← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက အလျင်စလို ပြောလိုက်သည်။ "ဆရာမ နီယာ... ကျွန်တော် တစ်ခွန်းလောက် ပြောပါရစေ။ တစ်ခွန်းတည်းပါ။"

နီယာက သက်ပြင်းရှည်ကြီး ချလိုက်၏။ "ကောင်းပြီ... ပြောလေ။ တစ်ခွန်းပဲ။"

လန်လင်းက တည့်တိုးပင် တောင်းဆိုလိုက်သည်။ "ဒုတိယကျောင်းအုပ် ရော်ဂျာက ကျွန်တော့်ကို ကျောင်းထုတ်လိုက်ပြီ။ ဒါကြောင့် မြို့စားရာထူးကို ဆက်ခံလို့မရတော့ဘူး။ ဆိုမိသားစုလည်း အရာအားလုံးကို ဆုံးရှုံးရတော့မယ်။ ကျေးဇူးပြုပြီး ကူညီပါ။"

မည်သည့် ဉာဏ်နီဉာဏ်နက်ကိုမျှ မသုံးဘဲ တိုက်ရိုက်သာ တောင်းဆိုလိုက်ခြင်း ဖြစ်၏။

လက်ရှိအချိန်၌ နီယာ အကြားချင်ဆုံးစကားမှာ တောင်းပန်စကားများ မဟုတ်ကြောင်းကို လန်လင်း ခံစားမိသည်။

သူမ ကူညီရန် ဆန္ဒရှိမရှိ ဆိုသည်မှာ ဆိုလွန်အပေါ် ထားရှိသည့် ခံစားချက်များအပေါ်၌သာ လုံးဝ မူတည်နေသည်။ အကယ်၍ ခံစားချက်များ နက်ရှိုင်းနေဆဲဆိုလျှင် ထိုစကားများက သူမ၏ သနားကြင်နာမှုကို နှိုးဆွပေးရန် လုံလောက်ပေလိမ့်မည်။ ခံစားချက်များ မပြင်းထန်တော့ဘူး ဆိုလျှင်တော့မူ မည်မျှပင် ပြောနေစေကာမူ ထူးခြားလာမည် မဟုတ်ချေ။

သို့သော် လန်လင်း မျှော်လင့်ထားသလို ဖြစ်မလာပေ။

ထိုစကားကို ကြားပြီးနောက် နီယာ၏ မျက်နှာအမူအရာနှင့် မျက်လုံးများက အနည်းငယ်မျှ ပြောင်းလဲမသွားပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။ "ကောင်းပြီ... နင် ပြောစရာရှိတာ ပြောပြီးပြီ။ သွားလို့ရပြီ။"

လန်လင်း အံ့အားသင့်သွား၏။ ထို့နောက် မျက်နှာငယ်လေးဖြင့် တောင်းပန်သည့်အနေနှင့် ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။

ထိုအခါ နီယာတစ်ယောက် အံ့ဩသွားရပြန်သည်။ ဆိုလွန်ဆိုသည်မှာ အရှက်အမဲ့ဆုံးနှင့် ဇွဲအကောင်းဆုံး လူတစ်ယောက် မဟုတ်​လော။ အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ အလျော့ပေးသွားရသည်နည်း။

လန်လင်း မေတ္တာရိပ်မြုံပရဟိတဂေဟာမှ ထွက်သွားမည့်အချိန်၌ နီယာက မနေနိုင်တော့ဘဲ လှမ်းတားလိုက်သည်။ "ခဏစောင့်ဦး။"

သို့သော် ထိုစကားကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူမ ချက်ချင်း နောင်တရသွား၏။ သူမကိုယ်သူမ စိတ်ဓာတ်ပျော့ညံ့လွန်းပြီး သနားတတ်လွန်းသည်ဟု ကျိန်ဆဲလိုက်မိကာ ဆိုလွန်၏ အကွက်ထဲ နောက်တစ်ကြိမ် ဝင်သွားပြန်ပြီဟု တွေးလိုက်မိသည်။

လန်လင်း လှည့်လာပြီး နီယာ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။

နီယာက မျက်မှောင်ကျုံ့လိုက်သည်။ "ကျောင်းထုတ်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ ငါ့ကို ကူညီစေချင်တာလား။"

လန်လင်းက ခေါင်းညိတ်သည်။ "ဟုတ်တယ်။"

"ငါ ကူညီနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက် တစ်ခုကိုတော့ သဘောတူရမယ်။"

လန်လင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"

နီယာက အံကြိတ်ကာ ဆိုသည်။ "အရင်တုန်းက ငါ့ကို စောင်းတီးသင်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြူဆွယ်ခဲ့တယ်။ ပြီးတော့ သီးသန့် တေးသွားတစ်ပုဒ် ဖန်တီးပေးမယ်လို့လည်း ကျိန်ဆိုခဲ့သေးတယ်။ အခု အဲဒီတေးသွားကို နားထောင်ချင်တယ်။ အဲဒီတေးသွားက ငါ့ကို ကျေနပ်စေပြီး ဒီကလူတိုင်းကိုပါ အံ့အားသင့်သွားစေနိုင်ရင် ငါ ကူညီမယ်။"

ဤသို့ တောင်းဆိုလိုက်ခြင်းမှာ နီယာက လန်လင်းကို ငြင်းဆန်နေလိုခြင်းပင်။ သူမ ဆိုလွန်ကို ချစ်ခဲ့ဖူးသည် ဆိုသော်ငြား ထိုအရာက လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ဖြစ်သည်။

ဆိုလွန်သည် အလွန် ဆွဲဆောင်မှုရှိသူ ဖြစ်သော်လည်း အဆုံး၌မူ အတွင်း၌ပုပ်သိုးနေသည့် လူယုတ်မာတစ်ဦးသာ ဖြစ်၏။

ပါရမီထူးချွန်သည့် အမျိုးသမီးများသည် ဆိုလွန်ကဲ့သို့ အမျိုးသားမျိုးကို အသေအလဲ ချစ်မိသွားလေ့ မရှိကြပေ။

ထို့အတွက်ကြောင့် နီယာသည် ဆိုလွန်အပေါ်၌ ခံစားချက်လေးတစ်ခု ရှိနေဆဲပင်။ သို့သော် နက်ရှိုင်းသည့် အချစ်ဟု ခေါ်ဆိုရန်ကမူ မဖြစ်နိုင်ပေ။ ထို့အပြင် လွန်ခဲ့သည့် ၂ နှစ်မှ အရေးကြီးသည့် အချိန်၌ ဆိုလွန်၏ လုပ်ရပ်များက သူမကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့သည်။

အထိုအခါက ဆိုလွန်တစ်ယောက် နီယာနှင့်အတူ ဂီတပညာကို သင်ယူခဲ့ချိန်၌ သူ၏ ရလဒ်များမှာ လုံးဝ စိတ်ပျက်ဖွယ် ကောင်းလှ၏။

ဂီတနှင့် ပတ်သက်၍ ပါရမီ လုံးဝမရှိသလို စိတ်လည်း မဝင်စားပေ။ ဂီတသီအိုရီ၏ အခြေခံများကိုပင် နားမလည်ခဲ့ပေ။

နီယာကမူ ဂီတပိုင်း၌ အလွန် အောင်မြင်ကျော်ကြားသူ တစ်ဦးဖြစ်ရာ သဘာဝကျကျပင် သူမ၏ စံနှုန်တို့က မြင့်မားပြီး အလွန်လည်း ဂျီကျတတ်၏။ သူမကို ကျေနပ်စေမည့် တေးသွားတစ်ပုဒ် ဖန်တီးရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ဤတောင်းဆိုချက်ကို ချမှတ်လိုက်ခြင်းမှာ အခြေခံအားဖြင့် သူ့ကို ငြင်းဆန်လိုက်ခြင်းပင် ဖြစ်၏။

သို့သော် လန်လင်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ နီယာ၏ အကြီးမားဆုံး အချစ်မှာ ဂီတဖြစ်သောကြောင့် ဂီတကသာ သူမ၏ နှလုံးသားကို ထိရှစေပြီး အချစ်များကို သဘာဝအတိုင်း ပြန်လည် နိုးကြားလာစေမည် ဖြစ်သည်။

လန်လင်းသည် တက္ကသိုလ်၌ အနုပညာနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ယူခဲ့ပြီး အထူးသဖြင့် ဇာတ်ညွှန်းရေးသားခြင်းကို အထူးပြု လေ့လာခဲ့၏။ ပို၍ ကုန်ကျစရိတ် သက်သာသည့်အတွက် ဤဘာသာရပ်ကို ရွေးချယ်ခဲ့ခြင်လည်း ဖြစ်သည်။ တကယ်တမ်း၌ လန်လင်းသည် ပန်းချီနှင့် ဂီတပိုင်း၌လည်း အလွန် ပါရမီပါသူ တစ်ယောက်ပင်။

သူ၏ ဂီတပါရမီကို အစ်မဖြစ်သူ လန်ခုံး၏ လမ်းညွှန်မှုအောက်၌ သွေးတိုးစမ်းခဲ့ခြင်း ဖြစ်၏။ သူတို့၏ မွေးစားမိဘများ သက်ရှိထင်ရှား ရှိစဉ်က မိသားစုမှာ တော်တော်လေး ပြည့်စုံခဲ့သည်။ လန်ခုံးသည် ငယ်စဉ်ကတည်းက ပီယာနိုကို သင်ယူခဲ့ပြီး ထူးကဲသည့် ပါရမီနှင့် ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့၏။

မိသားစု အခြေအနေများ ပြောင်းလဲသွားမှုကြောင့် အစ်မဖြစ်သူ လန်ခုံးမှာ အသက် ဆယ့်လေးနှစ် အရွယ်၌ ပီယာနို သင်ယူခြင်းကို ရပ်နားခဲ့ရသည်။ သို့သော် ထိုအချိန်၌ပင် သူမက အလွန် ကျွမ်းကျင်နေခဲ့ပြီ ဖြစ်ရာ နောက်ပိုင်း၌ ဆက်လက်၍ ကိုယ်တိုင်သာ လေ့လာခဲ့၏။

အသက် ဆယ့်ခုနစ်နှစ် အရွယ်၌ ကလေးများကို ပီယာနို သင်ပေးခြင်းဖြင့် သူမကိုယ်တိုင်နှင့် လန်လင်းကို ထောက်ပံ့ပေးနေနိုင်ခဲ့လေပြီ။

အခြားကလေးများကို ပီယာနို မသင်ပေးမီ လန်ခုံးက မည်သို့ သင်ကြားရမည်ကို အရင် လေ့လာရသည့်အတွက် လန်လင်းကို သူမ၏ အရင်သင်ပေးခဲ့သည်။

ထိုသို့ဖြင့် လန်လင်းတစ်ယောက် ပီယာနိုကို သင်ယူဖြစ်သွားခဲ့ခြင်းပင်။

အစပိုင်း၌ ပီယာနိုကို လန်လင်း သိပ်ပြီး စိတ်မဝင်စားခဲ့ပေ။ သို့သော် အစ်မဖြစ်သူနှင့် ပိုပြီး နီးကပ်စွာ နေနိုင်ရန်အတွက် ဆက်လက် သင်ယူခဲ့၏။ အစ်မဖြစ်သူ၏ ချီးကျူးမှုကို ရရှိရန်အတွက်လည်း အကောင်းဆုံး ကြိုးစားခဲ့သည်။

တစ်ခါတုန်းက တက္ကသိုလ် ပါမောက္ခတစ်ဦးက သူ့အား ဂီတကို လေ့လာရန် အကြံပြုခဲ့သော်လည်း ငွေကြေးချွေတာရန်အတွက် ငြင်းဆိုခဲ့၏။

ဤလောက၌ ပီယာနိုဟူ၍ မရှိပေ။ ပိုမို ရှေးကျသည့် ဟာ့ပ်ဆီကော့ တူရိယာသာ ရှိ၏။ ထျန်းရွှေမြို့စားအိမ်တော်၌မူ အတော်လေး အဆင့်မြင့်သည့် ဟာ့ပ်ဆီကော့ တစ်ခု ရှိနေသည်။

အိမ်တော်၌ အပြင်မထွက်ဘဲ နေစဉ် ကမ္ဘာမြေပေါ်၌ အစ်မဖြစ်သူ လန်ခုံးနှင့် ဖြတ်သန်းခဲ့ရသည့် ပျော်ရွှင်ဖွယ် အချိန်များကို သတိရတိုင်း လန်လင်းသည် တေးသွားတစ်ပုဒ်ကို တီးခတ်လေ့ရှိ၏။ တဖြည်းဖြည်းနှင့် ဟာ့ပ်ဆီကော့နှင့် ပီယာနိုကြားရှိ ကွာခြားချက်များကို သူ အသားကျလာသည်။ အထူးသဖြင့် ဤလောကရှိ ဟာ့ပ်ဆီကော့၏ ဖွဲ့စည်းပုံမှာ ပီယာနိုနှင့် အတိအကျနီးပါး တူညီနေ၏။

နီယာ့အတွက် သူ ပြင်ဆင်ထားသည့် တေးသွားမှာ နာမည်ကျော် Ballade pour Adeline ပင်။ လှပသည့် ရုပ်တုတစ်ခုကို ချစ်မိသွားသော ဘုရင်တစ်ပါးအကြောင်း ရေးဖွဲ့ထားသည့် ရိုမန့်တစ်ဆန်သော အချစ်သီချင်းတစ်ပုဒ် ဖြစ်သည်။

ထိုဘုရင်က ရုပ်တုအား အသက်ဝင်လာစေရန်နှင့် သူ့အနား၌ အတူနေထိုင်မည့် တကယ့် လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်လာစေရန် ကောင်းကင်ဘုံသို့ ဆုတောင်းခဲ့၏။

နီယာက အေးစက်စွာ ပြောသည်။ "အကယ်လို့ ငါ့ကို မကျေနပ်စေနိုင်ရင် ထွက်သွား။ ပြီးတော့ ဘယ်တော့မှ လာမနှောင့်ယှက်နဲ့တော့။"

ကလေးများက အောင်မြင်ပါစေဟု မျှော်လင့်ကာ လန်လင်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြ၏။ အတူရှိခဲ့သော အချိန်တိုလေး အတွင်းမှာပင် ဤအစ်ကိုကြီးမှာ စွမ်းဆောင်နိုင်စွမ်း အပြည့်ရှိသူ ဖြစ်ကြောင်း ခံစားမိနေကြပြီ ဖြစ်သည်။ ဥပမာအားဖြင့် အကိုကြီးပြောသည့် ပုံပြင်များသည် အလွန် ကောင်းမွန်လှသောကြောင့်ပင်။

လန်လင်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး အခန်းထဲရှိ ဟာ့ပ်ဆီကော့ရှေ့၌ ထိုင်လိုက်သည်။

ဤလောက၌ စျေးအပေါဆုံး ဟာ့ပ်ဆီကော့ တစ်ခုကပင် အလွန် ဈေးကြီးပြီး အနည်းဆုံး ရွှေဒင်္ဂါး ဆယ်ဂဏန်းလောက် ပေးရ၏။ မေတ္တာရိပ်မြုံပရဟိတဂေဟာသည် ဝယ်နိုင်စွမ်း မရှိသည့်အတွက် ဆရာမ နီယာ ကိုယ်တိုင် ဝယ်ပေးထားခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။

လန်လင်းက လက်နှစ်ဖက်ကို ခလုတ်များပေါ် တင်လိုက်ပြီး စိတ်ငြိမ်သွားစေရန် မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ "စတော့မယ်။"

ရုတ်တရက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကလေးများ ၊ နီယာ ၊ ရဲ့ကျင်းယွီနှင့် ဂေဟာမှ သီလရှင်များက မျက်လုံးများကို ပြူးထားကာ အသက်ရှူအောင့်ပြီး လန်လင်းကို စိုက်ကြည့်နေကြ၏။

ကမ္ဘာမြေ၏ သမိုင်းကြောင်းရှိ ဟာ့ပ်ဆီကော့နှင့် ပီယာနိုမှာ တော်တော်လေး ကွာခြားသော်လည်း ဤလောကရှိ ဟာ့ပ်ဆီကော့မှာမူ ဖွဲ့စည်းပုံအရ ပီယာနိုနှင့် သိပ်မကွာခြားပေ။ ထို့အပြင် ခလုတ် တစ်တန်းတည်းသာ ပါဝင်၏။ ထို့ကြောင့် တီးခတ်ရသည်မှာ လန်လင်းအတွက် များစွာ အခက်အခဲ မဖြစ်စေပေ။

"ဒင်..."

ပထမဆုံး အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လန်လင်း၏ လက်ချောင်းထိပ်လေးများမှ လှပသော တေးသွားများက စမ်းချောင်းလေး တစ်ခုအလား စီးဆင်းလာ၏။

ရဲ့ကျင်းယွီနှင့် ဂေဟာမှ သီလရှင်များက အနည်းငယ်သာ ပို၍ လေးနက်သွားကြသော်လည်း နီယာ၏ မျက်နှာအမူအရာကမူ လုံးဝကို ပြောင်းလဲသွားသည်။

အခြေခံမရှိသူများက အပေါ်ယံကိုသာ မြင်နိုင်သော်လည်း ကျွမ်းကျင်သူများကမူ အတွင်းစိတ်သဘောသဘာဝကို မြင်နိုင်သည်။ လန်လင်း တီးခတ်လိုက်သည့် ပထမဆုံး နုတ်များ ထွက်ပေါ်လာချိန်မှာပင် သူမ၏ နှလုံးသားက ခုန်ပေါက်သွားသလို ခံစားလိုက်ရပြီး ကြက်သီးမွေးညင်းများပင် ထလာသည်။

ဆိုလွန်ဆိုသည့် အလိုလိုက်ခံထားရသည့် ကောင်စုတ်လေးက ကျွမ်းကျင်သူ တစ်ဦးဖြစ်နေပြီး တီးခတ်မှု အဆင့်အတန်းမှာလည်း အလွန် မြင့်မားနေပြီ ဖြစ်၏။

သို့သော် အရေးအကြီးဆုံးမှာ ဆိုလွန်တီးခတ်နေသည့် တေးသွားပင်။ သူမ ယခင်က တစ်ခါမှ မကြားဖူးသည့် တေးသွားဖြစ်သော်လည်း မယုံနိုင်လောက်အောင် လှပသော ခံစားချက်တစ်ခုက သူမ၏ နားထဲသို့ စီးဆင်းလာပြီး နှလုံးသားကိုပါ ထိရှသွားစေသည်။

တီးခတ်မှုအရှိန် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ လန်လင်း၏ လက်များက ခလုတ်များပေါ်၌ အံ့မခန်း ကျွမ်းကျင်မှုတို့ဖြင့် ကခုန်နေတော့၏။

နီယာသည်လည်း သူမ၏ မျက်လုံးတို့ကို မှိတ်ထားကာ ဂီတထဲ၌ အပြည့်အဝ နစ်မြောနေသည်။

ဤခံစားချက်က တကယ်ကို အံ့ဩဖွယ် ကောင်းလှ၏။

ဆက်လက် ထွက်ပေါ်လာမည့် တေးသွားများသည် သိထားပြီးသား အရာများနှင့် မသိရသေးသည့် အရာများ နှစ်ခုစလုံး ပြည့်နှက်နေသကဲ့သို့ပင်။

သူမကို အထိရှဆုံး ဖြစ်စေသည်မှာ တေးသွား၏ ဆွဲဆောင်မှုပင်။ ရိုမန့်တစ်ဆန်မှုများဖြင့် ပြည့်နှက်နေသော တည်ငြိမ်အေးချမ်းမှုနှင့် ပြင်းပြသည့် ခံစားချက်များကို ပေါ်လွင်အောင် တီးခတ်နေနိုင်သည်။

နီယာ ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပါလော။ အပြင်ပန်း၌ အေးစက်ပြီး အိန္ဒြေကြီးသလို ထင်ရသော်လည်း နှလုံးသားထဲ၌ လွတ်လပ်မှုနှင့် ရိုမန့်တစ်ဆန်မှုများကို တမ်းတမှုတို့ဖြင့် ပြည့်နှက်နေသည်။

နားထောင်နေရင်းဖြင့် နီယာ၏ စိတ်ဝိညာဉ်မှာ လှပသည့် နုတ်များနောက်သို့ ပါသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဂီတနှင့်အတူ လေထဲ၌ လွင့်မျောကာ ယိမ်းနွဲ့နေသည်။

တကယ်ကို လှပလွန်းပြီး အံ့ဩဖွယ် ကောင်းလွန်းကာ ဆွဲဆောင်မှု ပြင်းထန်လွန်း၏။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters