြင့် သိုင်းပညာရှင်တွေနဲ့ ဆက်သွယ်နေပြီ။ သူက ဆိုမိသားစုကနေ ခွဲထွက်ပြီး သူ့ကိုယ်ပိုင် သီးခြားစစ်တပ်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတာပဲ။"
ဒန်ဆိုသူမှာ ထျန်းရွှေမြို့ နယ်မြေ၌ အင်အားအကြီးဆုံး အရှင်သခင်တစ်ဦး ဖြစ်ပြီး အမြဲတမ်း ရည်မှန်းချက် ကြီးမားသူလည်း ဖြစ်သည်။
ဆိုနင်ပင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားရ၏။ "သူတို့ ဘယ်လိုလုပ် ဒီလို လုပ်ရက်တာလဲ။ သူတို့မြေနေရာတွေကို ဆိုမိသားစုက ပေးထားတာလေ။ သူတို့က ကျွန်မတို့ လက်အောက်ခံတွေတင် မဟုတ်ဘူး ၊ အစေခံတွေလည်း ဖြစ်တယ်။"
ဆိုဟန်ရီက သက်ပြင်းချလိုက်သည်။ "ဆိုလွန်က အချိန်အကြာကြီး ပျောက်ဆုံးနေတာဆိုတော့ လူတိုင်းက သူ့ကို သေပြီလို့ ထင်နေကြတာ။ ဆိုမိသားစုမှာ အမွေဆက်ခံမယ့်သူ မရှိတော့ဘူးလို့ ယုံကြည်သွားကြတဲ့အတွက် ခွဲထွက်ပြီး လွတ်လပ်ရေးယူဖို့ အဲဒါကို အကြောင်းပြချက်အနေနဲ့ သုံးလိုက်ကြတာပဲ။"
ဆိုနင်ပင်းက မျက်မှောင်ကျုံ့လိုက်၏။ "ဒါပေမဲ့ အခု ဆိုလွန် ပြန်ရောက်နေပြီလေ။"
ဆိုဟန်ရီက ခေါင်းရမ်းလိုက်သည်။ "ဒါပေမဲ့ သူ မပြန်လာခင်ကတည်းက ဒန်က မဟာမိတ်တွေကို စဖွဲ့စည်းနေပြီ။"
ဆိုနင်ပင်းက စိုးရိမ်တကြီး ဖြစ်သွား၏။ "အရှင်သခင် ဘယ်နှစ်ယောက်က ဒန်နဲ့ ပူးပေါင်းသွားပြီလဲ။"
ဆိုဟန်ရီက သက်ပျင်းချလိုက်သည်။ "အရှင်သခင် ဆယ့်ကိုးယောက်ထဲမှာ အနည်းဆုံး ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်က သူ့ဘက်ကို ရောက်နေပြီ။ ကျန်တဲ့သူတွေကလည်း ယိမ်းယိုင်စပြုနေပြီ။ သူတို့ကို အမြန်ဆုံး မတားဆီးနိုင်ရင် လပိုင်းအတွင်းမှာတင် သူတို့က ပုန်ကန်ပြီး လွတ်လပ်ရေး ကြေညာကြလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာရင် တော်ဝင်မိသားစုက ဝင်စွက်ဖက်လာပြီး ကျွန်တော်တို့ ဆိုမိသားစုက ထျန်းရွှေမြို့ရဲ့ လီငါးရာကျယ်ဝန်းတဲ့ နယ်မြေကို လုံးဝ ဆုံးရှုံးရလိမ့်မယ်။"
ဆိုနင်ပင်း၏ အသက်ရှူနှုန်းတို့က မြန်ဆန်လာ၏။ သူမက ဆိုဟန်ရီကို စိုက်ကြည့်လိုက်သည်။ "အစ်ကိုကြီး... ကျွန်မတို့ ဘာလုပ်သင့်လဲ။"
ဆိုဟန်ရီက လက်သီးဆုပ်လိုက်၏။ "ဆိုလွန်က ထျန်းရွှေမြို့စား ဘွဲ့ကို အမြန်ဆုံး ဆက်ခံရမယ်။ အဲဒီနောက် ပုန်ကန်မှုကို တရားဝင် အာဏာသုံးပြီး တားဆီးဖို့ နယ်မြေကို ပြန်သွားရမယ်။ ခေါင်းဆောင် မရှိရင် နယ်မြေတစ်ခုက ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိတယ်။"
ဆိုနင်ပင်း မျက်မှောင်ကျုံ့လိုက်သည်။ အနီး၌ ရပ်နေသည့် ဆိုလွန်မှာ လန်လင်းအမည်ရသည့် အယောင်ဆောင်တစ်ဦးသာ ဖြစ်သည်။ စာပေ သို့မဟုတ် သိုင်းပညာအကြောင်းကို လုံးဝ နားမလည်ချေ။
နောက်နှစ်၌ ကျင်းပမည့် တော်ဝင်အကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲကို အောင်မြင်ရန်ပင် သူ့အဖို့ အံ့ဩဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်နေပေလိမ့်မည်။
ဆိုနင်ပင်းက အခက်အခဲကြီးစွာဖြင့် နှုတ်ခမ်းကိုက်လိုက်သည်။ "အစ်ကိုကြီး... ဆိုလွန်က ပြောင်းလဲဖို့နဲ့ တိုးတက်လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူက စာပေနဲ့ သိုင်းပညာ အတန်းတွေ နှစ်ခုလုံးမှာ အရမ်းကို နောက်ကောက်ကျနေပြီ။ ဒီနှစ် အကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲကို အောင်မြင်ဖို့ဆိုတာ သူ့အတွက် အရမ်းခက်ခဲလိမ့်မယ်။"
ဆိုဟန်ရီက လှောင်ပြုံး ပြုံးလိုက်၏။ "ဟမ့်... ရှောင်ပင်း... သူ့အတွက် အကြောင်းပြချက်တွေ လာမပေးနေနဲ့။ အဲဒီ အသုံးမကျတဲ့ကောင်ရဲ့ စွမ်းရည်တွေကိုသာ ကြည့်လိုက်စမ်းပါ။ သူ့မှာ ဆယ်နှစ် အချိန်ရရင်တောင် ဘွဲ့ရနိုင်မှာ မဟုတ်ဘူး။ မင်း တခြားနည်းလမ်း ရှာမှရလိမ့်မယ်။"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆိုနင်ပင်းက ခေါင်းညိတ်လိုက်သည်။ "အင်း... အစ်ကိုကြီး... ကျွန်မ နားလည်ပါပြီ။"
ဆိုဟန်ရီက သူမအား စိုက်ကြည့်လိုက်၏။ "မှတ်ထား... ဆိုလွန်က ဒီနှစ် ဘွဲ့ရဖို့နဲ့ ဘွဲ့ထူးကို ဆက်ခံဖို့ လိုတယ်။ နောက်နှစ်အထိ အချိန်ဆွဲနေမယ်ဆိုရင် ထျန်းရွှေမြို့က အဲဒီ အဆင့်မြင့် အရှင်သခင်တွေ သေချာပေါက် ပုန်ကန်ကြလိမ့်မယ်။"
ဆိုနင်ပင်းက အရိုအသေပေးလိုက်သည်။ "ဟုတ်ကဲ့။"
**--**--**--**--**--**--**--**
ထို့နောက် ဆိုဟန်ရီက မတ်တတ်ရပ်လိုက်၏။ "အခု သတင်းစကား ပါးပြီးပြီဆိုတော့ အစ်ကို ထျန်းရွှေမြို့ကို ချက်ချင်း ပြန်ရမယ်။"
ဆိုနင်ပင်းက မျက်လွှာချလိုက်သည်။ "အစ်ကိုကြီး... မသွားခင် တစ်ညလောက် ထပ်မနေတော့ဘူးလား။"
ဆိုဟန်ရီက ခေါင်းရမ်းလိုက်၏။ "မဟုတ်ဘူး... ဒီကိစ္စက အရမ်း အရေးကြီးတယ်။ တစ်စက္ကန့်လေးတောင် အချိန်ဆွဲနေလို့ မရဘူး။"
သူမက မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။ "ဒါဆိုရင် မသွားခင် အနည်းဆုံးတော့ စားသွားပါဦး။ အစ်ကိုကြီးအတွက် ကျွန်မ ချက်ပေးပါ့မယ်။"
ဆိုဟန်ရီက ခေါင်းထပ်ရမ်း၏။ "မဟုတ်ဘူး... ထိုင်စားနေဖို့ အချိန်မရှိဘူး။ လမ်းမှာစားဖို့ အသားမုန့် နည်းနည်းလောက်ပဲ ထုပ်ပေးပါ။"
သူက ထွက်ခွာရန် ပြင်ဆင်သောအနေဖြင့် သံခမောက်ကို ဆောင်းလိုက်သည်။
"ဟုတ်ကဲ့။" ဆိုနင်ပင်း၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လဲ့လာ၏။ "အစ်ကိုကြီး... အရမ်း ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးသာ မရှိရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။"
ဆိုဟန်ရီ အနည်းငယ် တုန်ယင်သွားသည်။ သူမအား ကြည့်နေသည့် သူ၏ မျက်လုံးများမှာ နူးညံ့သွားသော်လည်း စူးရှနေဆဲပင်။ "ပေါက်ကရတွေ... မင်းအတွက်ဆိုရင် ငါ့အသက်ကိုတောင် စတေးပြီး ဘာမဆို လုပ်ပေးမယ်ဆိုတာ သိသားနဲ့။"
စူးရှသော အကြည့်များအောက်၌ ဆိုနင်ပင်း အနေရခက်သွားကာ အကြည့်လွှဲလိုက်၏။ ထိုစဉ် လန်လင်းကမူ ဒေါသများ ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်။ နယ်မြေကျူးကျော်ခံရသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ၏ လည်ပင်းနောက်မှ အမွေးများပင် ထောင်မတ်လာ၏။
ဆယ့်ငါးမိနစ် ကြာပြီးနောက် အသားမုန့်များ အဆင်သင့် ဖြစ်သွားလေပြီ။ ဆိုနင်ပင်းက ဆီစိမ်စက္ကူ အထပ်ထပ်ဖြင့် ထုပ်ပိုးကာ စစ်မြင်း၏ ကုန်းနှီး၌ ချည်နှောင်ပေးလိုက်သည်။
မထွက်ခွာမီ၌ ဆိုဟန်ရီက လန်လင်းအား အေးစက်စွာ ပြောလိုက်သေး၏။ "ဆိုလွန်... မင်း အသုံးမကျတဲ့ကောင် ဒါကို သေချာ မှတ်ထား။ ပြဿနာရှာတာတွေ ရပ်ပြီး မင်းအစ်မစကားကို နားထောင်။ နားလည်လား။"
လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "ကျွန်တော့်အစ်မစကားကို ကျွန်တော် နားထောင်မှာပေါ့။ ခင်ဗျား လာပြောနေစရာ မလိုဘူး။"
လန်လင်းက အမြဲတမ်း ခေါင်းမာသူတစ်ယောက် ဖြစ်၏။ တစ်စုံတစ်ယောက်က သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံပါက သူကလည်း ယဉ်ကျေးပြီး ကြင်နာစွာ ဆက်ဆံမည် ဖြစ်သည်။ သို့သော် သူ့အပေါ် ရိုင်းစိုင်းပါက ချွန်ထက်သော ဆူးတစ်ချောင်းကဲ့သို့ ပြန်လည်တိုက်ခိုက်ပေလိမ့်မည်။
လန်လင်းက သူ၏ ပုံမှန် မောက်မာသော အမူအကျင့်အတိုင်း ပြုမူနေသည်ဟု ဆိုဟန်ရီက ထင်မှတ်လိုက်၏။
"ဟမ့်... ဗီဇကတော့ ဖျောက်လို့ မရဘူး။"
ထို့နောက် မြို့စားကြီးအိမ်တော်မှ ထွက်ကာ မြင်းပေါ်တက်၍ အရှိန်ဖြင့် နှင်သွားလိုက်၏။ ဆိုနင်ပင်းက သူ ထွက်ခွာသွားချိန်၌ ရိုသေစွာ အရိုအသေပေးလိုက်သည်။
**--**--**--**--**--**--**--**
ဆိုနင်ပင်းက သက်ပြင်းချလိုက်၏။ "မောင်လေး... ဒါတွေကို ခံစားနေရလို့ အစ်မ တောင်းပန်ပါတယ်။ အစ်ကိုကြီးက ဆိုလွန် ပျင်းရိနေတဲ့အပေါ် ဒေါသထွက်နေရုံပါ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။"
လန်လင်းက ပခုံးတွန့်လိုက်သည်။ "သူ ကျွန်တော့်အပေါ် ရိုင်းစိုင်းတာကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူ အစ်မကို ကြည့်တဲ့ အကြည့်တွေကိုတော့ ကျွန်တော် တကယ် မကြိုက်ဘူး။"
ဆိုနင်ပင်း၏ မျက်နှာလေး ရဲတက်သွား၏။ ဆိုဟန်ရီက သူ၏ ခံစားချက်များကို ပုံမှန်အားဖြင့် ဖုံးကွယ်ထားတတ်သော်လည်း သူ၏ ခံစားချက်များအား သူမ လုံးဝ မသိနားမလည်သည်တော့ မဟုတ်ပေ။
ဆိုနင်ပင်းက မျက်လွှာချလိုက်သည်။ "နားထောင်... မောင်လေးရဲ့ အစ်ကိုကြီးက အဖေနဲ့ ဒီမိသားစုအပေါ် အရမ်း သစ္စာရှိတယ်။ မောင်လေး ကြီးပြင်းမလာခင်ကတည်းက သူပဲ အစ်မတို့ မိသားစုကို တည်တံ့အောင် ထိန်းသိမ်းပေးထားတဲ့ အမာခံ မဏ္ဍိုင်ကြီးတစ်ခုပဲ။ ဒါကြောင့် မောင်လေးက သူ့ကို အားကိုးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ထိန်းသိမ်းထားဖို့ လိုတယ်။ နားလည်လား။"
လန်လင်းက လက်သီးဆုပ်လိုက်၏။ "ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် အစ်မနဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့ အတွေးတွေ တွေးခွင့်ကို ကျွန်တော် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။"
လန်လင်း၏ ကာကွယ်ပေးလိုပြီး ရဲတင်းသော စကားများကို ကြားရသည့်အခါ ဆိုနင်ပင်း၏ မျက်နှာလေးက ပို၍ပင် ရဲတက်သွားသည်။ အထူးသဖြင့် လန်လင်းက သူမ၏ မောင်ငယ်အဖြစ် ဟန်ဆောင်နေသူဖြစ်ရာ သူမအနေဖြင့် ရှက်ရမည်လား ၊ ပျော်ရွှင်ရမည်လား သို့မဟုတ် စိုးရိမ်ရမည်လားဆိုသည်ကိုပင် မသိတော့ချေ။
သူမက မျက်နှာနီရဲသွားကာ အလျင်အမြန် ခေါင်းရမ်းလိုက်၏။ "မဟုတ်ဘူး... စိတ်မပူပါနဲ့။ အစ်မ တစ်သက်လုံး မောင်လေးဘေးမှာပဲ နေသွားမှာပါ။ ပြီးတော့ နောက်ထပ် အိမ်ထောင် ဘယ်တော့မှ ပြုမှာ မဟုတ်ဘူး။"
'ဒါဆိုရင် ကျွန်တော် အစ်မကို တရားဝင် လက်ထပ်မယ်' လန်လင်း ပါးစပ်မှ ထွက်လုနီးပါး ဖြစ်သွားသည်။ သို့သော် သူ၏ စကားကို ထိန်းချုပ်လိုက်၏။ သူမကို ကာကွယ်ပေးနိုင်ရန် သူ လုံလောက်အောင် မသန်မာသေးကြောင်း သိနေသည်။
ဆိုနင်ပင်းသည် ယခင်က အိမ်ထောင်ကျဖူး၏။ သူမ၏ ခင်ပွန်းမှာ အလွန် အစွမ်းထက်ပြီး မောက်မာသော မိသားစုတစ်ခုမှ ဖြစ်သည်။ သို့သော် တစ်နှစ်ပင် မပြည့်မီ သူတို့ ကွာရှင်းခဲ့ကြ၏။ ဆိုနင်ပင်းမှာ ကြမ်းတမ်းလှသည့် ကောလာဟလများနှင့် ဝေဖန်မှုများစွာကို ရင်ဆိုင်ရင်း မိသားစုအိမ်တော်သို့ တစ်ယောက်တည်း ပြန်လာခဲ့ရသည်။
သူမ ကွာရှင်းခဲ့ရသော အဓိက အကြောင်းရင်းကို လန်လင်း မသိချေ။ ထိုသည်က သူမအတွက် နာကျင်စရာ မှတ်ဉာဏ်တစ်ခု ဖြစ်သောကြောင့် သူ ဘယ်သောအခါမှ မမေးမြန်းခဲ့ပေ။ သူတို့ ပို၍ ရင်းနှီးလာသည့်အခါ တစ်နေ့၌ သူမက ရင်ဖွင့်ကာ ပြောပြလာလိမ့်မည်ဟု သူ ယုံကြည်ထား၏။
သူ ဘွဲ့မရနိုင်သောကြောင့် ဘွဲ့ထူးကို ဆက်ခံရန် တခြားနည်းလမ်းလိုအပ်ကြောင်း အစောပိုင်းက ဆိုဟန်ရီ ပြောခဲ့သည်ကို သတိရသွားကာ လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "အစ်မ... သူ ပြောသွားတဲ့ တခြားနည်းလမ်းဆိုတာ ဘာကို ပြောတာလဲ။"
ဆိုနင်ပင်းက မျက်လွှာချလိုက်၏။ "အဲဒါက လာဘ်ထိုးတာကို ပြောတာ။ ဒါပေမဲ့ ဖိအား မများပါနဲ့ မောင်လေးရယ်။ မောင်လေးရဲ့ ကိုယ်ပိုင် အရှိန်နဲ့ပဲ ဆက်လေ့လာနေပါ။ ကျန်တာ အစ်မ တာဝန်ယူပါ့မယ်။"
ထိုစကားကို ကြားသည့်အခါ လန်လင်း၏ ရင်ထဲ၌ သူ၏ သိုင်းပညာစွမ်းရည်များကို ချက်ချင်း တိုးတက်ချင်သည့် ပြင်းပြသည့် ဆန္ဒများ လောင်ကျွမ်းလာရသည်။ ဘွဲ့ထူးကို တရားဝင် ဆက်ခံနိုင်ရန် တော်ဝင် ဘွဲ့ယူစာမေးပွဲကို သူကိုယ်တိုင် အောင်မြင်ချင်နေလေပြီ။
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ ဆိုနင်ပင်း အပြင်ထွက်သည်။ သူမက ပါးလွှာသော စာချုပ်သုံးစောင်ကို ယူဆောင်သွား၏။ ထိုစာချုပ်များမှာ စံအိမ်တစ်ခု ၊ အပေါင်ဆိုင်တစ်ခုနှင့် သာမန် ဆိုင်တစ်ဆိုင်တို့၏ ပိုင်ဆိုင်မှု စာချုပ်များပင်။ အားလုံးပေါင်းလိုက်လျှင် ရွှေဒင်္ဂါး တစ်သောင်းကျော် တန်ကြေးရှိသည်။
ရွှေဒင်္ဂါး တစ်သောင်းမှာ များပြားသည်ဟု မထင်ရသော်လည်း တကယ်တမ်း၌မူ ကြီးမားလှသော ဓနဥစ္စာ တစ်ရပ် ဖြစ်၏။
ဤလောက၌ ရွှေဒင်္ဂါးတစ်ပြားမှာ တစ်လက်မခွဲကျော်ရှိပြီး အလေးချိန် ရှစ်ဆယ်ဂရမ်ခန့် ရှိသည်။ ရွှေဒင်္ဂါးတစ်ပြားသည် ငွေဒင်္ဂါး ငါးဆယ် သို့မဟုတ် ကြေးဒင်္ဂါး တစ်သောင်းကျော်နှင့် ညီမျှ၏။ ကမ္ဘာမြေ၏ ငွေကြေးအဖြစ် ပြောင်းလဲလိုက်ပါက ရွှေဒင်္ဂါးတစ်ပြားသည် ယွမ် တစ်သောင်းမှ နှစ်သောင်းအထိ တန်ဖိုးရှိပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ထိုပိုင်ဆိုင်မှု သုံးခုက တော်ဝင်မြို့တော်အတွင်း မြို့စားကြီးအိမ်တော်မှ ပိုင်ဆိုင်သည့် နောက်ဆုံး ပိုင်ဆိုင်မှုများပင်။ သို့သော် ဆိုနင်ပင်းက လုံးဝ တုံ့ဆိုင်းမနေချေ။ လာဘ်ထိုးရန် မြို့စားကြီး ကျိထင်၏ အိမ်တော်ဆီသို့ စာချုပ်များကို တိုက်ရိုက် ယူဆောင်သွား၏။
မြို့စားကြီး ကျိထင်မှာ ဘုရင်၏ အငယ်ဆုံးညီတော် ဖြစ်ပြီး ဘုရင်ကျိပိုင်က သူ့အား အလွန် မျက်နှာသာပေးသည်။ မြို့စားကြီးက နိုင်ငံရေးအာဏာကို ဂရုမစိုက်ချေ။
ထိုအစား စားသောက်ခြင်းနှင့် အချိန်ကောင်းများကို ဖြတ်သန်းရခြင်းကိုသာ နှစ်သက်၏။ ငွေကြေးနှင့် ဥစ္စာဓနများကိုလည်း အပြည့်အဝ စွဲလမ်းမက်မောသည်။ ထို့ကြောင့် သူ့ထံမှ အကူအညီ ရယူရန်မှာ အလွန် ရိုးရှင်းလှ၏။ ရွှေအလုံအလောက်ဖြင့် လာဘ်ထိုးရန်သာ လိုအပ်သည်။
ထို့အပြင် မြို့စားကြီးမှာ ငွေရပြီးသည်နှင့် ကတိတည်ခြင်းအတွက်လည်း နာမည်ကောင်း အလွန် ရထားသူပင်။
မူလက ဆိုနင်ပင်းသည် တော်ဝင်အကယ်ဒမီမှ လန်လင်း၏ နောက်ဆုံးစာမေးပွဲကို နောက်ထပ် တစ်နှစ်အထိ ဆိုင်းငံ့ထားရန် စီစဉ်ထားခဲ့၏။ သို့သော် ထျန်းရွှေမြို့ရှိ အခြေအနေများမှာ အလွန် အန္တရာယ်များလာလေပြီ။
လန်လင်းက မြို့သို့ အလျင်အမြန် ပြန်သွားပြီး သူ၏ ဘွဲ့ထူးကို တောင်းဆိုရန် လိုအပ်နေ၏။ သို့သော် အခြားသူများအတွက်မူ ဤနှစ်၌ လန်လင်း ဘွဲ့ယူစာမေးပွဲ အောင်မြင်ရန်ဆိုသော အတွေးမှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုပင်။
အခြား ရွေးချယ်စရာ မရှိတော့သည့်အဆုံး ဆိုနင်ပင်းမှာ မြို့စားကြီး ကျိထင်အား လာဘ်ထိုးရန် မိသားစု၏ နောက်ဆုံးကျန်ရစ်သော ဓနဥစ္စာများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ခမ်းနားထည်ဝါလှသည့် အိမ်တော်သို့ ရောက်လာပြီး သိပ်မကြာမီမှာပင် ဆိုနင်ပင်းက မြို့စားကြီး ကျိထင်နှင့် တွေ့ဆုံရန် ခေါ်ဆောင်ခံလိုက်ရ၏။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team