အခန်း ၂၂
Vol. 3 Ch. 22
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရှုခင်းမှာ ချက်ချင်း ပြောင်းလဲသွား၏။ စိမ်းလန်းသော မြက်ခင်းများ ၊ တောက်ပသည့် ပန်းမန်များနှင့်အတူ အသက်ရှူမှားလောက်အောင် လှပလှသည်။ လေထုထဲ၌ပင် ဆွဲဆောင်မှုရှိသည့် ရနံ့များ ပြည့်နှက်နေ၏။
အသွားအလာလုပ်နေသူတိုင်းမှာလည်း တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ထျန်းရွှေမြို့စား၏ မြင်းရထားကို မြင်သည့်အခါ လူတစ်ယောက်က လှောင်ပြုံး ပြုံးလိုက်သည်။ "ဟေး... ဖားပြုတ်ကြီး ပြန်လာပြီကွ။"
ယခင်က ဆိုလွန်သည် အဆင့်အတန်း ကွာခြားမှုကို ဂရုမစိုက်ဘဲ မင်းသမီး ကျိနင်နောက်သို့ လိုက်ခဲ့သည့်အတွက် ဖားပြုတ်ဟူ၍ လှောင်ပြောင်ခံခဲ့ရခြင်း ဖြစ်သည်။
မင်းမျိုးမင်းနွယ် လူငယ်တစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ "ဒီဖားပြုတ်ကြီးကို ငါတို့ ဂရုစိုက်နေစရာ မလိုတော့ဘူး။ သူ ကျောင်းထုတ်ခံလိုက်ရပြီမလို့ ဘွဲ့ထူးကိုလည်း ဆက်ခံနိုင်တော့မှာ မဟုတ်ဘူး။ တော်ဝင်မိသားစုထဲက တစ်ယောက်ယောက်က သူ့ကို ဖယ်ရှားပစ်ချင်နေပဲ။"
"မင်းသမီး ကျိနင်ကို အရူးအမူး လိုက်ရအောင်ကို သူ့ကိုယ်သူ အထင်ကြီးနေတာ။ မှတ်လောက်ပြီပေါ့။ ဒါ သူနဲ့ တန်ပါတယ်။ ဘုရင်ကြီးတောင် ဒေါသထွက်နေပြီ။"
"..."
လန်လင်း မျက်မှောင် အနည်းငယ် ကျုံ့လိုက်သည်။ "ဒီအရူးတွေက ဒီနေ့ ဆိုမိသားစု ကျောင်းထုတ်ခံရရင် မနက်ဖြန် သူတို့အလှည့် ရောက်လာမယ်ဆိုတာကို မသိကြဘူးပဲ။ တော်ဝင်မိသားစုက ဆိုမိသားစုကို ပစ်မှတ်ထားနေတာ ဆိုလွန်က ကျိနင်နောက် လိုက်နေလို့ မဟုတ်ဘူး။ မှူးမတ်တွေနဲ့ မြို့စားတွေရဲ့ အာဏာကို လျှော့ချချင်လို့ပဲ။"
လန်လင်း၏ စကားကို ကြားသောအခါ ဆိုနင်ပင်း၏ လှပသည့် မျက်လုံးတို့က အရောင်တောက်လာ၏။ ဤမောင်လေးအသစ်မှာ အနည်းငယ် အတွေ့အကြုံနုပြီး ရှက်တတ်သော်လည်း ဉာဏ်ပညာနှင့် အမြော်အမြင်ပိုင်း၌မူ စော်လိုက်ရာတွင်သာ စကားပြောကောင်းသည့် သူမ၏ မောင်အရင်း ဆိုလွန်ထက် အများကြီး သာလွန်နေသည်ဟု ဆိုရပေမည်။
ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဆိုလွန်က အကယ်ဒမီမှာ ရည်းစားတွေ အများကြီးရှိပြီး မိန်းကလေးတွေနဲ့ပဲ အချိန်ဖြုန်းနေတော့ တခြား ယောက်ျားလေးတွေ ကြားထဲမှာ ရေပန်းမစားဘူး။ သေချာတာပေါ့... သူက မိန်းမရှုပ်ပြီး အသစ်အဆန်းတွေကိုပဲ အမြဲရှာနေတော့ မိန်းကလေးတွေကလည်း သူ့ကို မုန်းကြတယ်။"
ခွေးကောင်ဆိုလွန်သည် လမ်းပေါ်မှ ကြွက်တစ်ကောင်နှင့် တူလှပြီး လူတိုင်းက သူ့ကို နင်းသတ်ချင်နေကြခြင်းပင်။
ဧရာမ အဆောက်အအုံကြီးတစ်ခု၏ ရှေ့သို့ ရောက်လာသောအခါ ဆိုနင်ပင်းက တိုးညင်းစွာ ပြောလိုက်သည်။ "မောင်လေး... မြင်းရထားပေါ်မှာ ခဏလောက် စောင့်နေဦးနော်။ မောင်လေးကို ဘယ်သူက ကျောင်းထုတ်ချင်နေတာလဲ ၊ အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို အစ်မ သွားစုံစမ်းကြည့်လိုက်ဦးမယ်။"
လန်လင်း ခေါင်းညိတ်လိုက်ပြီး အစ်မဖြစ်သူ ရထားပေါ်မှ ဆင်းနိုင်ရန် ကူညီပေးဖို့ လက်လှမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီကလည်း သူမကို ကူညီရန် လက်လှမ်းလာသည်။
ဆိုနင်ပင်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် လန်လင်း၏ လက်မောင်းကို အသာအယာ ကိုင်ကာ မြင်းရထားပေါ်မှ ဆင်းလိုက်၏။
သူမ၏ ကိုယ်လုံးလေးမှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ မြင်းရထားပေါ်မှ အဆင်း၌ ခါးလေး အနည်းငယ် ကိုင်းသွားချိန်၌ ကျောပြင်နှင့် တင်ပါး အချိုးအစားက မိုးမခကိုင်းလေးတစ်ခုလို ကျော့ရှင်းနေ၏။ ထိုမြင်ကွင်းကြောင့် လန်လင်းတစ်ယောက် ငေးမောသွားရသည်။
ရဲ့ကျင်းယွီက သတိထားမိသွားပြီး လန်လင်းအား စူးရဲစွာ မျက်လုံးပြူးပြူးပြီး စိုက်ကြည့်လိုက်၏။ လန်လင်း ချက်ချင်းပင် မျက်နှာနီရဲသွားကာ အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်သည်။
သို့သော် ဆိုနင်ပင်းကမူ သူ့ကို ချိုသာစွာ ပြုံးပြလိုက်ပြီး အပြစ်တင်သယောင်ယောင် အကြည့်လေးဖြင့် ကြည့်လိုက်ရာ လန်လင်းတစ်ယောက် အရည်ပျော်သွားသလို ခံစားလိုက်ရသည်။
**--**--**--**--**--**--**--**
အစ်မဖြစ်သူ ဆိုနင်ပင်း၏ ဆွဲဆောင်မှုက ကမ္ဘာမြေပေါ်ရှိ နွေရာသီတစ်ခု၌ အစ်မ လန်ခုံးတစ်ယောက် ပါးလွှာသည့် အဝတ်အစားများကို ဝတ်ဆင်ကာ တစ်ရေးအိပ်နေခဲ့သည့် အချိန်ကို လန်လင်းအား ပြန်လည် သတိရသွားစေ၏။
ထိုစဉ်က သူမ ဘေးတစောင်း အိပ်နေပြီး ကိုယ်လုံးလေး အနည်းငယ် ကွေးနေကာ အကောက်အကွေ့များက အတိုင်းသားပေါ်နေခဲ့သည်။ ရင်ဘတ်မှ ကြယ်သီးများ ပြုတ်နေသဖြင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးပြီး နက်ရှိုင်းသည့် ရင်သားအကွဲကြောင်းလေး ပေါ်နေကာ အလွန်တရာ ဆွဲဆောင်မှု ရှိလှ၏။
ရာသီဥတု ပူပြင်းလွန်းသောကြောင့်လား မသိပေ။ လန်လင်းသည် အစ်မ လန်ခုံး၏ ခပ်ဖူးဖူး နှုတ်ခမ်းကို ငုံ့နမ်းလိုက်ပြီး သူမ၏ အဝတ်အစားထဲသို့ လက်လျှိုဝင်ကာ ခိုး၍ ကိုင်တွယ်မိခဲ့၏။
ထိုသို့ ဆိုးသွမ်းသည့် အလုပ်များကို လုပ်ပြီးနောက် ကြောက်ရွံ့လာသဖြင့် အစ်မဖြစ်သူ၏ အခန်းထဲမှ အမြန်ဆုံး ထွက်ပြေးတော့သည်။ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ အစ်မက မျက်လုံးများ မဖွင့်သေးသော်လည်း သူမ၏ မျက်နှာတို့ကမူ နီရဲနေကြောင်း တွေ့ခဲ့ရ၏။
ထို့အပြင် ထိုနေ့ ညနေခင်း ညစာစားရန် အစ်မဖြစ်သူက သူ့ကို လာခေါ်သည့်အခါ လူဆိုးလေးဟု ပြောလုမတတ် အပြစ်တင်သယောင်ယောင် အကြည့်လေးဖြင့် ကြည့်ခဲ့သေးသည်။
ယခုအချိန်၌ ဆိုနင်ပင်း၏ အကြည့်ထဲမှ ဆွဲဆောင်မှုမှာ ထိုစဉ်က လန်ခုံး၏ အကြည့်နှင့် အတိအကျပင် တူညီနေသည်။
လန်လင်း သတိပြန်ဝင်လာချိန်၌ ဆိုနင်ပင်း၏ ကိုယ်လုံးလေးမှာ ပျောက်ကွယ်သွားလေပြီ။ သို့သော် ပြုံးစစနှင့် တင်းမာနေသည့် ရဲ့ကျင်းယွီ၏ အကြည့်သာ ကျန်ရစ်တော့၏။
ရဲ့ကျင်းယွီက တစ်ဝက်နောက်ပြောင် တစ်ဝက်သတိပေးသည့်ဟန်ဖြင့် မျက်စောင်းထိုးလိုက်သည်။ "သူက သခင်လေးရဲ့ အစ်မဆိုတာကို မမေ့နဲ့ဦး။"
လန်လင်း ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောချေ။ အစ်မဖြစ်သူကို လက်ထပ်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်ကာ မည်သူကမျှ သူ၏ စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
**--**--**--**--**--**--**--**
နာရီဝက်ခန့် ကြာပြီးနောက် ဆိုနင်ပင်းက လေးနက်သည့် မျက်နှာထားဖြင့် မြင်းရထားဆီသို့ ပြန်ရောက်လာ၏။
လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "အစ်မ... အခြေအနေက အရမ်း ဆိုးနေလား။"
ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဒုတိယကျောင်းအုပ် ရော်ဂျာက မောင်လေးကို ကျောင်းထုတ်ဖို့ လုပ်နေတာ။ သူက မင်းသမီး ကျိနင်ရဲ့ ဆရာလေ။"
ရော်ဂျာ...။ လက်နှစ်ချောင်းဂိမ်းထဲမှ မြေခွေးကောင်လော။
ဤကမ္ဘာ၌ တိုက်ရိုက်တပည့်များသာလျှင် ဆရာဟု ခေါ်ဆိုနိုင်ပြီး ယေဘုယျအားဖြင့် လမ်းညွှန်ဆရာဟုသာ ခေါ်ဝေါ်ကြ၏။
လန်လင်းက အေးစက်စွာ ပြောလိုက်သည်။ "ဒီခွေးမ ကျိနင်...။"
ဤကမ္ဘာသို့ ရောက်လာကတည်းက သူ အမုန်းဆုံးလူမှာ မင်းသမီး ကျိနင်ပင်။
လန်လင်း ဆဲရေးလိုက်သည်ကို ကြားသော်လည်း ဆိုနင်ပင်းမှာ မနှစ်မြို့ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဆိုလွန်သာ လန်လင်းကဲ့သို့ ဉာဏ်ပညာရှိခဲ့လျှင် သေဆုံးမည် မဟုတ်ဟု သူမ တွေးမိလိုက်၏။
လန်လင်းက သူမအား စိုက်ကြည့်လိုက်သည်။ "ကျွန်တော့်ကို ကျောင်းထုတ်ဖို့ ဆုံးဖြတ်ချက်က အကယ်ဒမီ ကော်မတီရဲ့ အတည်ပြုချက်ကို ရပြီးသွားပြီလား။"
ဆိုနင်ပင်းက ခေါင်းခါလိုက်သည်။ "မလိုဘူးလေ...။ ရော်ဂျာက အကယ်ဒမီရဲ့ ပထမ ဒုတိယကျောင်းအုပ် ဖြစ်သလို အထက်တန်းလွှာ အကယ်ဒမီရဲ့ ကျောင်းအုပ်လည်း ဖြစ်တယ်။ သူ့မှာ အကယ်ဒမီ ကော်မတီကို ဖြတ်စရာမလိုဘဲ မောင်လေးကို ကျောင်းထုတ်နိုင်တဲ့ အာဏာရှိတယ်။"
ပုံမှန်အခြေအနေမျိုး၌ဆိုလျှင် ကျောင်းထုတ်ခံရခြင်းက သိပ်အရေးမကြီးလှချေ။ တော်ဝင်အကယ်ဒမီသို့ တက်သည်ဖြစ်စေ ၊ မတက်သည်ဖြစ်စေ ပြဿနာ မရှိပေ။ သို့သော် ယခုအခါ၌ ဘွဲ့ထူးဆက်ခံရေးနှင့် ပတ်သက်နေသည်။
အကယ်၍ တော်ဝင်အကယ်ဒမီမှသာ ကျောင်းထုတ်ခံရပါက လန်လင်း၏ ဘွဲ့ထူးဆက်ခံနိုင်မည့် အခွင့်အရေးက လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ဤသည်က မြို့စားကြီး ကျိထင်သည် ငွေရပြီးနောက် အမှန်တကယ်ပင် ကြိုးကြိုးစားစား လုပ်ဆောင်ပေးနေသည်ဟူသော ကောက်ချက်ကို ဖြစ်ပေါ်စေ၏။ ကျိလီနှင့် ကျိနင်တို့က ဖိအားကို ခံစားလိုက်ရသောကြောင့်သာ ဤနည်းဗျူဟာကို အသုံးပြုခြင်း ဖြစ်သည်။
တော်ဝင်အကယ်ဒမီသည် အထက်တန်းလွှာ ကျောင်းသားများကို တစ်ခါမှ ကျောင်းမထုတ်ဖူးချေ။ ယခုတစ်ကြိမ် ဒုတိယကျောင်းအုပ် ရော်ဂျာ၏ ချွင်းချက်မှာလည်း တန်ဖိုးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
ထို့အတွက်ကြောင့် ဆိုလွန်ကို ကျောင်းထုတ်လိုက်ခြင်းမှာ မင်းသမီး ကျိနင်၏ လက်ချက်ဖြစ်သည်မှာ ရာခိုင်နှုန်းပြည့် သေချာနေပြီး လန်လင်းကို ဘွဲ့ထူးအဆင်ပြေပြေ ဆက်ခံနိုင်ခြင်းမှ ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်သည်။
လန်လင်းက မျက်ခုံးပင့်လိုက်သည်။ "ဒီဆုံးဖြတ်ချက်ကို ဘယ်သူက ပြောင်းလဲပေးနိုင်ပြီး အကယ်ဒမီရဲ့ အမိန့်ကို ပြန်ရုတ်သိမ်းအောင် လုပ်နိုင်မလဲ။"
ဆိုနင်ပင်းက လေးနက်စွာ ပြောသည်။ "ကျောင်းအုပ် ကျန်းယုံ..။ သူက မြို့စားပဲ။"
"သူက ကျွန်တော်တို့ ဆိုမိသားစုနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲ။"
ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "မကောင်းဘူး။ သူက သူ့မိသားစုရဲ့ ပိုင်နက်ကို စွန့်လွှတ်ပြီး ပညာရေးအတွက်ပဲ မြှုပ်နှံထားတာ။ သူက အရမ်း ခပ်တန်းတန်း နေတတ်ပြီး ဆိုလွန်လို ကျောင်းသားမျိုးကို ရွံရှာတယ်။"
ရဲ့ကျင်းယွီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။ "ကျောင်းအုပ်ရဲ့ လမ်းကတော့ သေချာပေါက် ပိတ်နေပြီ။ သူ့မှာ ဆိုလွန်နဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့ ရန်ငြိုးတစ်ခု ရှိတယ်။"
လန်လင်း အံ့အားသင့်သွားသည်။ ဆိုလွန်က သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ကျောင်းအုပ် ကျန်းယုံကမူ ဩဇာကြီးမားသူ တစ်ဦး ဖြစ်၏။ သူတို့၏ အဆင့်အတန်းများက မိုးနှင့်မြေလို ကွာခြားနေသည့်အတွက် သူတို့ကြား၌ မည်သည့် နက်ရှိုင်းသော အမုန်းတရားမှ ရှိနေနိုင်မည် မဟုတ်ချေ။
ရဲ့ကျင်းယွီက နှုတ်ခမ်းမဲ့လိုက်သည်။ "ကောလာဟလတွေ အရဆိုရင် ဆိုလွန် ဖောက်ပြန်နေတဲ့ ဆရာမ နီယာက ကျောင်းအုပ် ကျန်းယုံရဲ့ ချွေးမတဲ့။ သူတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ် မိသွားတာ။ မိသားစု အရှုပ်တော်ပုံတွေကို လူလုံးရှေ့ မချပြသင့်တာရယ် ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖြေရှင်းဖို့ သူ့ရဲ့ ရာထူးကို အသုံးမချနိုင်တာရယ်ကြောင့်သာ မဟုတ်ရင် ကျောင်းအုပ်က ဆိုလွန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေမှာပဲ။"
လန်လင်း သွေးအန်လုနီးပါး ဖြစ်သွားရ၏။ ဤဆိုလွန်က သေလမ်းကို အမှန်တကယ်ပင် ရှာတတ်သည်။ ဆရာမ တစ်ယောက်ကို မြူဆွယ်ခဲ့၏။ ပိုဆိုးသည်မှာ ကျောင်းအုပ်၏ ချွေးမ ဖြစ်နေခြင်းပင်။
ဤကဲ့သို့အခြေအနေမျိုး၌ ကျောင်းအုပ်က သူ့ကို မသတ်လိုက်ခြင်းကပင် မြင့်မားသည့် ကိုယ်ကျင့်တရားနှင့် သဘောထားကြီးမှုကို ပြသနေခြင်း ဖြစ်သည်။ ထိုသူ့ထံမှ အကူအညီ တောင်းရန် တွေးနေသေးသည်လား။ အိပ်မက်မက်နေခြင်းသာ ဖြစ်၏။
ပင်လယ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်ကို သတ်သေလိုက်ခြင်းကပင် ဒုက္ခများမှ ဝေးကင်းပေလိမ့်မည်။
လန်လင်းက မျှော်လင့်တကြီးဖြင့် ပြောသည်။ "မြို့စားကြီး ကျိထင်ကို ဝင်ပါပေးဖို့ တောင်းဆိုလို့ မရဘူးလား။"
ဆိုနင်ပင်းက ခေါင်းခါလိုက်သည်။ "တော်ဝင်အကယ်ဒမီက အရမ်း သီးသန့်ဆန်ပြီး တော်ဝင်မိသားစုကလည်း အလွယ်တကူ ဝင်စွက်ဖက်လို့ မရဘူး။ မြို့စားကြီး ကျိထင်ကို ရှေ့ထွက်ခိုင်းလိုက်ရင် ပြောင်းပြန် အကျိုးသက်ရောက်မှုပဲ ဖြစ်သွားလိမ့်မယ်။ တော်ဝင်အကယ်ဒမီက မြို့စားကြီး ကျိထင်လို ကပ်ပါးကောင်တွေကို အမုန်းဆုံးနဲ့ အထင်အသေးဆုံးပဲ။"
ဤသို့ဆိုလျှင် ဖြေရှင်းရန် နည်းလမ်း လုံးဝ မရှိတော့ဘူးပေါ့။
သူ ကျောင်းထုတ်ခံရခြင်းနှင့် ဘွဲ့ထူး ဆုံးရှုံးသွားရတော့မည်ကို ဆိုမိသားစုအနေဖြင့် အထက်တန်းလွှာ အဆင့်အတန်းနှင့် ထျန်းရွှေမြို့၏ ပိုင်နက်ကို ထာဝရ ဆုံးရှုံးသွားမည်ကို ထိုင်ကြည့်နေရုံသာ ရှိတော့သည်။
ပိုင်နက်နှင့် ဘွဲ့ထူးကို ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် အစ်မဖြစ်သူ ဆိုနင်ပင်း ရင်ဆိုင်ရမည့် ဆိုးရွားလှသော အခြေအနေကို စိတ်ကူးကြည့်ရန် လွယ်ကူလှ၏။
ဤသို့ အဖြစ်ခံ၍ မရပေ။ အကယ်ဒမီ၏ ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းရန် နားချရမည်။
လန်လင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်သီးဆုပ်လိုက်သည်။ "အစ်မ... ဒီအခြေအနေမှာ ကျွန်တော်တို့ သေမတတ် တိုက်ပွဲဝင်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ကျောင်းအုပ် ကျန်းယုံ သူ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းအောင် ကျွန်တော်တို့ လုပ်ရမယ်။"
ဆိုနင်ပင်း မျက်လုံးပြူးသွားသည်။ "မောင်လေးမှာ ဘာအစီအစဉ် ရှိလို့လဲ။"
လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ဆိုလွန်က ကျောင်းအုပ် ကျန်းယုံရဲ့ ချွေးမနဲ့ ဖောက်ပြန်ခဲ့တာ မဟုတ်ဘူးလား။ ဒါဆိုရင် အခု ကျွန်တော်က ဆိုလွန်အနေနဲ့ သူ့ဆီသွားပြီး အကူအညီ တောင်းမယ်။ သူက ကျောင်းအုပ် ကျန်းယုံရဲ့ ချွေးမဆိုတော့ ဆုံးဖြတ်ချက် ပြန်ရုတ်သိမ်းအောင် ကျောင်းအုပ်ကို နားချပေးနိုင်ကောင်း နားချပေးနိုင်လိမ့်မယ်။"
လန်လင်း၏ စကားကို ကြားသည့်အခါ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ နှစ်ယောက်စလုံး မှင်သက်သွားကြ၏။
ဤသည်မှာ သောက်ကျိုးနည်း သေလမ်းရှာနေခြင်း မဟုတ်ပါလော။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team