အခန်း ၃၅
Vol. 4 Ch. 35
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုနင်ပင်း ရှင်းပြလိုက်သည်။ "ဆိုလွန်က ငွေပြတ်နေတာ မဟုတ်သလို လောင်းကစားလည်း ဝါသနာမပါဘူး။ ရီယွင်ဆိုတဲ့ မိန်းကလေးအတွက် သူ ဒီလိုလုပ်တာ။"
"သူ့အဖေက လောင်းကစားရူးသွပ်ပြီး အကြွေးတွေ အများကြီး တင်သွားတယ်။ အဲဒီအကြွေးဆပ်ဖို့ သူ့အဖေက ရီယွင်ကို လောင်းကစားရုံပိုင်ရှင်ရဲ့ မယားငယ်လုပ်ဖို့ အတင်းအဓမ္မ ခိုင်းတာ။ ဆိုလွန်က ဒါကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ။ ဒါကြောင့် ဝင်ပါပြီး အကြွေးတွေ တာဝန်ယူပြီး သူ့ကို ကယ်လိုက်တာပေါ့။"
လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ "ဒါပေမဲ့ အစ်မ... အဲဒီတုန်းက ဆိုလွန်က မင်းသမီးကျိနင်ကို ရူးရူးမူးမူး ချစ်နေတာ မဟုတ်ဘူးလား။ ဘာလို့ တခြားမိန်းကလေးအတွက် ဒီလောက်အထိ အန္တရာယ်ခံတာလဲ။"
ဆိုနင်ပင်းက တိုးညှင်းစွာ ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ ရီယွင်က သူ့အတန်းဖော်ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်နေလို့လေ။"
လန်လင်း အံကြိတ်လိုက်၏။ ဆိုလွန်အစစ် သေသွားသည်မှာ ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ အကယ်၍ သူသာ သက်ရှိထင်ရှား ရှိနေသေးလျှင် လန်လင်းက သူ့ကို သေလုမျောပါး ရိုက်နှက်မိပေလိမ့်မည်။ တစ်ခါတည်း သင်းကွပ်ပစ်ချင်သေးသည်။
ဆိုနင်ပင်း သက်ပြင်းချလိုက်သည်။ "ဟူး... ဒါပေမဲ့ ဆိုလွန်ဆီမှာ လက်ငင်းငွေ မရှိဘူးလေ။ ဒါကြောင့် အစ်မတို့ မိသားစုရဲ့ အိမ်ရာမြေကို အာမခံအဖြစ် သုံးပြီး လောင်းကစားရုံကို အကြွေးစာချုပ်ပဲ ရေးပေးနိုင်တာ။"
လန်လင်း မျက်ခုံးပင့်လိုက်သည်။ "ကျွန်တော်တို့က မဆပ်နိုင်ဘူးလို့ ငြင်းလိုက်ရင်ရော။ သူတို့က ကျွန်တော်တို့ကို တကယ် ဘာလုပ်နိုင်မှာလဲ အစ်မ။"
ဆိုနင်ပင်းက တည်ကြည်စွာ ပြော၏။ "မောင်လေး... အကြွေးဆပ်တယ်ဆိုတာ လုပ်သင့်တဲ့ ကိစ္စလေ။"
လန်လင်းက ခေါင်းရမ်းလိုက်သည်။ "အစ်မ... အဲဒါက ဘယ်လိုအကြွေးမျိုးလဲဆိုတဲ့အပေါ် မူတည်သေးတယ်လေ။"
ဆိုနင်ပင်းကလည်း ခေါင်းရမ်းလိုက်၏။ "မဟုတ်ဘူး... အစ်မတို့ ဒီကနေ ထွက်ပြေးလို့ မရဘူး မောင်လေးရဲ့။ အကြွေးနှစ်ခုလုံးမှာ အာမခံပစ္စည်းတွေ ရှိတယ်။ ရွှေဒင်္ဂါး သုံးထောင်အကြွေးက စံအိမ်တစ်လုံးနဲ့ အာမခံထားပြီး ရွှေဒင်္ဂါး ကိုးရာအကြွေးက ဆိုင်တစ်ဆိုင်နဲ့ အာမခံထားတာ။ ဆိုလွန်က သက်သေအဖြစ် သုံးဖို့ အိမ်က ပိုင်ဆိုင်မှုစာချုပ် မိတ္တူတွေကို ခိုးသွားတာ။"
လန်လင်း၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားရ၏။ "နေပါဦး... ဒီစံအိမ်နဲ့ ဆိုင်က မြို့စားကြီးကျိထင်ကို ကျွန်တော်တို့ ခုလေးတင် ပေးလိုက်တဲ့ ပိုင်ဆိုင်မှုတွေပဲ မဟုတ်လား။"
ဆိုနင်ပင်းက ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်သည်။ "အင်း... အဲဒီနှစ်ခု အတိအကျပဲ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အစ်မတို့ ငွေမဆပ်ရင် လောင်းကစားရုံနဲ့ ရွှေဆိုင်က အကြွေးစာချုပ်တွေနဲ့ စာချုပ်မိတ္တူတွေကို ယူပြီး တော်ဝင်တရားရုံးကို သွားလိမ့်မယ်။ သူတို့က ပိုင်ဆိုင်မှုအခွင့်အရေးကို တောင်းဆိုကြလိမ့်မယ်။ ဒါပေမဲ့ အခု အဲဒီပိုင်ဆိုင်မှုတွေက မြို့စားကြီးဆီ ရောက်နေပြီဆိုတော့ အကြွေးရှင်တွေက သူ့ကို တရားစွဲတဲ့အထိ ဖြစ်သွားလိမ့်မယ်။"
လန်လင်း၏ လည်ပင်းမှ ကြက်သီးမွေးညင်းများပင် ထသွားရ၏။ သောက်ကျိုးနည်းလှ၏။ အလွန် သိသာထင်ရှားလှ၏။ မင်းသမီး ထပ်မံလှုပ်ရှားလာခြင်းပင်။
ပထမအချီ၌ ဆိုနင်ပင်းက မြို့စားကြီးကို လာဘ်ထိုးသည်။ မင်းသမီးက အန္တရာယ်ကို အာရုံခံမိပြီး လက်ဦးမှု ရယူ၏။ သူမက လက်ရှိအချိန်၌ လန်လင်း ဖြစ်နေပြီဖြစ်သည့် ဆိုလွန်ကို ကျောင်းထုတ်ပစ်ရန် ရော်ဂျာကို အမိန့်ပေးသည်။
ပြန်လည်တိုက်ခိုက်ရန်အတွက် လန်လင်းက ဆိုလွန်၏ ချစ်သူဟောင်းနှင့် ဆရာမဖြစ်သည့် နီယာထံသို့ သွားကာ သူမ၏ နှလုံးသားကို ထပ်မံရယူ၏။ နီယာ၏ အကူအညီဖြင့် ကျောင်းအုပ်ကျန်းယုံက ကျောင်းထုတ်မည့်ကိစ္စကို ပယ်ဖျက်ပေးပြီး လန်လင်း စမ်းသပ်မှု အောင်မြင်သည်။
သို့သော် တော်ဝင်အကယ်ဒမီသို့ သူ ပြန်ရောက်သည့် အချိန်၌ပင် မင်းသမီးက ဒုတိယမြောက် တိုက်ခိုက်မှုကို စတင်လိုက်ပြန်သည်။
ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ဆိုသည်မှာ အလွန်တရာ များပြားလှသည့် ငွေကြေးပမာဏ ဖြစ်သော်ငြားလည်း အကြွေးရှင်နှစ်ဦးက ပြန်ရမည်ဟု တကယ်တမ်း မျှော်လင့်မထားကြချေ။
သူတို့၏ အဓိကရည်ရွယ်ချက်က ရိုးရှင်းလှ၏။ ဆိုမိသားစုကို မြို့စားကြီးအား ဒေါသထွက်စေရန် ဖိအားပေးခြင်းဖြင့် အပြီးတိုင် ဖျက်ဆီးပစ်ရန်ပင်။
အစီအစဉ်က ပြီးပြည့်စုံလွန်းလှသည်။ ဆိုမိသားစုအနေဖြင့် ရွှေဒင်္ဂါး သုံးထောင့်ကိုးရာကို လုံးဝ မတတ်နိုင်ချေ။
သတ်မှတ်ချိန် ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် အကြွေးရှင်များက စာရွက်စာတမ်းများကို တော်ဝင်တရားရုံးသို့ ယူဆောင်သွားကြပေလိမ့်မည်။ လက်ရှိအချိန်၌ ထိုပိုင်ဆိုင်မှုများကို မြို့စားကြီးက ပိုင်ဆိုင်နေပြီဖြစ်ရာ ဥပဒေရေးရာ တိုက်ပွဲတစ်ခု ဖြစ်ပွားလာပေလိမ့်မည်။
ထို့နောက် သူတို့က မြို့စားကြီးကို တရားစွဲကြပေလိမ့်မည်။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် မြို့စားကြီး ဒေါသအမျက်ထွက်သွားပေလိမ့်မည်။
သူက ဆိုမိသားစု၏ လာဘ်ပေးလာဘ်ယူမှုကို လက်ခံကာ အနာဂတ် အိမ်ရှေ့စံမင်းသား၏ ဒေါသကိုပင် အန္တရာယ်ခံ၍ သူတို့ကို ကူညီပေးသည်။ သို့သော် ဆိုမိသားစုက သူ့ကို ပေးသည့် လက်ဆောင်များမှာ အခြားတစ်ယောက်အား ပေးရန် ကတိပြုထားပြီးသား ဖြစ်နေသည်လား။ ဆိုမိသားစုက သူ့ကို အရူးတစ်ယောက်လို လှည့်စားနေသည်ဟု သူ ထင်မြင်သွားပေလိမ့်မည်။
ဒေါသကြောင့် မျက်ကန်းဖြစ်သွားသည့် မြို့စားကြီးက သူတို့ကို ကူညီရန် ရပ်တန့်သွားရုံသာမက မင်းသားကျိလီနှင့် ပူးပေါင်းကာ ဆိုမိသားစုကို အပြီးတိုင် ချေမှုန်းပစ်တော့မည် ဖြစ်၏။
လက်ရှိအချိန်၌ ဆိုမိသားစုမှာ မင်းသား၏ တိုက်ခိုက်မှုများအောက်၌ ခက်ခဲစွာ ရုန်းကန်နေရသည်။ မြို့စားကြီးကသာ သူတို့၏ တစ်ဦးတည်းသော အားထားရသည့် ကျောထောက်နောက်ခံ ဖြစ်၏။ မြို့စားကြီးက လောဘကြီးသည်ဆိုသော်ငြားလည်း သူက လက်တွေ့ကျပြီး အားကိုးရသည်။
သူ့ကို ဒေါသထွက်စေခြင်းက ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ မြို့စားကြီးကပါ သူတို့အပေါ် ကျောခိုင်းသွားပါက သူတို့အားလုံး ရှင်းလင်းခံရမည် ဖြစ်သည်။
မင်းသမီး၏ နည်းလမ်းများက တကယ်ကို ယုတ်မာလွန်းလှ၏။ သူမက သူတို့၏ ခံစစ်ကို အတွင်းပိုင်းမှနေ၍ ဆွဲဖြဲပစ်နေခြင်းပင်။
လန်လင်းက လေးနက်စွာ မေးသည်။ "ကျွန်တော်တို့ အကြွေးဆပ်ဖို့ ဘယ်နှစ်ရက် အချိန်ကျန်သေးလဲ အစ်မ။"
ဆိုနင်ပင်းက တိုးညှင်းစွာ ဖြေလိုက်၏။ "နှစ်ရက်ပဲ။ အကြွေးရှင်တွေက တံခါးလာခေါက်ဖို့ ဒီအချိန်ကို အတိအကျ စောင့်နေကြတာ။"
"အိမ်မှာ ငွေဘယ်လောက် ကျန်သေးလဲ။"
သူမက သက်ပြင်းချလိုက်သည်။ "ဟူး... ရွှေဒင်္ဂါး သုံးရာကျော်လေးပဲ။"
လန်လင်း အံ့အားသင့်သွားရ၏။ ဧရာမ မြို့စားအိမ်တော်ကြီး၌ ရွှေဒင်္ဂါး သုံးရာသာ ရှိသည်တဲ့လား။
သူတို့ အကြွေးဆပ်နိုင်ရန် လမ်းစ လုံးဝမရှိတော့ချေ။
လန်လင်း မျက်လုံးပြူးသွားသည်။ "ဒီလောက်ကြီးတဲ့ အိမ်တော်မှာ ဘယ်လိုလုပ် ငွေဒီလောက်ပဲ ရှိနေရတာလဲ။"
ဆိုနင်ပင်းက ခါးသီးစွာ ပြုံးလိုက်၏။ "အစ်မတို့ရဲ့ နောက်ဆုံးကျန်တဲ့ ငွေတွေကို မြို့စားကြီးကို လာဘ်ထိုးဖို့ သုံးလိုက်ရလို့လေ မောင်လေးရဲ့။"
လန်လင်း နှုတ်ခမ်းကိုက်လိုက်သည်။ "အိမ်ပြန်ပြီး ဆိုဟန်ရီဆီက ငွေသွားတောင်းဖို့ အရမ်းနောက်ကျသွားပြီလား အစ်မ။ ဒါမှမဟုတ် အနာဂတ် ယောက္ခမကြီးဆီကရော။ သူက ကျွန်တော်တို့ မိသားစုအပေါ် ကျေးဇူးကြွေး အကြီးကြီး တင်ထားတာလေ။"
ဆိုနင်ပင်း မျှော်လင့်ချက်မဲ့စွာ ခေါင်းရမ်းလိုက်သည်။ "အရမ်းနောက်ကျသွားပြီ မောင်လေး။ အစ်ကိုဆိုဆီမှာ အဲဒီလောက် လက်ငင်းငွေ မရှိဘူး။ သူက သောင်းနဲ့ချီတဲ့ စစ်သည်တွေကို ကျွေးမွေးနေရတာ။ နင့်ရဲ့ အနာဂတ်ယောက္ခမ ကွေ့ရှင်းဖူဆီမှာတော့ ငွေရှိမှာ သေချာတယ်။ ဒါပေမဲ့ သူက မိုင်သုံးထောင်ကျော် ဝေးတဲ့ လင်ဟိုင်မြို့မှာ နေတာလေ။ အဲဒီကိုရောက်ဖို့ အနည်းဆုံး ငါးရက်လောက် ကြာလိမ့်မယ်။ အစ်မတို့ဆီမှာ နှစ်ရက်ပဲ အချိန်ရှိတော့တယ်။"
ထိုနှစ်ရက် ပြည့်သွားသည်နှင့် တစ်ပြိုင်နက် အကြွေးရှင်များက မြို့စားကြီးကို တော်ဝင်တရားရုံးသို့ ဆွဲခေါ်သွားကြပေလိမ့်မည်။ ထိုအခါ ဆိုမိသားစုက သူ့ကို ထာဝရရန်သူတစ်ဦးအဖြစ် ပြောင်းလဲပစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
သေချာပေါက် လူတစ်ယောက်က တွေးမိပေလိမ့်မည်။ သာမန် လောင်းကစားရုံပိုင်ရှင်နှင့် ရွှေဆိုင်ပိုင်ရှင်တစ်ယောက်က အင်အားကြီးမားသည့် မြို့စားကြီးတစ်ဦးကို မည်သို့များ တရားစွဲဝံ့မည်နည်း။
အဖြေက ရိုးရှင်းလှ၏။ အနာဂတ် အိမ်ရှေ့စံမင်းသား ဖြစ်လာမည့် မင်းသားက သူတို့၏ နောက်ကွယ်၌ ရှိနေခြင်းပင်။
ရုတ်တရက် ထိတ်လန့်ဖွယ် ကောင်းလှသည့် အမှန်တရားတစ်ခုက လန်လင်းထံ ဝင်ရောက်လာ၏။ ဆိုလွန်က လောင်းကစားရုံ၌ သူ၏ ချစ်သူဟောင်းကို ကယ်တင်ခြင်းနှင့် နဂါးဧကရာဇ်၏ လက်ရေးလှစာမူအတွက် ငွေအများအပြား အသုံးပြုခြင်း... ဤသည်တို့ အားလုံးက ထောင်ချောက်များသာ ဖြစ်သည်။ မင်းသမီးက ထိုအရာများကို အချိန်အတော်ကြာကတည်းက သေချာစွာ ပြင်ဆင်ထားခြင်းဖြစ်ရပေမည်။
သူမက ထိုထောင်ချောက်များကို ချက်ချင်း မလိုအပ်သေးလျှင်ပင် အရန်အနေဖြင့် သတ်မှတ်ထား၏။ ဆိုလွန် တကယ်မသေသေးသည့် အခြေအနေနှင့် ဆိုမိသားစုက အကူအညီအတွက် မြို့စားကြီးကို လာဘ်ထိုးမည့် အခွင့်အရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားသည်။
အကယ်၍ သူမက ဤမျှအထိ ကြိုတင်စီစဉ်ထားပါက ထိုမိန်းမ၏ စိတ်က လုံးဝကို မိစ္ဆာဆန်လွန်းလှသည်။
ဤမျှ လှပ ၊ ထက်မြက်ပြီး ရက်စက်သည့် မိန်းမတစ်ယောက်က အဆိပ်ပြင်းမြွေတစ်ကောင်ထက်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေ၏။
မင်းသမီး၏ ဤဒုတိယမြောက် လှုပ်ရှားမှုက အသက်အန္တရာယ်ရှိသည့် တိုက်ခိုက်မှုတစ်ခုပင်။ သူမက ဆိုမိသားစုကို အပြီးတိုင် ရှင်းလင်းပစ်ရန် ရည်ရွယ်ထား၏။
လမ်းဆုံးသွားပြီ ဖြစ်သည်။ နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရနိုင်ရန် လမ်းစ လုံးဝမရှိချေ။
ပို၍ ဆိုးရွားသည်မှာ ဤကဲ့သို့ အရေးကြီးသည့် အချိန်၌ မြို့တော်ရှိ မည်သူကမှ ဆိုမိသားစုကို ငွေတစ်ပြားတစ်ချပ်ပင် ချေးငှားဝံ့မည် မဟုတ်ချေ။ သူတို့ကို ကူညီခြင်းက မင်းသားကို ဒေါသထွက်စေခြင်းပင်။ မြို့စားကြီးမှလွဲ၍ မြို့တော်ရှိ မည်သူကမှ မင်းသားကို မဆန့်ကျင်ဝံ့ကြပေ။
သူသည် တရားဝင် မကြေညာရသေးသည့် အိမ်ရှေ့စံမင်းသား... အနာဂတ် ဘုရင်တစ်ပါး ဖြစ်သည်။ အကယ်၍ သူ့ကို သွားရောက်ရန်စမိပါက မိသားစုတစ်ခုလုံး ရှင်းလင်းခံရပေလိမ့်မည်။
လန်လင်း ဧည့်ခန်းထဲသို့ ဝင်သွား၏။ အကြွေးရှင်နှစ်ဦးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ "ဟေ့ကောင်တွေ... ခင်ဗျားတို့က ဘာလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဒီသောက်အကြွေးကို လာမတောင်းကြတာလဲ။"
ရွှေဆိုင်ပိုင်ရှင်က အမြန်မတ်တတ်ရပ်ကာ သွားဖြီးပြလိုက်သည်။ "ကျွန်တော်တို့က မြို့စားအိမ်တော်ကို အကြွေးအတွက် ဘယ်လိုလုပ် လောဆော်ရဲမှာလဲ။ ဒီနေ့မှာတောင် ခင်မင်မှုနဲ့ သတိလာပေးရုံသက်သက်ပါ။ သခင်လေး နောင်ကျရင် ဒုက္ခမရောက်စေဖို့ သေချာအောင် လုပ်ချင်ရုံလေးပါ။"
လန်လင်း အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "စောက်ရမ်းတွေ လာမဟောင်နဲ့။ နှစ်ရက်အတွင်း ကျုပ် ခင်ဗျားတို့ကို အကြွေးမဆပ်ဘူးဆိုရင် ခင်ဗျားတို့က မြို့စားကြီးကို တော်ဝင်တရားရုံးဆီ ဆွဲခေါ်သွားကြတော့မှာ မဟုတ်လား။"
ရွှေဆိုင်ပိုင်ရှင်က တိုးညှင်းစွာ ရယ်မောလိုက်၏။ "ဟီးဟီး..." သူက ဝန်မခံသော်လည်း ငြင်းဆိုခြင်းလည်း မရှိချေ။
လန်လင်း မေးငေါ့ပြလိုက်သည်။ "ကောင်းပြီ။ ကျုပ် နားလည်ပြီ။ ခင်ဗျားတို့ အခု သောက်ခွက်တွေ လာမပြနဲ့တော့... လစ်ကြတော့။"
အကြွေးရှင်နှစ်ဦးက မတ်တတ်ရပ်ကာ ယဉ်ကျေးစွာ ဦးညွတ်လိုက်ကြ၏။ "ဒီကိစ္စကို သေချာဖြေရှင်းပေးပါ သခင်လေး။ သခင်လေးက နှစ်ရက်အတွင်း ငွေပြန်ဆပ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး အခက်အခဲ မဖြစ်ရတော့ဘူးပေါ့။"
ထို့နောက် လူနှစ်ဦးက နောက်ဆုတ်ကာ အိမ်တော်ထဲမှ ထွက်ခွာသွားကြသည်။ အပြင်ပန်း၌ သူတို့က အလွန်တရာ ယဉ်ကျေးပုံရသော်ငြားလည်း အတွင်းစိတ်၌မူ ယုတ်မာမှုနှင့် လှောင်ပြောင်မှုတို့ ပြည့်နှက်နေကြ၏။
အကြွေးရှင်နှစ်ဦး ထွက်သွားပြီးနောက် မြို့စားအိမ်တော်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team