← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာပြီး သူ၏ ဆရာရှို့ယန်အပေါ် အလွန်တရာ လေးစားသွားမိ၏။

မင်းသားကျိလီက ထျန်းရွှေမြို့ကို အသုံးပြု၍ လူရိုင်းလွင်ပြင်ဆီ ကျူးကျော်ရန် အစပြုချင်သော်လည်း ဘုရင်ကျိပိုင်က ဆုံးဖြတ်ချက် မချရသေးပေ။ အကယ်၍ လန်လင်းသာ ဗျူဟာအသစ်တစ်ခုကို အဆိုပြုနိုင်လျှင် တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့တို့က ရွေးချယ်စရာ နှစ်ခုလုံးကို အချေအတင် ဆွေးနွေးကြပေလိမ့်မည်။

ဤသည်က ဆိုမိသားစုကို ထျန်းရွှေမြို့အား ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အခွင့်အရေး တစ်ရပ် ပေးစွမ်းနိုင်ပေလိမ့်မည်။

သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ "ဟူး... ပထမအချက် ၊ ကျွန်တော်တို့ ထျန်းရွှေမြို့ ဒါမှမဟုတ် တခြား အထက်တန်းလွှာ နယ်မြေတွေကနေ မတိုက်သင့်ဘူး။ နုလန်ဘုရင့်နိုင်ငံက အထက်တန်းလွှာ ပဒေသရာဇ်စနစ်ပေါ် တည်ဆောက်ထားတာ။ တကယ်လို့ နိုင်ငံက ကိုယ်ပိုင် အထက်တန်းလွှာတွေကို ပြန်တိုက်ရင် နိုင်ငံတွင်းမှာ အရမ်း ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။"

ဆရာရှို့ယန် ခေါင်းညိတ်လိုက်သည်။ "အင်း... မှန်တယ်။ ဒါပေမဲ့ နိုင်ငံက တောင်ဘက်ကို ချဲ့ထွင်ဖို့ လမ်းကြောင်းတစ်ခုတော့ လိုတယ်။"

လန်လင်း မျက်လုံးတို့ အရောင်တောက်လာ၏။ "ကျွန်တော်တို့ ရေတပ်တည်ဆောက်ပြီး လူရိုင်းလွင်ပြင် အလယ်ဗဟိုကို ပင်လယ်ကနေ တိုက်ရိုက် တိုက်သင့်တယ်။ ပြီးတော့ အင်အားကြီးတဲ့ ရေတပ်တစ်ခုက လူရိုင်းနယ်မြေတွေကို တိုက်တာထက် ပိုပြီး အများကြီး လုပ်နိုင်သေးတယ်။"

စာသင်ခန်း တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ ထိုအကြံဉာဏ်က အလွန်တရာ ဆန်းသစ်လွန်းနေပြီး အခြား ကျောင်းသားများမှာ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။ ဤသည်က လုံးဝ အသစ်စက်စက်နှင့် မျက်စိပွင့်သွားစေသည့် အကြံဉာဏ်တစ်ခုပင်။

ဆရာရှို့ယန်မှာ အံ့အားသင့်သွားရ၏။ သူက ဆိုလွန်အနေဖြင့် သဲကန္တာရကို ဖြတ်ကျော်ကာ ရှီးလျန်ဘုရင့်နိုင်ငံကို တိုက်ခိုက်ရန် အကြံပြုလိမ့်မည်ဟု မူလက ထင်ထားသည်။ ဆိုလွန်က ရေတပ်တည်ဆောက်ကာ တောင်တစ်သောင်း တောင်တန်းကို ပင်လယ်မှ ဖြတ်သန်း၍ လူရိုင်းတိုက်ကြီး၏ အလယ်ဗဟိုကို တိုက်ခိုက်ရန် အကြံပြုလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားပေ။

ဤအစီအစဉ် အလုပ်ဖြစ်မည် ၊ မဖြစ်မည်မှာ မသေချာသော်ငြားလည်း အလွန် ဖန်တီးမှုအားကောင်းပြီး အရေးပါသည့် အကြံဉာဏ်တစ်ခု ဖြစ်နေသည်။

ဆရာရှို့ယန် သက်ပြင်းချလိုက်သည်။ "ဟူး... လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရဘူးဆိုတာ တကယ်ပဲ။ မင်းအကြံဉာဏ်ကို ငါ နောက်ဆုံး ဆုံးဖြတ်ချက် မချပေးနိုင်ပေမဲ့ ဘုရင်မင်းမြတ်နဲ့ အစိုးရအဖွဲ့ဆီ ငါ တင်ပြပေးမယ်။ မြို့စားကြီးကျိထင်လည်း မင်းအမြင်ကို တန်ဖိုးထားလိမ့်မယ်လို့ ယုံတယ်။"

ထိုစကားများမှတစ်ဆင့် လန်လင်း အများကြီး နားလည်သွား၏။ လာဘ်စားပြီးနောက် မြို့စားကြီးကျိထင်သည် မင်းသားကျိလီကို ဆန့်ကျင်တိုက်ခိုက်ကာ ဆိုမိသားစုကို ကာကွယ်ပေးရန် တကယ်ပင် ကြိုးစားပမ်းစား လုပ်ဆောင်နေသည်။

သို့သော် မင်းသားကျိလီက သူ၏ အစီအစဉ်ကို အဆိုပြုလာချိန်၌ မြို့စားကြီးကျိထင်၌ သူ့ကို ပြန်လည် ချေပရန် ကောင်းမွန်သည့် စစ်ရေးဗျူဟာ မရှိပေ။ နိုင်ငံချဲ့ထွင်မှုကို ရပ်တန့်ရန် ဘုရင်မင်းမြတ်အား သူ အလွယ်တကူ မပြောနိုင်သည့်အတွက် ကျိထင်မှာ အချေအတင် ဆွေးနွေးမှု၌ ရှုံးနိမ့်နေ၏။

ယခုမူကား လန်လင်း၏ အကြံဉာဏ်သစ်က ရေတပ်အစီအစဉ် ပြီးပြည့်စုံသည်ဖြစ်စေ ၊ မပြည့်စုံသည်ဖြစ်စေ မြို့စားကြီးကျိထင် အသုံးပြုရန် ခိုင်လုံသည့် အကြောင်းပြချက်တစ်ခုကို ပေးစွမ်းလိုက်လေပြီ။

လန်လင်း လေးနက်စွာ ဦးညွတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်... ဆရာရှို့ယန်။"

ထိုအချိန်၌ပင် ခေါင်းလောင်းသံ မြည်လာပြီး အတန်းပြီးဆုံးသွားလေပြီ။

**--**--**--**--**--**--**--**

ဆရာရှို့ယန် ထွက်ခွာသွားပြီးနောက် အထက်တန်းလွှာ လူငယ်များက ဆိုလွန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။

အတိတ်က ဆိုလွန်သည် အသုံးမကျသည့် ငွေဖြုန်းသမားလေး တစ်ဦးသာ ဖြစ်ခဲ့သည်။ သူသည် ဤပျင်းစရာကောင်းသည့် နိုင်ငံရေးအတန်းများ၌ များသောအားဖြင့် အိပ်နေတတ်၏။ ယနေ့၌ သူ၏ စွမ်းဆောင်ရည် ဤမျှ ကောင်းလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။

မိုက်မဲသည့် ကောင်တစ်ကောင်က မည်သို့လုပ် ရုတ်တရက် ဤမျှ ဉာဏ်ကောင်းသွားရသနည်း။ သူက သူ၏ အစစ်အမှန် ဉာဏ်ပညာကို အချိန်တစ်လျှောက်လုံး ဖုံးကွယ်ထားသလား။ သိုမဟုတ် ဖခင်ဖြစ်သူ၏ သေဆုံးမှုက သူ့ကို လုံးဝ ပြောင်းလဲသွားစေသည်လော။

ရုတ်တရက် ကျိမင် အမည်ရှိ ကျောင်းသားတစ်ဦးက လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... ဆိုလွန်... မင်းအစ်မက နာမည်ကြီး ပါရမီရှင်ပဲလေ။ သူပြောခိုင်းတဲ့ စကားတွေကို အလွတ်ကျက်ရတာ မင်းအတွက် တော်တော် ခက်မှာပဲ။"

ထိုစကားကို ကြားလိုက်ရသော် အခြားကျောင်းသားများမှာ အမှန်တရားကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဤထက်မြက်သည့် အကြံဉာဏ်မှာ ဆိုလွန်၏ ဉာဏ်ကြီးရှင် အစ်မဖြစ်သူ ဆိုနင်ပင်းထံမှ လာခြင်းဖြစ်ပြီး ဆိုလွန်က သူမ၏ စကားများကို အလွတ်ရွတ်ပြနေခြင်းသာ ဖြစ်ကြောင်း သူတို့ ယုံကြည်သွားကြသည်။ ဤသည်က သူတို့အတွက် လုံးဝ အဓိပ္ပာယ်ရှိနေ၏။

လန်လင်းက ပြုံးသာပြုံးနေပြီး တိတ်ဆိတ်နေသည်။ သူ စိတ်ထဲ၌ တွေးလိုက်၏။ 'တကယ်လို့ တော်ဝင်မိသားစုထဲက လူတိုင်းသာ မင်းလို မိုက်မဲနေရင်... ငါ ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး။'

ကျိမင် မဲ့ပြုံး ပြုံးလိုက်သည်။ "ဟား... ဘာလဲ။ ငါက အမှန်တရားကို ဖော်ထုတ်လိုက်လို့ မင်း ငြိမ်သွားတာလား။"

သူက အနီးသို့ လျှောက်လာကာ အေးစက်စွာ ပြောလိုက်၏။ "ဆိုလွန်... အခု မင်းမိသားစုကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ မြို့စားကြီးကျိထင်တောင် မကယ်နိုင်ဘူး။ မင်းမိသားစု ပျက်စီးမယ့် အချိန်ကိုသာ စောင့်နေတော့။ မင်းက ဘွဲ့ယူစာမေးပွဲတောင် အောင်မှာ မဟုတ်လို့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုရာထူးကို ဆက်ခံနိုင်မှာ မဟုတ်ဘူး။"

ကျိမင်၏ စကားကို သက်သေပြနေသည့်အလား နောက်တစ်ချိန်မှာ သိုင်းပညာ အတန်းဖြစ်နေသည်။

**--**--**--**--**--**--**--**

သိုင်းပညာ ဘာသာရပ်အတွက် ဆိုလွန်က လေးပစ်ကို ရွေးချယ်ထား၏။ သူ၏ ဘွဲ့ယူစာမေးပွဲ ရောက်ရန် ရက်တစ်ရာခန့်သာ လိုတော့သည်။ ပင်မစာမေးပွဲကို အောင်မြင်ပြီး သူ၏ ရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် သူ၏ လေးပစ်စွမ်းရည်မှာ အောင်မှတ်တစ်ခုဆီ ရောက်ရှိရန် လိုအပ်နေ၏။

အောင်မှတ်ရရင် ကျင်း တစ်ရာ့ရှစ်ဆယ် ဆွဲအားရှိသည့် လေးကို အသုံးပြုရပေမည်။ မီတာ ကိုးဆယ် အကွာအဝေးရှိ ပုံသေပစ်မှတ်ကို မြား အစင်းနှစ်ဆယ် ပစ်ရာ၌ ဆယ့်နှစ်ကြိမ် ထိမှန်ရမည်။ မီတာ ငါးဆယ် အကွာအဝေးရှိ ရွေ့လျားပစ်မှတ်အတွက် မြား ဆယ်စင်း ပစ်ရာ၌ ငါးကြိမ် ထိမှန်ရပေမည်။

ကမ္ဘာမြေပေါ်၌ဆိုလျှင် ရှေးခေတ်၌ဖြစ်စေ ၊ ခေတ်သစ်၌ဖြစ်စေ ဤသို့ ပြုလုပ်နိုင်သူ မည်သူ့ကိုမဆို လက်ဖြောင့်တပ်သား သို့မဟုတ် ထိပ်တန်းစစ်သူကြီး တစ်ဦးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။ ကျင်း တစ်ရာ့ရှစ်ဆယ် လေးကို ဆွဲတင်ရန်ပင် အလွန် ကြီးမားသည့် ခန္ဓာကိုယ် ခွန်အားကို လိုအပ်သည်။

သို့သော် ဤကမ္ဘာ၌မူ ဤသည်က တော်ဝင်အကယ်ဒမီ၏ အနိမ့်ဆုံး အောင်မှတ်မျှသာ ဖြစ်၏။ အကယ်ဒမီက နိုင်ငံ၏ အကောင်းဆုံးသော ထိပ်တန်းပါရမီရှင်များကိုသာ လက်ခံသောကြောင့် ဤသည်မှာ ပုံမှန်ပင်။ ထို့အပြင် ဤကမ္ဘာရှိ လူသားများမှာ သူတို့ကို ပိုမို အင်အားကြီးမားလာစေသည့် အထူး နဂါးစွမ်းအားကို ပိုင်ဆိုင်ထားကြ၏။

သို့သော် လန်လင်းအတွက်မူ ဤစာမေးပွဲက မဖြစ်နိုင်သည့် တာဝန်တစ်ခု ဖြစ်နေသည်။

ပထမဆုံး အနေဖြင့် သူ၏ လက်မောင်း နှစ်ဖက်ပေါင်း ခွန်အားမှာ ကျင်း တစ်ရာခန့်သာ ရှိ၏။ ဆိုလိုသည်မှာ သူအနေဖြင့် အများဆုံး ကျင်း ငါးဆယ်လေးကိုသာ ဆွဲနိုင်လေမည်။ ကျင်း တစ်ရာ့ရှစ်ဆယ် စာမေးပွဲသုံး လေးကို မြားဖြင့်ပစ်ရန် နေနေသာသာ ကိုင်းညွတ်နိုင်ရန်ပင် မဖြစ်နိုင်ချေ။

ထို့အတွက်ကြောင့် ဤနှစ် လေးပစ်စာမေးပွဲကို အောင်မြင်ရန်မှာ လန်လင်းအတွက် လုံးဝ မျှော်လင့်ချက်မဲ့နေပုံပေါ်၏။ အိပ်မက်ဆိုးတစ်ခုထက်ပင် ပိုမို ခက်ခဲနေသေးသည်။

ဓားသိုင်းကဲ့သို့ အခြားဘာသာရပ်တစ်ခုသို့ သူ ပြောင်းလဲနိုင်မည်လော။

ပြောင်းလဲနိုင်သည်။ သို့သော် အခြားသော သိုင်းပညာ အားလုံးက လေးပစ်ထက် အများကြီး ပို၍ ခက်ခဲကြ၏။ လေးပစ်မှာ ယှဉ်ပြိုင်မှု အနည်းဆုံးနှင့် အလွယ်ကူဆုံး ဘာသာရပ် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အားကောင်းသည့် နဂါးသွေးဆက် ရှိသည့် ပါရမီရှင် ကျောင်းသားများက လေးသမားများ မဖြစ်ချင်ကြသောကြောင့်ပင်။ ဓားသမားများ သို့မဟုတ် စစ်သည်တော်များနှင့် နှိုင်းယှဉ်လျှင် လေးသမားများမှာ အားအနည်းဆုံးသော အသက်မွေးဝမ်းကျောင်း အလားအလာများကိုသာ ပိုင်ဆိုင်ထားကြ၏။

လန်လင်း လေးပစ်အတန်းဆီ ရောက်ရှိသွားချိန်၌ ကျောင်းသား အလွန် နည်းပါးနေကြောင်း သတိထားမိလိုက်သည်။ စစ်ဗျူဟာအတန်း၌ ကျောင်းသား ရာကျော် ရှိသော်လည်း ဤလေးပစ်အတန်း၌ ကျောင်းသား ဆယ့်ခြောက်ယောက်သာ ရှိ၏။ ထိုအထဲမှ ကိုးယောက်မှာ မိန်းကလေးများ ဖြစ်ကြသည်။

ယခင် ဆိုလွန် အဘယ်ကြောင့် လေးပစ်ကို ရွေးချယ်သနည်း ဆိုသည်ကို လန်လင်း ချက်ချင်းပင် နားလည်သွား၏။ သကောင့်သားက မိန်းကလေးများကို မြူဆွယ်ချင်ရုံ သက်သက်သာ ဖြစ်သည်။

မကြာမီ လေးပစ်ဆရာမ ရောက်ရှိလာ၏။ သူမမှာ သင်ထောက်ကူ ဆရာမလေး တစ်ဦးမဟုတ်ဘဲ တရားဝင် ဆရာမတစ်ဦး ဖြစ်သည်။

သူမ၏ အမည်မှာ လီနျန်ကျန်း ဖြစ်၏။ သူမသည် ရိုးရာစံနှုန်းများအရ လှပသူ မဟုတ်သော်ငြားလည်း အလွန် ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ မိန်းကလေးများအတွက် အလွန် ရှားပါးလှသည့် ဆံပင်အတိုကို ထားရှိပြီး အရပ်ရှည်ကာ ကြွက်သားများဖြင့် ကျစ်လျစ်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။

လေးသမား ဝတ်စုံဖြင့် ၆ ပေနီးပါးရှည်ကာ မတ်မတ်ရပ်နေသည့် သူမ၏ ပုံစံမှာ အလွန်တရာ မိုက်နေပြီး သူရဲကောင်းဆန်လွန်းလှသည်။

အတန်းကို လေးများနှင့် ပစ်မှတ်များ ပြည့်နှက်နေသည့် မြက်ခင်းပြင်ကျယ်ကြီး တစ်ခုပေါ်၌ ပြုလုပ်ခြင်း ဖြစ်၏။

လီနျန်ကျန်းက ဆိုလွန်ကို မြင်လိုက်ရချိန်၌ တစ်စက္ကန့်ခန့် ကြောင်အသွားပြီးနောက် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကျုံ့လိုက်သည်။ ဆိုလွန်ကို သူမ အလွန် မုန်းတီး၏။

ထိုအကောင်က မိန်းကလေးများကို မြူဆွယ်ရန်အတွက်သာ ဤအတန်းကို တက်ရောက်လာခြင်းဖြစ်ကြောင်း သူမ သိထားပြီး ဤငွေဖြုန်းသမား လူရှုပ်လေးက သူမအတန်း၏ လေးနက်သည့် လေထုကို လုံးဝ ဖျက်ဆီးပစ်သည်ဟု ခံစားနေရသည်။

အဆိုးရွားဆုံးအပိုင်းမှာ ဆိုလွန်က သူမကိုပင် ပျော်ရွှင်စရာအဖြစ် တစ်ကြိမ် မြူဆွယ်ရန် ကြိုးစားဖူးခြင်းပင်။

သကောင့်သား ဆိုလွန်သည် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် နီယာကို ပိုးခဲ့သလို ယောက်ျားလေးဆန်သည့် လီနျန်ကျန်းကိုလည်း ကံစမ်းခဲ့သေး၏။ ထိုကောင်က ဆရာမများအပေါ် လုံးဝကို စွဲလမ်းနေခြင်း ဖြစ်သည်။

သူမကို အဒေါသထွက်ဆုံး ဖြစ်စေသည့်အရာမှာ အတန်းထဲရှိ အထက်တန်းလွှာ မိန်းကလေး ကိုးယောက်အနက် သုံးယောက်မှာ ဆိုလွန်၏ ချိုသာသည့် စကားများနှင့် ချောမောသည့် မျက်နှာကြောင့် ကျရှုံးသွားပြီး သူ့နှင့်ပင် အိပ်ကြပုံရသည့်အတွက်ပင်။

ထိုအရှက်မရှိသည့်ကောင်က ပြဿနာများကို အပြည့်အဝ ဖန်တီးသည်။ နေ့စဉ်ရက်ဆက် သူမ၏ အတန်းထဲမှ မိန်းကလေး အချို့မှာ အသည်းကွဲနေရပြီး ထိုချောမောသည့် ဆိုလွန်က အမြဲတမ်း အပြစ်တင်ခံရမည့် တရားခံ ဖြစ်နေ၏။

သို့သော် လီနျန်ကျန်းအတွက် လုံးဝ အစိတ်ပျက်ရဆုံးအရာမှာ ဆိုလွန်၏ မြူဆွယ်မှု၌ သူမကိုယ်တိုင် တကယ်ပင် ကျရှုံးခါနီးဖြစ်သွားရခြင်းပင်။ သို့သော် ဆိုလွန်က အပျော်သက်သက် ကစားနေခြင်းသာ ဖြစ်သည်။

သူမက အလုံအလောက် မြန်မြန်ဆန်ဆန် ခေါင်းမညိတ်သည့်အခါ ထိုအကောင်က စိတ်မရှည်တော့ဘဲ သူမကို လုံးဝ လျစ်လျူရှုသွား၏။

ဤအရာများ အားလုံးကြောင့် လီနျန်ကျန်းမှာ သကောင့်သား ဆိုလွန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သည့် ဆန္ဒမှလွဲ၍ အခြား မရှိတော့ချေ။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters