← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သို့သော် လန်လင်း နားမလည်နိုင်သည့် အရာတစ်ခု ရှိနေသေးသည်။

နီယာ၏ အိမ်ထောင်ရေးသည် လူများ ထင်ထားသလောက် သာယာချောမွေ့မှု မရှိသော်ငြား သူမ၌ မြင့်မားသည့် ကိုယ်ကျင့်တရား စံနှုန်းများ ရှိပြီး ထိုအပေါ်၌ အလွန် စည်းကမ်းကြီးသူပင်။

ခင်ပွန်းသည်အပေါ် မကျေနပ်လျှင်ပင် သူမ ဖောက်ပြန်မည် မဟုတ်ချေ။ စိတ်ကူးနှင့် ဖောက်ပြန်ချင် ဖောက်ပြန်နိုင်သော်လည်း လက်တွေ့၌မူ ဘယ်သောအခါမှ ဖောက်ပြန်မည့်သူ မဟုတ်ပေ။

သို့ပေမဲ့ သူမ အမှန်တကယ်ပင် ဖောက်ပြန်ခဲ့သည်။ ဥယျာဉ်ထဲ၌ ဆိုလွန်နှင့် ချစ်ရည်လူးနေစဉ် လက်ပူးလက်ကြပ် မိသွားခြင်းပင်။

ထိုသို့ဆိုလျှင် နီယာ့အား ခင်ပွန်းဖြစ်သူအပေါ် ဖောက်ပြန်စေရန် မည်သည့်အရာက တွန်းအားပေးခဲ့သနည်း။ ကျန်းနင်က အရင် ဖောက်ပြန်ခဲ့ခြင်းလော။ သို့မဟုတ် ထို့ထက် ပို၍ တုန်လှုပ်ဖွယ်ကောင်းသည့် ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းလော။

ထိုအချက်ကို သိရခြင်းက ကျောင်းအုပ် ကျန်းယုံအား ကျောင်းထုတ်မည့် ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းစေမည့် သော့ချက် ဖြစ်လာနိုင်ကြောင်း လန်လင်း ခံစားမိ၏။

ထို့အပြင် ဆိုလွန်နှင့် ဆရာမ နီယာတို့ ဖောက်ပြန်နေသည်ကို မိသွားပြီးနောက် ကျောင်းအုပ် ကျန်းယုံသည် နီယာကို နေရာပြောင်းရွှေ့ရုံသာ ပြောင်းရွှေ့ခဲ့ပြီး သူမနှင့် ဆိုလွန်အပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်း မရှိချေ။

ထိုအချက်များကို တွေးမိပြီးနောက် မနက်ဖြန် ဆရာမ နီယာနှင့် တွေ့ဆုံသည့်အခါ မည်သို့ တုံ့ပြန်ရမည်ကို လန်လင်း စတင် အစီအစဉ်ဆွဲသည်။

ထို့နောက် အစ်မဖြစ်သူ ဆိုနင်ပင်း၏ လမ်းညွှန်မှုအောက်၌ ဆိုလွန်၏ အတွင်းစိတ်ကမ္ဘာထဲသို့ ဝင်ရောက်ကာ သူ၏ အပြောအဆို ၊ အပြုအမူ ၊ မျက်နှာထားနှင့် အကြည့်တို့ကို စတင် တုပ၏။

ယခင်က ဆိုလွန်၏ အပြောအဆိုနှင့် အပြုအမူများကို တုပရာ၌ လန်လင်း သိပ်မလုပ်နိုင်ခဲ့ပေ။ သို့သော် ယခုကဲ့သို့ အရေးကြီးသော အချိန်၌မူ လန်လင်း ကောင်းစွာ လုပ်နိုင်ပြီး ဆိုလွန်နှင့် တစ်ပုံစံတည်း တူညီနေမှုက ဆိုနင်ပင်း၏ လှပသည့် မျက်လုံးများကိုပင် အရောင်လက်သွားစေသည်။

ဆိုနင်ပင်းက လေးနက်သည့် လေသံဖြင့် ပြောသည်။ "ရှောင်လင်း... မောင်လေးက ဆိုလွန်ကို တုပရုံပဲ တုပပါ။ သူ့လိုလူမျိုးတော့ မဖြစ်သွားစေနဲ့။ အစ်မက လက်ရှိ မောင်လေးရဲ့ ပုံစံကိုပဲ ပိုသဘောကျတယ်။"

လန်လင်းက ဝမ်းသာအားရဖြင့် နောက်စေ့ကို ကုတ်လိုက်သည်။ "ကျွန်တော် သိပါပြီ အစ်မ။"

ဆိုနင်ပင်းက သဘောတကျ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... အချိန်လည်း လင့်နေပြီဆိုတော့ မောင်လေး သွားနားတော့လေ။ မနက်ဖြန် မနက်စောစော မြောက်ပိုင်းပြည်နယ်ကို သွားရဦးမယ်။"

လန်လင်းက ပြုံးပြလိုက်သည်။ "ကျွန်တော် စောင်း ခဏလောက် သွားကျင့်ဦးမယ်။ အစ်မ အရင် အိပ်နှင့်တော့။"

လန်လင်း မြို့စားအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာရှိ တိတ်ဆိတ်သည့် အခန်းဆီသို့ လျှောက်သွားကာ စောင်းကို စတင် တီးခတ်၏။

ဤလောက၌ ပီယာနိုဟူ၍ မရှိပေ။ ဤတူရိယာမှာ ဟာ့ပ်ဆီကော့ဖြစ်သော်လည်း ပုံစံမှာ ပီယာနိုနှင့် အတိအကျနီးပါး တူညီသည်။ သူ လေ့ကျင့်သည့် တေးသွားမှာ ပေါလ် ဆန်နီဗီး၏ နာမည်ကျော် Ballade pour Adeline ပင် ဖြစ်၏။

စောင်းတီးခတ်နေရင်း ဆိုလွန်၏ ချစ်သူဟောင်းလည်းဖြစ် ဆရာမလည်းဖြစ်သူ နီယာ့ကို မည်သို့ စည်းရုံးရမည်နည်းကို လန်လင်း တွေးနေမိသည်။

**--**--**--**--**--**--**--**

နောက်နေ့ မနက်၌ လန်လင်းတစ်ယောက် ရဲ့ကျင်းယွီနှင့်အတူ မြောက်ပိုင်းပြည်နယ်ရှိ လင်ဖုန်းကောင်တီသို့ ထွက်ခွာသွား၏။ သုံးရက်နှင့် သုံးည ခရီးနှင်ပြီးနောက် နှစ်ယောက်သား လင်ဖုန်းကောင်တီသို့ ရောက်လာကြသည်။

နီယာသည် အနုပညာပိုင်း၌ အထူးကျွမ်းကျင်ရုံသာမက ထူးချွန်သည့် သမားတော်တစ်ဦးလည်း ဖြစ်၏။ လက်ရှိအချိန်၌ မြောက်ပိုင်းတပ်မတော်၌ ရာထူးကြီးမားသည့် စစ်သမားတော်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိနေသည်း။

မြောက်ပိုင်းတပ်မတော်သည် နုလန်ဘုရင့်နိုင်ငံ၏ မြောက်ပိုင်း နယ်စပ်ကို စောင့်ကြပ်ကာ အင်အားအကြီးဆုံးဖြစ်သည့် ယန်အင်ပါယာရန်မှ ကာကွယ်ပေးနေခြင်းပင်။

ထို့အတွက်ကြောင့် တပ်စခန်းမှာ သဘာဝအတိုင်း လုံခြုံရေး အလွန် တင်းကျပ်လှပြီး လန်လင်းနှင့် ရဲ့ကျင်းယွီတို့ အတင်းအကျပ် ဝင်ရောက်၍ မရနိုင်ချေ။

ကံကောင်းစွာဖြင့် စစ်သမားတော်တာဝန်အပြင် နီယာသည် လင်ဖုန်းကောင်တီရှိ မေတ္တာရိပ်မြုံပရဟိတဂေဟာ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌလည်း ဖြစ်နေ၏။ သူမသည် ငါးရက်လျှင် တစ်ကြိမ် ထိုဂေဟာသို့ သွားရောက်ကာ မိဘမဲ့ ကလေးများကို စာသင်ပေးတတ်ပြီး မွေးရာပါ မြင့်မြတ်သည့် စိတ်ထားရှိသူ တစ်ဦး ဖြစ်သည်။

လန်လင်းတို့ လင်ဖုန်းကောင်တီရှိ မေတ္တာရိပ်မြုံပရဟိတဂေဟာသို့ ရောက်သွားချိန်၌ ဆရာမ နီယာ ရှိမနေချေ။

အံ့ဩစရာ မရှိသည်မှာ နီယာသည် ထိုဂေဟာအတွင်း၌ နတ်ဘုရားမတစ်ပါးကဲ့သို့ ဩဇာညောင်းခြင်းပင်။ ဂေဟာမှ သီလရှင်များနှင့် ဆရာ ၊ ဆရာမများမှအစ မိဘမဲ့ကလေးများ အားလုံးကပါ နီယာ့ကို သူတို့၏ အရင်းနှီးဆုံး ဆွေမျိုးတစ်ဦးအဖြစ် သတ်မှတ်ထားကြ၏။

ထို့အတွက်ကြောင့် လန်လင်းက နီယာ့အကြောင်း စုံစမ်းသည့်အခါ မည်သည့် သတင်းအချက်အလက်မှ မရရှိရုံသာမက သတိထားပြီး ရန်လိုသော အကြည့်များကိုသာ ရရှိခဲ့သည်။

သို့သော် လန်လင်း ကိုယ်တိုင်သည်လည်း မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်ကို မမေ့သင့်ချေ။ ထို့ကြောင့် ကလေးများနှင့် သီလရှင်များ၏ ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်သည်။

တစ်နာရီခန့် အကြာ၌ လန်လင်းတစ်ယောက် ကလေးများ၏ စာသင်ခန်းထဲ၌ မတ်တတ်ရပ်ကာ ကမ္ဘာမြေမှ ပုံပြင်များကို ပြောပြနေ၏။ အောက်မှ ကလေးများက အပြည့်အဝ အာရုံစိုက်ကာ နားထောင်နေကြသည်။ နေ့တစ်ဝက်အတွင်းမှာပင် ဂေဟာတစ်ခုလုံး၏ နှလုံးသားကို လန်လင်း သိမ်းပိုက်နိုင်လေပြီ။

ထိုသို့ ယုံကြည်မှုရပြီးနောက် လန်လင်းက နီယာ့အကြောင်း ထပ်မံ စုံစမ်းသည့်အခါ သီလရှင်များနှင့် ကလေးများက အရာအားလုံးကို အလုအယက် ပြောပြကြသည်။ သူတို့က လန်လင်းနှင့် နီယာတို့ ပေါင်းဖက်နိုင်ရန် အားတက်သရော တိုက်တွန်းလာကြပြီး နီယာ့ကို မည်သို့ ပိုးပန်းရမည်ကိုပင် အကြံပေးကြသေး၏။ နီယာ၌ ခင်ပွန်းရှိနေကြောင်းနှင့် သူမ၏ မြင့်မြတ်သည့် အဆင့်အတန်းကို သူတို့ မသိကြချေ။

နီယာ့ကို လာရှာခြင်း ဖြစ်သော်လည်း ဂေဟာ၌ အလွန် ပျော်ရွှင်နေသဖြင့် တစ်နေကုန် နေခဲ့ပြီး ညအိပ်ပင် တည်းခိုလိုက်သေးသည်။

ထိုနေ့ ညနေခင်း၌ သူ့အား ခေါင်းလုံးလုံးလေးများက ဝိုင်းရံထားကြပြီး သူပြောပြသည့် ပုံပြင်သုံးပုဒ်ကို နားထောင်နေကြ၏။ သီလရှင်များက အကြိမ်ကြိမ် တိုက်တွန်းပြီးမှသာ ကလေးများက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကုတင်ငယ်လေးများပေါ်သို့ တက်အိပ်ကြသည်။

ကောင်မလေး တစ်ယောက်က တီးတိုးလေး ပြောလိုက်သည်။ "အစ်ကို... မနက်ဖြန်ကျရင် အန်တီ နီယာ လာပြီး စာသင်ပေးမှာဆိုတော့ အစ်ကို အကောင်းဆုံး ကြိုးစားရမယ်နော်။"

**--**--**--**--**--**--**--**

မျှော်လင့်ထားသည့်အတိုင်းပင် နီယာ ဂေဟာသို့ ဝင်ဝင်ချင်း လုပ်သည့် ပထမဆုံး အရာမှာ လန်လင်းနှင့် ဆုံမိခြင်းပင်။

မူလက သူမ၏ မျက်နှာထက်၌ တောက်ပသည့် အပြုံးများ ပြည့်နှက်နေပြီး ထိုအပြုံးမှာ ကလေးများအတွက် ရည်ရွယ်ခြင်း ဖြစ်၏။ ငါးရက်တိုင်တိုင် မတွေ့ရသဖြင့် ကလေးများကို အလွန် လွမ်းဆွတ်နေခြင်းပင်။

သို့သော် သူမ မြင်လိုက်ရသည်မှာ ဆိုလွန်၏ မျက်နှာ ဖြစ်နေပြီး တစ်ချိန်က သူမ ချစ်လည်း ချစ် ၊ ရိုးတွင်းခြင်ဆီအထိ မုန်းခဲ့ရသည့် မျက်နှာပင်။ သူမ၏ အပြုံးက ချက်ချင်း အေးခဲသွားပြီး နေရာမှာတင် မှင်သက်ကာ ရပ်နေမိသည်။

**--**--**--**--**--**--**--**

နောက်ဆုံး၌ လှပသည့် ဆရာမ၏ ရုပ်သွင်အစစ်ကို လန်လင်း မြင်တွေ့လိုက်ရပြီ ဖြစ်၏။

အလွန်တရာ လှပလွန်းသည့် အမျိုးသမီး တစ်ဦးပင်။ သူမ၏ မျက်နှာသည် အရှေ့တိုင်း အမျိုးသမီးများ၏ သိမ်မွေ့သော အလှတရားနှင့် အနောက်တိုင်း အမျိုးသမီးများ၏ ဆွဲဆောင်မှုတို့ကို ပိုင်ဆိုင်ထားပြီး ခရမ်းရောင် ဆံကေသာနှင့် ညှို့ဓာတ်ပြင်းသည့် မြမြစိမ်းရောင် မျက်လုံးတို့ဖြင့် ညှို့အားပြင်းသည်။ ကပြား အမျိုးသမီးတစ်ဦးပင်။

သူမ၌ အလွန် တည်ငြိမ်ပြီး အိန္ဒြေရှိသည့် အမူအရာ ရှိသော်လည်း မျက်လုံးများကမူ အနောက်တိုင်း အမျိုးသမီးတစ်ဦး၏ တက်ကြွမှုနှင့် ရိုမန့်တစ်ဆန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုကွဲပြားသည့် အရည်အသွေး နှစ်ရပ်စလုံး တစ်ပြိုင်နက် ရှိနေခြင်းက သူမကို ထူးကဲစွာ ဆွဲဆောင်မှု ရှိစေ၏။

အသားအရေမှာ အနောက်တိုင်းသားများ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးမှုနှင့် အရှေ့တိုင်းသားများ၏ နူးညံ့သိမ်မွေ့မှုတို့ ပေါင်းစပ်နေပြီး နို့နှစ်ရောင် အဆင်းရှိသည်။

အရပ်အမောင်းမှာလည်း အလွန် မြင့်မားကာ ၅ ပေ ၇ လက်မကျော်ရှိပြီး သွယ်လျသော ကိုယ်လုံးနှင့် အထူးသဖြင့် ရှည်လျားကာ သေးသွယ်သည့် ခါးလေးကို ပိုင်ဆိုင်ထား၏။ ရင်ဘတ်မှသည် ကျောပြင်နှင့် တင်ပါးအထိ အကောက်အကွေ့များက အံ့မခန်း ဆွဲဆောင်မှု ရှိလှသည်။ ပွပွယောင်းယောင်း ဂါဝန်ရှည်တစ်ထည်ကပင် သူမ၏ ကောက်ကြောင်းအလှကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ချေ။

အကယ်၍ ကမ္ဘာမြေပေါ်ရှိ အမျိုးသမီး အနုပညာရှင် တစ်ဦးနှင့် နှိုင်းယှဉ်ရလျှင် ဆိုဖီ မာဆူးနှင့် အနည်းငယ် ဆင်တူပြီး ပို၍ပင် လှပနိုင်သေး၏။

ကနဦး တုန်လှုပ်နေမိပြီးနောက် ဒေါသတရား ၊ အေးစက်မှုနှင့် အတိတ်ကို အမှတ်ရသွားမှုတို့ကြောင့် နီယာလေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။

မှန်သည်။ သူမ ဆိုလွန်နှင့် ဖောက်ပြန်ခဲ့ဖူးသော်လည်း နှစ်နှစ်ကြာသွားချိန်၌ သူမ၏ နှလုံးသားထဲမှ ဆိုလွန်၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားလေပြီ။ မည်သို့ပင်ဖြစ်စေကာမူ ဆိုလွန်သည် သူမအပေါ် အပေါ်ယံသာ ကောင်းခဲ့သည့် အမျိုးသား တစ်ဦးထက် မပိုချေ။

သူမကဲ့သို့ ဉာဏ်ပညာရှိသော အမျိုးသမီး တစ်ဦးအတွက် အမှန်တကယ် ချစ်မိသွားရန် ခက်ခဲလှသည်။

နီယာက လန်လင်းအား မုန်းတီးမှု အပြည့်ဖြင့် စိုက်ကြည့်ကာ နာကြည်းစွာ ပြောသည်။ "အရင်ကလည်း နင် ငါ့ဘဝကို ဖျက်ဆီးခဲ့ပြီးပြီ... အခုလည်း ငါ့ဘဝကို ထပ်ဖျက်ဆီးဖို့ လာတာလား။"

ထို့နောက် ဘေးရှိ အမျိုးသမီးကြီးအား ကြည့်လိုက်သည်။ "အဘွား... သူ့ကို မြန်မြန် နှင်ထုတ်လိုက်ပါ။"

လန်လင်းသည် မိဘမဲ့ဂေဟာ၏ ယုံကြည်မှုနှင့် ချစ်ခင်မှုကို ရရှိထားသော်ငြား နီယာကမူ သူတို့၏ အသည်းကျော် နတ်ဘုရားမ ဖြစ်နေဆဲပင်။ နီယာ၏ စကားကို ကြားသည့်အခါ သူတို့ တွေဝေခြင်းမရှိဘဲ ရှေ့သို့ တက်လာကြကာ လန်လင်းအား တွန်းထုတ်ရန် ပြင်လိုက်ကြ၏။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၄ ပြိး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုဖီ မာဆူးက ဘယ်သူလဲ သိချင်ရင် ဂလူးဂလူးခေါက်လိုက်ပါ 😜 sophie marceau's young pics ဆိုပြီး ရှာ :3

Ballade pour Adeline ဆိုတာကတော့ ပြင်သစ်စန္ဒရားသီချင်းတစ်ပုဒ်ပါဗျ။ မြန်မာလိုတိုက်ရိုက်ပြန်ရရင် Adeline အတွက် တေးသီချင်းတစ်ပုဒ်လို့ အဓိပ္ပါယ်ရပါတယ်။

All Chapters