← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရဲ့ကျင်းယွီသည်လည်း အံ့အားသင့်သွားရ၏။ လန်လင်းအား ကယ်တင်ခဲ့ချိန်က အလွန်ရိုင်းစိုင်းသည့် အရပ်သားတစ်ဦးဖြစ်ပြီး ဆိုလွန်အဖြစ် ဟန်ဆောင်ခိုင်းရန် မဖြစ်နိုင်လောက်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူက ဤမျှအထိ ထူးချွန်ပြီး... ဤမျှအထိ ပြေပြစ်ကြော့ရှင်းနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဟာ့ပ်ဆီကော့မှာ အလွန်တန်ဖိုးကြီးမားလှပြီး အထက်တန်းလွှာများသာ ပိုင်ဆိုင်နိုင်သည့် အရာဖြစ်ကြောင်း သိထားရန် အရေးကြီးသည်။ လန်လင်း ဤမျှ ထိရှဖွယ်ကောင်းသည့် တေးသွားကို တီးခတ်နိုင်ခြင်းက ရက်အနည်းငယ်အတွင်း ကျွမ်းကျင်လာခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသနေ၏။

ထို့အပြင် သူ ဟာ့ပ်ဆီကော့ တီးခတ်နေပုံမှာ ယုံကြည်မှုအပြည့်ရှိပြီး ကြော့ရှင်းလှသည်။

သီလရှင်များနှင့် ကလေးများအတွက်မူ အလွန်လှပလွန်းသည်ဟုသာ ထင်မြင်နေကြပြီး အသံတစ်သံကိုမျှပင် လက်လွတ်မခံချင်တော့ပေ။

**--**--**--**--**--**--**--**

မိနစ်အနည်းငယ် ကြာပြီးနောက် လန်လင်း သူ၏ တီးခတ်မှုကို အဆုံးသတ်လိုက်သည်။

သို့သော် ကျန်ရစ်ခဲ့သည့် တေးသွားက လူတိုင်း၏ နားထဲ၌ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေဆဲပင်။

အချိန်အတော်ကြာပြီးနောက် နီယာ သူမ၏ လှပသည့် မျက်လုံးတို့ကို ဖွင့်လိုက်၏။ သူမ၏ လှပလွန်းလှသည့် မျက်နှာလေးမှာ နီရဲနေဆဲဖြစ်ကာ ချစ်တင်းနှီးနှောပြီးနောက် ကျန်ရစ်ခဲ့သော သာယာမှုကို ခံစားနေရသည့် အတိုင်းပင်။

သို့သော် သူမ လန်လင်းကို ပြန်ကြည့်လိုက်သည့် အချိန်၌ သူမ၏ အကြည့်တို့ ပြောင်းလဲသွား၏။

"ဒီတေးသွားကို နင် ဖန်တီးတာလား။"

လန်လင်းက မျက်ခုံးပင့်လိုက်သည်။ "ဒီတေးသွား တခြားသူ တီးတာ ဆရာမ ကြားဖူးလို့လား။"

နီယာ ခေါင်းခါသည်။ "မကြားဖူးဘူး။"

လန်လင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ "ကျွန်တော် ဖန်တီးတာပါ။ ဘယ်လိုနေလဲ။"

အလွန်ကောင်းမွန်သည်ထက်ပင် ပိုနေပြီး နီယာ၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွား၏။

နီယာ၏ အနုပညာအဆင့်အတန်းထက်လည်း သာလွန်နေသည်။ သူမအနေဖြင့် ဤမျှ ထိရှဖွယ်ကောင်းပြီး လှပသည့် တေးသွားတစ်ပုဒ်ကို တစ်သက်လုံး ဖန်တီးနိုင်မည် မဟုတ်ချေ။

နီယာ လန်လင်းအား စိုက်ကြည့်လိုက်သည်။ "လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ထွက်တဲ့ သီချင်းသစ်တွေ အားလုံးထဲမှာ နင့်သီချင်းက သေချာပေါက် နံပါတ်တစ်ပဲ။ သီချင်းနာမည်က ဘာလဲ။"

လန်လင်း ခပ်ရေးရေး ပြုံးလိုက်သည်။ "ရေပြင်အနီးက နီယာ...။"

ထိုစကား ကြားပြီးနောက် နီယာ၏ သွယ်လျသည့် ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရပြီး သူမ၏ လှပသည့် မျက်လုံးတို့က ယစ်မူးသွားသည့်အလား ချက်ချင်း ဝေဝါးလာ၏။

ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် ထိရှခံစားရမှုများက သူမ၏ နှလုံးသားအောက်ခြေမှနေ၍ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

အတိတ်က သူတို့၏ ပတ်သက်ခဲ့မှု အမှတ်တရများကြောင့်လည်း ဖြစ်နိုင်သလို ခုနက သူမ ကြားလိုက်ရသည့် လှပသော တေးသွားကြောင့်လည်း ဖြစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ ဆိုလွန်အပေါ်ထားရှိသည့် လွင့်ပြယ်နေပြီဖြစ်သော သူမ၏ ခံစားချက်များ ချက်ချင်း ပြန်လည်ရောက်ရှိလာကြောင်း နီယာ ခံစားလိုက်ရသည်။

ရေပြင်အနီးက နီယာ... တော်ဝင်အကယ်ဒမီ၌ သူမ အများဆုံး လုပ်လေ့ရှိသည့် အရာမှာ ညနေစောင်းချိန်၌ ရေပြင်အနီး ရပ်ကာ အတွေးလွန်နေခြင်းပင်။

သူမ တေးသွားများကို ဖန်တီးနေခြင်းလည်း ဖြစ်နိုင်သလို စိတ်ကူးယဉ်နေခြင်းလည်း ဖြစ်နိုင်၏။ သို့မဟုတ် ဘာကိုမှတွေးမနေဘဲ ငေးမောနေခြင်းလည်း ဖြစ်နိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ထိုအချိန်က သူမ၏ တစ်နေ့တာ၌ အပျော်ရွှင်ဆုံးအချိန်ပင်။ လက်တွေ့၌ သူမကို ချည်နှောင်ထားသည့် အရာများစွာ ရှိနေသော်လည်း ရေပြင်အနီး ရပ်ကာ စိတ်ကူးယဉ်နေချိန်၌မူ သူမ၏ စိတ်သည် လွတ်လပ်စွာ ယဥ်ခွင့် ရရှိသည်။

နီယာ မျက်ရည်ဝဲလာသည်။ "ဒီတေးသွား ငါ့အတွက် ရေးတာလား။"

လန်လင်းက ခေါင်းညိတ်၏။ "ဟုတ်ပါတယ်။ ဆရာမအတွက်ပါ...။"

"ဒါဆို ဒီတေးသွား ဖန်တီးတုန်းက ဘာကို ဖော်ပြချင်တာလဲ။" နီယာ စိတ်လှုပ်ရှားစွာ မေးလိုက်ရာ သူမ၏ အသံပင် တုန်ယင်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ အမျိုးသမီးတစ်ဦးအတွက် အရေးအကြီးဆုံးမှာ သူမကို နားလည်ပေးနိုင်ပြီး သူမ၏ စိတ်ကို သိမြင်ပေးနိုင်မည့်သူ ရှိနေရန်ပင်။

ဤသည်မှာ အရေးအကြီးဆုံး အချိန်ဖြစ်ကြောင်း လန်လင်းသည်လည်း သိနားလည်ထား၏။ သူ့ ရှေ့မှ မြင့်မြတ်ပြီး အပြစ်ကင်းစင်ကာ အနုပညာဆန်သည့် အမျိုးသမီးမျိုးသည် သူမ၏ နှလုံးသားကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်သည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက် ထိုသူ့အပေါ်၌ ကြွေကျသွားမည် ဖြစ်သည်။

အတိတ်က ဆိုလွန်နှင့် ကလဲ့စားချေရန် သက်သက်မျှသာ ဖောက်ပြန်ခဲ့သည့် သူမျိုး ဖြစ်တော့မည် မဟုတ်ချေ။

လန်လင်းက နီယာကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဆရာမ ရေပြင်အနီး ရပ်နေတဲ့ အချိန်တိုင်း အပေါ်ယံမှာ သက်ဝင်လှုပ်ရှားမှု မရှိတဲ့ ရုပ်တုတစ်ခုလိုပဲလို့ ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အထဲမှာတော့ ပြိုင်ဘက်ကင်းလောက်အောင် သွက်လက်ပြီး ရိုမန့်တစ်ဆန်တဲ့ လွတ်လပ်တဲ့ တခြား အသက်ဝင်မှုတစ်ခု ရှိနေတယ်။ ဒီအချိန်မှာ ကျွန်တော် တွေးမိတယ်... အကယ်လို့ ကျွန်တော်သာ ဒီရုပ်တုကို အသက်ဝင်လာအောင် လုပ်ပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ပေါ့။"

နီယာ၏ မျက်လုံးတို့က ချက်ချင်းပင် နီရဲလာ၏။

သူမ၏ နှလုံးသားထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။ 'ဆိုလွန်...။ ငါ့ကို တကယ်နားလည်တာ နင်တစ်ယောက်တည်းပဲ...။'

ထို့နောက် သူမ မျက်နှာငယ်လေးဖြင့် ရှိုက်ကာ ဆက်မေးသည်။ "ဒါက ငါ့ကို မြူဆွယ်တဲ့ အကြောင်းရင်းလား။"

လန်လင်း ခေါင်းညိတ်လိုက်၏။

နီယာက ငိုကြွေးရင်း ဆက်မေးသည်။ "ဒါဆို ဘာလို့ နောက်ဆုံးအချိန်ရောက်မှ ငါတို့ရဲ့ ခံစားချက်တွေကို နင် သစ္စာဖောက်တာလဲ။"

ဆိုလွန် သူတို့၏ ခံစားချက်များကို သစ္စာဖောက်ခဲ့သည်တဲ့လော။ လန်လင်းတစ်ယောက် ဘာတွေဖြစ်ခဲ့မှန်း လုံးဝ မသိသော်လည်း မေး၍ မရချေ။

သို့သော်... ဤသည်က လန်လင်းအတွက် လုံးဝ အခက်အခဲ မဟုတ်ပေ။ သူ၏ မျက်နှာက အနည်းငယ် တွန့်ကွေးသွားသည်။ "ဘာလို့လဲဆိုတော့... ကျွန်တော် ကြောက်နေလို့ပါ။"

နီယာ မျက်မှောင်ကျုံ့လိုက်သည်။ "နင် ဘာကို ကြောက်တာလဲ။"

လန်လင်းက သက်ပြင်းချကာ ပြောလိုက်၏။ ထို့နောက် အလွန်လေးနက်ဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာကို ကြောက်တယ်။ ဆရာမရဲ့ လှပတဲ့ ဘဝကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျွန်တော် မသယ်ပိုးနိုင်မှာကို ကြောက်တယ်။"

လန်လင်း၏ စကားတို့က အလွန်တရာ နက်နဲသည်ဟု ထင်ရသော်လည်း တကယ်တမ်း၌မူ မည်သည့် အဓိပ္ပာယ်မှ မရှိချေ။

ကံမကောင်းစွာဖြင့်ပင် နီယာ အကြားချင်ဆုံးစကားမှာ ထိုစကားများပင် ဖြစ်နေ၏။

"ငါ့နောက် လိုက်ခဲ့။" နီယာ လက်ယပ်ခေါ်လိုက်ပြီး မေတ္တာရိပ်မြုံပရဟိတဂေဟာ အတွင်းရှိ အခန်းတစ်ခုထဲသို့ ဝင်သွား၏။

"မြန်မြန် သွားလေ။" သီလရှင်အိုကြီးအချို့က ကောင်းချီးပေးသော အကြည့်များဖြင့် လန်လင်းကို အတွင်းသို့ အလျင်အမြန် တွန်းပို့ကြသည်။

ကလေးများကလည်း အားပေးကာ လှောင်ပြောင်သံများ ပြုလုပ်ကြ၏။

လန်လင်း၏ နှလုံးသားမှာလည်း မြန်ဆန်စွာ ခုန်ပေါက်နေသည်။ သူ၏ လူပျိုဘဝလေးကို ဆုံးရှုံးရတော့ မည်လော...။

**--**--**--**--**--**--**--**

ထင်ထားသည့်အတိုင်းပင် သူ အခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်လှသည့် ရနံ့တစ်ခုက သူ့ထံသို့ လွင့်ပျံလာကာ နူးညံ့ပျော့ပျောင်းသည့် ခန္ဓာကိုယ်လေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လာ၏။

နောက်တစ်စက္ကန့်၌ပင် သူမ၏ မီးတောက်အလား ပူနွေးနေသည့် နှုတ်ခမ်းအစုံက သူ၏ နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။

လန်လင်း တုန်ယင်သွား၏။ အစ်မဖြစ်သူအား ခိုးနမ်းဖူးသည်မှလွဲ၍ ဤသည်က... သူ၏ ပထမဆုံး အနမ်းပင်။

လန်လင်း လုံးဝ အံ့အားသင့်သွားပြီး သူ့ကို နမ်းရှိုက်နေသည့် နှုတ်ခမ်းများမှာ အလွန်တရာ နူးညံ့နေကာ အလွန်တရာ ချိုမြိန်ပြီး အလွန်အမင်း ပူနွေးနေကြောင်း ခံစားနေရသည်။

သို့သော် သူ၏ တုံ့ပြန်နိုင်စွမ်းအားလုံး ဆုံးရှုံးသွားပြီး သူ၏ စိတ်ထဲ၌ လုံးဝ ဗလာကျင်းနေ၏။

သူ သတိပြန်ဝင်လာချိန်၌ နီယာ၏ ချိုမြိန်လှသည့် လျှာလေးမှာ သူ၏ ပါးစပ်ထဲသို့ ရောက်ရှိနေပြီဖြစ်ကာ စတင်၍ ရစ်ပတ်နေလေပြီ။

လန်လင်းမှာ ငြိမ်၍သာ အနမ်းခံနေရပြီး အတွေ့အကြုံမရှိသေးသူ ဖြစ်သောကြောင့် သူ၏ တုံ့ပြန်မှုအချို့မှာ လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးမျိုတော့မည့်အလား ဖြစ်နေ၏။

မိနစ်အနည်းငယ်ကြာ နမ်းရှိုက်ပြီးနောက် နီယာ အသက်ရှူကျပ်လာသည့်အလား လန်လင်း၏ နှုတ်ခမ်းများကို နောက်ဆုံး၌ လွှတ်ပေးလိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှာ မီးလောင်နေသကဲ့သို့ ပူထူနေပြီး လန်လင်း၏ ပြင်းပြလှသော ဆန္ဒကိုလည်း သူမ ရှင်းလင်းစွာ ခံစားမိနေ၏။

ရုတ်တရက် လွန်ခဲ့သည့် နှစ်နှစ်က ဆိုလွန်နှင့် ဖောက်ပြန်ခဲ့သော အချိန်ကို သူမ ပြန်သတိရသွားပြီး သူမ၏ နှလုံးသားထဲမှ အရိုင်းဆန်သည့် ခံစားချက်များ ရူးသွပ်စွာ ထကြွလာကာ လန်လင်းကို ကြည့်နေသော သူမ၏ လှပသည့် မျက်လုံးထဲတို့၌ ရမ္မက်များ ပြည့်နှက်နေသည်။

နီယာ၏ အသံများက တုန်ယင်နေသည်။ "နင် ဘာစောင့်နေတာလဲ။ အရင်တုန်းက ငါနဲ့ တွေ့တဲ့အချိန်တိုင်း တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ငါ့ဆီ ပြေးလာပြီး စားကြိုးစားခဲ့တာ မဟုတ်ဘူးလား။ အရင်တုန်းက နင် ငါ့ကို မပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ အခုတော့ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးမယ်။"

သူမသည် အပြင်ပန်း၌ အေးစက်နေသော်လည်း အတွင်းစိတ်၌မူ အလွန်အမင်း ရမ္မက်ပြင်းပြလှသူပင်။

လန်လင်း၏ နှလုံးသားမှာ မိုးကြိုးပစ်သကဲ့သို့ ခုန်ပေါက်နေပြီး အလွန်အမင်း ရုန်းကန်နေရ၏။ ဤမျှလှပသော ကပြားအမျိုးသမီးတစ်ဦး ကိုယ်တိုင် အစပြုနေသည်ကို သူ စိတ်မလှုပ်ရှားဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

သူ၏ နှလုံးသားထဲ၌ အစ်မဖြစ်သူသာ ရှိသည်ဆိုသော်ငြား သာမန် အမျိုးသားတစ်ဦး၌ ရှိသင့်သော စိတ်များကတော့ သူ့ထံ၌ ရှိနေဆဲဖြစ်ကာ ဤမျှ လှပလွန်းလှသည့် မိန်းမလှလေး၏ ရှေ့မှောက်၌ သူ စိတ်မလှုပ်ရှားဘဲ နေရန် မဖြစ်နိုင်ချေ။

သို့သော် သူ၏ ရှေ့မှ ဤအမျိုးသမီးမှာ အလွယ်တကူ အိပ်၍ရသူ မဟုတ်ပေ။ အကယ်၍ အိပ်လျှင် အကျိုးဆက်များ အလွန် ကြီးမားသွားပေလိမ့်မည်။

မလာရောက်မီက ဆရာမ နီယာသည် အလွန် ပြင်းပြသည့် နှလုံးသားရှိသော အမျိုးသမီးတစ်ဦး ဖြစ်ရမည်ဟု သူ ခန့်မှန်းခဲ့သော်လည်း သူမကို အထင်သေးမိနေဆဲပင်။

လန်လင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "ကျွန်တော်... မလုပ်နိုင်ဘူး။"

နီယာက စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်၏။ "ဘာလို့လဲ။ နင် အမြဲတမ်း ငါ့ကို လိုချင်ခဲ့တာ မဟုတ်ဘူးလား။"

လန်လင်းက ခေါင်းခါလိုက်သည်။ "တာဝန်ယူမှုတွေကြောင့်ပါ။ အခု ကျွန်တော်က မိသားစုမှာ တစ်ဦးတည်းသော ယောက်ျားလေး ဖြစ်နေပြီ။ ဘာပဲလုပ်လုပ် တာဝန်ယူရမယ်။"

လန်လင်း၏ စကားက အလွန် အသံကောင်းဟစ်နေသလို ထင်ရသော်လည်း နီယာကမူ လုံးဝ ယုံကြည်သွားပြီး လန်လင်း၏ စကားများကို သူမ၏ စိတ်ထဲ၌ပင် အသေးစိတ် အချက်အလက်များစွာဖြင့် ဖြည့်တွေးလိုက်သေး၏။

'သူ ငါ့ကို အနာဂတ်တစ်ခု မပေးနိုင်ဘူးလို့ ခံစားမိပြီး သူ့ကိုယ်သူရော ငါ့ရဲ့ ကံကြမ္မာကိုပါ မထိန်းချုပ်နိုင်ဘူးလို့ ထင်တဲ့အတွက် သူ ငါ့ကို မပိုင်ဆိုင်ရဲတာ ဖြစ်ရမယ်။'

ဤသည်ကသာ ယုံကြည်အားထားရသည့် အမျိုးသားမျိုးပင်။

လွန်ခဲ့သည့် နှစ်နှစ်က နီယာနှင့် ဆိုလွန်တို့ ဖောက်ပြန်နေစဉ် အမိခံရချိန်၌ သူမသည် ဆိုလွန်နှင့် အတူနေနိုင်ရန် ရဲရင့်စွာ ကွာရှင်းခွင့် တောင်းခဲ့သည်။

သို့သော် ထိုအချိန်က ဆိုလွန်က ကြောက်ရွံ့စွာ ငြင်းပယ်ခဲ့ပြီး သူမနှင့် အဆက်အသွယ် ဖြတ်ခဲ့၏။ ဆိုလွန်နှင့် ဖောက်ပြန်ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ခင်ပွန်းဖြစ်သူကို ကလဲ့စားချေလို၍ ဖြစ်သော်ငြား ဆိုလွန်၏ လုပ်ရပ်က သူမကို အလွန်အမင်း စိတ်ပျက်နာကျင်သွားစေခဲ့သည်။

သို့သော် တစ်ချိန်က တာဝန်ယူမှုမရှိခဲ့သည့် ကောင်လေးမှာ ယခုအခါ ကြီးပြင်းလာလေပြီ။ တာဝန်ယူမှု ရှိလာပြီး ယခုအခါ၌ အားကိုးရသူတစ်ဦး ဖြစ်လာလေပြီ။

နီယာက လန်လင်းအား စိုက်ကြည့်လိုက်သည်။ "ဆိုလွန်... တော်ဝင်အကယ်ဒမီကနေ နင် ကျောင်းထုတ်ခံရတာ ဘာဖြစ်တာလဲ။"

လန်လင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ နောက်ဆုံး၌ အရေးကြီးသည့် မေးခွန်းကို မေးလာလေပြီ။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

(မောင်ဇော်ချစ်သော ဆရာမ 🤔)

All Chapters