အခန်း ၃၉
Vol. 4 Ch. 39
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
လန်လင်းက ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး။ သောက်ကျိုးနည်း... ကျုပ် ပိုက်ဆံလိုနေတယ်ဆိုပေမဲ့ ခင်ဗျားဆီကဖြစ်ဖြစ် ၊ တခြားသူတွေဆီကဖြစ်ဖြစ် ပိုက်ဆံတောင်းမှာ မဟုတ်ဘူး။ ပန်းချီဆွဲရောင်းပြီး ပိုက်ဆံရှာမလို့။"
ရီမန်မန်က လှောင်ပြုံးပြုံးလိုက်သည်။ "ဟက်... ပန်းချီဆွဲရောင်းပြီး ပိုက်ဆံရှာမယ်။ လူမိုက်လေး... ရှင်က လှပတဲ့ မိန်းမတွေရဲ့ ပုံတူပန်းချီကားတွေကို ဆွဲတဲ့နေရာမှာ တော်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ပန်းချီကားတစ်ချပ်က အများဆုံးမှ ငွေဒင်္ဂါး အနည်းငယ်ပဲ တန်တာလေ။ နန်းတွင်းပန်းချီဆရာတွေတောင် ပုံတူပန်းချီတစ်ချပ်အတွက် ရွှေဒင်္ဂါး တစ်ပြားပဲ ရတာ။ ဒါကိုတောင် ရှင်က ပန်းချီဆွဲရောင်းပြီး ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရချင်နေတာလား။ အိပ်မက်မက်နေတာပဲ။"
ထို့နောက် မျက်ခုံးပင့်လျက် မေးလာ၏။ "ကျွန်မရဲ့ သခင်လေး... ရှင်က ပန်းချီတစ်ချပ်ကို ဘယ်လောက်နဲ့ ရောင်းဖို့ စီစဉ်ထားတာလဲ။"
လန်လင်းက မဲ့ပြုံးပြုံးလိုက်သည်။ "အနည်းဆုံး ရွှေဒင်္ဂါး ဆယ်ပြားကနေ တစ်ရာကြားပေါ့။"
ရီမန်မန်က မျက်လုံးလှန်ပြလိုက်ပြီး သတိလစ်ချင်ယောင် ဆောင်လိုက်၏။ အကောင်းဆုံး ပန်းချီကားဆိုလျှင်ပင် ရွှေဒင်္ဂါး တစ်ပြားထက် ပိုမတန်ချေ။ ရွှေဒင်္ဂါး ဆယ်ပြား သို့မဟုတ် တစ်ရာ လိုချင်ခြင်းမှာ ဖြစ်နိုင်ခြေမရှိသည့် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
ထို့နောက် သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ချိုသာစွာ ပြောလိုက်၏။ "လာပါ အချစ်လေး... ကျွန်မကို ပုံတူဆွဲပေးပါဦး။ ရွှေဒင်္ဂါး ဒါဇင်ချီတန်တဲ့ ပန်းချီကားက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မ ကြည့်ချင်တယ်။"
လန်လင်းက ပန်းချီဆွဲသည့် ဘုတ်ပြားတစ်ခုကို ပြင်ဆင်လိုက်ပြီး စက္ကူဖြူတစ်ရွက်ကို တပ်ဆင်ကာ မီးသွေးခဲတံတစ်ချောင်းကို သွေးလိုက်၏။ သူက ဓာတ်ပုံတစ်ပုံကဲ့သို့ အသက်ဝင်နေမည့် ပုံကြမ်းတစ်ပုံကို ဆွဲချင်နေခြင်း ဖြစ်သည်။
ဤသည်က သူ၏ ကျွမ်းကျင်မှုပင်။ အသက်ခြောက်နှစ်အရွယ်ကတည်းက ပန်းချီဆွဲရန် စတင်သင်ယူခဲ့၏။ နောက်ပိုင်း၌ သူ၏ အစ်မဖြစ်သူကို သဘောကျမိသွားချိန်၌ သူမကို နေ့တိုင်း ဆွဲခဲ့ရာ ပုံတူပန်းချီကား ရာနှင့်ချီ၍ ရှိနေခဲ့သည်။
သူ၏ ပုံကြမ်းဆွဲသည့် စွမ်းရည်များက ကျွမ်းကျင်ပိုင်နိုင်လွန်းလှပြီး သူ၏ ပန်းချီကားများကို အစစ်အမှန် အဖြူအမည်း ဓာတ်ပုံတစ်ပုံနှင့် ကိုးဆယ့်ငါးရာခိုင်နှုန်းခန့် တူညီနေစေ၏။ ရိုးရိုးသားသားဆိုရလျှင် ပန်းချီဆွဲခြင်း၌ အနာဂတ်မရှိဟု သူ မတွေးခဲ့မိပါက ဘယ်သောအခါမှ ဇာတ်ညွှန်းရေးသားခြင်းကို ပြောင်းလဲသင်ယူခဲ့မည် မဟုတ်ချေ။
နေရာ၌ ထိုင်နေသော ရီမန်မန်ကို ကြည့်ကာ ပထမဆုံးအဆင့်ဖြစ်သည့် သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပုံကြမ်းဆွဲခြင်းကို အလျင်အမြန် စတင်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အခြေခံပုံကြမ်းက ပြီးစီးသွား၏။ ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီး ပြင်ဆင်ရန် မလိုအပ်တော့ချေ။
ထို့နောက် သူမ၏ မျက်နှာပုံစံကို ဆွဲလိုက်ပြီး မျက်နှာသွင်ပြင်လက္ခဏာများကို စတင်ထည့်သွင်းလိုက်သည်။ ခန္ဓာကိုယ်အပြည့် ပုံတူဖြစ်သော်ငြား မျက်နှာနှင့် မျက်လုံးတို့က အရေးကြီးဆုံး အစိတ်အပိုင်းများပင်။ ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ထားမှုနှင့်အတူ လန်လင်းက သူမ၏ အကြည့်မှ စိတ်ဝိညာဉ်ကိုပင် စက္ကူပေါ်၌ အလွယ်တကူ ဖမ်းယူနိုင်၏။ နာရီဝက်ပင်မပြည့်မီ၌ လှပကာ အသက်ဝင်နေသည့် မျက်လုံးတစ်စုံ ပေါ်လာသည်။
ပန်းချီကားက သူမ၏ အရိုင်းဆန်ပြီး ပြင်းပြသည့် ဆွဲဆောင်မှုကို ပြီးပြည့်စုံစွာ ဖော်ပြနေ၏။ လန်လင်းကိုယ်တိုင်ပင် ပန်းချီကားထဲရှိ မျက်လုံးများက ရီမန်မန်၏ တကယ့်မျက်လုံးများထက် ပို၍လှပသည်ဟု ထင်မှတ်မိသွားသည်။
ပန်းချီကား၏ အရေးကြီးဆုံး အစိတ်အပိုင်းက ယခု ပြီးစီးသွားလေပြီ။ သူမ၏ စိတ်ဝိညာဉ်ကို ဖမ်းယူနိုင်လိုက်၏။ နောက်ထပ်က နှာခေါင် ၊ ပါးစပ်နှင့် ပါးပြင်များပင်။
လန်လင်းအနေဖြင့် ရီမန်မန်ကို ထပ်ကြည့်နေရန်ပင် မလိုအပ်တော့ချေ။ သူမ၏ မျက်နှာက သူ၏ မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီးဖြစ်သည်။
အချိန်များက ကုန်လွန်သွား၏။ မျက်နှာ ၊ ဆံပင်နှင့် လည်ပင်းတို့ ပြီးစီးသွားသည်။ နောက်ထပ်က ခန္ဓာကိုယ်ပင်။
လက်ရှိအချိန်၌ ရီမန်မန်က ရိုးရှင်းသော ရင်စည်းကို ဝတ်ဆင်ထားပြီး လှပခမ်းနားသည့် ထိုင်ခုံတစ်ခုပေါ်၌ ထိုင်နေ၏။
သို့သော်လည်း ပန်းချီကားထဲ၌မူ သူက သူမကို ကြပ်ထုတ်နေသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ ထက်မြက်သော ဓားတစ်လက်ကို ကိုင်ဆောင်ပြီး သူမ၏ ဓားသိုင်းကို ကျင့်ကြံနေသည့်ပုံစံမျိုး ဆွဲထားသည်။
ပန်းချီကားထဲရှိ ကိုယ်နေဟန်ထားက ထက်မြက်သော်လည်း ကျက်သရေရှိနေပြီး သူမ၏ လက်ရှိ ဆွဲဆောင်မှုအပြည့်ရှိနေသည့် အသွင်အပြင်နှင့် လုံးလုံးလျားလျား ကွဲပြားနေ၏။
အပြင်အစစ်၌ သူမက ဆွဲဆောင်မှုရှိသော အလှရှင်တစ်ဦး ဖြစ်သော်ငြား ပန်းချီကားထဲ၌မူ သူမက ကြမ်းတမ်းပြီး ကျက်သရေရှိသည့် ဓားသမားတစ်ဦး ဖြစ်နေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် လန်လင်းက ပုံကြမ်းဆွဲရန် သုံးနာရီပင် မကြာတတ်ချေ။ သို့သော် ဤပန်းချီကားအတွက် သူအချိန်ငါးနာရီ အပြည့် ယူခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ရီမန်မန်က ထိုအချိန်များတစ်လျှောက်လုံး ထိုနေရာ၌ စိတ်ရှည်လက်ရှည် ထိုင်နေခဲ့ခြင်းပင်။
**--**--**--**--**--**--**--**
"ဟူးးး" လန်လင်းက စိတ်သက်သာရာရသွားသည့် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ ပန်းချီဆွဲပြီးနောက် သူက လုံးဝ အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူ၏ လက်ရာကို အနီးကပ် စတင်ကြည့်ရှုလိုက်၏။ ပုံတူပန်းချီကားက နှစ်ပေကျော် မြင့်မားပြီး တကယ့်လူတစ်ဦး၏ အရပ်အမောင်း ထက်ဝက်ခန့် ရှိကာ အလွန် အထင်ကြီးဖွယ်ကောင်းနေသည်။
အလွန်အမင်း လှပကာ အသက်ဝင်ပြီး လက်တွေ့ကျလွန်းလှ၏။ ဓာတ်ပုံတစ်ပုံနှင့် အပြည့်အဝ မတူညီသော်ငြား အချိုးအစား ၊ လှုပ်ရှားမှုနှင့် အလင်းအမှောင် အထူးပြုလုပ်ချက်များက အကောင်းဆုံး အဆင့်၌ ရှိနေသည်။
တကယ့် အဖြူအမည်း ဓာတ်ပုံတစ်ပုံနှင့် တူညီနေ၏။
ရှောင်မန်မန်က စက္ကူထဲမှ ခုန်ထွက်လာတော့မည့်အလားပင် ထင်မှတ်ရသည်။ သူမ လက်ထဲရှိ ဓားနှင့် ထက်မြက်သော အကြည့်တို့က အဓိက အာရုံစိုက်စရာဖြစ်ပြီး စာမျက်နှာကိုပင် ဖောက်ထွက်သွားနိုင်မည့်အလား ပေါ်လွင်နေ၏။
အာရုံစိုက်မှု အပြည့်ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာတစ်ခုက အမြဲတမ်း အကောင်းဆုံးပင်။ လန်လင်းကိုယ်တိုင် နောက်တစ်ကြိမ် ထပ်ဆွဲရန် ကြိုးစားလျှင်ပင် ဤမျှ ပြီးပြည့်စုံသည့် တစ်ခုကို ဖန်တီးနိုင်ရန် ခက်ခဲပေလိမ့်မည်။
ပုံတူပန်းချီကားထဲ၌ ရီမန်မန်၏ အလှတရား ၊ သူမ၏ မျက်လုံးများနှင့် သူမ၏ ရောင်ဝါတို့က လုံးလုံးလျားလျား စွဲမက်ဖွယ်ကောင်းနေ၏။
ရီမန်မန်က မေးငေါ့ပြလိုက်သည်။ "ကဲ... နောက်ဆုံးတော့ ပြီးပြီလား။ ဒီကို ယူလာပြီး ကျွန်မကို ကြည့်ခွင့်ပေးဦး။ သခင်လေးဆိုလွန်... ရွှေဒင်္ဂါး တစ်ရာတန်တဲ့ ဒီပုံတူပန်းချီကားက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မ ကြည့်ချင်တယ်။"
လန်လင်းက ပန်းချီကားကို ဘုတ်ပြားပေါ်မှ ဖြုတ်ယူကာ သူမဆီသို့ လျှောက်သွား၏။ "စကားမများနဲ့... ခင်ဗျားရဲ့ မျက်လုံးတွေကို အရင်မှိတ်ထား။"
ရီမန်မန်က တခစ်ခစ် ရယ်မောလိုက်သည်။ "ဟိဟိ... အဲဒီလောက် အပိုလုပ်ပြနေစရာ မလိုဘူး။ သခင်လေးဆိုလွန်ရဲ့ ပန်းချီကားတွေကို ကျွန်မ အများကြီး မြင်ဖူးတယ်။ သေချာပေါက် ကောင်းပေမဲ့ ဘာမှ ထူးခြားမနေဘူး။ အခုလို လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတာက ရှင့်ကို ရယ်စရာကောင်းသွားစေလိမ့်မယ်။"
လန်လင်းက သူမ၏ မျက်နှာရှေ့ တစ်ပေအကွာ၌ စက္ကူကို ဖြန့်လိုက်၏။
ခဏအကြာ၌... ရီမန်မန်က အံ့ဩသင့်သွားရသည်။ သူမက ပန်းချီကားထဲရှိ ဓားဖြင့် ကိုယ်ထိလက်ရောက် တွန်းထုတ်ခံလိုက်ရသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိ၏။
ထို့နောက် အမြန် ရှေ့ပြန်တိုးလာသည်။ သူမ၏ လှပသည့် မျက်လုံးများကို ပြူးကျယ်ထားလျက် ပုံတူပန်းချီကားထဲရှိ သူမကိုယ်သူမ စိုက်ကြည့်ကာ အသေးစိတ် အချက်အလက်တိုင်းကို သေချာကြည့်ရှုနေ၏။
တစ်မိနစ် ၊ ငါးမိနစ် ၊ ဆယ်မိနစ် ကုန်လွန်သွား၏...။
ဆယ့်ငါးမိနစ် အပြည့်အထိ ရီမန်မန်က ပန်းချီကားကို မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူမ၏ အမူအရာက ဗလာကျင်းနေရာမှ အံ့ဩမှုသို့ ၊ ထို့နောက် နောက်ဆုံး၌ လုံးဝ မှင်တက်အံ့မခန်းဖြစ်မှုသို့ ပြောင်းလဲသွား၏။
ဤကမ္ဘာ၌ ပုံတူပန်းချီကားများအားလုံးက ရိုးရှင်းသော အခြေခံမျဉ်းများဖြင့်သာ ဆွဲသားလေ့ရှိကြပြီး လူတစ်ဦး၏ တကယ့် အသွင်အပြင်ထက် အထွေထွေ ခံစားချက်ကိုသာ ဖမ်းယူရန် ရည်ရွယ်ကြသည်။
သို့သော် လန်လင်း၏ ပုံကြမ်းက အလင်းအမှောင်များနှင့် သုံးဖက်မြင် အထူးပြုလုပ်ချက်များကို အသုံးပြု၍ အစစ်အမှန် မျက်နှာတစ်ခုကို ပြီးပြည့်စုံစွာ ပြန်လည်ဖန်တီးထား၏။
ဤကမ္ဘာ၌ ဓာတ်ပုံများ မရှိသလို ကြေးမုံမှန်များကပင် ဝါးတားတား ဖြစ်နေကြ၏။ သူမရှေ့ရှိ ပုံတူပန်းချီကားက မှန်ထဲ၌ ကြည့်နေရသည်ထက်ပင် ပိုမို ရှင်းလင်းနေပြီး အလွန်အသက်ဝင်လှသည်။
အမြင်အာရုံအရ တုန်လှုပ်ချောက်ချားမှုက ဖော်ပြရန် မဖြစ်နိုင်ချေ။ ဤသည်က ရှေးခေတ်မှ လူတစ်ယောက် ဓာတ်ပုံတစ်ပုံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသကဲ့သို့ပင်။ သူတို့၏ စိတ်ဝိညာဉ် စက္ကူပေါ်၌ ပိတ်လှောင်ခံလိုက်ရသည်ဟု တွေးမိကာ သတိလစ်သွားနိုင်လောက်အောင် ထိတ်လန့်သွားကြပေလိမ့်မည်။ ထိုသို့မဟုတ်လျှင် မည်သို့လုပ်၍ သူတို့နှင့် တစ်ပုံစံတည်း တူညီနေနိုင်မည်နည်း။
ရီမန်မန်က ဆိုလွန် ပန်းချီဆွဲတော်မှန်း သိထားသော်လည်း ထိုမျှသာ ဖြစ်၏။ သူမ အစောက ပြောခဲ့သလိုပင် သူ၏ ပန်းချီကားများကို အများအပြား မြင်ဖူးပြီး အံ့သြစရာ မရှိဘဲ အားလုံးက သာမန်မျှသာ ဖြစ်ကြသည်။ သူ၏ ပန်းချီဆွဲစွမ်းရည်က ရုတ်တရက် ဤမျှ မှော်ဆန်ကာ အပြစ်အနာအဆာ ကင်းမဲ့နေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မမျှော်လင့်ထားချေ။
ရီမန်မန်က နောက်ဆုံး၌ သက်ပြင်းချလိုက်၏။ "ဟူး... ရှင်... ရှင် တကယ်ကို ကျွန်မကို လန့်သွားစေတာပဲ။ ဒါက မှော်ပညာ တစ်မျိုးမျိုးလား။ ဒါပေမဲ့ ဒါက အံ့သြစရာကောင်းနေရင်တောင် ရွှေဒင်္ဂါး ဒါဇင်ချီနဲ့ ရောင်းလို့ မရနိုင်သေးဘူး။ အများဆုံးမှ ရွှေဒင်္ဂါး နှစ်ပြား သုံးပြားလောက်ပဲ ရမှာ။"
လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ဟက်... သေချာတာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ဒီလို အံ့မခန်း ပန်းချီကားမျိုးတောင် ရွှေဒင်္ဂါး နှစ်ပြားနဲ့ပဲ ရောင်းရမှာ။ အဲဒါကတောင် ဈေးမြင့်နေပြီ။ ဒါပေမဲ့ ကျုပ်ကို ယုံ။ ကျုပ် ဒါကို ရွှေဒင်္ဂါး ဆယ်ဂဏန်းလောက် ဒါမှမဟုတ် ရာဂဏန်းလောက်နဲ့ ရောင်းနိုင်တယ်။"
ရီမန်မန်က သူ့ကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက ကျွန်မ ရှင့်ကို မယုံဘူးဟူ၍ ရှင်းလင်းစွာ ပြောနေ၏။
မည်သို့ပင်ဖြစ်စေ ရွှေဒင်္ဂါး နှစ်ပြားဆိုသည်က မည်သည့် ပန်းချီကားအတွက်မဆို အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေလေပြီ။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team