အခန်း ၃၄
Vol. 4 Ch. 34
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
နေ့စဉ်သင်ခန်းစာများ ပြီးဆုံးသွားပြီးနောက် အိမ်ပြန်ရန် ရထားလုံးပေါ်သို့ တက်လိုက်၏။
သာမန်အရပ်သားအကယ်ဒမီကို ဖြတ်သန်းသွားချိန်၌ အထက်တန်းလွှာကလေးများက သာမန်ကျောင်းသားများကို ထပ်မံအနိုင်ကျင့်နေကြသည်ကို သူတို့ မြင်တွေ့လိုက်ရပြန်သည်။
ခမ်းနားလှပသည့် အထက်တန်းလွှာ ရထားလုံးများက တစ်စီးပြီးတစ်စီး တမင်သက်သက် အလွန်နှေးကွေးစွာ မောင်းနှင်နေကြ၏။ ဤသည်က သာမန်အရပ်သားများကို လမ်းဘေး၌ မတ်တတ်ရပ်ကာ မလှုပ်ရဲဘဲ ရိုသေစွာ ဦးညွတ်နေစေရန် ဖိအားပေးနေခြင်းပင်။
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ "ငါတို့နိုင်ငံရဲ့ အထက်တန်းလွှာသခင်လေးတွေက ဒီလောက်တောင် အောက်တန်းကျပြီး မိုက်မဲနေကြပြီလား။"
ထိုအသံက ဆွဲဆောင်မှု အပြည့်ရှိနေ၏။ တည်ကြည်သော်လည်း အလွန်အမင်း ဩရှမနေဘဲ အင်အားပါသော်လည်း အလွန်အမင်း ကျယ်လောင်မနေချေ။
ထို့နောက် ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လူအုပ်ထဲမှ ထွက်လာသည်။
လန်လင်းက သူ့ကို မြင်လိုက်ရချိန်၌ ထိုအမျိုးသား၏ ချောမောသည့် ရုပ်ရည်သွင်ပြင်ကို စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။
ထိုအမျိုးသားသည် အရပ် ၆ ပေကျော် ရှည်သည်။ ဆိုလွန်ကဲ့သို့ပင် ချောမောသော်ငြားလည်း သူ၏ ဩဇာတိက္ကမက ပို၍ အားကောင်းနေ၏။ အပြစ်အနာအဆာကင်းသည့် မျက်နှာ ၊ စူးရှသော သိမ်းငှက်မျက်လုံးများနှင့် အရပ်ရှည်ကာ ကြွက်သားများဖြင့် ကျစ်လျစ်သည့် ခန္ဓာကိုယ်တို့ကြောင့် မိန်းကလေးဆန်သည့် အသွင်အပြင် လုံးဝ မရှိချေ။
သူသည် ခွန်အားနှင့် ဆွဲဆောင်မှုတို့ ပြည့်နှက်နေသည့် ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။
ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သာမန်အရပ်သားနောက်ခံမှ လာသူဖြစ်သော်ငြားလည်း သူ၏ အားကောင်းသော ဩဇာတိက္ကမက နေရာရှိ အထက်တန်းလွှာ အများအပြားကို လွှမ်းမိုးထားသည်။
တကယ်တမ်း၌ သူ၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရပြီးနောက် အထက်တန်းလွှာလူငယ် အများအပြားမှာ ခေါင်းငုံ့သွားကြပြီး ပြန်လည်ချေပပြောဆိုရန်ပင် မဝံ့ရဲကြတော့ချေ။
လန်လင်း စပ်စုချင်စိတ် ဖြစ်ပေါ်သွားသည်။ "ဒီလူက ဘယ်သူလဲ။ သာမန်အရပ်သားတစ်ယောက်က ဘယ်လိုလုပ် အထက်တန်းလွှာကလေး ဒီလောက်အများကြီးကို ကြောက်သွားအောင် လုပ်နိုင်ရတာလဲ။"
ရဲ့ကျင်းယွီ သက်ပြင်းချလိုက်၏။ "သူ့နာမည်က လင်းအောင်းတဲ့။ သူက တော်ဝင်အကယ်ဒမီရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်ကျောင်းသားတွေရဲ့ အဓိကခေါင်းဆောင်ပဲ။ သူ ဘွဲ့မယူခင်ကတည်းက တော်ဝင်မိသားစုက သူ့ကို သတိထားမိတယ်။ ဘွဲ့ယူပြီးတာနဲ့ မင်းသားကျိလီရဲ့ ကိုယ်ရေးလက်ထောက် ချက်ချင်း ဖြစ်သွားတာ။"
ကိုယ်ရေးလက်ထောက်ဆိုသည်မှာ ကျေးကျွန်တစ်ဦးမဟုတ်ဘဲ ရာထူးမြင့်မားသည့် လက်ထောက်တစ်ဦး ဖြစ်သည်။ ဆိုလွန်ကဲ့သို့ မြို့စားတစ်ဦး၏ ဆက်ခံသူမှာ အလွန်မြင့်မားသော အဆင့်အတန်းရှိ၏။
သို့သော် ဆိုလွန်အတွက်ပင် မင်းသား၏ ကိုယ်ရေးလက်ထောက်ဖြစ်လာရန် အဆင့်မမှီပေ။ ပုံမှန်အားဖြင့် မြို့စားကြီးများ သို့မဟုတ် နယ်စားကြီးများ၏ သားများသာ အိမ်ရှေ့စံမင်းသား၏ ကိုယ်ရေးလက်ထောက်များဖြစ်ရန် အရည်အချင်း ပြည့်မီကြ၏။
ထို့အတွက်ကြောင့် အိမ်ရှေ့စံမင်းသားက သာမန်အရပ်သားတစ်ဦးကို သူ၏ ကိုယ်ရေးလက်ထောက်အဖြစ် ရွေးချယ်လိုက်ခြင်းမှာ အံ့အားသင့်စရာဖြစ်ပြီး လင်းအောင်းကို မည်မျှအထိ တန်ဖိုးထားကြောင်း ရှင်းလင်းစွာ ပြသနေသည်။
လင်းအောင်းက အထက်တန်းလွှာတစ်ဦး မဟုတ်သော်ငြားလည်း အလွန် ဩဇာအာဏာ ကြီးမားနေပြီ ဖြစ်၏။ အကယ်၍ မှားယွင်းမှု မရှိလျှင် နှစ်နှစ်ဆယ်အတွင်း၌ သူသည် နိုင်ငံတော်စစ်တပ်၏ ထိပ်တန်းစစ်သူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဤနေရာရှိ အထက်တန်းလွှာအများအပြားမှာ သူ့ကို အားကိုးရပေလိမ့်မည်။
ရဲ့ကျင်းယွီက လန်လင်းအား စိုက်ကြည့်လိုက်၏။ "လင်းအောင်းက သခင်လေးနဲ့ တခြားပတ်သက်မှုတစ်ခု ရှိသေးတယ်။"
လန်လင်းသည်တော့ မကောင်းသည့် ခံစားချက်များ ရလာပြီး စိတ်မသက်မသာဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။ "ဘာပတ်သက်မှုလဲ။"
ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်၏။ "သူက သခင်လေးရဲ့ အချစ်ပြိုင်ဘက်လေ။ သူက သခင်လေး စေ့စပ်ထားသူရဲ့ နယ်မြေဖြစ်တဲ့ လင်ဟိုင်မြို့က လာတာ။ သခင်လေးရဲ့ အနာဂတ်ယောက္ခမ ကွေ့ရှင်းဖူက သူ့ကို အများကြီး လေးစားရုံသာမက သခင်လေးရဲ့ အနာဂတ်ဇနီးလောင်း ကွေ့ချင်းရှောင်းကတောင် သူ့ကို သဘောကျနေပုံရတယ်။"
ထိုသည်ကို ကြားလိုက်ရသော် လန်လင်း သူ၏ မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်သည်။ သူသည် မူလဆိုလွန် မဟုတ်သော်ငြားလည်း သူ၏ စေ့စပ်ထားသူကို တခြားတစ်ယောက်က လုယူသွားမည်ကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ချေ။
ရဲ့ကျင်းယွီ မျက်နှာပျက်သွား၏။ "သွားရအောင်။ အခုချိန် သခင်လေး သူ့ကို ရန်မစနိုင်သေးဘူး။ သူ့ကို လျစ်လျူရှုထားလိုက်ကြစို့။"
ရဲ့ကျင်းယွီက ရထားလုံးကို အမြန်မောင်းရန် မြင်းထိန်းကို ပြောလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် လင်းအောင်း ရှေ့သို့ ထွက်လာကာ လန်လင်း၏ ရထားလုံးကို ပိတ်ရပ်လိုက်၏။
လင်းအောင်းက ခွေး ၊ ကြောင်တစ်ကောင်ကို ခေါ်နေသည့်အလား မောက်မာစွာ ပြောလိုက်သည်။ "ဆိုလွန်... မင်းလား။"
လန်လင်းက ရထားလုံးခန်းဆီးကို ဖွင့်ကာ စိုက်ကြည့်လိုက်၏။ "အင်း... ကျုပ်ပဲ။ လမ်းမပိတ်နဲ့။"
လင်းအောင်း လက်ပိုက်လိုက်သည်။ "ငါ မင်းကို ပြောစရာ တစ်ခုပဲရှိတယ်။"
လန်လင်း နှုတ်ခမ်းမဲ့လိုက်၏။ "ကျုပ် စေ့စပ်ထားသူကို လက်လျှော့ဖို့ မင်း ပြောမလို့လား။ ဒါဆိုရင်တော့ လေကို ချွေတာလိုက်ပါ။"
လင်းအောင်းက လှောင်ပြုံး ပြုံးလိုက်သည်။ "မဟုတ်ဘူး။ မင်း သူ့ကို လက်လျှော့စရာ မလိုဘူး။ ရှောင်ရှောင်းက လှပတဲ့ ငန်းဖြူလေးတစ်ကောင်လိုပဲ။ သူက မင်းနဲ့ လုံးဝကို မတန်တာ။ ကွေ့ချင်းရှောင်းရဲ့ နာမည်ကို မင်း ဆက်မခေါ်ဖို့ပဲ ငါ လိုချင်တာ။ သူက အသန့်ကို အရမ်းကြိုက်သလို ငါကလည်း အတူတူပဲ။ မင်းရဲ့ ညစ်ပတ်နေတဲ့ ပါးစပ်ကနေ သူ့နာမည် ထွက်လာတာကို ငါတို့ နှစ်ယောက်လုံး အလိုမရှိဘူး။"
အလွန်တရာ မောက်မာလွန်းလှ၏။
လန်လင်း သူ၏ ရင်ထဲ၌ အေးစက်သည့် ဒေါသတစ်ခုကို ခံစားလိုက်ရသည်။ သူက အေးစက်စွာ ပြုံးလိုက်၏။ "သရုပ်ဆောင်တာ ကောင်းသားပဲ။ ကျုပ် မင်းကို အမှတ်တစ်ရာမှာ ရှစ်ဆယ် ပေးမယ်။"
ထို့နောက် ရဲ့ကျင်းယွီ၏ ရထားလုံးက အရှိန်တင်ကာ လင်းအောင်းကို ဖြတ်ကျော်မောင်းနှင်သွားတော့သည်။
--------------
အိမ်သို့ ပြန်ရောက်သည့်အခါ....လန်လင်း ရောက်ရောက်ချင်းပင် ဖိတ်ခေါ်မထားသည့် ဧည့်သည်နှစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ တစ်ဦးက ဝပြီး နောက်တစ်ဦးက ပိန်၏။
လန်လင်း ဝင်လာသည်ကို မြင်လိုက်ရချိန်၌ ထိုလူနှစ်ဦးက ချက်ချင်းပင် မတ်တတ်ရပ်ကာ ဦးညွတ်လိုက်ကြသည်။ "ဂါရဝပြုပါတယ် သခင်လေး။"
လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "မင်းတို့က ဘာလိုချင်လို့လဲ။"
ထိုအချိန်၌ပင် ဆိုနင်ပင်းက ကျက်သရေရှိစွာ ထွက်လာပြီး လက်ယမ်းပြလိုက်သည်။ "မောင်လေး ဒီကိုလာ။"
လန်လင်း ဆိုနင်ပင်းနောက်မှ အနောက်ခန်းဆီသို့ လိုက်သွား၏။ သူ၏ အစ်မဖြစ်သူမှာ စိုးရိမ်တကြီးဖြင့် မျက်မှောင်ကျုံ့နေသည်ကို သူ မြင်လိုက်ရသည်။ လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "ဘာဖြစ်လို့လဲ အစ်မ။ အပြင်က လူနှစ်ယောက်က ဘယ်သူတွေလဲ။"
ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဟူး... သူတို့က အကြွေးလာတောင်းတဲ့သူတွေ။ ဆိုလွန် တင်ထားတဲ့အကြွေးကို သူတို့က လာကောက်တာ။"
လန်လင်း မျက်လုံးပြူးသွားရ၏။ "ဘယ်လောက်လဲ။"
ဆိုနင်ပင်းကမူ မျက်နှာပျက်နေသည်။ "ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ။"
လန်လင်း အံ့အားသင့်သွားပြီး ခုန်ထွက်မတတ် ဖြစ်သွားရ၏။ "အဲဒီလောက်တောင်လား။ ဆိုလွန်က ဘာတွေများ လုပ်လို့လဲ။ ဘယ်လိုလုပ် အကြွေး ဒီလောက်အများကြီး တင်ရတာလဲ အစ်မ။"
ဤသည်က အလွန်ကြီးမားလှသည့် ငွေကြေးပမာဏပင်။ ကြီးမားသည့် စစ်တပ်တစ်ခုကို တစ်နှစ်တာလုံးစာ ထောက်ပံ့ရန်ပင် ဤမျှ ကုန်ကျမည်မဟုတ်ချေ။
ဆိုနင်ပင်းက ခေါင်းရမ်းလိုက်သည်။ "ရွှေဒင်္ဂါး ကိုးရာက လောင်းကစားကြွေးတွေ။ ကျန်တဲ့ သုံးထောင်က တော်ဝင်မြို့တော်ဘဏ်ကနေ ချေးထားတာ။"
လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "ဒါက လိမ်ညာတာများ ဖြစ်နေမလား အစ်မ။ လူတစ်ယောက်က ဘယ်လိုလုပ် အဲဒီလောက် အများကြီး ချေးနိုင်မှာလဲ။"
ဆိုနင်ပင်း ခေါင်းရမ်းလိုက်သည်။ "အစ်မ စစ်ဆေးပြီးပြီ။ အထောက်အထားက အစစ်အမှန်တွေချည်းပဲ။ ဆိုလွန်ရဲ့ လက်မှတ်နဲ့ လက်ဗွေရာတွေ ပါသလို သက်သေတွေရဲ့ လက်မှတ်တွေလည်း ပါနေတယ်။"
လန်လင်း အံကြိတ်လိုက်၏။ "အဲဒီငတုံးဆိုလွန်က ရွှေဒင်္ဂါး သုံးထောင်ကို ဘယ်မှာများ သွားဖြုန်းတီးပစ်တာလဲ။ သူ ပြည့်တန်ဆာအိမ်မှာ ဆယ်နှစ်နေရင်တောင် အဲဒီလောက် ကုန်နိုင်မှာ မဟုတ်ဘူး။"
ဆိုနင်ပင်း သက်ပြင်းချလိုက်သည်။ "လေလံပွဲတစ်ခုမှာ မင်းသမီးကျိနင်က ရှားပါးတဲ့ လက်ရေးလှစာမူတစ်ခုကို အရမ်းသဘောကျသွားတယ်။ သူ့ကို သဘောကျစေချင်လို့ ဆိုလွန်က ငွေအများကြီးသုံးပြီး လက်ဆောင်အဖြစ် ဝယ်ပေးတာ။"
လန်လင်း မျက်လုံးပြူးသွား၏။ "ဘယ်လိုစာမူမျိုးက ရွှေဒင်္ဂါး သုံးထောင်တောင် တန်ရတာလဲ။"
ဆိုနင်ပင်းက လေးနက်စွာ ပြောသည်။ "အဲဒါက နဂါးဧကရာဇ် ကိုယ်တိုင် ရေးထားတာလေ။ အရမ်းကို ရှားပါးလွန်းတယ်။ ဧကရာဇ်ရဲ့ စာမူတွေကို ဘယ်တော့မှ အရောင်းအဝယ်မလုပ်ကြဘူး။ နှစ်သုံးထောင် ကြာပြီးနောက်မှာ တစ်ကမ္ဘာလုံးမှာမှ အခုဆယ်ခုတောင် မကျန်တော့ဘူး။ ဒါကြောင့် အဲဒီဈေးနှုန်းက တကယ်တော့ ပုံမှန်ပါပဲ။"
လန်လင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ "ဒါဆို ဒီလောက်တန်ဖိုးရှိတာကို မင်းသမီး လက်ခံလား။"
ဆိုနင်ပင်း ခေါင်းရမ်းလိုက်သည်။ "ဘယ်လက်ခံမလဲ။ သူက လက်ဆောင်ကို ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ ဆိုလွန်က အရမ်းရှက်ပြီး ဒေါသထွက်သွားတဲ့အတွက် ဧကရာဇ်ရဲ့ လက်ရေးလှစာမူကို အဲဒီနေရာမှာတင် မီးရှို့ပစ်တာ။"
ထိုသည်ကို ကြားလိုက်ရသော် လန်လင်း သွေးအန်မတတ် ဖြစ်သွားရသည်။
သကောင့်သားဆိုလွန်သည် မိန်းမလိုက်စားသည့် ကိစ္စနှင့် ပတ်သက်လာလျှင် လုံးဝ ရူးသွပ်လွန်းလှ၏။
ရွှေဒင်္ဂါး သုံးထောင် အကုန်အကျခံကာ ရှားပါးရတနာတစ်ခုကို ဝယ်ယူပြီး ဒေါသထွက်၍ မီးရှို့ပစ်သည်တဲ့လား။ ဤသည်က အလွန်တရာ ကြီးမားလှသော ငွေကြေးဖြုန်းတီးမှုကြီးပင်။
ဆိုနင်ပင်းက ဆက်ပြောသည်။ "အဓိကပြဿနာက ဆိုလွန် လက်ရေးလှစာမူကို ဝယ်တုန်းက သူ့ဆီမှာ ငွေအလုံအလောက် မရှိတာပဲ။ သူက တော်ဝင်မြို့တော်ဘဏ်ကနေ ချေးရတာ။ အခု အချိန်စေ့သွားပြီဖြစ်လို့ သူတို့က အကြွေးလာကောက်တာ။"
လန်လင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ "ဒါနဲ့ လောင်းကစားရုံက ရွှေဒင်္ဂါး ကိုးရာကရော။ ကျွန်တော် သိချင်တာက ဆိုလွန်က လောင်းကစားကို အဲဒီလောက်တောင် ဝါသနာပါတာလား။"
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team