← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မြို့စားကြီး ကျိထင်မှာ အသက် လေးဆယ်ပင် မပြည့်သေးချေ။ ပခုံးကျယ်ပြီး အလွန်ဝနေကာ အသားဖြူ၍ မုတ်ဆိတ်မွေး မရှိချေ။ အရပ်မှာ ၅ ပေ ၇ လက်မ ရှည်လျားပြီး အလေးချိန်မှာ ပေါင် ၃၀၀ တိတိ ရှိသည်။

သူ လမ်းလျှောက်သည့်အခါ လှပသည့် အစေခံကောင်မလေး လေးယောက်က တွဲကူပေးထားရပြီး ကြီးမားကာ ဖြူဖျော့ပြီး ဘောလုံးကြီးတစ်လုံးနှင့်ပင် သွား၍တူနေ၏။

အလွန် လှပလွန်းလှသည့် ဆိုနင်ပင်းကို မြင်သည့်အခါ မြို့စားကြီး၏ မျက်လုံးတို့က အရောင်တောက်လာသည်။

ဆိုနင်ပင်းက အရိုအသေပေးလိုက်၏။ "မြို့စားကြီးကို ဂါရဝပြုပါတယ်ရှင်။"

ကျိထင်က ဆိုနင်ပင်းကို ထူပေးရန် အလျင်အမြန် ရှေ့တိုးလာရင်း သူ၏ ဝဖြိုးနေသည့် ပါးပြင်ထက်၌ အပြုံးတစ်ခု ပေါ်လား၏။ ကျဉ်းမြောင်းသည့် မျက်လုံးတို့က စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။ "ထပါ... ထပါ။"

ကျိထင်က ယစ်မူးစွာ ပြုံးလိုက်သည်။ "မင်းနဲ့ ကျိနင်က တော်ဝင်မြို့တော်မှာ အလှဆုံး မိန်းမလှလေး နှစ်ယောက်လို့ လူတိုင်းက ပြောကြတယ်။ ဒါပေမဲ့ ကိုယ့်အမြင်မှာတော့ ကျိနင်က မင်းနဲ့ လုံးဝ ယှဉ်လို့မရဘူး။ သူ့ဆီမှာ မင်းလောက် ရင့်ကျက်တဲ့ ဆွဲဆောင်မှုမျိုး မရှိဘူးလေ။"

ဆိုနင်ပင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "မြို့စားကြီးက မြှောက်ပြောလွန်းပါပြီ။"

အစေခံကောင်မလေး လေးယောက်၏ တွဲကူမှုဖြင့် ကျိထင်က ကြီးမားလှသည့် ရွှေပလ္လင်ပေါ်သို့ အသားတောင်ကြီးတစ်ခုကဲ့သို့ ပစ်ထိုင်ချလိုက်၏။ "ပြောပါဦး... ကိုယ့်ဆီလာတာ ဘာကိစ္စများ ရှိလို့လဲ။"

ဆိုနင်ပင်းက လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မရဲ့ မောင်လေး ဆိုလွန်က ဒီနှစ် တော်ဝင်အကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲကို အောင်မြင်ဖို့ အရမ်း အခက်အခဲ ဖြစ်နေလို့ပါ။ ဒါပေမဲ့ သူက ဘွဲ့ထူးကို ဆက်ခံဖို့နဲ့ ထျန်းရွှေမြို့စား ရာထူးကို ရဖို့အတွက် ဒီစာမေးပွဲကို မဖြစ်မနေ အောင်ရလိမ့်မယ်။ အဲဒါကြောင့် အကူအညီတောင်းဖို့ ရောက်လာတာပါ။"

ကျိထင်က ရယ်မောလိုက်၏။ "ဟားဟား... မင်းတို့ မိသားစုကိစ္စအတွက် ကျိဝေဆီ ဘာလို့ မသွားတာလဲ။ သူက မင်းတို့ အရှေ့တောင်ပြည်နယ်ရဲ့ ဘုရင်ခံလေ။"

ဆိုနင်ပင်းက အသာအယာ ပြုံးလိုက်သည်။ "သူ့ဆီသွားတာထက်စာရင် မြို့စားကြီးဆီက အကူအညီတောင်းတာက အများကြီး ပိုကောင်းလို့ပါ။"

ကျိထင်က ကျေနပ်ဟန်ဖြင့် လက်ခုပ်တီးလိုက်၏။ "မင်းက အကဲခတ် တော်တာပဲ။"

ထို့နောက် သူ၏ အပြုံးတို့က မှေးမှိန်သွားသည်။ "ဒါပေမဲ့ ဆိုမိန်းကလေး... မင်းရဲ့ တောင်းဆိုမှုက မလွယ်ကူဘူးနော်။ မင်းသိတဲ့အတိုင်းပဲ... တော်ဝင်မိသားစုထဲက လူအများကြီးက ထျန်းရွှေမြို့ကို လောဘတကြီးနဲ့ မျက်စိကျနေကြတာ။"

ကိုယ်တိုင်က တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်နေသည့်တိုင် ပွင့်လင်းစွာပင် တိုက်ရိုက် ပြောလာ၏။

ဆိုနင်ပင်းက ပိုင်ဆိုင်မှုစာချုပ် သုံးစောင်ကို ထုတ်ယူလိုက်သည်။ "ဒီအကူအညီအတွက် ပိုင်ဆိုင်မှု သုံးခုကို ကျွန်မ ပေးချင်ပါတယ်။"

အစေခံတစ်ယောက်က စာချုပ်များကို ချက်ချင်း ယူဆောင်ကာ ကျိထင်ထံသို့ ကမ်းပေးလိုက်၏။ သူ ဖွင့်ကြည့်လိုက်သည့်အခါ မျက်လုံးတို့က အရောင်တောက်လာသည်။

ဆိုနင်ပင်းအပေါ် ထားရှိသည့် သူ၏ ညစ်ညမ်းသည့် အတွေးများပင် ပျောက်သွားတော့၏။ သူ့အတွက် ရွှေဒင်္ဂါးများထက် ပို၍ ဆွဲဆောင်မှုရှိသည့် အရာ မရှိချေ။

ထိုပိုင်ဆိုင်မှု သုံးခုမှာ ရွှေဒင်္ဂါး သောင်းချီ၍ တန်ဖိုးရှိသည်။ မြို့စားကြီးက ယခင်က မရေမတွက်နိုင်သည့် လာဘ်ငွေများ ယူခဲ့ဖူးသော်လည်း ဤမျှ များပြားသည့် ပမာဏကို တွေ့ရခဲ၏။

နှိုင်းယှဉ်ကြည့်ရလျှင် လူပေါင်း သိန်းနှင့်ချီရှိသည့် မြို့ကြီးတစ်မြို့သည် တစ်နှစ်လျှင် အခွန်ငွေအဖြစ် ရွှေဒင်္ဂါး နှစ်သောင်းပင် မပြည့်အောင် ပေးဆောင်ရ၏။ သာမန် မိသားစုတစ်စုမှာ သူတို့၏ တစ်သက်တာလုံး၌ ရွှေဒင်္ဂါး ဆယ်ပြားကိုပင် ရှာဖွေနိုင်စွမ်း မရှိကြချေ။

မြို့စားကြီးက သူ၏ မျက်လုံးတို့ကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ဤကိစ္စကို အမှန်တကယ် လုပ်ပေးနိုင်မည်လားဆိုသည်ကို စဉ်းစားလိုက်သည်။

မြို့စားကြီးအား ဘုရင်ကျိပိုင်က အလွန် မျက်နှာသာပေးပြီး ယုံကြည်ရသည့် အကြောင်းရင်းမှာ သူ့ထံ၌ မည်သည့် နိုင်ငံရေး ရည်မှန်းချက်မှ မရှိသောကြောင့်ပင်။ သူက တော်ဝင်အာဏာကို ဆုပ်ကိုင်ရန် ဘယ်သောအခါမှ မကြိုးစားခဲ့သလို ဘုရင့်အပေါ်၌လည်း အလွန် ရိုသေလေးစား၏။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဘုရင်ကျိပိုင်နှင့် အခြား မင်းသားများ ထီးနန်းလုပွဲ ဆင်နွှဲခဲ့စဉ်က တိုက်ပွဲမှာ အလွန် ကြမ်းတမ်းပြီး သွေးထွက်သံယိုများခဲ့သည်။ အရွယ်ရောက်ပြီးသည့် မင်းသားများအားလုံးနီးပါး ပါဝင်ခဲ့ကြပြီး ညီအစ်ကို သံယောဇဉ်များ လုံးဝ ပျောက်ကွယ်ခဲ့ရ၏။

ထိုအချိန်က ကျိထင်မှာ အသက်ငယ်ငယ်လေးသာ ရှိသေးသည်။ သို့သော် သေကြေပျက်စီးဖွယ်ရာ ထီးနန်းလုပွဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ရုံသာမက ဘုရင်ကျိပိုင်၏ ညီအစ်ကို မေတ္တာကိုပါ ရရှိခဲ့၏။

စစ်ပွဲအတွင်း၌ ဘုရင်ကျိပိုင်က အလွန် ရက်စက်မိခဲ့သည့်အတွက် အငယ်ဆုံးညီတော် ကျိထင်ကို အလိုလိုက်ခြင်းဖြင့် သူ၏ အပြစ်ရှိစိတ်ကို ချေဖျက်ချင်နေပုံရသည်။

ကျိထင်ကလည်း အလွန် လိမ္မာသည်။ ကလေးဘဝကတည်းက ကျိပိုင်၏ ရှေ့၌ ချစ်စရာကောင်းပြီး အန္တရာယ်မရှိသည့် ပုံစံဖြင့်သာ အမြဲ နေထိုင်ခဲ့၏။ ဘုရင့်အတွက်မူ ဤညီတော်လေးမှာ သားတစ်ယောက်နှင့်ပင် ပို၍ တူနေသည်။

ထို့အတွက်ကြောင့် ထျန်းရွှေမြို့စား ရာထူးအား ဝင်ရောက်စွက်ဖက်ခြင်းက နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သွားမည်လော။ ဘုရင့်ကို ဒေါသထွက်စေမည်လော။

တော်ဝင်မိသားစုထဲ၌ ထျန်းရွှေမြို့ကို သိမ်းပိုက်လိုသူ တစ်ယောက် အမှန်တကယ် ရှိနေ၏။ အနာဂတ် အိမ်ရှေ့စံမင်းသား ကျိလီပင်။ သို့သော် ဘုရင်ကျိပိုင်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေသည်။

မြို့စားကြီးကသာ ဤကိစ္စကို လက်ခံလိုက်လျှင် အနာဂတ် အိမ်ရှေ့စံမင်းသားကို စော်ကားသလို ဖြစ်သွားပေလိမ့်မည်။ သို့သော် သူ ငြင်းဆိုလိုက်ပါကလည်း အလွန် ဆွဲဆောင်မှုရှိလှသည့် ရွှေဒင်္ဂါး သောင်းချီကို ဆုံးရှုံးရမည် ဖြစ်၏။

သေချာ စဉ်းစားပြီးနောက် ကျိထင်က ရွှေဒင်္ဂါးများကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် လက်ရှိဘုရင်ကိုသာ ဂရုစိုက်ပြီး အခြားမည်သူ့ကိုမှ ဂရုမစိုက်ချေ။ ကျိလီနှင့် ပတ်သက်၍မူ သူ ဘုရင်ဖြစ်လာချိန်ကျမှသာ ခြေသလုံးဖက်၍ တောင်းပန်လိုက်လျှင် ရနိုင်၏။

ကျိထင်က ပေါက်စီအား အပေါ်ယံလှီးထားသလို မှေးကျဥ်းလှသည့် အဆီပိတ်မျက်လုံးတို့ကို ဖွင့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ "အင်း... ကောင်းပြီလေ... ဒီကိစ္စကို ကိုယ် ကူညီပေးပါ့မယ်။"

ဆိုနင်ပင်း အလွန် ဝမ်းသာသွားသည်။ မြို့စားကြီးက လောဘကြီးသော်လည်း ကတိတည်ခြင်းအတွက် နာမည်ကောင်း အမှန်တကယ် ရှိ၏။ ငွေယူပြီးပါက ကိစ္စပြီးမြောက်အောင် လုပ်ပေးလိမ့်မည်မှာ သေချာလှသည်။

"ကျေးဇူးတင်ပါတယ် မြို့စားကြီး။"

ဤသဘောတူညီချက်ကို လက်ခံလိုက်ခြင်းဖြင့် မြို့စားကြီးက အိမ်ရှေ့စံမင်းသား ကျိလီကို တိုက်ရိုက် ဆန့်ကျင်လိုက်ခြင်း ဖြစ်ကြောင်းကို ဆိုနင်ပင်း အလွန် ကောင်းစွာ သိနေ၏။

ကျိထင်က သွားဖြီးပြလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကိုယ့်မျက်လုံးထဲမှာ အရှင်မင်းကြီးပဲ ရှိတယ်။ တခြား ဘယ်သူ့ကိုမှ ကိုယ် ဂရုမစိုက်ဘူး။"

ဆိုနင်ပင်းက အရိုအသေပေးလိုက်သည်။ "ဒါဆို ကျွန်မ ပြန်ခွင့်ပြုပါဦး။"

မြို့စားကြီး၏ ကြက်သီးထဖွယ်ကောင်းပြီး ရမ္မက်ဆန်သည့် အကြည့်များကို သူမ အမှန်တကယ်ပင် ဆက်၍ သည်းမခံနိုင်တော့ချေ။

**--**--**--**--**--**--**--**

နောက်တစ်နေ့ မနက်စောစော၌ လန်လင်းက သူ၏ သိုင်းပညာ လေ့ကျင့်မှု ဒုတိယအဆင့်ဖြစ်သည့် နဂါးစွမ်းအား နှိုးဆွခြင်းကို ရဲ့ကျင်းယွီထံမှ စတင် သင်ယူသည်။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်က အဆုံးစွန် ကန့်သတ်ချက်သို့ ရောက်ရှိပြီး နာကျင်မှုကို ဆက်လက် ခံနိုင်ရည် မရှိတော့သည့်အခါမှသာ သွေးကြောထဲရှိ ထိုစွမ်းအားက ပွင့်လာခြင်း ဖြစ်၏။

သို့သော် အမှန်တကယ် တိုက်ပွဲတစ်ခု၌ အသက်လုတိုက်ခိုက်ရမည့် သိုင်းပညာရှင်တစ်ဦး အနေဖြင့် အချိန်မရွေး ၊ နေရာမရွေး နဂါးစွမ်းအားကို အသုံးပြုနေနိုင်ရန် လိုအပ်သည်။ ခန္ဓာကိုယ်က အဆုံးစွန် ကန့်သတ်ချက် ရောက်သည်အထိ စောင့်နေပါက အချိန်နှောင်းသွားပေလိမ့်မည်။

ထို့အတွက်ကြောင့် ဤဒုတိယအဆင့်၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကို အမှန်တကယ် အန္တရာယ် မကျရောက်စေဘဲ စိတ်ကိုသာ အသုံးပြုကာ နဂါးစွမ်းအား နှိုးဆွနိုင်ရန် သင်ယူရခြင်းပင်။

ဤအရာကို မည်သို့ လုပ်ဆောင်ရမည်နည်း။ အခြေခံအားဖြင့် ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတစ်မျိုးပင်။

ခန္ဓာကိုယ်က လုံးဝ ကျန်းမာနေသည့်တိုင် ဦးနှောက်နှင့် အာရုံကြောများကို ပြင်းထန်သည့် နာကျင်မှု ခံစားနေရသည်ဟု ထင်မှတ်လာစေရန် လှည့်စားရမည် ဖြစ်၏။ ထိုခံစားချက်ကို အကြိမ်ရာနှင့်ချီ ၊ ထောင်နှင့်ချီ၍ ထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် ဦးနှောက်က ကြွက်သားမှတ်ဉာဏ်တစ်ခုအဖြစ် ပုံဖော်သွားလိမ့်လေမည်။

ရလာဒ်အနေဖြင့် ထိုအရာက နောက်ဆုံး၌ အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်လာပြီး စိတ်က ထိုခံစားချက်ကို သတိရလိုက်သည်နှင့် တစ်ပြိုင်နက် နဂါးစွမ်းအားသည်လည်း ချက်ချင်း နိုးထလာမည် ဖြစ်၏။

သဘောတရားက ရိုးရှင်းပြီး ယုတ္တိရှိလှသည်။

ဥပမာအားဖြင့် ကျောက်တုံးတစ်တုံးဖြင့် ဒူးကို ပြင်းပြင်းထန်ထန် ထုလိုက်ပါက အလွန် နာကျင်ရသည်။ ထိုသို့ ဆက်တိုက် ပြုလုပ်နေပါက ဦးနှောက်က ထိုနာကျင်မှုကို မှတ်သားသွား၏။

နောက်ဆုံး၌ ဒူးကို ထပ်ထုရန်ပင် မလိုတော့ချေ။ ကျောက်တုံးအကြောင်း တွေးလိုက်ရုံဖြင့် ထိုနာကျင်မှု ခံစားချက် အတိအကျက ပြန်လည် ထွက်ပေါ်လာပေလိမ့်မည်။

ရဲ့ကျင်းယွီက လေးနက်စွာ ပြော၏။ "ဒီအတွက် ဂါထာတစ်ပုဒ် ရှိတယ်။ ဒါပေမဲ့ စကားလုံး သုံးလေးရာလောက် ရှိပြီး တော်တော်လေး ရှည်တယ်။ ကျွန်မ တစ်ခေါက် ဖတ်ပြမယ်။ သခင်လေး အလွတ်ကျက်ရမယ်။"

ထို့နောက် ရဲ့ကျင်းယွီက နာကျင်မှုဂါထာကို စတင် ရွတ်ဆိုလိုက်သည်။

ဂါထာ၏ အဓိပ္ပာယ်မှာ ရိုးရှင်းလှ၏။ ကျယ်ပြောလှသည့် သဲကန္တာရကြီးထဲ၌ ကြီးမားသော သင်္ချိုင်းဂူကြီးတစ်ခု တည်ဆောက်ရန်အတွက် လက်နှင့်ခြေထောက်များ၌ လေးလံသည့် သံကြိုးများ ချည်နှောင်ခံထားရပြီး အတင်းအကျပ် ခိုင်းစေခံရသည့် အစေခံတစ်ယောက်အဖြစ် ပြောင်းလဲသွားမှုကို ဖော်ပြထားခြင်းပင်။

ပူပြင်းလှသည့် နေရောင်အောက်၌ အစေခံမှာ အားနည်းလာပြီး လက်နှင့်ခြေထောက်တို့၌ သွေးများ ဖုံးလွှမ်းနေ၏။ သူက ဧရာမ ကျောက်တုံးကြီးများကို ထမ်းကာ ချွန်ထက်သည့် ကျောက်ဆောင်များကို တွယ်တက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုများကို ခံစားနေရသည်။

အတိုချုပ်ပြောရလျှင် အလွန် ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ပြီးပြည့်စုံစွာ ဖော်ပြထားခြင်းပင်။

အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ ရွတ်ဆိုပြီးနောက် ဂါထာတစ်ပုဒ်လုံးကို အလွတ်ရသွားသည်။ လန်လင်း၏ စိတ်ထဲ၌ ရှင်းလင်းပြီး ပီပြင်သည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်နေလေပြီ။

ရဲ့ကျင်းယွီက ညွှန်ကြားလိုက်၏။ "အခု ဂါထာကို စိတ်ထဲကနေ ထပ်ခါတလဲလဲ ရွတ်နေရမယ်။ သခင်လေးက ဂါထာရဲ့ ကမ္ဘာထဲကို အပြည့်အဝ ဝင်ရောက်သွားပြီးတော့ နာကျင်မှုက တကယ် ဖြစ်နေသလိုမျိုး ခံစားရလိမ့်မယ်။"

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ "ပုံမှန်ဆို ဒီဒုတိယအဆင့် ကျွမ်းကျင်ဖို့ အချိန်ဘယ်လောက် ယူရလဲ။"

ရဲ့ကျင်းယွီက ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။ "တစ်လကျော် အချိန်ယူရတယ်။ ပါရမီနဲ့ ဘာမှမဆိုင်ဘူး။ ဦးနှောက်နဲ့ အာရုံကြောတွေက တုံ့ပြန်မှု ဖြစ်လာအောင် အကြိမ် ထောင်နဲ့ချီပြီး ထပ်ခါတလဲလဲ လေ့ကျင့်ဖို့ပဲ လိုတာ။"

ပြောပြီးနောက် ရဲ့ကျင်းယွီက လန်လင်း၏ နှာခေါင်းအောက်၌ အထူးဆေးတစ်မျိုးကို ပွတ်သပ်ပေးလိုက်သည်။

ထူးဆန်းပြီး ချိုမြိန်သည့် အနံ့တစ်ခုက နှာခေါင်းထဲ ဝင်ရောက်လာပြီးနောက် လန်လင်းမှာ ဆေးခတ်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မူးဝေပြီး တွေဝေသွားရ၏။

ထို့နောက် ရဲ့ကျင်းယွီက သူ၏ နားထဲသို့ ဂါထာကို ထပ်ခါတလဲလဲ တိုးညင်းစွာ ရွတ်ဆိုပြလိုက်သည်။

လန်လင်းသည်လည်း ထိုစကားလုံးများကို စိတ်ထဲ၌ ထပ်တလဲလဲ ရွတ်ဆိုရင်း နာကျင်မှုဂါထာမှ ပုံရိပ်များဖြင့် သူ၏ ခေါင်းထဲ၌ ပြည့်နှက်သွားစေလိုက်၏။ သူကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခံရသည့် အစေခံတစ်ယောက်အဖြစ် မြင်ယောင်လာစေရန် အပြင်းအထန် ကြိုးစားလိုက်သည်။

သူ့ အထဲ၌ မှော်ဆန်သော အသူရာမိစ္ဆာကြယ် ရှိနေသည့်တိုင် သာမန်လူတစ်ယောက်ကဲ့သို့ အရင်ဆုံး လေ့ကျင့်ကြည့်ချင်သေး၏။

လန်လင်းက ကျင့်ကြံရာ၌ အပြည့်အဝ အာရုံစိုက်ထားသည်။ ဆေးကြောင့် နက်ရှိုင်းသည့် မိန်းမောမှုထဲ ရောက်နေ​လေပြီ။

သို့သော် သူက နိုးကြားနေပြီး အသိစိတ် ရှိနေသေးသည့်အတွက် အိပ်မက်တစ်ခုကဲ့သို့ နာကျင်မှုကို အမှန်တကယ် ခံစားရစေရန်မှာ မဖြစ်နိုင်ပေ။

သူ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ်တိုင်အောင် ကြိုးစားကြည့်၏။

နှစ်နာရီကျော်ကြာအောင် မရေမတွက်နိုင်သည့် ကြိုးစားမှုများ လုပ်သော်လည်း ကျရှုံးသွားသည်။ နာကျင်မှုဂါထာ၏ ကမ္ဘာထဲသို့ အပြည့်အဝ မဝင်ရောက်နိုင်ဖြစ်နေ၏။

အထဲရှိ အသူရာမိစ္ဆာကြယ်ကလည်း မည်သို့မှ တုံ့ပြန်မှု မပြသလို နဂါးစွမ်းအားကိုလည်း နှိုးဆွနိုင်ခြင်း မရှိပေ။

ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ "စိတ်ဓာတ်မကျပါနဲ့ သခင်လေး။ ဒါက သဘာဝအရကို အရမ်းခက်ခဲတာ။ စိတ်ပိုင်းဆိုင်ရာ ပါရမီကောင်းတဲ့ သူတွေတောင် တစ်လလောက် အချိန်ယူရတယ်။ ပြီးတော့ ပိုငယ်လေ ပိုလွယ်လေပဲ။ အသက်ကြီးလာလေလေ စိတ်က ပိုရှင်းလင်းလာပြီး စိတ်စွမ်းအားက ပိုသန်မာလာလေလေပဲ။ အဲဒီအတွက်ကြောင့် ကိုယ့်ဦးနှောက်ကို ပြန်လှည့်စားဖို့ အရမ်း ခက်ခဲသွားတာ။"

ထိုသည်က အဓိက ပြဿနာပင်။ ကလေးတစ်ယောက်အတွက် အခြေခံ ကျွမ်းကျင်မှု သုံးရပ်ကို တတ်နိုင်သမျှ ငယ်ရွယ်စဉ်ကတည်းက စတင်သင်ယူခြင်းက အမြဲတမ်း ပိုကောင်း၏။ အများစုက အသက် ဆယ်နှစ်အရွယ်ခန့်၌ စတင်ကြသော်လည်း လန်လင်းကမူ အသက် နှစ်ဆယ်နီးပါး ရှိနေလေပြီ။

ဤသည်က မည်မျှ ခက်ခဲကြောင်းကို လန်လင်း ရှင်းလင်းစွာ သိသည်။

ကိုယ့်ကိုယ်ကိုယ်ကို သေအံ့ဆဲဆဲ အစေခံတစ်ယောက်အဖြစ် ယုံကြည်သွားအောင် လုပ်ပြီး ထိုသေလောက်သည့် နာကျင်မှုမျိုးကို အမှန်တကယ် ခံစားရစေရန် လူတစ်ယောက်က မည်သို့ လုပ်နိုင်မည်နည်း။ ထို့အပြင် အိပ်မက်တစ်ခုကဲ့သို့ အမှန်တကယ် ဖြစ်နေကြောင်းကိုလည်း ခံစားရဦးမည် ဖြစ်၏။

ထိုသို့တိုင်အောင် လန်လင်းက ဆက်၍သာ ကြိုးစားနေသည်။

နောက်ထပ် တစ်နာရီ ကုန်ဆုံးသွား၏။ သူ ကျရှုံးသွားရုံသာမက စိတ်ကလည်း ပို၍ပင် ရှင်းလင်းလာသည်။ လေ့ကျင့်မှု တစ်ခုလုံးက သူ့အတွက် မိုက်မဲနေသလို ခံစားလာရပြီး အောင်မြင်ရန်လမ်းနှင့် ပို၍ ဝေးကွာလာ၏။

ဤအတိုင်း ဆက်လုပ်နေခြင်းက အချိန်ဖြုန်းနေခြင်းသာ ဖြစ်ကြောင်း လန်လင်း နောက်ဆုံး၌ သဘောပေါက်သွားသည်။

ထို့ကြောင့် မျက်လုံးများကို မှိတ်လိုက်ပြီး နက်ရှိုင်းသည့် စိတ်အာရုံထဲသို့ ဝင်ရောက်သွားပြီး စိတ်ထဲမှ ခေါ်လိုက်၏။ "အသူရာမိစ္ဆာကြယ်။"

ရုတ်တရက် သူ၏ မှောင်မိုက်နေသည့် စိတ်အာရုံ၏ အနက်ရှိုင်းဆုံး နေရာ၌ မှေးမှိန်သော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက အသူရာမိစ္ဆာကြယ်ပင်။

ခံစားချက်မဲ့နေသယောင်ရှိသည့် အသံတစ်သံ ပဲ့တင်ထပ်လာ၏။ "ဘာကိစ္စများ ရှိလို့လဲ... သခင်။"

လန်လင်းက ပြတ်သားစွာ ပြောသည်။ "ငါ့ရဲ့ နဂါးစွမ်းအားကို နှိုးဆွဖို့ လိုနေတယ်။"

"နားလည်ပါပြီ။" အသူရာမိစ္ဆာကြယ်က တုန်ခါသွားပြီး ကြီးမားလှသည့် စွမ်းအင်လှိုင်းကြီးတစ်ခုက ပေါက်ကွဲထွက်လာ၏။ ထို့နောက် လန်လင်းကို သတိပေးလာသည်။ "သခင်... ကျွန်တော့်ဆီမှာ စွမ်းအင် အရမ်းနည်းနေပြီ။ စွမ်းအင်တွေ ထပ်စုပ်ယူနိုင်ဖို့အတွက် ခင်ဗျား ရန်သူတွေကို အမြန်ဆုံး သတ်ပစ်ဖို့ လိုတယ်။"

ထိုသို့ပြောပြီးနောက် အသူရာမိစ္ဆာကြယ်၏ အလင်းရောင်က မှေးမှိန် ပျောက်ကွယ်သွားတော့၏။

လန်လင်းက မျက်လုံးများ ဖွင့်လိုက်ပြီး ရဲ့ကျင်းယွီကို ကြည့်လိုက်သည်။

သူ ဘာမှမပြောသော်လည်း သူ၏ ပြုံးသယောင်ယောင် မျက်လုံးအကြည့်တို့ကြောင့် ရဲ့ကျင်းယွီ၏ မျက်လုံးတို့က အံ့အားသင့်စွာ ပြူးကျယ်သွားရ၏။ "ဒါ... ဒါ မဖြစ်နိုင်ဘူး။ နဂါးစွမ်းအားကို နှိုးဆွတာက ပါရမီနဲ့ ဘာမှမဆိုင်ဘူး။ ထပ်ခါတလဲလဲ လေ့ကျင့်မှု ထောင်ပေါင်းများစွာ လိုအပ်တာ။ သခင်လေး ဘယ်လောက်ပဲ ပါရမီပါပါ ၊ ဒါက ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။"

သူမက လန်လင်း၏ လက်ကို အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။ "အခုချက်ချင်း သခင်လေးရဲ့ နဂါးစွမ်းအားကို နှိုးဆွကြည့်။ ကျွန်မ ခံစားသိနိုင်တယ်။"

လန်လင်းက စွမ်းအင်များ ထုတ်လွှတ်ရန် အသူရာမိစ္ဆာကြယ်အား စိတ်ထဲမှ အမိန့်ပေးလိုက်၏။ ချက်ချင်းပင် အသူရာမိစ္ဆာကြယ်က လင်းလက်သွားပြီး တောက်ပသည့် စွမ်းအင်ကြိုးမျှင်ပေါင်း မရေမတွက်နိုင်အောင်ကို ပစ်လွှတ်လိုက်သည်။

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ရဲ့ကျင်းယွီ ခံစားလိုက်ရသည်။ သူမ လုံးဝ အေးခဲသွားပြီး မယုံကြည်နိုင်စွာဖြင့် လန်လင်းကို စိုက်ကြည့်နေမိ၏။ "သခင်လေး... သခင်လေးက တကယ့်ကို ပါရမီရှင်ပဲ။"

နဂါးစွမ်းအား နှိုးဆွခြင်း ဒုတိယအဆင့်မှာ တစ်လပြည့်အောင် အချိန်ယူရမည် ဖြစ်၏။ ထိုသို့တိုင်အောင် လန်လင်းက တစ်ရက်တည်းဖြင့် ပြီးမြောက်သွားလေပြီ။

ရဲ့ကျင်းယွီမှာ အလွန် အံ့ဩတုန်လှုပ်သွားသဖြင့် သူမ၏ ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့တော့ချေ။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သိုင်းလောကမှာ အပိုင်း ၆၀ free ပေးပြီးမှ စရောင်းလို့ ရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုရှိတယ်ဗျ။ တရားဝင်ပြောထားတာတော့ မဟုတ်ပါဘူး။ ချမရေးထားတဲ့ စည်းကမ်းလို့ခေါ်ရမယ်။

ဒါပေမဲ့ ကျွန်တော် စာဖတ်သူ ဘယ်လောက်လျော့သွားလဲ ဘာညာကို တွက်ကြည့်ချင်တာမလို့ စာစဥ် ၃ ကို အရောင်းတင်မယ်နော်။ စာစဥ် ၄ ၅ က အခမဲ့ပါဗျ။ ၆ မှာ တစ်ချက် စာဖတ်သူ ဘယ်လောက်ကျန်လဲ အရေအတွက်ကို စစ်ချင်လို့ အရောင်းပြန်တင်ပါမယ်။ ပြီးရင် ၇ ၈ ကို အခမဲ့တင်ပေးပါမယ်ဗျို့။

၁ ၂ ၄ ၅ ၇ ၈/ total အပိုင်း ၆၀ ဖရီးပါဗျ။ စာစဥ် ၉ ကစပြီး အရောင်းစပါမယ်။ ဆယ်ပိုင်း ၅၀၀ ပါဗျ။ ကြားထဲမှာ အဆင်ပြေရင် ပြေသလို Ongoing အားပေးမဲ့ စာဖတ်သူတွေအတွက် Free Book လေးတွေကို ညှပ်ထည့်ပေးပါမယ်ဗျ။ ^^

All Chapters