← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အချိန်များက လျင်မြန်စွာ ကုန်လွန်သွား၏။ တစ်ခဏမျှသာဟု ထင်ရသော်လည်း နေ့တစ်ဝက်ပင် ကျိုးသွားလေပြီ။

လန်လင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်၌ အလွန်တရာ ပင်ပန်းနွမ်းနယ်နေကြောင်း ခံစားလိုက်ရသည်။ မြေပြင်ပေါ်၌ လှဲချကာ ချက်ချင်းပင် အိပ်ပျော်သွားချင်စိတ် ပေါက်နေ၏။

ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့ကာ စိုးရိမ်တကြီး ကြည့်လာသည်။ "သခင်လေး... တိုးတက်မှု ဘယ်လိုလဲ။"

လန်လင်းက သက်ပြင်းချလိုက်၏။ "ဟူး... စိတ်ကိုသုံးပြီး နဂါးစွမ်းအားကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အစ်မ အသက်သွင်းပေးတုန်းက စွမ်းအားရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိဘူး။"

ထိုသို့ ကြားလိုက်ရပြီးနောက် ရဲ့ကျင်းယွီ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကာ စိတ်သက်သာရာ ရသွားသည်။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဤရလဒ်က သူမကို တိတ်တဆိတ် ဝမ်းသာပျော်ရွှင်သွားစေ၏။

လန်လင်း၏ နေ့တစ်ဝက်တည်းနှင့် ဉာဏ်အလင်းပွင့်ခြင်း၏ ပထမနှင့် ဒုတိယအဆင့်တို့ကို ပြီးမြောက်ခဲ့သည့် အောင်မြင်မှုတို့က သူမကို တကယ်ပင် ထိတ်လန့်သွားစေခဲ့သည်။

အခြားသော ထိပ်တန်းပါရမီရှင်များမှာ များသောအားဖြင့် လဝက် သို့မဟုတ် တစ်လတိတိ အချိန်ယူရသော်လည်း လန်လင်းကမူ နေ့တစ်ဝက်သာ လိုအပ်ခဲ့၏။ ဤသည်က ပါရမီရှင်တစ်ဦးဖြစ်ရုံမျှသာ မကတော့ချေ။ လူမဆန်သည်ဟုသာ နာမည်တပ်ရပေမည်။

ထိုမျှ ဘီလူးသရဲဆန်လွန်းသည့် ပါရမီက ရဲ့ကျင်းယွီကို ဝမ်းသာပျော်ရွှင်မှု မပေးစွမ်းနိုင်ဘဲ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုကိုသာ ဖြစ်ပေါ်စေ၏။ ယခု လန်လင်းက သူ၏ ပထမဆုံး နဂါးစွမ်းအား အနည်းငယ်ကို ဖမ်းဆုပ်ရန် နေ့တစ်ဝက် အချိန်ယူလိုက်ရသည့်အခါမှသာ သူမ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။ ဤသည်က လန်လင်းမှာ ပုံမှန်လူသားတစ်ဦး ဖြစ်နေသေးကြောင်း သက်သေပြလိုက်ခြင်းပင်။

လန်လင်း မျက်လုံးတို့က အရောင်တောက်လာ၏။ "ရလဒ်က ဘယ်လိုလဲ။"

ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ "အင်း... အရမ်းကောင်းတယ်။ တစ်ထောင်မှာ တစ်ယောက်ပဲ။ ကဲ... သွားစားကြစို့။"

ညစာစားပွဲ၌ လန်လင်း၏ အစ်မဖြစ်သူ ဆိုနင်ပင်းက သူ့ကို ထပ်တလဲလဲ သတိပေး၏။ မူလ ဆိုလွန်သည် ကျောင်း၌ မိန်းကလေးများစွာနှင့် ရှုပ်ပွေခဲ့ကြောင်း သူမက သတိပေးသည်။ သူသည် အခြားသူများ၏ ရည်းစားများကို လုယူပြီးနောက် စွန့်ပစ်ခဲ့၏။ ဤအကြောင်းကြောင့် အတန်းထဲ၌ အလွန်သတိထားရန်နှင့် အခြားသူများနှင့် ရန်မဖြစ်ရန် လိုအပ်သည်။

လန်လင်းကမူ စိတ်ထဲ၌ ဆိုလွန်ကို ကျိန်ဆဲလိုက်မိ၏။ မနက်ဖြန် တက်ရမည့် အတန်းများအတွက် စိုးရိမ်ပူပန်နေပြီး ဒေါသထွက်နေသည့် စွန့်ပစ်ခံရည်းစားဟောင်းများ ဝင်မလုံးရန်သာ မျှော်လင့်နေမိသည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့ မနက်၌ ရဲ့ကျင်းယွီက လန်လင်းကို တော်ဝင်အကယ်ဒမီသို့ မြင်းရထားဖြင့် ခေါ်ဆောင်သွား၏။

အကယ်ဒမီ၏ အထက်တန်းလွှာအပိုင်းသို့ ဝင်ရောက်ရန် အရပ်သားအပိုင်း၏ ပင်မလမ်းမကြီးကို ဦးစွာ ဖြတ်သန်းရမည် ဖြစ်သည်။

ယနေ့ လန်လင်း ခပ်စောစောရောက်လာရာ အထက်တန်းလွှာ ကလေးများစွာ ကျောင်းသွားနေချိန်နှင့် တိုက်ဆိုင်နေ၏။ လမ်းမတစ်လျှောက်၌ ကြီးကျယ်ခမ်းနားသည့် မြင်းရထားရာနှင့်ချီ တန်းစီသွားလာနေသည်ကို သူ မြင်လိုက်ရသည်။ မြင်းရထားတိုင်း၌ မတူညီသည့် မိသားစုအမှတ်တံဆိပ်များ ပြသထားကြသည်။

ထိုအချိန်အတွင်း အရပ်သားကျောင်းသားများကို ပင်မလမ်းမကြီးပေါ်၌ လမ်းလျှောက်ခွင့် မပြုထားပေ။ အထက်တန်းလွှာ မြင်းရထားများ ဖြတ်သန်းသွားချိန်၌ အရပ်သားလူငယ်များမှာ လမ်းဘေး၌ ခေါင်းငုံ့ရပ်ကာ ထိုရထားများ ထွက်ခွာသွားမည့်အချိန်ကို စောင့်ဆိုင်းနေရသည်။

အရပ်သားလူငယ်များ၏ မျက်လုံးများထဲရှိ ဒေါသနှင့် အရှက်ရမှုတို့ကို လန်လင်း ရှင်းလင်းစွာ မြင်တွေ့နိုင်၏။ အထက်တန်းလွှာ လူငယ်များမှာ လေးစားမှုပြသမည့်အစား အသံကျယ်လောင်စွာ ရယ်မောကြကာ သူတို့ကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် မြင်းရထားမောင်းသူများကို အရှိန်လျှော့ခိုင်းကြသည်။

ဤအပြုအမူက အမုန်းပွားစေရန် သက်သက်သာဖြစ်ပြီး နေ့စဉ်ရက်ဆက် ပြုလုပ်နေကြခြင်းပင်။ ဤနှုန်းအတိုင်းဆိုလျှင် အရပ်သားများနှင့် အထက်တန်းလွှာများ မကြာမီ ခါးသီးသည့် ရန်သူများ ဖြစ်လာကြပေလိမ့်မည်။

သူတို့က သာမန်ကျောင်းသားများသာ ဖြစ်နေလျှင် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။ သို့သော် တော်ဝင်အကယ်ဒမီရှိ အရပ်သားကျောင်းသားများမှာ အားလုံးက အထက်တန်းစားများ ဖြစ်ကြ၏။

အနာဂတ်၌ သူတို့သည် ဘုရင့်နိုင်ငံအတွင်း မြင့်မားသည့် ရာထူးများနှင့် အာဏာများကို ရယူကြမည်ဖြစ်သည်။ သူတို့ အာဏာရလာသည်နှင့် တစ်ပြိုင်နက် အထက်တန်းလွှာများအနေဖြင့် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရှိပါဦးမည်လော။

လန်လင်း သမိုင်းစာအုပ်များစွာကို ဖတ်ဖူး၏။

အတိတ်ကာလက ပါရမီရှိသည့် အရပ်သားများစွာမှာ အထက်တန်းလွှာများအတွက် အလုပ်လုပ်ပေးကြသည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း၌ လုပ်ခလစာနှင့် ရာထူးများ နိမ့်ကျနေသော်ငြားလည်း ပါရမီရှိသည့် အရပ်သားများ ပို၍များလာကာ တော်ဝင်မိသားစုအတွက် အလုပ်လုပ်ပေးရန် ရွေးချယ်လာကြ၏။

ယနေ့ခေတ်၌ အရပ်သား အထက်တန်းစားများကို စစ်တပ် ၊ ဒေသအစိုးရများနှင့် အဆင့်မြင့်အစိုးရအဖွဲ့များ၌ပင် များစွာ တွေ့ရှိနိုင်လေပြီ။ အထက်တန်းလွှာများကို အရပ်သားများနှင့် အစားထိုးရန် တော်ဝင်မိသားစု၏ အစီအစဉ်က ပထမဆုံး ရလဒ်များကို ပြသနေပြီ ဖြစ်သည်။

တော်ဝင်မိသားစုက အုပ်ချုပ်သူလူတန်းစားကို အပြည့်အဝ အစားထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ရိုးရာအထက်တန်းလွှာများ၏ နိဂုံးချုပ်ချိန် ဖြစ်လာပေလိမ့်မည်။ လန်လင်းမှာ ပြင်ပလူတစ်ဦးဖြစ်သည့်တိုင် ဤသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။ ထိုသို့တိုင်အောင် ဤအထက်တန်းလွှာ ကလေးများက အရပ်သားများကို နေ့စဉ် အနိုင်ကျင့်ရန် ရွေးချယ်နေကြဆဲပင်။

**--**--**--**--**--**--**--**

အထက်တန်းလွှာ အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် ရဲ့ကျင်းယွီက လန်လင်းကို သူ၏ စာသင်ခန်းဆီ ခေါ်ဆောင်သွားသည်။

ရဲ့ကျင်းယွီသည် အလွန်လှပပြီး ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ထား၏။ လမ်းလျှောက်သွားစဉ် မောက်မာသည့် အထက်တန်းလွှာ လူငယ်များစွာ၏ အာရုံစိုက်မှုကို သူမ ရရှိသည်။ အချို့က လှပသည့် ပန်းပွင့်လေးတစ်ပွင့်မှာ နွားချေးပုံပေါ် ရောက်နေကြောင်း တီးတိုးလှောင်ပြောင်ကြ၏။

စာသင်ခန်းထဲ ဝင်သွားချိန်၌ လန်လင်း အံ့အားသင့်သွားရသည်။ အပြင်အဆင်မှာ ကမ္ဘာမြေပေါ်ရှိ တက္ကသိုလ်စာသင်ခန်းတစ်ခုနှင့် အတိအကျ တူညီနေ၏။

ကျောက်သင်ပုန်းနှင့် မြေဖြူခဲများ ပါရှိသည့် ကြီးမားသော လှေကားထစ်ပုံစံ အခန်းတစ်ခု ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ခမ်းနားလှပစွာ အလှဆင်ထားသည့် စားပွဲများနှင့် ကုလားထိုင်များပင်။

ဤသည်က တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေမှ ကူးပြောင်းလာသည့် ယခင် နဂါးဧကရာဇ်၏ လက်ရာဖြစ်ကြောင်း ထင်ရှားနေ၏။

စာသင်ခန်း အပြင်အဆင်သာမက ပညာရေးစနစ် တစ်ခုလုံးသည်လည်း ကမ္ဘာမြေ၏ တက္ကသိုလ်များနှင့် အလွန်ဆင်တူသည်။ ရှေးဟောင်း ဧကရာဇ်စာမေးပွဲများကို ကျော်လွန်ကာ ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးရန် ခေတ်သစ် အဆင့်မြင့်ပညာရေးစနစ်ကို အသုံးပြုထား၏။

ထိုကျွမ်းကျင်ပညာရှင်များထဲ၌ စာပေ ၊ သိုင်းပညာ ၊ အနုပညာနှင့် နိုင်ငံရေးနယ်ပယ်များမှ ပညာရှင်များပင် ပါဝင်နေကြသည်။

နဂါးဧကရာဇ်သည် သိပ္ပံပညာနှင့် ပတ်သက်၍ များများစားစား မသိသည့်အတွက် ကမ္ဘာမြေ၌ စာပေနှင့် အနုပညာ သို့မဟုတ် လူမှုရေးသိပ္ပံ ကျောင်းသားတစ်ဦး ဖြစ်ပုံရ၏။ တော်ဝင်အကယ်ဒမီ၌ သိပ္ပံအတန်းများကို လုံးဝနီးပါး မသင်ကြားပေးပေ။

အတန်းချိန် နီးကပ်လာသည်နှင့်အမျှ အထက်တန်းစား ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲ ဝင်လာကြသည်။

ထိုအချိန်၌ ဆိုလွန်ကို မည်မျှမုန်းတီးကြောင်း လန်လင်း တကယ်ပင် ခံစားလိုက်ရ၏။ ယောကျ်ားလေးများ ဝင်လာချိန်၌ လန်လင်းကို လျစ်လျူရှုထားကြသလို ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့်လည်း စိုက်ကြည့်ကြသေးသည်။

မိန်းကလေးများ ဝင်လာချိန်၌လည်း သူ့ကို သေစေတတ်သည့် ရောဂါဆိုးတစ်ခုသဖွယ် ရှောင်ဖယ်ကြ၏။ သူ့ကို ကြည့်သည့် မိန်းကလေးအနည်းငယ်၏ မျက်လုံးများထဲ၌လည်း အေးစက်မှုနှင့် မုန်းတီးမှုတို့ကို ပြသနေကြသည်။ ဆိုလွန်သည် အတိတ်က ဤမိန်းကလေးများကို မြူဆွယ်ပြီး စွန့်ပစ်ခဲ့ကြောင်း သိသာထင်ရှားလှ၏။

ဤသည်က စာသင်ခန်းထဲ၌ ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။ အခန်းထဲ၌ လူအပြည့်ဖြစ်နေသော်လည်း လန်လင်း၏ ဘေးပတ်လည်ရှိ ထိုင်ခုံငါးခုံတို့ကမူ လုံးဝ လွတ်ဟာနေ၏။ ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ကျောင်းသားတိုင်းက သူ့ကို ချီးပုံကြီးအလား ဖယ်ကြဉ်ထားကြသည်။

ခဏအကြာ၌ ဆရာဖြစ်သူ ဝင်လာ၏။

သူသည် ယဉ်ကျေးပျူငှာသည့် ပုံစံရှိသော သက်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။ သူ၏ ဆရာဝတ်ရုံမှာ လုံးဝ သပ်ရပ်နေပြီး ဆံပင်တစ်ပင်ချင်းစီကို သေချာစွာ ဖြီးသင်ထား၏။ အတော်လေး ငယ်ရွယ်ပုံပေါက်သော်ငြားလည်း ဆံပင်ဖြူများစွာ ရှိနေပြီ ဖြစ်သည်။

ထိုသူကား ဆိုလွန်၏ စစ်ဗျူဟာဆရာ ရှို့ယန်ပင်။

အရပ်သားအဖြစ် မွေးဖွားလာသော်လည်း မြင့်မားသည့် ရာထူးတစ်ခုအထိ တက်လှမ်းနိုင်သူ ဖြစ်၏။ အကယ်ဒမီ၌ စာသင်ကြားသည့်အပြင် တော်ဝင်အစိုးရအဖွဲ့အတွက် မူဝါဒရေးရာ အကြံပေးတစ်ဦးလည်း ဖြစ်သည်။

ဆရာရှို့ယန်တစ်​ယောက် လန်လင်းကို မြင်လိုက်ရချိန်၌ အနည်းငယ် အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် ပျင်းရိသည့် လူကုံထံသား မူလဆိုလွန်မှာ အတန်းမတက်သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည့်အတွက်ပင်။

ဆရာရှို့ယန်က စာသင်ခန်းတစ်ခွင်သို့ အကဲခတ်ဝေ့ကြည့်လိုက်သည်။ "မင်းတို့ရဲ့ ခြောက်နှစ်တာ သင်ယူမှုကို အဆုံးသတ်မယ့် ဘွဲ့ယူစာမေးပွဲရောက်ဖို့ ရက်တစ်ရာ့သုံးဆယ့်ကိုးရက်ပဲ ကျန်တော့တယ်။ သေချာတာပေါ့... မင်းတို့လို အထက်တန်းလွှာတွေအတွက် ဒီစာမေးပွဲက အတားအဆီး သေးသေးလေးတစ်ခုပဲ။ သူတို့အနာဂတ်ကို လုံးဝဆုံးဖြတ်ပေးမယ့် အသက်ရှင်ရေး ဒါမှမဟုတ် သေဆုံးရေး အခိုက်အတန့်ဖြစ်နေတဲ့ အရပ်သားအကယ်ဒမီနဲ့တော့ မတူဘူးပေါ့။"

ထို့နောက် ဆရာရှို့ယန်က လန်လင်းကို စိုက်ကြည့်လိုက်၏။ "ဒါပေမဲ့ ဒီစာမေးပွဲက ဒီနေရာက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဆိုလွန်... မင်းအကြောင်း ပြောနေတာ မင်းသိတယ်။ မင်းသာ ကျရှုံးရင် မင်းမိသားစုရဲ့ နှစ်ပေါင်း နှစ်ရာ သက်တမ်းရှိတဲ့ အမွေအနှစ်တွေ ဆုံးရှုံးရလိမ့်မယ်။ နောက်ဆုံးမှာ မင်းလုပ်ရပ်တွေကို နောင်တရပြီး ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ဘယ်လောက်တောင် မိုက်မဲခဲ့လဲဆိုတာကို တွေးတောဆင်ခြင်နိုင်ဖို့ မျှော်လင့်တယ်။"

ထိုစကားကို ကြားသော် အခြားသည့် အထက်တန်းလွှာ ကျောင်းသားများမှာ သူ၏ အရှက်ရမှုကို သဘောကျစွာဖြင့် ရယ်မောလိုက်ကြသည်။

လန်လင်းက မဲ့ပြုံး ပြုံးကာ အေးစက်သည့်အသံဖြင့် ချက်ချင်း ပြောလိုက်၏။ "ဘာရယ်တာလဲ။ ဒီနေ့ ဆိုမိသားစု ဒုက္ခရောက်မယ့်အလှည့် ဖြစ်ပေမဲ့ မနက်ဖြန် မင်းတို့မိသားစုအလှည့်လည်း ဖြစ်နိုင်တယ်လေ။"

သူ၏ ထက်မြက်သည့် တုံ့ပြန်စကားကို ကြားလိုက်ရသော် ကျောင်းသားများစွာ၏ အပြုံးများ ပျောက်ကွယ်သွားကာ ဆရာရှို့ယန်မှာလည်း အံ့အားသင့်စွာဖြင့် လန်လင်းကို ကြည့်လာသည်။

ထိုစဉ် ကျောင်းသားတစ်ဦးက လှောင်ပြုံး ပြုံးကာ ခနဲ့တဲ့တဲ့ လေသံဖြင့် လှောင်ပြောင်လိုက်၏။ "ဟက်... ငါတို့ မိသားစုတွေမှာ မင်းလို အမှိုက်ကောင်မှ မရှိတာ။ မင်းက အသုံးမကျတဲ့ ငကြောင်ပဲ။ ကြက်တစ်ကောင်ကိုတောင် သတ်နိုင်မှာ မဟုတ်ဘူး။"

အခြားတစ်ယောက်ကလည်း သွားဖြီးပြလိုက်သည်။ "ဟီးဟီး... ဆိုလွန်ရဲ့ ခွန်အားတွေ အားလုံးက ချက်အောက် သုံးလက်မနေရာမှာပဲ စုစည်းနေမှာပေါ့ကွာ။"

လန်လင်းက နှာခေါင်းရှုံ့လိုက်၏။ "ဟမ့်... မင်း ဘယ်လိုသိလဲ။ ကိုယ်တိုင် မြည်းစမ်းဖူးလို့လား။ ဒါမှမဟုတ် မင်းမိသားစုထဲက မိန်းမတွေကို မြည်းစမ်းဖူးလို့လား။"

စာသင်ခန်း တစ်ခုလုံး အသံကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ လန်လင်းကို လှောင်သည့် ကျောင်းသားမှာလည်း အရှက်ရမှုကြောင့် မျက်နှာတစ်ခုလုံး ရဲတက်သွား၏။

မိန်းကလေးတို့ကမူ နားကို ပိတ်ထားလိုက်ကြသော်လည်း ရင်ထဲ၌ စိုးရိမ်တကြီး တုန်လှုပ်သွားကြကာ မျက်နှာများ အလွန်နီရဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို သူတို့ တကယ်ပင် ကြုံတွေ့ဖူးသောကြောင့် ဖြစ်၏။ မူလဆိုလွန်သည် အတန်းထဲရှိ လှပသည့် မိန်းကလေး လုံးဝနီးပါးနှင့် အိပ်ဖူးသည်။

တစ်ချိန်တည်းမှာပင် လူအချို့မှာ တိတ်တဆိတ် တုန်လှုပ်သွားကြ၏။ ဆိုလွန်သည် မိန်းကလေးများကို မြူဆွယ်ရာ၌ အလွန်တော်သော်လည်း ယောကျ်ားလေးများ အနီး၌မူ သူရဲဘောကြောင်သူ တစ်ယောက်ဖြစ်ကြောင်း သူတို့ သိထားကြသည်။

အတိတ်က ယောကျ်ားလေး တစ်စု သူ့ကို အနိုင်ကျင့်လျှင် သူသည် အောက်သို့သာ ငုံ့ကြည့်နေပြီး မကြားဟန်ဆောင်နေတတ်၏။ ယနေ့တွင် သူ့၌ ဤမျှ ထက်မြက်သည့် အပြောအဆိုမျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားကြပေ။

တကယ်တမ်း၌ ဤသည်မှာ ကမ္ဘာမြေမှ လန်လင်း၏ အစစ်အမှန် စရိုက်လက္ခဏာပင်။ မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာရရာ မကြာခဏ အနိုင်ကျင့်ခံရပြီး လှောင်ပြောင်ခံရသည်။

သူသည် ကြင်နာတတ်သည့် နှလုံးသား ပိုင်ဆိုင်ထားသော်ငြားလည်း အမြဲတမ်း လက်တုံ့ပြန်တတ်၏။ တစ်စုံတစ်ယောက်က သူ့ကို စော်ကားလျှင် သူက ပြန်စော်ကားမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို ရိုက်နှက်လျှင် သူက ပြန်လည် တိုက်ခိုက်လေမည်။

ထိုစဉ် စာသင်ခန်း အပြင်ဘက်မှ အော်သံထွက်လာသည်။ "ဆိုလွန်... မင်းရဲ့ ဇနီးလောင်းက စာတစ်စောင် ပေးခိုင်းလိုက်တယ်။"

ထိုသည်ကို ကြားလိုက်ရခြင်းက အခန်းထဲရှိ ယောကျ်ားလေးများ အားလုံးကို ပြင်းထန်သည့် မနာလိုမှုနှင့် မုန်းတီးမှုတို့ဖြင့် လောင်ကျွမ်းသွားစေ၏။

ဆိုလွန်၏ ဇနီးလောင်း ကွေ့ချင်းရှောင်မှာ အကယ်ဒမီ၌ အလှပဆုံး မိန်းကလေး ဖြစ်သည်။ သူမ ဘွဲ့ရသွားပြီ ဖြစ်သော်လည်း ကျောင်းရှိ ကျောင်းသားများစွာက သူမကို ကိုးကွယ်ကာ အားကျနေကြဆဲပင်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မနက်ဖြန်ကစ​ပြီးတော့ ညနေပိုင်း ၆ နာရီလောက်ကနေစပြီး တစ်ရက်ကို တစ်အုပ်မှန်မှန် တင်ပေးသွားပါမယ်။ ကြိုရေးထားတာ မကုန်မချင်း တစ်ရက်တစ်အုပ်ပါဗျိုု့။ အပိုင်း ၆၀ စည်းမျဥ်းအတိုင်း စာစဥ် ၄ ၅ ၇ ၈ တို့က ဖရီးဖြစ်ပါမယ်ဗျ။ ^^

အားပေးနေကြတဲ့ စာဖတ်သူတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပါခင်ဗျာ။

All Chapters