← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရဲ့ကျင်းယွီ၏ လှပသည့် ခန္ဓာကိုယ်ကို ကြည့်ကာ လန်လင်း မျက်နှာနီရဲသွား၏။ သူမ၏ လက်လှုပ်ရှားမှုများကို ကြည့်ရင်း သူ၏ နှလုံးသားက ခပ်မြန်မြန် ခုန်ပေါက်လာသည်။

ရဲ့ကျင်းယွီ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သက်ပြင်းချကာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ဟူး... ကဲ... မျက်လုံးမှိတ်ပြီး စိတ်ကို ငြိမ်ငြိမ်ထား။ စံအိမ်ထဲမှာ လှပတဲ့ အစေခံကောင်မလေးတွေ အများကြီးရှိတယ်။ သခင်လေးကို ပြုစုဖို့ တစ်ယောက်လောက် မြန်မြန် ခေါ်ထားသင့်တယ်။ ဒါမှ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို မြင်တိုင်း ဒီလောက် အာရုံမလွင့်နေတော့မှ။ နီယာကို မြူဆွယ်တဲ့ အဲဒီ နှလုံးသားခိုးယူသူလေး ဘယ်ရောက်သွားလဲဆိုတာ တကယ်ကို မသိတော့ဘူး။"

ထိုစကားများကို ကြားလိုက်ရသော် လန်လင်းတစ်ယောက် တွင်းတစ်တွင်းထဲသာ ဝင်ပုန်းချင်စိတ် ပေါက်သွား၏။

ဤသို့ မပြုမူသင့်ကြောင်း သူ သိသော်လည်း ငယ်စဉ်ကတည်းက ဤအတိုင်း ဖြစ်နေခြင်းပင်။ အမျိုးသမီးများနှင့် နီးကပ်လာတိုင်း အမြဲတမ်း မျက်နှာနီရဲလာတတ်သည်။

သူသည် အလွန် ရိုးအသည့် လူငယ်လေးတစ်ဦးနှင့် တူ၏။ သို့သော် တကယ်တမ်း၌မူ သူ အများကြီး သိထားသည်။ သူ၏ အစ်မဖြစ်သူ လန်ခုံးအား မြူဆွယ်ရန် ရဲတင်းသလို လူသတ်ရန်အတွက် လပေါင်းများစွာ အချိန်ယူ အစီအစဉ်ဆွဲနိုင်လောက်အောင်လည်း ဉာဏ်ကောင်း၏။

သို့သော် အချိန်အများစု၌မူ အန္တရာယ်မရှိဘဲ လိမ္မာရေးခြားရှိသည့်ပုံသာ ပေါက်နေတတ်သည်။

လန်လင်း သူ၏ မျက်လုံးတို့ကို မှိတ်လိုက်ပြီး ဖန်သော်တာ နည်းစနစ်ကို အသုံးပြုလိုက်၏။ မကြာမီ လန်လင်း၏ လှုပ်ရှားနေသည့် စိတ်က တည်ငြိမ်လာသည်။

စိတ်နှင့် စိတ်ဝိညာဉ်ကို အမှတ်တစ်ခုတည်း၌ စုစည်းလိုက်၏။

လူတစ်ဦးက ဤကဲ့သို့ အာရုံစိုက်လိုက်သည့်အခါ သူတို့၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးက အတွင်း၌သာ ရှိနေပြီး လုံးဝ ယိုစိမ့်ထွက်လာခြင်း မရှိတော့ချေ။ ရဲ့ကျင်းယွီက ထိုသည်ကို အလွယ်တကူ သတိထားမိသွားကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "အင်း... နောက်တစ်ဆင့်အနေနဲ့ နဂါးစွမ်းအားကို နိုးထစေဖို့ ဉာဏ်အလင်းပွင့်ခြင်းရဲ့ ဒုတိယအဆင့်ကို အသုံးပြုပါ။"

လန်လင်း သူ၏ စိတ်ကို အာရုံစိုက်လိုက်၏။ ထိုအခါ မှောင်မိုက်နေသည့် စိတ်ဝိညာဉ်အာရုံထဲ၌ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များ ထွက်ပေါ်လာပြီး မှိန်ဖျော့ဖျော့ အလင်းရောင်ဖြင့် တောက်ပလာသည်။

လက်ရှိအချိန်၌ အသူရာမိစ္ဆာကြယ်၏ အလင်းရောင်မှာ အလွန်ကို အားနည်းနေပြီ ဖြစ်၏။

လန်လင်း စိတ်ထဲမှနေ၍ အမိန့်ပေးလိုက်သည်။ "စွမ်းအင်တွေကို လွှတ်လိုက်။"

အသူရာမိစ္ဆာကြယ်က လက်ကျန်စွမ်းအင်လေးများကို မနည်း ညှစ်ထုတ်လိုက်ပြီးနောက် တောက်ပနေသည့် စွမ်းအင်ကြိုးမျှင်လေးများစွာကို ပစ်လွှတ်လိုက်၏။

ရဲ့ကျင်းယွီက အလျင်အမြန် လောဆော်လိုက်သည်။ "အခုချက်ချင်း ဖြစ်နိုင်သမျှ အများဆုံး ဖမ်းယူနိုင်ဖို့ သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပါ။"

တောက်ပနေသည့် ကြိုးမျှင်များကို ဖမ်းယူရန် လန်လင်းက သူ၏ စိတ်ဝိညာဉ်ကို အလျင်အမြန် စေလွှတ်လိုက်၏။

သို့သော် စွမ်းအင်များက အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ လန်လင်း ဖမ်းမဆုပ်နိုင်မီမှာပင် လုံးဝ ပျောက်ကွယ်သွား၏။

အသူရာမိစ္ဆာကြယ်၏ အသံက သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ "သခင်... ဉာဏ်အလင်းပွင့်ခြင်းရဲ့ တတိယအဆင့်ကို ပြီးချင်ရုံသက်သက်ဆိုရင် ကျွန်တော့်ကိုသာ အမိန့်ပေးလိုက်ပါ။ ဒီစွမ်းအင်ကို သခင့်ရဲ့ ဒန်တျန်ဆီ တိုက်ရိုက်ပို့ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်စေကာ နှလုံးဆီကို ပြန်ယူဆောင်လာပေးနိုင်ပါတယ်။ ဒါဆိုရင် ဆယ့်ငါးမိနစ်တောင် မကြာဘဲ တတိယအဆင့်ကို ပြီးမြောက်နိုင်မှာပါ။"

လန်လင်း စဉ်းစားလိုက်၏။ အကယ်၍ ထိုသို့လုပ်လိုက်လျှင် ရဲ့ကျင်းယွီကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေလိမ့်မည်။

လန်လင်း မျက်မှောင်ကျုံ့သွားသည်။ "ဟင်... ငါ ခက်ခက်ခဲခဲ လုပ်ဖို့ လိုလို့လား။"

လောကကြီး မည်သို့လည်ပတ်နေသည်ကို သိမြင်ကြီးပြင်းလာသူဖြစ်ရာ လန်လင်းသည် အလွန် လက်တွေ့ကျ၏။ အလုပ်ဖြစ်မည်ဆိုလျှင် လှည့်စားရမည်ကို ဂရုမစိုက်သလို ဤအတွက်နှင့်လည်း အပြစ်မကင်းသလို ခံစားရမည် မဟုတ်ချေ။

အသူရာမိစ္ဆာကြယ်က တိုက်တွန်းလာသည်။ "သခင့်ရဲ့ ကိုယ်ပိုင်ပါရမီကို အသုံးပြုပြီး ဉာဏ်အလင်းပွင့်ခြင်းရဲ့ တတိယအဆင့်ကို ပြီးမြောက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။"

လန်လင်းက မျက်ခုံးပင့်လိုက်သည်။ "ဟမ်... ဘာလို့လဲ။"

အသူရာမိစ္ဆာကြယ်က ရှင်းပြလာသည်။ "သခင့်ကို အားကောင်းတဲ့ စွမ်းအင်တွေ ကျွန်တော် ပေးနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအားကိုတော့ ကျွန်တော် မပေးနိုင်ဘူး။ အဲဒါကို သခင်ကိုယ်တိုင် လေ့ကျင့်ရပါမယ်။"

စိတ်ဝိညာဉ်စွမ်းအားဆိုသည်မှာ သိုင်းပညာ၏ အနှစ်သာရပင်။ အကြောင်းမှာ နဂါးစွမ်းအားကို ထိန်းချုပ်ရန် လိုအပ်သည့်အတွက် ဖြစ်၏။ သို့သော် လန်လင်းအတွက်မူ ထိုအရာကို တကယ်တမ်း မလိုအပ်ချေ။ သူက အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များကို အတွေးတစ်ချက်ဖြင့်ပင် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည် မဟုတ်လော။

လန်လင်းက သူ၏ အတွေးများကို ပခုံးတွန့်ကာ ထုတ်ဖော်လိုက်သည်။ "ငါ့စွမ်းအားတွေကို စိတ်နဲ့ ထိန်းချုပ်ဖို့ မလိုပါဘူး။ ဒါဆို ဘာလို့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ရမှာလဲ။"

အသူရာမိစ္ဆာကြယ်က အလေးအနက် ရှင်းပြလာသည်။ "စိတ်ဝိညာဉ်စွမ်းအားက နဂါးစွမ်းအားကို ထိန်းချုပ်ဖို့ သက်သက် မဟုတ်ပါဘူး။ ရန်သူတွေကို ပစ်မှတ်ထားဖို့နဲ့ ပတ်ဝန်းကျင်မှာ ဘာတွေရှိနေလဲဆိုတာကို အာရုံခံဖို့အတွက်လည်း လိုအပ်တယ်။ ထိပ်သီးပညာရှင်တွေရဲ့ တိုက်ပွဲတွေမှာ အရေးအကြီးဆုံးက စိတ်ဝိညာဉ်စွမ်းအားပဲ။"

လန်လင်း အံ့အားသင့်သွား၏။ စိတ်ဝိညာဉ်စွမ်းအားက အသုံးဝင်ကြောင်း သူ သိထားပြီးဖြစ်သော်လည်း ထိုမျှအထိ အရေးကြီးမည်ဟုတော့ မသိထားပေ။ သိုင်းပညာ၏ အနှစ်သာရ ဖြစ်နေခြင်းက မဆန်းတော့ချေ။

လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "ဒါဆိုရင်... ငါ့ရဲ့ စိတ်ဝိညာဉ်ပါရမီက ဘယ်လောက်ကောင်းလဲ။"

အသူရာမိစ္ဆာကြယ်က ချက်ချင်း တုံ့ပြန်လာသည်။ "အမြင့်ဆုံးအမှတ်က တစ်ရာဆိုရင် သခင်က ခုနစ်ဆယ့်ငါးမှာ ရှိပါတယ်။"

လန်လင်း စိတ်ဝင်တစား ထပ်မေးလိုက်သည်။ "အခြားသူတွေနဲ့ယှဥ်ရင်ကော...။"

အသူရာမိစ္ဆာကြယ်က တွေဝေစွာဖြင့် ဆက်ပြောလာသည်။ "ကောင်းပါတယ်။ လူတစ်ထောင်မှာ တစ်ယောက်လောက်ပဲရှိတဲ့ ပါရမီရှင် အနေအထားပဲ။ ဒါပေမဲ့... လောကမှာတော့ သခင့်ထက် သာတဲ့ ပါရမီရှင်တွေ အများကြီးရှိသေးတယ်။"

လန်လင်း စိတ်ပျက်သွားရ၏။ စိတ်ဝိညာဉ်စွမ်းအားက အလွန်အရေးကြီးနေပြီး သူ၌ အမှတ်ခုနစ်ဆယ့်ငါးသာ ရှိသည်။ လူတစ်ထောင်၌ တစ်ယောက်ဆိုသည်မှာ ကြားကောင်းသော်လည်း သူ၏ အန္တရာယ်များသည့် အခြေအနေ၌ လူတစ်သောင်း၌ တစ်ယောက် သို့မဟုတ် ထိုထက်ပို၍ ကောင်းမွန်ရန် လိုအပ်နေသည်။

အသူရာမိစ္ဆာကြယ်က အလျင်အမြန် နှစ်သိမ့်လာ၏။ "သခင်... စိတ်မကောင်း မဖြစ်ပါနဲ့။ ကျွန်တော်က နဂါးစွမ်းအားတင်မကဘူး စိတ်ဝိညာဉ်စွမ်းအားကိုပါ ဝါးမျိုနိုင်တယ်။ သခင်သာ ဆန္ဒရှိပြီး သားကောင် အလုံအလောက် အမဲလိုက်နိုင်မယ်ဆိုရင် သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက မြင့်မြတ်နတ်နဂါးကျောင်းတော်က သူတော်စင်ကြီးတွေထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်တယ်။"

လန်လင်းတစ်ယောက် အံ့အားသင့်သွားရ၏။ ဤအသူရာမိစ္ဆာကြယ်မှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်။

ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ရော စိတ်ဝိညာဉ်စွမ်းအင်ကိုပါ စားသုံးနိုင်၏။ အသူရာမိစ္ဆာကြယ်က တွင်းနက်ကြီးတစ်ခု ဖြစ်နေမလားဟု သူ အလေးအနက် တွေးတောမိသွားသည်။

လန်လင်း တံတွေးမြိုချလိုက်သည်။ "ဂလု... ဘယ်လို သားကောင်က စိတ်ဝိညာဉ်စွမ်းအားကို အများဆုံး ပေးနိုင်လဲ။"

အသူရာမိစ္ဆာကြယ်ထံမှ သွေးအေးရက်စက်သည့် အဖြေထွက်လာသည်။ "လူသား စိတ်ဝိညာဉ် ကျွမ်းကျင်သူတွေပါ။ အထူးသဖြင့် မှော်ဆရာတွေပေါ့။"

သူ၏ မျက်နှာကို ပြောင်းလဲပေးသည့် နတ်စိတ်ဝိညာဉ်ကိုးပါး မှော်ဆရာမကို လန်လင်း တွေးမိသွား၏။ သူ ကျောချမ်းသွားပြီး ခေါင်းခါယမ်းလိုက်မိသည်။ "မဟုတ်သေးဘူး။"

လူများကို သတ်ပြီး သူတို့၏ စိတ်ဝိညာဉ်များကို စားသုံးရမည်လော။ ဤသည်က အလွန်ကို ဆိုးယုတ်လွန်းလှသည်။

ထို့နောက် လန်လင်းက အသူရာမိစ္ဆာကြယ်နှင့်အတူ လှည့်စားရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်၏။ ထိုအစား နဂါးစွမ်းအား ထိန်းချုပ်ခြင်းဆိုသည့် ဉာဏ်အလင်းပွင့်ခြင်း၏ တတိယအဆင့်ကို အောင်မြင်ရန် သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကြိုးစားပမ်းစား လုပ်ဆောင်လိုက်သည်။

အလွန်ကို ခက်ခဲလှသည်။ တကယ်ကို အလွန် ခက်ခဲလွန်းလှ၏။ စွမ်းအင်များက တစ်စက္ကန့်အတွင်း လင်းလက်လာပြီး ပျောက်ကွယ်သွားကာ လုံးဝ ထိန်းရခက်ပြီး ရှုပ်ထွေးနေသည်။

သူ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် ကြိုးစားကြည့်လိုက်၏...။

စွမ်းအင်များက အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသည့်အတွက် သူ၏ ပထမ ဆယ်ကြိမ် ကြိုးစားမှု၌ လန်လင်း မည်သည့်အရာကိုမှ မဖမ်းဆုပ်နိုင်လိုက်ချေ။

နာရီဝက်ခန့် ကုန်လွန်သွား၏။ ထို့နောက် တစ်နာရီ။ ထို့နောက် နှစ်နာရီ... သူ အကြိမ်တစ်ရာလောက် ကြိုးစားမိသွားသည်။ အကြိမ်တစ်ရာ့တစ်ကြိမ်လောက်လည်း ဖြစ်နိုင်၏။

အသူရာမိစ္ဆာကြယ်က သူ၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည့် အချိန်၌ပင် လန်လင်း၏ စိတ်က အစိတ်အပိုင်းတစ်ခုကို ရုတ်တရက် ဖမ်းဆုပ်လိုက်မိ၏။

နောက်ဆုံး၌ သူ မကျရှုံးတော့ချေ။ စုစုပေါင်းစွမ်းအင်၏ တစ်ရာခိုင်နှုန်းထက် နည်းနေလျှင်ပင် စွမ်းအင်ကြိုးမျှင် သေးသေးလေးတစ်ခုကို သူ ဖမ်းဆုပ်နိုင်လိုက်သည်။

ထိုသို့တိုင် ဤသည်က ကြီးမားသည့် အောင်မြင်မှုတစ်ခုပင်။ အစောပိုင်းက ရာနှင့်ချီ၍ ကျရှုံးခြင်းက လန်လင်းကို တကယ်ပင် စိုးရိမ်ပူပန်စေခဲ့သည်။

အသူရာမိစ္ဆာကြယ်သည်လည်း စိတ်သက်သာရာ ရသွား၏။ သူ၏ စွမ်းအင်က အလွန်အားနည်းနေသည်။ တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ထုတ်လွှတ်ရသော်လည်း ရာနှင့်ချီ၍ လုပ်ဆောင်ရခြင်းက အလွန် ပင်ပန်းလှသည်။ ယခုအခါ၌ဆိုလျှင် သူ၏ စွမ်းအင်တို့က လုံးဝနီးပါး ကုန်ခန်းနေလေပြီ။

ခဏအကြာ၌ လန်လင်း သက်ပြင်းချလိုက်သည်။ "ဟူး... ဒီအမြန်နှုန်းနဲ့ဆိုရင် ဉာဏ်အလင်းပွင့်ခြင်းရဲ့ တတိယအဆင့်ကို ပြီးမြောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲ။"

အသူရာမိစ္ဆာကြယ်က ချက်ချင်း အဖြေပေးလာသည်။ "တစ်လပါ။"

လန်လင်း မျက်ခုံးပင့်လိုက်သည်။ "တစ်လတောင်လား... ဒါဆိုရင် မင်းနဲ့ ထိန်းချုပ်လိုက်မယ်ဆိုရင်ရော။"

အသူရာမိစ္ဆာကြယ်ထံမှ တိကျသည့် အဖြေထွက်လာသည်။ "တစ်စက္ကန့်ပါ။"

လန်လင်း တစ်ချက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ အသူရာမိစ္ဆာကြယ်၏ စွမ်းအားကို တိုက်ရိုက်ထိန်းချုပ်ရန် သူ၏ စိတ်ကို အသုံးပြုလိုက်သည်။

စွမ်းအားများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ဖမ်းဆုပ်ခံလိုက်ရ၏။ လုံးဝ ယိုစိမ့်မှုမရှိဘဲ သူ၏ ဒန်တျန်ဆီ တိုက်ရိုက် ရွေ့လျားသွားကာ ခန္ဓာကိုယ်အနှံ့ လည်ပတ်ပြီးနောက် နောက်ဆုံး၌ နှလုံးဆီသို့ ပြန်ရောက်လာသည်။

ဤထူးဆန်းသည့် ကြယ်က တကယ်ကို အံ့မခန်းပင်။ ပုံမှန်အားဖြင့် တစ်လခန့် အချိန်ယူရမည့်အရာက တစ်စက္ကန့်မျှသာ ကြာမြင့်လိုက်၏။

ထိုစဉ် ရဲ့ကျင်းယွီ၏ အသံ ထွက်ပေါ်လာသည်။ "ကဲ... ဒီနေ့အတွက် ဒီလောက်ဆို လုံလောက်ပြီ။"

လန်လင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အပြင်ဘက်၌ မှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters