← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုနင်ပင်းက မျက်ရည်ဝဲသွားကာ တိုးညှင်းစွာ ပြောလာသည်။ “ရှောင်လင်း... အစ်မ တောင်းပန်ပါတယ်။ နင့်ကို ဒီကိစ္စထဲ ဆွဲမသွင်းသင့်ဘူး။ နင်က အရမ်း အရည်အချင်းရှိပြီး တောက်ပတဲ့ အနာဂတ်ရှိတဲ့သူလေ။ ဒါပေမဲ့ အခုတော့ ဆိုမိသားစုရဲ့ ပြဿနာတွေထဲမှာ ပိတ်မိနေပြီ။ အစ်မ စကားကို နားထောင်ပါ။ နတ်စိတ်ဝိညာဉ်ကိုးပါး မှော်ဆရာမဆီ သွားလိုက်ပါ။ နင့်ရဲ့ မူလမျက်နှာကို ပြန်ယူပြီး နင့်ဘဝနဲ့နင် လွတ်လွတ်လပ်လပ် နေပါတော့။”

ရဲ့ကျင်းယွီသည်လည်း ခေါင်းငုံ့ထားပြီး တိတ်ဆိတ်နေ၏။

အစောပိုင်း၌ ဆိုနင်ပင်းက လန်လင်းကို ဆိုလွန်အဖြစ် ဟန်ဆောင်ရန် မြို့တော်သို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်က လွယ်ကူလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့၏။ သူက မြို့စားဘွဲ့ကို ဆက်ခံရုံသာ ဖြစ်၏။

ဤကိစ္စက မည်မျှအထိ အန္တရာယ်များပြီး ရှုပ်ထွေးသည်ကို သူမ မသိခဲ့ချေ။ မင်းသားကျိလီက သူ၏ ကိုယ်ပိုင်အစီအစဉ်များအတွက် ထျန်းရွှေမြို့ကို သိမ်းပိုက်ချင်နေပြီး ဆိုမိသားစုကတော့ ကြားညပ်သွားသည့် အပြစ်ကင်းသော သားကောင်များ သက်သက်သာ ဖြစ်သည်။

ဤသည်က လုံးဝကို အဓိပ္ပာယ်မရှိလှချေ။ ဆိုလွန်အစစ်က မင်းသမီးကျိနင်ကို လိုက်လံပိုးပန်းခြင်းဖြင့် တော်ဝင်မိသားစုကို စော်ကားခဲ့သည်ဟု လူတွေက ပြောကြ၏။

သို့သော် ထိုသည်က လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။ မင်းသမီးက သူ့ကို ထိုသို့လုပ်ရန် တိတ်တဆိတ် လှည့်စားပြီး အားပေးခဲ့သောကြောင့်သာ ဆိုလွန်က သူမနောက်ကို လိုက်ခဲ့ခြင်းပင်။ လက်ရှိအချိန်၌ သူတို့က သေမင်းတမန် ထောင်ချောက်တစ်ခုထဲ၌ ကျရောက်နေကြပြီ ဖြစ်၏။ လန်လင်းမှာလည်း အသတ်ခံရမည့် အန္တရာယ်နှင့် ကြီးစွာ ရင်ဆိုင်နေရသည်။

အစ်မဖြစ်သူ၏ စကားများကို ကြားလိုက်ရသော် လန်လင်းမှာ ဒေါသထွက်ခြင်း ၊ ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ သူမအား စိုက်ကြည့်လိုက်သည်။ “အစ်မ... ကျွန်တော်က ငယ်ငယ်ကတည်းက မိဘမဲ့လေ။ ကျွန်တော့် မိဘတွေက ဘယ်သူတွေလဲဆိုတာတောင် မသိဘူး။ ကျွန်တော်လာတဲ့နေရာမှ အစ်မနာမည်က လန်ခုံး... ကျွန်တော့်နာမည်က လန်လင်း။ ကျွန်တော်က အစ်မရဲ့ မျိုးရိုးနာမည်ကို ခံယူခဲ့တာ။”

သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ “အခု အစ်မနာမည်က ဆိုနင်ပင်းဖြစ်နေပြီဆိုတော့ ကျွန်တော်လည်း ဆိုမျိုးရိုးကိုပဲ ခံယူတော့မယ်။”

လန်လင်း ဒူးထောက်ချလိုက်ကာ လေးနက်စွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျွန်တော့်နာမည် ဆိုလွန်ပဲ။ လန်လင်းဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး။ ဆိုလွန် တစ်ယောက်ပဲ ရှိတော့တယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို လန်လင်းလို့ ထပ်ခေါ်ရင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးမယ်။”

သူ၏ အသံက တည်ငြိမ်သော်လည်း အလွန် ပြတ်သားနေ၏။ ဆိုနင်ပင်းရော ရဲ့ကျင်းယွီပါ အလွန်အမင်း စိတ်ထိခိုက်လှုပ်ရှားသွားကြသည်။

ဆိုနင်ပင်း မျက်လုံးပြူးသွားသည်။ “မောင်လေး... နင်...”

ရဲ့ကျင်းယွီ နှုတ်ခမ်းကိုက်လိုက်သည်။ “လန်လင်း... သခင်လေး...”

ရဲ့ကျင်းယွီက လန်လင်းဟူသည့် နာမည်ကို အသုံးပြုလိုက်သောကြောင့် သူမ စကားမဆုံးမီမှာပင် သူက ဓားငယ်တစ်လက်ကို အမြန်ဆွဲထုတ်ကာ သူ၏ ကိုယ်ပိုင်ခြေထောက်ကို ထိုးချလိုက်သည်။

သွေးများ ချက်ချင်း ပန်းထွက်လာ၏။ နာကျင်မှုကြောင့် အံကြိတ်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာက ပြောင်းလဲမသွားချေ။

ဆိုနင်ပင်း စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာပေါ်၌ မျက်ရည်များ စီးကျလာသည်။ သူမက အပြေးအလွှား သွားကာ လက်တစ်ဖက်ဖြင့် သူ့ကို ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ ဘောင်းဘီကို ဆွဲဖြဲလိုက်၏။ ထို့နောက် သူမက သတိထားသော်လည်း အလျင်အမြန်ပင် ဓားကို ဆွဲနှုတ်လိုက်သည်။

ထိုစဉ် ရဲ့ကျင်းယွီက ဆေး ၊ အပ်နှင့် ချည်ကြိုးတို့ကို ယူရန် အိမ်ထဲသို့ ပြေးဝင်သွား၏။

ဆိုနင်ပင်းက သူ၏ ခြေထောက်မှ ဒဏ်ရာကို ဆေး ညင်သာစွာ ထည့်ပေးပြီး သေချာစွာ ချုပ်ပေးလိုက်သည်။

အရာအားလုံး ပြီးစီးသွားချိန်၌ ဆိုနင်ပင်းက သူ့အား ငေးမောစွာ စိုက်ကြည့်နေ၏။ သူမ၏ လက်များမှာလည်း သွေးများဖြင့် ပေပွနေသည်။ သူမက တိုးညှင်းစွာ ပြောလိုက်သည်။ “နင် အရမ်း မိုက်မဲတာပဲ။”

သူ ပြုံးလိုက်သည်။ “အစ်မ ကျွန်တော့်ကို အမြဲ အဲဒီလို ပြောနေကျလေ။” ကမ္ဘာမြေပေါ်ရှိ သူ၏ အစ်မဖြစ်သူ လန်ခုံးကို သူ တွေးတောနေခြင်း ဖြစ်သော်လည်း သူ၏ ရင်ထဲ၌မူ သူမနှင့် ဆိုနင်ပင်းမှာ တစ်ထပ်တည်း တူညီသည့် လူတစ်ယောက်တည်း ဖြစ်နေသည်။

ဆိုနင်ပင်းက သူ၏ မျက်နှာကို ညင်သာစွာ ကိုင်လိုက်၏။ “ကောင်းပြီ... အစ်မ အဲဒီစကားတွေ ထပ်မပြောတော့ဘူး။ ဒီဘဝမှာလည်း ငါတို့ အချင်းချင်း အားကိုးကြရဦးမှာပဲ။ တစ်ယောက်ယောက်က ငါတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့ အတူတူ သေကြတာပေါ့။”

သူ ခေါင်းညိတ်လိုက်သည်။ “အင်း...။”

ဆိုလွန် လက်သီးဆုပ်လိုက်သည်။ “အစ်မ... ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ရန်သူက အရင်ကထက် ပိုအင်အားကြီးနေတယ် ဆိုရင်တောင် ကျွန်တော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အသက်ရှူနေသရွေ့ အဲဒီလူယုတ်မာတွေကို ထျန်းရွှေမြို့ကို ယူသွားခွင့် ပြုမှာမဟုတ်ဘူး။ ဒါက ကျွန်တော်တို့ ဆိုမိသားစုရဲ့ အုတ်မြစ်ပဲ။”

ဆိုနင်ပင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “ကောင်းပြီ... မောင်လေး ဘာပြောပြော အစ်မ နားထောင်ပါ့မယ်။”

ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ “ဒါပေမဲ့ ဒီအခက်အခဲကို ကျွန်မတို့ ဘယ်လို ကျော်ဖြတ်ကြမလဲ။ အဲဒီအကြွေးရှင်နှစ်ယောက်က မြို့စားကြီးကျိထင်ကို တော်ဝင်တရားရုံးဆီ ဆွဲခေါ်သွားမယ့်အချိန်က ကျွန်မတို့ သေရမယ့်နေ့ပဲ။”

သူတို့ နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရရန် လိုအပ်နေသည်။ ဤသည်က လုံးဝ မဖြစ်နိုင်သည့်အရာပင်။

ဆိုလွန် မျက်လုံးများ မှိတ်ကာ ပြင်းပြင်းထန်ထန် စဉ်းစားလိုက်၏။ ကမ္ဘာမြေ၌ သူသာ် ဝိဇ္ဇာဘာသာရပ်များကို လေ့လာခဲ့သော်လည်း အခြေခံ သိပ္ပံပညာအချို့ကို သူ သိထားသည်။ ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရရန် သူ၏ အတိတ်ဘဝမှ အသိပညာကို အသုံးပြုခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သို့သော် အချိန်လိုအပ်သည်။

နှစ်ရက်အတွင်း ထိုမျှ များပြားသည့် ငွေကြေးပမာဏကို ရှာဖွေရန်ဆိုသည်မှာ ရူးသွပ်ဖွယ် အိပ်မက်တစ်ခုပင်။ ဤသည်က ကမ္ဘာမြေပေါ်ရှိ ဆင်းရဲသားတစ်ဦးက နှစ်ရက်အတွင်း ငွေသန်းတစ်ရာ ရှာဖွေရန် ကြိုးစားနေသည်နှင့် တူညီနေ၏။ ဘဏ်ဓားပြတိုက်လျှင်ပင် လုံလောက်မည် မဟုတ်ချေ။

မင်းသား၏ လူများက တော်ဝင်မြို့တော်ရှိ အင်အားကြီး မိသားစုတိုင်းနှင့် သူဌေးတိုင်းကို သေချာပေါက် သတိပေးထားပြီး ဖြစ်ပေလိမ့်မည်။ ဆိုလွန်အနေဖြင့် သူတို့ထံမှ ရွှေဒင်္ဂါး တစ်ပြားတစ်ချပ်ပင် ချေးငှားနိုင်လိမ့်မည် မဟုတ်ချေ။

နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ၊ ငွေဒင်္ဂါး နှစ်သိန်း သို့မဟုတ် ကြေးဒင်္ဂါး သန်းရှစ်ဆယ်ခန့်ကို သူ မည်သို့များ ရှာဖွေနိုင်မည်နည်း။ တစ်နာရီနီးပါးခန့် စဉ်းစားနေသော်လည်း အဖြေတစ်ခုကို မရှာတွေ့နိုင်သေးချေ။

ရုတ်တရက် ဆိုလွန်၏ မျက်လုံးတို့က အရောင်တောက်လာ၏။ “ဆိုလွန်အစစ်ရဲ့ ပြည့်တန်ဆာအိမ်က အရင်းနှီးဆုံး သူငယ်ချင်းက ဘယ်သူလဲ။”

ရဲ့ကျင်းယွီက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “တောင်ပံမွှေးစံအိမ်က ရီမန်မန်။”

ဆိုလွန် မျက်ခုံးပင့်လိုက်သည်။ “သူတို့က ချစ်သူတွေလား။”

ရဲ့ကျင်းယွီ ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ အစပိုင်းတုန်းကတော့ သူတို့က ချစ်သူတွေပဲ။ နောက်တော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ သခင်လေးက သူ့ဆီက ငွေချေးချင်လို့လား။ မဖြစ်နိုင်ပါဘူး။ သူက အရမ်း နာမည်ကြီးတယ်ဆိုပေမဲ့ သူ့ရဲ့ စုဆောင်းငွေတွေ အကုန်လုံး သခင်လေးကို ပေးရင်တောင် ရွှေဒင်္ဂါး သုံးရာထက် ပိုမှာ မဟုတ်ဘူး။”

ဆိုလွန် မတ်တတ်ရပ်လိုက်သည်။ “အစ်မ... ကျွန်တော် ခဏလောက် အပြင်သွားလိုက်ဦးမယ်။ မနက်ဖြန်ကျရင် ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ကျွန်တော် ရအောင် ယူခဲ့မယ်။”

တစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရှာမည်တဲ့လော။ မည်သို့လုပ်၍ ဖြစ်နိုင်မည်နည်း။ ရဲ့ကျင်းယွီက ပွင့်လင်းသည့်သူ တစ်ဦးဖြစ်ရာ ချက်ချင်းပင် သံသယဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။

ဆိုလွန်အနေဖြင့် မည်သို့ လုပ်ဆောင်မည်ကို ဆိုနင်ပင်းလည်း စိတ်ကူးမယဉ်နိုင်ချေ။ သို့သော်လည်း သူမက သူ့ကို သံသယမဝင်ပေ။ သူမက ညင်သာစွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း... ကောင်းပြီ... အစ်မ အိမ်မှာပဲ မောင်လေးကို စောင့်နေမယ်။”

ဆိုလွန်က ရဲ့ကျင်းယွီကို ခေါ်ကာ တော်ဝင်မြို့တော်ရှိ အကြီးမားဆုံး ပြည့်တန်ဆာအိမ်များထဲမှ တစ်ခုဖြစ်သော တောင်ပံမွှေးစံအိမ်ဆီသို့ သွားလိုက်၏။

သူတို့ ထွက်သွားပြီးနောက် သိပ်မကြာမီမှာပင် ထျန်းရွှေမြို့စားအိမ်တော်ဆီသို့ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ဦး ရောက်လာ၏။ ထိုသူက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားသည့် အနက်ရောင်ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည်။ သူမက နောက်ဖေးတံခါးမှတစ်ဆင့် ဝင်ရောက်လာပြီး အလွန် ကျွမ်းကျင်သည့် သိုင်းပညာရှင်ဖြစ်သော အစေခံတစ်ဦးက နောက်မှ လိုက်ပါလာ၏။

မကြာမီမှာပင် ဆိုနင်ပင်းက ထိုဧည့်သည်နှင့် တွေ့ဆုံလိုက်သည်။

ဧည့်သည်ဖြစ်သူက သူမ၏ အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်ရာ အလွန်တရာ လှပလွန်းသည့် မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ အခြားသူမဟုတ်ချေ။ ဆိုမိသားစုကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည့် မင်းသမီးကျိနင်ပင်။

မင်းသမီးနှင့် ဆိုနင်ပင်းတို့ အတူတူ မတ်တတ်ရပ်နေချိန်၌ သူတို့၏ လှပသည့် မျက်နှာများက တန်းတူညီမျှ ဆွဲဆောင်မှု ရှိနေကြသည်။ အခန်းထဲရှိ အခြားအရာအားလုံးမှာ သူတို့နှင့် နှိုင်းယှဉ်လျှင် အရောင်အဆင်း မှေးမှိန်နေပုံရ၏။

ဆိုနင်ပင်း အနည်းငယ် အံ့အားသင့်သွားရသည်။ မင်းသမီး သူမထံ လာရောက်လည်ပတ်လိမ့်မည်ဟု ဘယ်သောအခါကမှ မမျှော်လင့်ထားချေ။ အထူးသဖြင့် ဤမျှ လျှို့ဝှက်သည့် နည်းလမ်းမျိုးဖြင့်ပင်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters