← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်း ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ အကယ်ဒမီမှ သူ့ကို ကျောင်းထုတ်မည့် ဆုံးဖြတ်ချက်အား ရုပ်သိမ်းပေးရန် ဆရာမ နီယာထံ အကူအညီ တောင်းခံရန်ပင်။

လန်လင်း၏ မျက်နှာတည်လာ၏။ "တော်ဝင်မိသားစုက ကျွန်တော်တို့ ဆိုမိသားစုရဲ့ ထျန်းရွှေမြို့နယ်မြေကို သိမ်းပိုက်ချင်နေတယ်။ ဒါကြောင့် ကျွန်တော့်ကို မြို့စားရာထူး ဆက်ခံခွင့် မရအောင် တားဆီးချင်နေကြတာ။ အစ်မက မြို့စားကြီး ကျိထင်ကို လာဘ်ထိုးခဲ့တယ်။ တစ်ချို့က ကျိထင် တကယ်ပဲ ကျွန်တော့်ကို မြို့စားရာထူး ချောချောမွေ့မွေ့ ဆက်ခံနိုင်အောင် ကူညီပေးမှာကို စိုးရိမ်နေကြလို့ ဒုတိယကျောင်းအုပ် ရော်ဂျာကို ခိုင်းပြီး ကျွန်တော့်ကို ကျောင်းထုတ်ခိုင်းလိုက်တာ။"

နီယာ မျက်မှောင်ကျုံ့လိုက်သည်။ "နင်ပြောတဲ့ လူတချို့ဆိုတာ ဘယ်သူတွေကို ပြောတာလဲ။"

လန်လင်း သက်ပြင်းချလိုက်၏။ "မင်းသမီး ကျိနင်...။"

နီယာက မနာလိုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... သူက နင့်ရဲ့ အိပ်မက်ထဲက ကောင်မလေး မဟုတ်ဘူးလား။ နင်က သူ့အတွက်ဆို အသက်တောင် ပေးဝံ့တာဆို။"

လန်လင်း ခါးသက်သက် ပြုံးလိုက်ပြီး မည်သို့မှ ရှင်းပြမနေတော့ချေ။ သို့သော် နီယာက သူ၏ မျက်နှာကို နှစ်သိမ့်သည့်အနေဖြင့် ညင်သာစွာ ပွတ်သပ်ပေးကာ တိုးညင်းစွာ ပြောလိုက်၏။ "နင် ငါ့ကို ပြောပြစရာ မလိုပါဘူး။ မိသားစုအတွက် နင် ဒီလိုလုပ်နေတယ်ဆိုတာ ငါ သိပါတယ်။"

စာပေဝါသနာပါသည့် အမျိုးသမီးငယ်များ၌ အလွန်အားကောင်းသည့် စိတ်ကူးယဉ်နိုင်စွမ်းများ ရှိကြ၏။ မည်သို့ပင်ဖြစ်စေကာမူ ချစ်သူအတွက် ပြီးပြည့်စုံသည့် အကြောင်းပြချက်တစ်ခုကို အလိုအလျောက် တွေးတောဖန်တီးပေးတတ်ကြသည်။

နီယာက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ "အင်း... စိတ်မပူပါနဲ့။ နင် ကျောင်းထုတ်မခံရစေရဘူး။ ကျောင်းအုပ်ကြီး ကျန်းယုံ သူ့ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းအောင် ငါ လုပ်ပေးမယ်။"

လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာ၏။ "ဒါဆို ဆရာမအတွက် ထိခိုက်နစ်နာမှု ရှိသွားမလား။"

နီယာက ခါးသက်သက် ရယ်မောလိုက်သည်။ "ဟက်... မရှိပါဘူး။ သူတို့ ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ...။"

လန်လင်း၏ စိတ်ထဲ၌ မေးချင်နေသည့် မေးခွန်းတစ်ခု ရှိနေသော်လည်း မမေးရဲလောက်အောင် ရှက်ရွံ့နေမိ၏။

နီယာက သူ၏ တွေဝေနေမှုကို ချက်ချင်း သတိထားမိကာ စိုက်ကြည့်လိုက်သည်။ "ဘာမေးချင်လို့လဲ။"

လန်လင်း အားယူကာ စကားစလိုက်၏။ "လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော် အရမ်း ဆိုးခဲ့တာ။ ဆရာမက အရမ်း ထူးချွန်ပြီး နက်နဲတဲ့သူလေ။ ဘာလို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တာလဲ။ ဒါ့အပြင် ဆရာမက ခင်ပွန်းဖြစ်သူအပေါ် ခံစားချက် မရှိဘူးဆိုရင်တောင်... သူက ဆရာမရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ထားတယ် ဆိုရင်တောင် ဆရာမက ကိုယ်ကျင့်တရား မြင့်မားတဲ့သူပါ။ ဒီအတွက်နဲ့တော့ ဖောက်ပြန်ပြီး ကလဲ့စားချေမှာ မဟုတ်ဘူး။"

ချက်ချင်းပင် နီယာ၏ မျက်နှာထက်၌ မျက်ရည်များ စီးကျလာ၏။ သူမ လန်လင်း၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ "ကောင်လေး... နင် တကယ်ကို ကြီးပြင်းလာပြီပဲ။ အခု ငါ့ကို တကယ် နားလည်နေပြီ။"

ထို့နောက် လန်လင်း၏ ရင်ခွင်ထဲသို့ ညင်သာစွာ တိုးဝင်လိုက်ပြီး သူမ ဆက်ပြော၏။ "ကျန်းနင်နဲ့ ငါ လက်ထပ်ခဲ့တုန်းက ငါတို့က နတ်ဖက်တဲ့စုံတွဲလို့ ထင်ပြီး လူတိုင်းက အားကျခဲ့ကြတယ်။ ဒါပေမဲ့ နင် သိတဲ့အတိုင်း သူက တင်းကျပ်တဲ့ မိသားစုကနေ လွတ်မြောက်လာပြီး ပိုအေးစက် ပိုတင်းကျပ်တဲ့ နေရာတစ်ခုကို ရောက်သွားခဲ့တာပဲ။ ဒါက ဘာမှမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက် မပျော်ရွှင်ရတာက သူမ ဖောက်ပြန်ဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူးလေ။ ငါ ဖောက်ပြန်ခဲ့ရတဲ့ အကြောင်းရင်းက... ငါ့ယောကျ်ားကိုယ်တိုင်က ခေါင်းစိမ်းဆောင်းချင်နေလို့ သူ့သဘောအတိုင်း ငါ လိုက်လျောပေးခဲ့တာပဲ။"

လန်လင်း လုံးဝ အံ့အားသင့်သွားပြီး ယုံတောင်မယုံနိုင်ဖြစ်သွား၏။ ကျန်းနင်ကဲ့သို့ အနာဂတ် တောက်ပသည့် လူငယ်တစ်ဦးက မည်သည့်အကြောင်းကြောင့် ကိုယ်တိုင် ခေါင်းစိမ်းဆောင်းရန် ရွေးချယ်ခဲ့ရသနည်း။

နီယာ လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... မယုံနိုင်စရာပဲ မဟုတ်လား။ လူတွေအမြင်မှာတော့ သူက အရမ်းကို ဖြောင့်မတ်ပြီး တောက်ပနေတာလေ။ အိမ်ရှေ့စံမင်းသား ကျိလီက မိန်းမလှလေးတွေကို သဘောကျပြီး အထူးသဖြင့် တခြားသူတွေရဲ့ ဇနီးတွေကို ပိုသဘောကျတယ်ဆိုတာ နင် သိချင်မှသိလိမ့်မယ်။ ငါ့ယောကျ်ားက သူ့ရဲ့ ရာထူးတက်ဖို့အတွက် ငါ့ကို ကျိလီဆီ ဆက်သပြီး တစ်ညတာ ပျော်ပါးစေချင်ခဲ့တာ။"

လန်လင်းတစ်ယောက် မျက်လုံးပြူးသွားရ၏။ ဤသည်က အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။

သေချာသည်မှာ ကျိလီ၏ ဝါသနာက ဟိုးလေးတကျော် ဖြစ်လောက်အောင် ထူးဆန်းသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ တော်ဝင်မိသားစုဝင်တစ်ဦးနှင့် အနာဂတ် အိမ်ရှေ့စံမင်းသား တစ်ဦးအတွက် ဤကဲ့သို့သည့် ဝါသနာမျိုး ရှိနေခြင်းမှာ သာမန်သာဖြစ်၏။

ကျန်းနင်၏ လုပ်ရပ်မှာမူ အစကတည်းက အရမ်း အရှက်မဲ့လွန်းပြီး ပုံမှန်မဟုတ်ခဲ့ပေ။ သူသည် လူငယ်မျိုးဆက်များ၏ စံပြပုဂ္ဂိုလ်တစ်ဦးပင်။

ထို့အပြင် မြို့စားရာထူးကို ဆက်ခံမည့်သူ ဖြစ်ကာ သူ၏ ဖခင်မှာလည်း တော်ဝင်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်၏။ အဘယ်ကြောင့် ဤမျှအထိ လောဘတကြီး ဖြစ်နေရသနည်း။

နီယာက သူ၏ ဇနီးပင် ဖြစ်၏။ ယောကျ်ားတစ်ယောက် ခေါင်းစိမ်းဆောင်းခံရပြီးသည်နှင့် တစ်ပြိုင်နက် ဘယ်သောအခါမှ ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ရာထူးအဆင့်အတန်း မြင့်မားနေလျှင်ပင် မည်သည့် အကျိုးရှိတော့မည်နည်း။

နီယာ အံကြိတ်လိုက်သည်။ "အဲဒီအချိန်မှာပဲ ငါ သူ့ကို ချက်ချင်း ဆန့်ကျင်လိုက်တယ်။ သူ ခေါင်းစိမ်းဆောင်းချင်တယ်ဆိုရင် ငါ သူ့ကို ဆောင်းပေးလို့ရတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ ဖောက်ပြန်ရမလဲဆိုတာကိုတော့ ငါ့ဘာသာငါ ရွေးချယ်မယ်လို့ပေါ့။"

လန်လင်းက စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်၏။ "ပြီးတော့ရော..."

နီယာက မဲ့ပြုံး ပြုံးလိုက်သည်။ "ဟက်... ပြီးတော့ သူက တော်ဝင်တတိယနဂါးစီးသူရဲကောင်းတပ်ဖွဲ့ရဲ့ တပ်မှူး ဖြစ်သွားခဲ့တယ်လေ။"

လန်လင်း နားမလည်နိုင်စွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ "အာ... ဒါပေမဲ့ ဆရာမက ကျိလီဆီ သွားပြီး အဖော်မပြုပေးခဲ့ဘူးလေ။"

နီယာ သက်ပြင်းချလိုက်သည်။ "ဟူး... ဟုတ်တယ်။ ကျိလီက ငါ့ကို မရခဲ့ပေမဲ့ ကျန်းနင်က အရမ်းကို အောက်ကျို့ပြီး သစ္စာရှိပြခဲ့တော့ ကျိလီက သူ့ကို အဲဒီရာထူး ပေးလိုက်တာပဲ။"

ထိုလူက အလွန် အန္တရာယ်များလှသည်။

နီယာက သတိပေးသည့်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ "ကျိလီက အရမ်းကို အစွမ်းထက်ပြီး ထူးချွန်တဲ့သူပဲ။ သူက ဘုရင်ကျိပိုင်လိုပဲ နိုင်ငံရေးအမြင် စူးရှပြီး ကောက်ကျစ်စဉ်းလဲတယ်။ ဒါပေမဲ့ သူက ပိုပြီး အာဏာရှင်ဆန်သလို ပိုပြီးတော့လည်း ခက်ထန်ကြမ်းတမ်းတယ်။ သူက နင်တို့ရဲ့ ထျန်းရွှေမြို့ကို မျက်စိကျနေတာ... နင် အရမ်း သတိထားမှ ရလိမ့်မယ်။"

လန်လင်း မျက်မှောင်ကျုံ့သွားကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် နီယာက မျက်လွှာချကာ တိုးညင်းစွာ ပြောလိုက်၏။ "ငါနဲ့အတူ ခဏလောက် ထပ်နေပါဦး။ ပြီးရင် ငါတို့ မြို့တော်ကို ပြန်ကြမယ်။ ဆရာကျန်းယုံဆီ ငါ သွားလိုက်မယ်... နင်ကတော့ အိမ်ပြန်တော့ပေါ့။"

ထို့နောက် သူမ လန်လင်းအား ညင်သာစွာ ပွေ့ဖက်လိုက်၏။ သူတို့နှစ်ဦးသား တိတ်ဆိတ်စွာ ဖက်နေလိုက်ကြသည်။

သူတို့ လမ်းခွဲကြတော့မည့်အချိန်၌ နီယာက စပ်စုလိုဟန်ဖြင့် မျက်ခုံးပင့်လိုက်၏။ "လွန်ခဲ့တဲ့ ၂ နှစ်က နင့်ကို သင်ပေးတုန်းက နင် အရမ်း ညံ့ခဲ့တာ။ အခုကျမှ ဘာလို့ ဒီလောက် ကောင်းကောင်း တီးနိုင်နေရတာလဲ။"

လန်လင်းက သွားဖြီးလိုက်သည်။ "ဆရာမတွေက ဆိုးတဲ့ ကျောင်းသားတွေကို ပိုသဘောကျကြတာလေ။ ကျွန်တော်သာ မဆိုးခဲ့ရင် ဆရာမနဲ့ ဘယ်လိုလုပ် အတူတူ နေခွင့်ရနိုင်မှာလဲ။"

**--**--**--**--**--**--**--**

နာရီဝက်ခန့် ကြာပြီးနောက် မေတ္တာရိပ်မြုံပရဟိတဂေဟာမှ နီယာ အရင် ထွက်ခွာသွား၏။ မထွက်ခွာမီ သူမ ပြောသွားသည့် နောက်ဆုံးစကားက လန်လင်း၏ ကျောရိုးကို စိမ့်တက်သွားစေသည်။

နီယာက လန်လင်းအား စိုက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်၏။ "နင့်ပိုင်ဆိုင်မှုတွေ အားလုံးကို ပြန်ရယူနိုင်ပြီး နင့်ကံကြမ္မာကို နင်ကိုယ်တိုင် ထိန်းချုပ်နိုင်ပြီဆိုရင် ငါ ကျန်းနင်နဲ့ ရင်ဆိုင်ပြီး ကွာရှင်းလိုက်မယ်... ပြီးရင် နင့်အနားကို ပြန်လာခဲ့မယ်။"

ထိုသို့ ပြောပြီးနောက် သူမ မြင်းပေါ်သို့ ခုန်တက်ကာ မြို့တော်ဆီသို့ ဒုန်းစိုင်းနှင်သွားတော့သည်။

လန်လင်း ကလေးများကို သင်ကြားပေးသည့် အလုပ်အား သူမထံမှ လွှဲပြောင်းရယူလိုက်ပြီး နေ့တစ်ဝက်ခန့် အကြာ၌ ရဲ့ကျင်းယွီနှင့်အတူ မြို့တော်သို့ ပြန်လာလိုက်၏။

လမ်းတစ်လျှောက်၌ ရဲ့ကျင်းယွီက လန်လင်းအား ထူးဆန်းသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။ သူမ၏ အကြည့်များအောက်၌ လန်လင်း တစ်ကိုယ်လုံး နေရခက်နေပြီး သူ၏ လက်များကိုပင် မည်သည့်နေရာ၌ ထားရမည်ကို မသိတော့ချေ။

ရဲ့ကျင်းယွီ၏ နှလုံးသားထဲ၌ ရှုပ်ထွေးလှသည့် ခံစားချက်များ ပြည့်နှက်နေ၏။ လက်ရှိအချိန်၌ လန်လင်းမှာ အလွန်အမင်း ရိုးအလွန်းနေသည်။ အကယ်၍ သူမသာ သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်လျှင် သူက သေချာပေါက် ကတုန်ကယင်ဖြစ်ကာ မျက်နှာများ နီရဲလာတတ်၏။ ထို့အပြင် သူမ ကျောခိုင်းထားချိန်၌လည်း သူမ၏ နောက်ပိုင်းအလှကို ခိုးမကြည့်ဘဲ မနေနိုင်ချေ။

အချုပ်အားဖြင့်ဆိုရလျှင် လက်ရှိအချိန်၌ လန်လင်းသည် အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ သိချင်စိတ် ပြင်းပြနေသည့် ရိုးအကာ ရှက်တတ်သော လူငယ်လေးတစ်ဦးပင်။

သို့သော် အစောက နီယာနှင့် သူ၏ ပြောဆိုဆက်ဆံမှုများမှာ အရမ်း ကျွမ်းကျင်ပိုင်နိုင်လွန်းလှ၏။ အမျိုးသမီးများအပေါ် သူ၏ နားလည်နိုင်စွမ်း ၊ သူ၏ စကားပြောဆိုမှု ၊ သူ၏ မျက်နှာအမူအရာနှင့် ဟန်ပန်တို့မှာ... အတွေ့အကြုံရင့်ကျက်သည့် နှလုံးသားခိုးယူသူတစ်ဦးအလားပင် ဖြစ်ကာ ဆိုလွန်ထက်ပင် အမျိုးသမီးများကို မြူဆွယ်ရာ၌ ပို၍ ကျွမ်းကျင်နေသေးသည်။

ပြီးခဲ့သည့်ညက ဆိုလွန်၏ အပြုအမူများကို တစ်ညလုံး သူ အတုခိုးခဲ့သည်။ သို့သော် ယနေ့၌မူ ဆိုလွန်ထက် များစွာ ပို၍ ကျွမ်းကျင်ပြီး ရင့်ကျက်သည့် မတူညီသော ပုံစံတစ်မျိုးဖြင့် လုပ်ဆောင်ပြ၏။

လန်လင်းက နှုတ်ခမ်းမဲ့လိုက်သည်။ "အစ်မ ကျင်းယွီ... ကျွန်တော့်ကို အဲဒီလိုမျိုး မကြည့်ပါနဲ့လား။"

ရဲ့ကျင်းယွီက သူ့အား မျက်စောင်းထိုးလိုက်၏။ "သခင်လေးက အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် အရမ်း ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး... ဆိုလွန်ထက်တောင် ပိုသေးတယ်။ သာမန်အချိန်တွေမှာ ဘာလို့ အဲဒီလောက် ရိုးအတဲ့ပုံဖမ်းနေတာလဲ။ မိန်းကလေးတွေကို မြူဆွယ်ဖို့ ကြိုးစားနေတာလား။"

လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "သာမန်အချိန်က ကျွန်တော်က တကယ့် ကျွန်တော် အစစ်အမှန်ပါပဲ။ ကျွန်တော် အမျိုးသမီးတွေကို နားလည်တယ်... သူတို့ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သိတယ်။ ဒါပေမဲ့ ဒါက ကျွန်တော် အဲဒီလို လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ။ ကျွန်တော် ဟန်ဆောင်နိုင်တယ်... ဒါပေမဲ့ ကျွန်တော် ဟန်ဆောင်ရတာကို သဘောကျတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။"

လန်လင်းသည် သူ၏ အစ်မဖြစ်သူနှင့် အတူတကွ ကြီးပြင်းလာသူဖြစ်ရာ အမျိုးသမီးများကို သူ နားလည်သည်မှာ သေချာပေါက်ပင်။

ငယ်စဉ်ကတည်းက အထင်သေးခံရသူ ဖြစ်သည့်အတွက် လူမှုဆက်ဆံရေးနယ်ပယ်၌ မည်သို့ ရှင်သန်ရမည်ကိုလည်း သူ သိထား၏။ ဇာတ်ညွှန်းများ လေ့လာပြီး ရုပ်ရှင်ကားပေါင်းများစွာကို ကြည့်ရှုဖူးသူဖြစ်ရာ သူ သရုပ်ဆောင်နိုင်သည်မှာလည်း အသေအချာပင်။

သို့သော် လုံးဝ လိုအပ်လာသည့် အချိန်မှလွဲ၍ သူ ဟန်ဆောင်ရန် ဆန္ဒမရှိချေ။

ရဲ့ကျင်းယွီက လှောင်ပြုံး ပြုံးလိုက်၏။ "ဟက်... အို... သခင်လေးက မကျေမနပ်တောင် ဖြစ်နေသေးတာလား။ ဒေါသကတော့ မသေးဘူးပဲ။"

လန်လင်း သူမကို လျစ်လျူရှုထားလိုက်ပြီး ရထားလုံးအတွင်း လှဲလျောင်းကာ အမိုးကိုသာ ငေးမောကြည့်နေလိုက်သည်။

ရဲ့ကျင်းယွီက စူးစမ်းလိုဟန်ဖြင့် စိုက်ကြည့်လိုက်၏။ "ဒီအမျိုးသမီးက သခင်လေးထက် ဆယ်နှစ်လောက် ကြီးတယ်... ပြီးတော့ သူက သခင်လေးကို မျက်စိကျနေပုံပဲ။ ဒီလို အမျိုးသမီးမျိုးက တစ်ခါ ချစ်မိသွားပြီဆိုရင် အရမ်းကို ရမ္မက်ပြင်းပြတတ်တယ်ဆိုတာ ကျွန်မ ပြောနိုင်တယ်။ သခင်​လေး ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။"

လန်လင်း အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး မျက်လုံးများကို မှိတ်ကာ မကြားဟန်ဆောင်နေလိုက်သည်။

သုံးရက်ကြာပြီးနောက် မြို့တော်ရှိ မြို့စားကြီးစံအိမ်သို့ လန်လင်း ပြန်လည်ရောက်ရှိလာ၏။

အိမ်ထဲသို့ သူ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်း အနားသို့ ရောက်လာကာ ဝမ်းသာအားရ ပြုံးလိုက်သည်။ "မောင်လေး... ကျောင်းအုပ်ကြီး ကျန်းယုံ ဝင်ပါပြီး နင့်ကို ကျောင်းထုတ်မယ့် ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီ။ နင် တကယ်ပဲ လုပ်နိုင်တာပဲ... အစ်မ တကယ်ကို မယုံနိုင်ဘူး။"

လန်လင်းက ကျန်းယုံ၏ ဆုံးဖြတ်ချက်အား ပြန်လည်ရုပ်သိမ်းအောင် တကယ်ပင် ဖျောင်းဖျနိုင်လိမ့်မည်ဟု ဆိုနင်ပင်း တကယ်ကို မမျှော်လင့်ထားပေ။

လန်လင်းသည်လည်း အံ့အားသင့်သွားရ၏။ နီယာ၏ လုပ်ဆောင်မှုက အလွန် မြန်ဆန်လှသည်။ သူ၏ သားဖြစ်သူ အနာဂတ်အတွက်နှင့် မိသားစုအရှုပ်တော်ပုံများ ဖုံးကွယ်ထားနိုင်ရန် ကျန်းယုံမှာ နီယာ၏ တောင်းဆိုချက်များကို မတတ်သာဘဲ သဘောတူလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters