အခန်း ၃၁
Vol. 4 Ch. 31
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
တစ်ခါမှ မဆုံဖူးသေးသည့် သူ၏ ဇနီးလောင်းထံမှ စာတစ်စောင်ကို လန်လင်း လက်ခံရရှိလိုက်၏။
ဖွင့်ကြည့်လိုက်ချိန်၌ သူမ၏ လက်ရေးမှာ လှပသော်လည်း ဓားတစ်လက်ဖြင့် ထွင်းထုထားသကဲ့သို့ ထက်ရှနေကြောင်း တွေ့လိုက်ရသည်။
စာထဲပါသည့် အကြောင်းအရာက တိုတောင်းပြီး ရှင်းလင်းနေ၏။ "ဆိုလွန်... ငါ့ကို နောက်တစ်ကြိမ် ထပ်အနှောင့်အယှက်ပေးရင် ဒါမှမဟုတ် နင့်မိန်းမလို့ ခေါ်ရဲရင် နင့်ကို ငါကိုယ်တိုင် လာသတ်မယ်။"
လန်လင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားရ၏။ စာက အလွန်တရာ ခက်ထန်ပြီး ဗိုလ်ကျလွန်းလှသည်။ သို့သော် ဒေါသထွက်မည့်အစား သူ၏ ဤဇနီးလောင်းကို နောက်ဆုံး၌ တွေ့ဆုံရမည့်အတွက် သိချင်စိတ်ပြင်းပြကာ စိတ်လှုပ်ရှားနေမိ၏။
ထိုစဉ် ဆရာရှို့ယန်က စာသင်ခန်းတစ်ခွင် မျက်လုံးဝေ့ကြည့်လိုက်သည်။ "ကဲ... သင်ခန်းစာ စကြစို့။ ဒီနေ့အိမ်စာက စာစီစာကုံးတစ်ပုဒ်ပဲ။ ခေါင်းစဉ်က နုလန်ဘုရင့်နိုင်ငံကို ဘာက ဒီလောက်အထိ အင်အားကြီးစေတာလဲ ဆိုတာပဲ။"
ထိုသည်ကို ကြားလိုက်ရသော် ကျောင်းသားများက တခစ်ခစ် ရယ်မောလိုက်ကြသည်။ ဤခေါင်းစဉ်ကို ဆွေးနွေးရသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်၏။
ဆရာရှို့ယန်က ကျောင်းသားများဆီသို့ အာရုံစိုက်လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တခြားဘုရင့်နိုင်ငံတွေ ကျဆင်းသွားတယ် ၊ ဖျက်ဆီးခံရတယ် ၊ ဒါမှမဟုတ် တိုးတက်မှု ရပ်တန့်သွားကြတယ်။ ဒါဆို ဘာလို့ ငါတို့ရဲ့ နုလန်ဘုရင့်နိုင်ငံကသာ အားနည်းတဲ့ လက္ခဏာမရှိဘဲ ပိုပို အင်အားကြီးလာရတာလဲ။"
ချက်ချင်းပင် အသားခပ်ဖြူဖြူဖြင့် ချောမောသည့် လူငယ်တစ်ဦးက သူ၏ လက်ကို မြှောက်လိုက်၏။
ဆရာရှို့ယန်က မေးငေါ့ပြလိုက်သည်။ "ကျိမင်... မင်းက တော်ဝင်မိသားစုကပဲ။ ဖြေကြည့်။"
ကျိမင်က ရင်ဘတ်ကော့လိုက်သည်။ "သေချာပေါက် ကျွန်တော်တို့ နိုင်ငံရဲ့ စစ်သည်တော်စနစ်ကြောင့်ပါပဲ။ တော်ဝင်အကယ်ဒမီက စာပေပညာရော သိုင်းပညာကိုပါ ကျွမ်းကျင်တဲ့ စစ်သည်တော်တွေကို အမြဲ မွေးထုတ်ပေးနေတယ်။ သူတို့က နိုင်ငံကို အုပ်ချုပ်တဲ့ လူတန်းစားရဲ့ အဓိက အမာခံတွေ ဖြစ်လာကြတယ်။ အခြေခံအုတ်မြစ် ခိုင်မာမှသာ နိုင်ငံတစ်နိုင်ငံက အင်အားကြီးနိုင်မှာပါ။"
ဆရာရှို့ယန်က သဘောတူခြင်း ၊ မတူခြင်း တစ်စုံတစ်ရာ မပြသချေ။ သူက နောက်ကျောင်းသားတစ်ဦးထံ အကြည့်ရွှေ့လိုက်၏။ "ဒိုရို... မင်းက အနာဂတ် မြို့စားကြီးပဲ။ ပြောစမ်းပါဦး... ငါတို့ နိုင်ငံကို ဘာက အင်အားကြီးစေတာလဲ။"
ဝဝဖိုင့်ဖိုင့် ဒိုရိုက နေရာမှ မတ်တတ်ရပ်ကာ သွားဖြီးပြလိုက်သည်။ "ဟီးဟီး... သေချာပေါက် သမိုင်းတစ်လျှောက်က ကျွန်တော်တို့ရဲ့ ဉာဏ်ပညာကြီးမားတဲ့ ဘုရင်တွေကြောင့်ပေါ့။ အမြဲ ရှေ့ဆက်ဖို့ လမ်းပြပေးတဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်ရှိမှသာ နိုင်ငံတစ်နိုင်ငံက အင်အားကြီးတာပါ။"
စာသင်ခန်းထဲရှိ ကျောင်းသားများက အသံကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ ဒိုရိုက ဘုရင်ကို အရှက်မရှိ ဖားယားနေသည်ဟု သူတို့ ထင်ကြသည်။ သို့သော် လန်လင်းကမူ ဒိုရိုကို တကယ်ပင် ဉာဏ်ကောင်းသည်ဟု တွေးလိုက်မိ၏။ ကြည့်ရသည်မှာ မိုက်မဲသည့်ပုံ ပေါက်နေသော်ငြားလည်း တိတ်ဆိတ်စွာဖြင့် ထက်မြက်သော စိတ်ကို ပိုင်ဆိုင်ထားသည်။
ထို့နောက် ဆရာရှို့ယန်က အခြားကျောင်းသားများကို မေးမြန်း၏။ မတူညီသည့် အဖြေများစွာ ရှိသော်လည်း အားလုံးက အတူတူပင် ဖြစ်နေသည်။ သူတို့က ဘုရင်၏ ဉာဏ်ပညာ ၊ ကြီးကျယ်ခမ်းနားသည့် စစ်သည်တော်စနစ် ၊ အထက်တန်းလွှာ လူတန်းစား သို့မဟုတ် အကယ်ဒမီ၏ အဆုံးအစမရှိသော ပါရမီရှင်များ မွေးထုတ်ပေးနိုင်မှုတို့ကို ချီးမွမ်းကြ၏။
ဆရာရှို့ယန်က တိတ်ဆိတ်နေသော်လည်း အနည်းငယ် မျက်မှောင်ကျုံ့သွားခြင်းက သူ၏ စိတ်ပျက်မှုကို ပြသနေ၏။
နောက်ဆုံး၌ သူ စိုက်ကြည့်လိုက်သည်။ "ဆိုလွန်... နုလန်ဘုရင့်နိုင်ငံကို ဘာက အင်အားကြီးစေတယ်လို့ ထင်လဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တခြားနိုင်ငံတွေမှာလည်း စစ်သည်တော်စနစ်တွေ ၊ အကယ်ဒမီတွေနဲ့ ဉာဏ်ပညာရှိတဲ့ ဘုရင်တွေ ရှိခဲ့တာပဲ။ ဒါဆို ဘာလို့ ငါတို့ နိုင်ငံကသာ ဆက်ကြီးထွားလာပြီး ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ။"
လန်လင်း ခဏမျှ တွေဝေသွားပြီးမှ မတ်တတ်ရပ်လိုက်၏။ ပုံမှန်အားဖြင့် သူက သိုသိုသိပ်သိပ် နေသင့်ပြီး မည်မျှ ဉာဏ်ကောင်းကြောင်းကို ဖုံးကွယ်ထားသင့်သည်။
သို့သော် သူသည် အမြဲတမ်း အေးဆေးသည့် အသွင်အပြင်နှင့် အလွန် ကြီးမားသော ရည်မှန်းချက်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ မတ်တတ်ရပ်လိုက်ချိန်၌ အားလုံး၏ မျက်လုံးများက သူ့ထံ ကျရောက်လာကာ သူ၏ အဖြေကို ကြားရန် စိတ်ဝင်တစား ရှိနေကြသည်။
လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "အရမ်း ရိုးရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ ပထဝီဝင် မြေပြင်အနေအထားကြောင့်ပါ။"
ဆိုလွန်၏ အဖြေကြောင့် ဆရာရှို့ယန်၏ မျက်လုံးတို့က အရောင်တောက်လာ၏။ "ဆက်ပြော။"
လန်လင်း ခေါင်းညိတ်လိုက်သည်။ "အင်း...။ နုလန်ဘုရင့်နိုင်ငံက မြောက်ဘက်မှာ ယန်အင်ပါယာနဲ့ တောင်ဘက်မှာ လူရိုင်းအနွယ်တွေကြားမှာ ရှိနေတယ်။ ဒီထူးခြားပြီး အန္တရာယ်များတဲ့ တည်နေရာက ကျွန်တော်တို့ နိုင်ငံ အမြဲ အင်အားကြီးနေရတဲ့ အဓိက အကြောင်းရင်းပဲ။"
ထိုစကားကို ကြားလိုက်ရသော် ကျောင်းသားတစ်ဦးက လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... ရယ်စရာကောင်းလိုက်တာ။ မြောက်ဘက်က ယန်အင်ပါယာက လောကမှာ အင်အားအကြီးဆုံး အင်ပါယာဖြစ်ပြီး တောင်ဘက်က လူရိုင်းတွေကလည်း အလွန် အန္တရာယ်များတယ်။ ဒီလို အန္တရာယ်များတဲ့ နေရာမှာ နေရတာက နိုင်ငံတစ်နိုင်ငံကို ဘယ်လိုလုပ် အင်အားကြီးစေမှာလဲ။"
လန်လင်းက မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်စွာ ရှင်းပြလိုက်၏။ "စစ်ပွဲကို ချစ်မြတ်နိုးတဲ့ နိုင်ငံက ကျဆင်းသွားလိမ့်မယ်။ ဒါပေမဲ့ စစ်ပွဲကို မေ့လျော့နေတဲ့ နိုင်ငံကလည်း အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ အခက်အခဲတွေက ရှင်သန်ဖို့ ကူညီပေးပေမဲ့ အရမ်း သက်တောင့်သက်သာ ဖြစ်လွန်းရင် အားနည်းစေတယ်။"
"နုလန်ဘုရင့်နိုင်ငံက အန္တရာယ်များတဲ့ နေရာမှာ ရှိနေလို့ အတိတ်က ဘုရင်တွေက အမြဲ နိုးနိုးကြားကြား ရှိနေရတယ်။ လုံးဝ အနားမယူနိုင်ဘူး။ တောင်ပိုင်း လူရိုင်းတွေက တိုက်ခိုက်ရတာကို နှစ်သက်ကြတယ်။ သူတို့ကို ရှင်သန်ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ နိုင်ငံက ဆက် အင်အားကြီးနေဖို့ လိုအပ်တယ်။ မင်းကို ဘယ်သူက အင်အားကြီးစေတာလဲ။ ရန်သူတွေပဲ။ ရန်သူမရှိဘဲ အလွယ်ရနိုင်တဲ့ အစာတွေ အရမ်းများနေရင် တောရိုင်းသားရဲတစ်ကောင်တောင် သူ့ရဲ့ ထက်မြက်တဲ့ လက်သည်းတွေနဲ့ သွားတွေကို ဆုံးရှုံးသွားလိမ့်မယ်။ နိုင်ငံတွေမှာလည်း ဒီစည်းမျဉ်းက အတူတူပဲ။"
သူ၏ စကားတို့က စာသင်ခန်း တစ်ခုလုံးကို လုံးဝ တိတ်ဆိတ်သွားစေသည်။
ဆရာရှို့ယန်က အလွန် သဘောကျသည့် အကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။ "ဖြေလို့ ပြီးပြီလား။ တခြား ပြောစရာ ရှိသေးလား။"
ထိုသို့ မေးမြန်းလိုက်သော်ငြားလည်း လန်လင်း ထပ်ပြောလိမ့်မည်ဟု ရှို့ယန် မမျှော်လင့်ထားပေ။ ကျောင်းသားတစ်ဦးအနေဖြင့် ဤမျှအထိ မြင်နိုင်စွမ်းရှိနေခြင်းကပင် အလွန် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်၏။
သို့သော် လန်လင်းက ပြုံးလိုက်သည်။ "ပိုနက်နဲတဲ့ အကြောင်းရင်း တစ်ခု ရှိပါသေးတယ်။"
ဆရာရှို့ယန်၏ အသံထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာသည်။ "ပြောစမ်း။"
လန်လင်း လက်ပိုက်လိုက်သည်။ "ကျွန်တော်တို့ရဲ့ တည်နေရာကြောင့် နိုင်ငံရဲ့ အဓိက ရည်မှန်းချက်က နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် လုံးဝ အတူတူပဲ ဖြစ်နေဆဲပါ။"
ဆရာရှို့ယန်၏ မျက်လုံးများ ပြူးကျယ်လာ၏။ "သေချာ ရှင်းပြစမ်းပါ။"
လန်လင်း ခေါင်းညိတ်ပြလိုက်သည်။ "အင်း...။ ကျွန်တော်တို့ရဲ့ မြောက်ဘက်မှာ လောကရဲ့ အင်အားအကြီးဆုံး ယန်အင်ပါယာ ရှိတယ်။ သူတို့ အရမ်း အားနည်းသွားတာ ဒါမှမဟုတ် ကျွန်တော်တို့ အများကြီး ပိုပြီး အင်အားကြီးလာတာမျိုး မဟုတ်ရင် အနိုင် အရှုံး မပေါ်ဘူး။"
"အရှေ့ဘက်မှာ သမုဒ္ဒရာကြီးရှိပြီး အနောက်ဘက်မှာ ဧရာမ သဲကန္တာရကြီး ရှိတယ်။ ဒါကြောင့် နိုင်ငံ ကြီးထွားဖို့ လမ်းတစ်လမ်းပဲ ရှိတယ်။ တောင်ဘက်ကို ချီတက်ရမယ်။ တောင်ပိုင်း လူရိုင်းတွေကို တိုက်ခိုက်ပြီး သူတို့နယ်မြေတွေကို သိမ်းပိုက်ရမယ်။ နိုင်ငံတစ်နိုင်ငံအတွက် မိုက်မဲတဲ့ ဘုရင်ရှိနေတာက အကြောက်စရာအကောင်းဆုံး မဟုတ်ဘူး။ ရှင်းလင်းတဲ့ ဦးတည်ချက် မရှိတာကမှ အကြောက်စရာ အကောင်းဆုံးပဲ။"
ဆရာရှို့ယန်တစ်ယောက် လန်လင်းကြောင့် လုံးဝ အံ့အားသင့်သွားရ၏။ သူ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ "ဆက်ပြောပါဦး။"
လန်လင်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "အားလုံး သိတဲ့အတိုင်းပဲ တခြားနိုင်ငံတွေမှာ ဘုရင်တွေက ဆယ်နှစ် ဒါမှမဟုတ် နှစ်ဆယ် တစ်ကြိမ် ပြောင်းတတ်ကြတယ်။ ဘုရင်တိုင်းမှာ သူ့ကိုယ်ပိုင် အစီအစဉ် ရှိတယ်။ တစ်ယောက်က အနောက်ဘက်ကို တိုက်ချင်ပြီး နောက်တစ်ယောက်က အရှေ့ဘက်ကို တိုက်ချင်တယ်။"
"ဒီရှုပ်ထွေးမှုတွေက အချိန်နဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ပြီး ကြိုးစားအားထုတ်မှု အားလုံးကို အသုံးမဝင် ဖြစ်သွားစေတယ်။ ဒါပေမဲ့ နုလန်ဘုရင့်နိုင်ငံမှာက လမ်းတစ်လမ်းတည်း ရှိတယ်။ ဘုရင်တိုင်းက ဒီရည်မှန်းချက် တစ်ခုတည်းအတွက်ပဲ အလုပ်လုပ်ကြတယ်။"
"လူရိုင်းတွေက အန္တရာယ်များပြီး တိုက်ခိုက်ရတာ အရမ်း ခက်ခဲတယ်။ ဒါပေမဲ့ ဒါကိုပဲ နှစ်ရာချီပြီး တစ်သမတ်တည်း လုပ်လာလို့ ကျွန်တော်တို့ ဖြည်းဖြည်းချင်း အနိုင်ရလာတာ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က နိုင်ငံမှာ ပြည်နယ် နှစ်ခုပဲ ရှိတယ်။ အခုဆို ခြောက်ခု ရှိနေပြီ။ အဲဒီ နယ်မြေသစ်တွေ အားလုံးက လူရိုင်းတွေကို တိုက်ခိုက်ရာကနေ ရလာတာပဲ။ ဒါက ကျွန်တော့်အဆိုကို သက်သေပြနေတယ်။"
မည်သည့် ကမ္ဘာ၌မဆို ဤစည်းမျဉ်းက မှန်ကန်နေ၏။ နိုင်ငံတစ်နိုင်ငံ၏ အစီအစဉ်များက ရှုပ်ထွေးနေလျှင် သို့မဟုတ် မှားယွင်းနေလျှင် ထိုနိုင်ငံက အမြဲတမ်း အဆိုးရွားဆုံးကို ခံစားရမည်သာ။
ဆရာရှို့ယန်၏ ရင်ထဲ၌ နက်ရှိုင်းသည့် အထင်ကြီးလေးစားမှုတို့ ပြည့်နှက်သွားသည်။ အကယ်ဒမီ၏ နာမည်ကြီး ပျင်းရိသော လူကုံထံသား ဆိုလွန်၌ ဤမျှ နက်ရှိုင်းပြီး ထက်မြက်သည့် အတွေးအမြင်များ ရှိနေလိမ့်မည်ဟု သူ မယုံကြည်နိုင်အောင် ဖြစ်ရ၏။
ထို့ကြောင့် သူ အကဲခတ်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ "မင်းအမြင်အရဆိုရင် ငါတို့နိုင်ငံရဲ့ နောက်တစ်ဆင့်က ဘာဖြစ်မလဲ။"
လန်လင်း သူ၏ ပါးစပ်ထဲ၌ ခါးသက်သက် အရသာတစ်ခုကို ခံစားလိုက်ရ၏။ သူ ခေါင်းခါယမ်းလိုက်သည်။ "ဟားဟား... အဲဒါကို ဖြေဖို့ ကျွန်တော့်အတွက် မသင့်လျော်တော့ပါဘူး။"
ဤအဖြေက ဆရာရှို့ယန်ကို ပို၍ပင် တုန်လှုပ်သွားစေသည်။ ဤအသုံးမကျသည့် သူဌေးသားလေးက မည်သို့လုပ် ဤမျှ ဉာဏ်ပညာရှိနေရသည်နည်း။
စာသင်ခန်းထဲရှိ ကျောင်းသားများစွာမှာ လန်လင်း အဘယ်ကြောင့် ရုတ်တရက် စကားရပ်သွားသည်ကို နားမလည်ကြပေ။ သို့သော် ဆရာရှို့ယန်မှာ စစ်ဗျူဟာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရာ ချက်ချင်းပင် နားလည်၏။
တောင်ဘက်သို့ နိုင်ငံ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည်မှာ ဆယ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် နံရံတစ်ခုနှင့် ဝင်တိုက်မိသွားသောကြောင့်ပင်။ ကြီးမားကျယ်ပြန့်လှသည့် တောင်တစ်သောင်း တောင်တန်းက သူတို့၏ လမ်းကြောင်းကို ဖြတ်ကျော်မရသော ချောက်ကမ်းပါးတစ်ခုလို ပိတ်ဆို့ထား၏။ စစ်တပ်က ဤကြီးမားသည့် တောင်တန်းကြီးများကို မဖြတ်ကျော်နိုင်သောကြောင့် တောင်ဘက်သို့ ဆက်လက် ချဲ့ထွင်၍ မရတော့ချေ။
ဤတောင်တန်းကြီးများက ကောင်းကင်ဘုံမှ တည်ဆောက်ထားသည့် ဧရာမနံရံကြီးတစ်ခုသဖွယ် မတ်မတ်ရပ်တည်နေပြီး နုလန်ဘုရင့်နိုင်ငံနှင့် လူရိုင်းအနွယ်များကို ခြားနားထား၏။
ထိုနံရံကြီးကို ဖြတ်သန်းရန် လမ်းတစ်လမ်းသာ ရှိသည်။
ထိုလမ်းမှာ မိုင်အနည်းငယ်မျှသာ ကျယ်ဝန်းသော တောင်ကြားတစ်ခုပင်။ ထိုတောင်ကြားကို လူရိုင်းချောက်ကမ်းပါးဟု ခေါ်ကြသည်။ အကယ်၍ စစ်တပ်က ထိုချောက်ကမ်းပါးကို ဖြတ်သန်းနိုင်လျှင် လူရိုင်းလွင်ပြင်ဆီသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် ဖြစ်၏။
သို့သော် ထိုချောက်ကမ်းပါး၏ မြောက်ဘက်ရှိ နယ်မြေက တော်ဝင်မိသားစုနှင့် မသက်ဆိုင်ပေ။ ထိုနေရာမှာ အထက်တန်းလွှာ မိသားစုတစ်ခု ဖြစ်သည့် ဆိုမိသားစု ပိုင်ဆိုင်ခြင်း ဖြစ်သည်။
ဆိုမိသားစု၏ ထျန်းရွှေမြို့က အလယ်တည့်တည့်၌ တည်ရှိနေပြီး နုလန်ဘုရင့်နိုင်ငံနှင့် လူရိုင်းချောက်ကမ်းပါး ကြားရှိ လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့ထား၏။
လူရိုင်းများကို ဆက်လက်တိုက်ခိုက်ရန် နိုင်ငံအနေဖြင့် လူရိုင်းချောက်ကမ်းပါးကို ထိန်းချုပ်ရန် လိုအပ်သည်။ သို့သော် ထိုချောက်ကမ်းပါးကို သိမ်းပိုက်ရန် နိုင်ငံက ထျန်းရွှေမြို့ကို ဦးစွာ သိမ်းပိုက်ရလေမည်။
ဤသည်က မင်းသားကျိလီ ထျန်းရွှေမြို့ကို လုယူရန် အလွန် ကြိုးစားနေရသည့် အကြောင်းရင်းပင်။ သူ၏ အဓိက အစီအစဉ်မှာ နိုင်ငံကို တောင်ဘက်သို့ ဆက်လက် ချဲ့ထွင်နိုင်စေရန် ထျန်းရွှေမြို့ကို အသုံးပြု၍ လူရိုင်းချောက်ကမ်းပါးဆီ ရောက်ရှိရန် ဖြစ်သည်။
ရှို့ယန်မှာ လုံးဝ အံ့အားသင့်သွားရ၏။ အားလုံးက မိုက်မဲသည့် ငွေဖြုန်းသမားဟု ထင်ထားကြသော ကောင်လေး ဆိုလွန်က နိုင်ငံရေး အခြေအနေ တစ်ခုလုံးကို ဤမျှ ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိနေခြင်းက အလွန်ကို တုန်လှုပ်စရာပင်။
ဆရာရှို့ယန်က သူ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။ "ဆိုလွန်... နိုင်ငံရဲ့ နောက်လှုပ်ရှားမှုက ဘာဖြစ်သင့်တယ်လို့ ထင်လဲ။ တောင်ပိုင်း ချဲ့ထွင်မှုက အခု ရပ်တန့်နေတာ သိမှာပါ။ မင်းအဖြေသာ မှန်ကန်ရင် ဒီအကြံဉာဏ်တွေကို ဘုရင်မင်းမြတ်ဆီ ငါကိုယ်တိုင် တင်ပြပေးမယ်။"
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team