အခန်း ၂၃
Vol. 3 Ch. 23
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယခင်က ဆိုလွန်နှင့် ဆရာမ နီယာတို့ ဖောက်ပြန်နေသည်ကို လက်ပူးလက်ကြပ် မိခဲ့ပြီး ထိုသတင်းကို ဖုံးဖိထားခဲ့ရ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ဖို့ကိုလည်း တားမြစ်ခံထားရသည်။
သို့သော် ယခုအခါ လန်လင်းက ထိုအမျိုးသမီးကို သွားရှာမည်ဟု ဆိုနေ၏။ ကျောင်းအုပ် ကျန်းယုံသာသိပါက လန်လင်းကို အပိုင်းပိုင်း ဆွဲဖြဲပြီး အမ်ဘာသားရဲများကို ကျွေးပစ်ပေလိမ့်မည်။
ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ "ဆိုလွန်ရဲ့ ချစ်သူဟောင်း ဆရာမ နီယာဆီ သွားမလို့လား။ လက်ပူးလက်ကြပ် မိကတည်းက ဆရာမ နီယာနဲ့ ဆိုလွန်ကို ထပ်တွေ့ခွင့် မပေးတော့ဘူးဆိုတာ ရှင်သိသင့်တယ်။ အဲဒီတုန်းက ဆိုလွန် သေဘေးကနေ သီသီလေး လွတ်လာတာ။ အခု ရှင်က ဆိုလွန်လေ။ သူ့ဆီသွားပြီး ဇာတ်လမ်းပြန်စမလို့လား။ ရှင် သေချင်နေတာပဲ။"
လန်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲဒါကြောင့် သေရမယ့် အခြေအနေရောက်မှ ရှင်သန်နိုင်မယ့် လမ်းစကို ရှာတွေ့နိုင်မယ်လို့ ကျွန်တော် ပြောတာပေါ့။"
ရဲ့ကျင်းယွီနှင့် ဆိုနင်ပင်းတို့ တိတ်ဆိတ်သွားပြီး ဘာလုပ်ရမည် ၊ မည်သို့ ရွေးချယ်ရမည်ကို မသိတော့ပေ။
လန်လင်းက ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်တော်က ဒီမိသားစု၌ တစ်ဦးတည်းသော ယောက်ျားပဲ။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်ပဲ ဆုံးဖြတ်မယ်။ ဆရာမက အကယ်ဒမီမှာ ရှိသေးလား။"
ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး။ မရှိတော့ဘူး။ သူနဲ့ ဆိုလွန် ဖောက်ပြန်တာကို မိသွားပြီးနောက် သူက တော်ဝင်အကယ်ဒမီကနေ မြောက်ပိုင်းပြည်နယ်ရဲ့ လင်ဖုန်းကောင်တီကို ပြောင်းရွှေ့ခံလိုက်ရတယ်။"
မြောက်ပိုင်းပြည်နယ်ရှိ လင်ဖုန်းကောင်တီမှာ မြို့တော် ကျစ်တူးနှင့် လီ ၁၂၀၀ ခန့် ကွာဝေးသည်။
ဆိုနင်ပင်းက ရုတ်တရက် မေးလိုက်သည်။ "ဒီကိစ္စတွေကို အစ်မ ဘာလို့ မသိရတာလဲ။"
ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ "ဟူး...။ သခင်မလေးက အရမ်း စိုးရိမ်တတ်လွန်းတယ်လေ။ သခင်လေး ဆိုလွန် ဖန်တီးတဲ့ ပြဿနာတချို့ကို ကျွန်မတို့ဘာသာ ရှင်းလိုက်တာတွေ ရှိတယ်။ အဲဒါကြောင့် သခင်မလေးကို အသိမပေးတာပါ။"
ဆိုနင်ပင်းက ရဲ့ကျင်းယွီကို စူးရဲစွာ စိုက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောချေ။ ထို့အပြင် သူမမှာ အလွန် လှပပြီး နူးညံ့လွန်းလှသဖြင့် စူးရဲစွာ စိုက်ကြည့်နေလျှင်ပင် ကြောက်စရာမကောင်းဘဲ ပို၍ပင် နူးညံ့ချစ်စရာကောင်းနေသည်ဟုသာ ခံစားရစေ၏။
လန်လင်းက လေးနက်စွာ ပြောသည်။ "အိမ်ကို ချက်ချင်း ပြန်ကြရအောင်။ ဆိုလွန်ရဲ့ လှုပ်ရှားမှုတိုင်းကို အတတ်နိုင်ဆုံး တုပဖို့ ကြိုးစားပြီး နီယာ့အကြောင်းကို သေချာ နားလည်အောင် လုပ်မယ်။ မနက်ဖြန် မနက်ကျရင် သူ့ကို ရှာဖို့ မြောက်ပိုင်းပြည်နယ်က လင်ဖုန်းကောင်တီကို ကျွန်တော် သွားမယ်။"
လန်လင်း၏ စကားများက ပြတ်သားလှသည်။ သူသည် အယောင်ဆောင်တစ်ဦး ၊ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်၏။ သို့သော် မိသားစုခေါင်းဆောင်တစ်ဦးကဲ့သို့ ကိုယ်ပိုင်အလိုဆန္ဒဖြင့် ချမှတ်လိုက်သည့် သူ၏ ဆုံးဖြတ်ချက်က ဆိုနင်ပင်းကို ထူးဆန်းသော လုံခြုံမှုတစ်မျိုး ခံစားရစေသည်။
မြို့စားကြီးဆို ဖျားနာသွားကတည်းက ဆိုနင်ပင်းက ဆိုမိသားစု၏ အရာအားလုံးကို တာဝန်ယူခဲ့ရ၏။ သူမ အလွန် စိုးရိမ်ပူပန်ရပြီး မှီခိုစရာ ပခုံးတစ်ဖက်ကို အလွန်အမင်း ရှာဖွေချင်နေခဲ့သည်။ ယခုအခါ ထိုပခုံးက ပေါ်လာပြီဟု ထင်ရသော်လည်း ငယ်ရွယ်လွန်းနေ၏။
ဆိုနင်ပင်းက ခေါင်းညိတ်လိုက်သည်။ "အင်း...။ ကောင်းပြီလေ... အစ်မ မောင်လေး စကားကို နားထောင်ပါ့မယ်။ မောင်လေးပဲ အားလုံးကို ဆုံးဖြတ်ပါ။ မနက်ဖြန်ကျရင် ဆရာမ နီယာ့ကို သွားရှာဖို့ ရဲ့ကျင်းယွီ လိုက်ပို့ပေးလိမ့်မယ်။"
**--**--**--**--**--**--**--**
ထိုနေ့ ညနေခင်း မြို့စားအိမ်တော်သို့ ပြန်ရောက်သည့်အခါ လန်လင်းတစ်ယောက် ဆိုလွန်၏ ချစ်သူများစွာတို့၏ ပုံတူပန်းချီကားများကို ရှာဖွေကြည့်သော်လည်း နီယာ၏ ပုံတူကို မတွေ့ရပေ။
နီယာ၏ အဆင့်အတန်းနှင့် ရာထူးအရ ဆိုလွန်က သေချာပေါက် သူမ၏ ပုံတူပန်းချီကားကို သိမ်းထားမည်သာ။ ပုံတူများ ပျောက်ဆုံးနေရသော အကြောင်းရင်းမှာ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်နိုင်ပြီး ဤအရာ၏ နောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိနေကြောင်း ရှင်းလင်းစွာ ပြသနေသည်။
သို့သော် နာရီအနည်းငယ် အကြာ၌ ရဲ့ကျင်းယွီက လန်လင်းအား စာရွက်စာတမ်းတစ်ခုကို ပေးလာ၏။ ထိုစာရွက်စာတမ်း၌ ဆရာမ နီယာနှင့် ပတ်သက်သော အကြောင်းအရာများ အားလုံး ပါဝင်နေသည်။
နီယာသည် ယခုနှစ်၌ အသက် သုံးဆယ့်နှစ်နှစ် ရှိပြီ ဖြစ်၏။ ဂုဏ်သတင်းကြီးမားသည့် မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး မြို့စားအိမ်တော်တစ်ခု၏ တရားဝင် သမီးတော်ပင်။
ငယ်စဉ်ကတည်းက ထူးချွန်သည့် အနုပညာပါရမီ ပါလာပြီး နာမည်ကြီး ဆရာများထံမှ လမ်းညွှန်မှုကို ရရှိခဲ့သည်။ ဆယ်ကျော်သက် အရွယ်မှာပင် မြို့တော်၌ နာမည်ကြီးနေခဲ့ပြီ ဖြစ်၏။
ထူးချွန်ထက်မြက်သည့် ထိုမိန်းကလေးသည် အသက် ဆယ့်တစ်နှစ်အရွယ်၌ တော်ဝင်အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး ကျောင်းအုပ် ကျန်းယုံ၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့သည်။ အသက် ဆယ့်ခုနစ်နှစ်၌ ဘွဲ့ရခဲ့ပြီး ဆယ့်ကိုးနှစ်၌ လက်ထောက်ဆရာမ ဖြစ်လာကာ နှစ်ဆယ့်ခုနစ်နှစ်၌ အကယ်ဒမီသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဆရာမ ဖြစ်လာခဲ့၏။
သူမသည် ထူးချွန်သော ပါရမီရှိရုံသာမက ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အလွန်တရာ လှပလွန်းလှသဖြင့် တစ်ကျောင်းလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပြီး ကျောင်းသားများနှင့် ယောက်ျားလေး ဆရာများအားလုံး၏ အိပ်မက်ထဲမှ မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။
ယနေ့အချိန်၌ နီယာသည် နုလန်ဘုရင့်နိုင်ငံ၌ ကျော်ကြားသည့် ဂီတပညာရှင်နှင့် စာရေးဆရာမ တစ်ဦး ဖြစ်လာ၏။ အထူးသဖြင့် စောင်းတီးခတ်ရာ၌ ကျွမ်းကျင်လှသဖြင့် ဘုရင်ကျိပိုင်ကပင် လွန်စွာ ချီးကျူးရသည်။
ထို့အပြင် မြို့တော်ရှိ မြင့်မြတ်ကရုဏာအကယ်ဒမီ၌ ဆေးဘက်ဆိုင်ရာ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ဖူးသဖြင့် ထူးချွန်သည့် ဆေးပညာစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသေး၏။
အသက် နှစ်ဆယ့်တစ်နှစ်အရွယ်၌ ကျောင်းအုပ် ကျန်းယုံ၏ သားဖြစ်သူ ကျန်းနင်နှင့် လက်ထပ်ခဲ့ရာ အားကျသူများစွာ၏ နှလုံးသားကို ကွဲကြေသွားစေခဲ့သည်။
သူမ၏ ခင်ပွန်းသည် ကျန်းနင်မှာ နုလန်ဘုရင့်နိုင်ငံ၌ ရုပ်ရည်အချောမောဆုံးနှင့် အောင်မြင်မှု အရှိဆုံး လူငယ်များထဲမှ တစ်ဦးပင်။
စာပေရော ၊ သိုင်းပညာ၌ပါ ထူးချွန်ပြီး အသက် သုံးဆယ့်သုံးနှစ် အရွယ်မှာပင် နုလန်ဘုရင့်နိုင်ငံ၏ အသက်အငယ်ဆုံး သောင်းမှူးကြီး တစ်ဦးဖြစ်လာကာ မြို့စားရာထူးကို ဆက်ခံမည့်သူလည်း ဖြစ်၏။
ကျန်းနင်သည် စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံး၌ ထူးချွန်ပြီး မင်းမျိုးမင်းနွယ်ထဲမှ ဆင်းသက်လာသူ ဖြစ်ရုံသာမက မြို့တော်၌ နာမည်ကြီးသည့် ရုပ်ချောသူ တစ်ဦးလည်း ဖြစ်သည်။ အသက် ဆယ့်ခြောက်နှစ် အရွယ်ကတည်းက မိန်းမငယ်လေးပေါင်းများစွာ၏ အိပ်မက်ထဲမှ ယောက်ျားတစ်ဦး ဖြစ်ခဲ့၏။
လွန်ခဲ့သော ဆယ်နှစ်က ထိုပြီးပြည့်စုံသည့် စုံတွဲ လက်ထပ်ခဲ့ချိန်၌ လူငယ် ယောက်ျားလေးများ ၊ မိန်းကလေးများစွာ၏ နှလုံးသားကို ကွဲကြေသွားစေခဲ့သည်။ သို့သော် သူတို့နှစ်ဦးမှာ ကောင်းကင်ဘုံက ဖန်ဆင်းပေးထားသော ဖူးစာရှင်များ ဖြစ်ကြသည့်အတွက် လူတိုင်းက မနာလိုမဖြစ်ဘဲ အားကျရုံသာ အားကျခဲ့ကြ၏။
မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ သူတို့ စုံတွဲသည် ခိုင်မာသော သံယောဇဉ်ကြိုးဖြင့် ရစ်နှောင်ထားပြီး ဂျီဖက်၏ သီချင်းကဲ့သို့ပင် ဆံကျိုးသွားဖြူသည်အထိ ပေါင်းသင့်သွားသင့်သည်။
ထို့အပြင် နီယာ၏ ကြီးပြင်းလာမှုမှာ အလွန် တင်းကျပ်ပြီး ရှေးရိုးစွဲဆန်ကာ ဂုဏ်သိက္ခာ ကြီးမားလှ၏။ လှပသော်လည်း ဘယ်သောအခါမှ မပြုံးတတ်ချေ။
ကျောင်းသားများနှင့် ရင်ဆိုင်ရသောအခါ သူမကို လက်ပေါက်ကပ်ပြီး ပေါင်းသင်းရခက်သည့်သူဟုပင် ဆိုနိုင်သည်။ သူမကဲသို့ လူမျိုးမှာ လုံးဝ ဖောက်ပြန်မည့်သူ မဟုတ်ပေ။
သို့သော်... လွန်ခဲ့သော နှစ်နှစ်က နီယာသည် ဆိုလွန်အမည်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားပြီး အသုံးမကျသည့်သူနှင့် ဖောက်ပြန်ခဲ့၏။ ထိုအချိန်က သူမသည် ဆိုလွန်၏ အနုပညာနှင့် စာပေ လမ်းညွှန်ဆရာမ ဖြစ်ခဲ့ပြီး ဆိုလွန်က တူရိယာ တီးခတ်ရန် သင်ယူသော အကြောင်းပြချက်ဖြင့် သူမကို မြူဆွယ်ခဲ့ခြင်း ဖြစ်သည်။
ရုပ်ရည် ၊ စိတ်နေသဘောထား ၊ အနာဂတ် အလားအလာနှင့် ပါရမီတို့အရ ကြည့်လျှင် ဆိုလွန်သည် သူမ၏ ခင်ပွန်း ကျန်းနင်ထက် အများကြီး နိမ့်ကျပြီး နှိုင်းယှဉ်ရန်ပင် မထိုက်တန်ချေ။ နီယာက ထိုသို့ ထူးချွန်သော ခင်ပွန်းသည်ကို စွန့်ပစ်ကာ ဆိုလွန်ကဲ့သို့ လူဆိုးလူယုတ်တစ်ဦးနှင့် ဖောက်ပြန်ခဲ့ခြင်းမှာ တကယ်ကို နားလည်ရခက်လှ၏။
သို့သော် အထူကြီး ဖြစ်နေသည့် စာရွက်စာတမ်းများကို ဖတ်ရှုပြီးနောက် သူမ၏ စိတ်နေစိတ်ထားကို လန်လင်း ကောင်းစွာ နားလည်သွားသည်။ သူမသည် အနုပညာကို လေ့လာပြီး ဂီတပိုင်း၌ အထူး ထူးချွန်သူ ဖြစ်၏။ .
အနုပညာ၌ ထူးချွန်သော အမျိုးသမီးများသည် များသောအားဖြင့် ရိုမန့်တစ်ဆန်ပြီး လွတ်လပ်သည့် နှလုံးသားကို ပိုင်ဆိုင်ထားတတ်ကြသည်။
သို့သော် သူမ၏ တင်းကျပ်သော ကြီးပြင်းလာရမှုက ထိုသဘာဝစရိုက်ကို ဖိနှိပ်ထားပြီး သူမကို တင်းမာသည့် မျက်နှာထားဖြင့် အထက်တန်းလွှာ အမျိုးသမီးများ၏ ကျင့်ဝတ်စည်းကမ်း ဆိုသည်များကို လိုက်နာရန် ဖိအားပေးထား၏။
သူမ၏ ခင်ပွန်းသည်မှာ စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံး၌ ထူးချွန်ပြီး အပြစ်ဆိုဖွယ်မရှိ ချောမောသူ တစ်ဦး ဖြစ်သော်လည်း သိုင်းပညာနှင့် သူ၏ အနာဂတ် အလားအလာအပေါ်၌သာ အပြည့်အဝ စွဲလမ်းနေသူ ဖြစ်သည်။
ခွင်ပွန်းသည်က အနုပညာကို နားမလည်ရုံသာမက အထင်လည်းသေးသည်။
ထို့အတွက်ကြောင့် နီယာ့မျက်လုံးထဲ၌ သူမ၏ ခင်ပွန်း ကျန်းနင်မှာ ရိုမန့်တစ်မဆန်ဘဲ တင်းကျပ်ကာ ခံစားချက်ကင်းမဲ့သူ တစ်ဦးပင်။ ထို့အပြင် မိဘများ၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်လာကာစရှိသေးချိန်၌ တင်းကျပ်သော ခင်ပွန်းသည်၏ ချုပ်ချယ်မှုများနှင့် ထပ်မံ ရင်ဆိုင်လိုက်ရရာ သူမ၏ အတွင်းစိတ်ထဲမှ လွတ်လပ်မှုလိုစိတ်က ပို၍ပင် အားကောင်းလာတော့သည်။
ဆိုလွန်ကမူ လုံးဝ ခြားနားသည်။ သူသည် အရာရာ၌ အသုံးမကျသူ ဖြစ်သော်လည်း သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး နေတတ်ကာ သူ့စိတ်ကြိုက် အရာအားလုံးကို လုပ်ဆောင်တတ်၏။ သူ၏ နှုတ်ဖျားမှာ ပျားရည်သုတ်ထားသကဲ့သို့ အလွန် ချိုသာလှသည်။
အမျိုးသမီးများက လူဆိုးလေးများကို သဘောကျတတ်ကြရာ ဆိုလွန်၏ နေ့စဉ် မြူဆွယ်မှုနှင့် နှောင့်ယှက်မှုများကြောင့် အပြင်ပန်း၌ တည်ကြည်ပြီး အိန္ဒြေကြီးသော်လည်း အတွင်းစိတ်၌ ရိုမန့်တစ်ဆန်သော အမျိုးသမီးဖြစ်သည့် နီယာ တစ်ယောက် နောက်ဆုံး၌ သူ့အပေါ် ကျရှုံးသွားရသည်။
ဤကဲ့သို့ အနုပညာနှင့် စာပေကို မြတ်နိုးသည့် အမျိုးသမီးတစ်ဦးအတွက် ဒီလောကကြီးမှာ ကိုယ်တစ်ယောက်တည်းကသာ မင်းကို နားလည်တာပါဟူသည့် ရိုးရှင်းသော စကားတစ်ခွန်းနှင့် နှိုင်းယှဉ်နိုင်သည့် စကားလုံးမျိုး မရှိတော့ပေ။
ဆိုလွန်က အခြားအရာများ၌ အသုံးမကျသော်လည်း အမျိုးသမီးများ၏ စိတ်နေစိတ်ထားကို နားလည်ရာ၌မူ အကြွင်းမဲ့ ဆရာတစ်ဆူပင်။ ထို့အတွက်ကြောင့် သူသည် အေးစက်ပြီး ဉာဏ်ပညာရှိသည့် မင်းသမီး ကျိနင်မှလွဲ၍ အမျိုးသမီးများနှင့် ပတ်သက်လျှင် အမြဲတမ်းလိုလို အောင်မြင်ခဲ့ပြီး မိန်းမလိုက်စားခြင်းဖြင့်ပဲ နောက်ဆုံး၌ သူ၏ အသက်ကိုပင် ဆုံးရှုံးခဲ့ရသည်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team