← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နှစ်အနည်းငယ်ကြာပြီးနောက် လေးပစ်အတန်းထဲရှိ မိန်းကလေးများက ဆိုလွန်၏ အစစ်အမှန်စရိုက်ကို နောက်ဆုံး၌ သိမြင်လာကြသည်။

လက်ရှိအချိန်၌ မိန်းကလေးအားလုံးက သူ့ကို ဝေးဝေးမှ ရှောင်ကြလေပြီ။ သူ့ကို ကြည့်လိုက်ရုံဖြင့် ကိုယ်ဝန်ရသွားမည့်အလား သူတို့ ပြုမူကြ၏။ အထူးသဖြင့် ထိုအရှက်မရှိသည့် လူရှုပ်လေး၏ လှည့်စားမှုကြောင့် အိပ်ရာပေါ်အထိ ရောက်ရလောက်အောင် မျက်စိကန်းမိသော မိန်းကလေးသုံးယောက်မှာမူ အလွန်တရာ နောင်တရနေကြသည်။

ဆရာမ လီနျန်ကျန်းက ဆိုလွန်ကို လုံးဝ လျစ်လျူရှုထားလိုက်၏။ သူမက စာသင်ခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ "ဘွဲ့ယူစာမေးပွဲ ရောက်ဖို့ ရက်တစ်ရာကျော်ပဲ လိုတော့တယ်။ မင်းတို့ သိဖို့လိုတာတွေ အားလုံးကို ငါ သင်ပေးပြီးပြီ။ အခုကစပြီး စာမေးပွဲအတွက် ပြင်ဆင်ဖို့ကိုပဲ အားလုံး အာရုံစိုက်ကြမယ်။ အတန်းတိုင်းက လက်တွေ့လေ့ကျင့်ရေးပဲ။ အားလုံး ကိုယ့်လေးတွေကို ယူပြီး စတင် လေ့ကျင့်ကြတော့။"

ကျောင်းသားများက သူတို့၏ လေးများကို သွားယူကြ၏။

လန်လင်း နေရာအနှံ့ လိုက်ရှာသော်လည်း သူ၏လေးကို မတွေ့ရချေ။

လီနျန်ကျန်းက သူ့ကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ဆိုလွန်... မင်း လေ့ကျင့်ဖို့ မလိုဘူး။ ကျင်း ငါးဆယ်လေးကိုတောင် မင်း မဆွဲနိုင်ဘူးလေ။ ဘွဲ့ယူစာမေးပွဲမှာ မင်း သေချာပေါက် ကျရှုံးမှာပဲ။"

ထိုသည်ကို ကြားလိုက်ရသော် အခြားကျောင်းသားများက မဲ့ပြုံးပြုံးကာ ချက်ချင်းပင် လှောင်ပြောင်ရယ်မောလိုက်ကြ၏။

လန်လင်းကမူ သူတို့၏ လှောင်ပြောင်မှုကို လျစ်လျူရှုလိုက်သည်။ သူ ဆက်လက်ရှာဖွေရာ နောက်ဆုံး၌ ရနိုင်သမျှထဲ၌ အပေါ့ဆုံးလေးကို တွေ့သွား၏။ ထိုသည်က ကျင်း ခြောက်ဆယ်လေး ဖြစ်သည်။ တော်ဝင်အကယ်ဒမီ တစ်ခုလုံး၌ ဤသည်ထက် ပိုပေါ့သောလေး မရှိတော့ချေ။ ဤလေးမှာ စာမေးပွဲအတွက် လိုအပ်သည့်လေး၏ သုံးပုံတစ်ပုံခန့်သာ ဆွဲအားရှိ၏။

လန်လင်း လက်ချောင်းကာကွယ်ရေးစွပ်များကို စွပ်လိုက်ပြီး လေးကြိုးကို ဆွဲရန် ကြိုးစားလိုက်သည်။

အလွန်တရာ ခက်ခဲလွန်းလှ၏။ သူ၏ လက်နှစ်ဖက်ဖြင့် ကျင်းတစ်ရာကို မနိုင်သော်ငြားလည်း လေးကြိုးကို ဆွဲတင်ရန်က လုံးဝမတူညီသော ခွန်အားမျိုးကို လိုအပ်နေသည်။

သူ လုံးဝ ဆွဲမရချေ။ အတင်းအဓမ္မ ဆွဲရန် ကြိုးစားလိုက်ချိန်၌ စူးရှသော နာကျင်မှုတစ်ခုက သူ၏ လက်မောင်းတစ်လျှောက် ဖြတ်ပြေးသွား၏။ ကြွက်သားနာသွားခြင်းပင်။

လေးမပစ်မီ ကြွက်သားများကို ပြေလျော့စေရန်နှင့် သွေးပူလေ့ကျင့်ခန်းလုပ်ရန် နှိပ်နယ်ပေးရမည်ကို အရူးပင် သိသည်။

ချက်ချင်းပင် အတန်းထဲရှိ ကျောင်းသားဆယ့်ခြောက်ယောက်က အချင်းချင်း နှိပ်နယ်ပေးရန်နှင့် ကြွက်သားများ ပြေလျော့စေရန် အမြန်တွဲလိုက်ကြ၏။

သို့သော် မကြာမီ အခြေအနေက အနေရခက်သွားသည်။ ဤနေရာ၌ ယောက်ျားလေး ခုနစ်ယောက်နှင့် မိန်းကလေး ကိုးယောက် ရှိနေ၏။

အခြား ယောက်ျားလေး ခြောက်ယောက်က အုပ်စုသုံးစုခွဲကာ အမြန် တွဲလိုက်ကြသည်။ မိန်းကလေး ရှစ်ယောက်ကလည်း စုံတွဲ လေးတွဲ ဖွဲ့လိုက်ကြ၏။

လန်လင်း တစ်ယောက်တည်း ကျန်ရစ်ပြီး မိန်းကလေး တစ်ယောက်လည်း ကျန်နေသည်။ သို့သော် သူမက အဆိပ်ပြင်းသော မြွေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ လက်ပိုက်ကာ သူ့ထံမှ နောက်ဆုတ်သွား၏။ လန်လင်းက သူမကို မည်သည့်အချိန်မဆို တိုက်ခိုက်လာနိုင်သည့် မိစ္ဆာတစ်ကောင်အလား သူမမှာ ထိတ်လန့်နေပုံရသည်။

မိန်းကလေးက အကူအညီတောင်းသည့်အနေဖြင့် လီနျန်ကျန်းကို သနားစဖွယ် မျက်လွှာချကြည့်ကာ ခေါ်လိုက်သည်။ "ဆရာမ..."

ထို့ကြောင့် ဆရာမ လီနျန်ကျန်းက ထိုမိန်းကလေး၏ ကြွက်သားများ ပြေလျော့စေရန် ကိုယ်တိုင် ကူညီပေးလိုက်၏။ လန်လင်းကမူ သူ၏ သွေးပူလေ့ကျင့်ခန်းများကို သူ့ဘာသာသူ လုပ်ဆောင်ရန် လုံးဝ တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်သည်။

သွေးပူလေ့ကျင့်ခန်း လုပ်ပြီးနောက် ကျောင်းသားများက သူတို့၏ လေးပစ်လေ့ကျင့်မှုကို စတင်ကြ၏။

သူတို့ မည်မျှ တော်ကြကြောင်းကို မြင်လိုက်ရသော် လန်လင်း အံ့ဩသင့်သွားရသည်။ သူတို့က ပေနှစ်ရာ့ကိုးဆယ့်ငါး အကွာအဝေးရှိ ပစ်မှတ်များကို ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ အလွယ်တကူ ထိမှန်ကြ၏။ တစ်ခုတည်းသော ကွာခြားချက်မှာ ကျောင်းသားအချို့က မြားဆယ်စင်းကို ဆက်တိုက်ပစ်နိုင်ပြီး အချို့ကမူ သုံးစင်း သို့မဟုတ် ငါးစင်းခန့် ပစ်ပြီးနောက် ပင်ပန်းသွားကြခြင်းသာ ဖြစ်သည်။

လန်လင်း သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသွားချိန်၌ သူက လေးကြိုးပေါ်သို့ မြားတစ်စင်း တင်လိုက်ပြီး ကျင်း ခြောက်ဆယ်လေးကို ဆွဲရန် ပြင်ဆင်လိုက်၏။

သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးကြိုးကို အစွမ်းကုန်ဆွဲကာ ပေတစ်ရာ့ခြောက်ဆယ့်လေး အကွာအဝေးရှိ ပစ်မှတ်တစ်ခုကို ချိန်ရွယ်လိုက်သည်။

ကျင်း ခြောက်ဆယ်လေးက သူ့အတွက် လုံးဝ ကန့်သတ်ချက် ဖြစ်နေ၏။ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ထိန်းထားရန် အလွန် ခက်ခဲလှသည်။ ဝန်ပိမှုကြောင့် သူ၏ လက်မောင်းက အမြန် တုန်ယင်လာပြီး အလေးချိန်ကို ဆက်လက် မခံနိုင်တော့ချေ။

ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်က စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ လန်လင်း၏ လက်မောင်းမှ နာကျင်မှုတို့ကို ချက်ချင်းပင် ဖယ်ရှားပေးလိုက်၏။

လန်လင်း သေချာစွာ ချိန်ရွယ်လိုက်ပြီး လေးကြိုးကို လွှတ်ပေးလိုက်သည်။

ရွှီးးး

မြားက ပျံထွက်သွား၏။

အားလုံးက ချက်ချင်းပင် ရယ်မောလိုက်ကြသည်။ သူ၏ မြားက ပစ်မှတ်နှင့် ဆယ်ပေခန့် လွဲချော်သွား၏။ ပေတစ်ရာ့ခြောက်ဆယ့်လေး အကွာအဝေးသို့ပင် မရောက်ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ သူ၏ ပစ်ခတ်မှုက မည်မျှ အားနည်းကြောင်းကို ပြသနေသည်။

လန်လင်း ဇဝေဇဝါ ဖြစ်သွားရ၏။ သူ ပြီးပြည့်စုံအောင် ချိန်ရွယ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှအထိ ဆိုးရွားစွာ လွဲချော်သွားရသနည်း။

လန်လင်းက အရှုံးပေးရန် ငြင်းဆန်လျက် နောက်ထပ် မြားတစ်စင်းကို တင်လိုက်ကာ လေးကိုဆွဲပြီး ချိန်ရွယ်ပစ်ခတ်လိုက်သည်။

ရွှီးးး

စာသင်ခန်းထဲရှိ ကျောင်းသားများက ထပ်မံ ရယ်မောလိုက်ကြပြန်၏။ ဤတစ်ကြိမ်၌ သူ အနည်းငယ် ပိုကောင်းလာသော်လည်း ပစ်မှတ်ကို သုံးပေကျော်ခန့် လွဲချော်သွားဆဲပင်။

လန်လင်းက တတိယမြားကို ပစ်ခတ်လိုက်သော်လည်း ဆယ့်ခြောက်ပေခန့် လွဲချော်သွားသည်။ သူ၏ ပထမဆုံးအကြိမ်ထက်ပင် ပိုမို ဆိုးရွားနေသေး၏။

စတုတ္ထမြောက် မြားကို ပစ်ရန် ကြိုးစားလိုက်ချိန်၌ သူ၏ လက်မောင်းမှာ လုံးဝ ထုံကျင်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ လေးကြိုးကို ဆွဲရန် သူ၌ ခွန်အား မကျန်တော့ချေ။

ထို့အပြင် ဤသည်က ကျင်း ခြောက်ဆယ်လေးသာ ရှိသေး၏။ ဘွဲ့ယူစာမေးပွဲအတွက် လေးမှာ အလွန်လေးလံသော ကျင်း တစ်ရာ့ရှစ်ဆယ်လေး ဖြစ်သည်။

ထိုစာမေးပွဲကို အောင်မြင်ရန်အတွက် လန်လင်း၏ ပထမဆုံး ပန်းတိုင်မှာ ပိုမို အင်အားကြီးလာရန်ပင်။ သူက ကျင်း တစ်ရာ့ရှစ်ဆယ်လေးကို ဆွဲနိုင်ရန် လိုအပ်နေ၏။

ဒုတိယအနေဖြင့် သေချာစွာ ချိန်ရွယ်နိုင်ရန် သူ၏ စိတ်အာရုံစူးစိုက်မှုကို လေ့ကျင့်ရန် လိုအပ်သည်။ ပေ သုံးရာ့နှစ်ဆယ့်ရှစ်ကျော် အကွာအဝေးရှိ ပစ်မှတ်များအတွက် မျက်လုံးများက အသုံးမဝင်ချေ။ သူ၏ စိတ်အာရုံစူးစိုက်မှုအပေါ် လုံးဝ အားကိုးရပေမည်။

လီနျန်ကျန်းက နှာခေါင်းရှုံ့လိုက်၏။ "ဟမ့်...။ ကဲ... ဆိုလွန်... မင်း ထပ်ပြီး လေ့ကျင့်နေဖို့ မလိုတော့ဘူး။ ပြန်ပြီး အနားယူတော့။ ဘွဲ့ယူစာမေးပွဲကို မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ လက်လျှော့လိုက်တော့။"

လန်လင်း အသက်ပြင်းပြင်း တစ်ချက်ရှူကာ မျက်စိစုံမှိတ်လိုက်သည်။ "အသူရာမိစ္ဆာကြယ်... ငါ့ရဲ့ လက်မောင်းခွန်အားကို ရက်တစ်ရာကျော်အတွင်းမှာ ကျင်း နှစ်ရာအထိ တိုးမြှင့်လို့ ရနိုင်မလား။ ပြီးတော့ ပေ သုံးရာ့နှစ်ဆယ့်ရှစ် အကွာအဝေးက ပစ်မှတ်ကို စိုက်ကြည့်နိုင်လောက်တဲ့အထိ ငါ့ရဲ့ စိတ်အာရုံစူးစိုက်မှုကို တိုးတက်အောင် လုပ်နိုင်မလား။"

အသူရာမိစ္ဆာကြယ်က ချက်ချင်း တုံ့ပြန်လိုက်၏။ "ဖြစ်နိုင်ပါတယ် သခင်။ ဒါပေမဲ့ အချိန်က အရမ်း ကပ်လွန်းနေတယ်။ တခြားသူတွေအတွက်ဆိုရင် ပါရမီ အရမ်းကောင်းနေရင်တောင် အနည်းဆုံး နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်။"

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ "ဒါဆို ဒီရက်တစ်ရာအတွင်းမှာ ငါ့ရဲ့ လေးပစ်စွမ်းရည်က ပထမတန်းစား စစ်သည်တော် အဆင့်ကို ရောက်နိုင်မလား။"

အသူရာမိစ္ဆာကြယ်က ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်၏။ "ရပါတယ် သခင်။ ခင်ဗျားက သားကောင် အလုံအလောက် အမဲလိုက်ပြီး စွမ်းအင်တွေကို လုံလုံလောက်လောက် စုပ်ယူနိုင်သရွေ့ပေါ့။ တခြားသူတွေအတွက် နှစ်နဲ့ချီ ကြာမယ့်အရာက ခင်ဗျားအတွက် ရက်တစ်ရာကျော်လေးပဲ ကြာလိမ့်မယ်။"

လန်လင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ "အင်း... ငါ နားလည်ပြီ။"

လက်ရှိအချိန်၌ သူ၏ ခွန်အားနှင့် စိတ်အာရုံကို တည်ဆောက်ရန်အတွက် အစစ်အမှန် တိုက်ပွဲဝင် လေ့ကျင့်မှုကို အမြန်ဆုံး စတင်ရန် လိုအပ်နေ၏။

မြို့စားကြီးကျိထင်နှင့် ပတ်သက်၍ သူ၏ အကူအညီကို မျှော်လင့်နိုင်သော်လည်း သူ၏ အသက်ကယ်ကြိုး တစ်ချောင်းအနေဖြင့် အားကိုးတော့၍ မရနိုင်ပေ။ မြို့စားကြီးကျိထင်က သူ့အတွက်နှင့် အသက်ကိုပင် ပေးဆပ်မည်လော။ ကျိန်းသေပေါက် မဟုတ်ချေ။ အဆုံးသတ်၌မူ လန်လင်းအနေဖြင့် သူ့ကိုယ်သူသာ အားကိုးရမည်သာ။

အကောင်းဆုံးနှင့် တစ်ခုတည်းသော ဘေးကင်းသည့် ရွေးချယ်မှုမှာ ဘွဲ့ယူစာမေးပွဲကို အောင်မြင်ပြီး အထက်တန်းလွှာ ရာထူးကို သူ့ဘာသာသူ အောင်မြင်စွာ ဆက်ခံရန်ပင်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters