← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရီမန်မန်က သူ့အား ရုတ်တရက် စိုက်ကြည့်လိုက်သည်။ "ကျွန်မက နာမည်ကြီး အပျော်မယ်တစ်ယောက်လေ။ ဒါပေမဲ့ ရှင်က ကျွန်မကို အမျိုးသမီး သူရဲကောင်းတစ်ယောက်လို ဆွဲထားတယ်။ ဘာဖြစ်လို့လဲ..."

လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ကျွန်တော်က ခင်ဗျားရဲ့ ရင်ထဲမှာရှိနေတဲ့ တကယ့်လူကို ဆွဲပေးထားတာ..."

ရီမန်မန်၏ ရင်ထဲ၌ ဒိတ်ကတည်း တစ်ချက် ခုန်သွား၏။ တစ်ချိန်က သူမသည် အဆင့်မြင့် စစ်သည်တော်တစ်ဦး၏ သမီးဖြစ်ဖူးသည်။ သူမ၌ ရှားပါးသည့် နဂါးသွေးကြော စွမ်းရည်ရှိပြီး အသက်ရှစ်နှစ်အရွယ်၌ သိုင်းပညာကို စတင်လေ့ကျင့်ခဲ့ကာ အသက်ဆယ်နှစ်အရွယ်၌ သူမ၏ ကောင်တီတွင် နာမည်ကြီးခဲ့၏။ အရာအားလုံးသာ အဆင်ပြေချောမွေ့ခဲ့မည်ဆိုလျှင် သူမက မိသားစုအတွက် အမျိုးသမီး နဂါးစစ်သည်တော်တစ်ဦး ဖြစ်လာပေလိမ့်မည်။

သို့သော် အသက်ဆယ်နှစ်အရွယ်၌ ဘုရင်ကျိပိုင်က ထီးနန်းအတွက် သူ့အား ဆန့်ကျင်ခဲ့သူများကို အပြစ်ပေးခဲ့သည်။ ဖခင်၏ သခင်ဖြစ်သူမှာ အသတ်ခံလိုက်ရပြီး သူမ၏ မိသားစုပါ ဤရှုပ်ထွေးမှုထဲသို့ ဆွဲသွင်းခံလိုက်ရ၏။ ဖခင်ဖြစ်သူလည်း ကွပ်မျက်ခံလိုက်ရသည်။

သူမ၌ ပါရမီနှင့် စွမ်းရည်ရှိနေသော်ငြား မည်သူကမျှ မကူညီရဲခဲ့ကြချေ။ အသက်ဆယ်နှစ်အရွယ်လေးမှာပင် ငွေရှာသည့်စက်တစ်ခုအဖြစ် လေ့ကျင့်ပေးခံရရန် ပြည့်တန်ဆာအိမ်သို့ ရောင်းစားခံခဲ့ရ၏။

ဆယ်နှစ်ကျော် အချိန်များ ကုန်လွန်သွားခဲ့သည်။ သူမက မြို့တော်၌ ထိပ်တန်း အပျော်မယ်တစ်ဦး ဖြစ်လာပြီး သိုင်းပညာများကိုလည်း မေ့လျော့သွားခဲ့ပြီ ဖြစ်၏။ သို့သော် ရင်တွင်းနက်ရှိုင်းသော နေရာ၌ နဂါးစစ်သည်တော်တစ်ဦး ဖြစ်လာရန် အိပ်မက်မက်နေဆဲပင်။

ညပေါင်းများစွာ လှပသည့် အိပ်မက်မှ နိုးထလာကာ ခေါင်းအုံးထဲ၌ မျက်နှာအပ်လျက် တရားမျှတမှုမရှိသော ဘဝအတွက် ငိုကြွေးခဲ့ရသည်။

ဤအိပ်မက်ကို သူမ မမေ့ရဲခဲ့ချေ။ ဤအိပ်မက်သာ မရှိလျှင် ပြည့်တန်ဆာအိမ်၌ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့မိသည်။ ခန္ဓာကိုယ်က ပိတ်လှောင်ခံထားရသော်ငြား သူမ၏ စိတ်ဝိညာဉ်ကိုမူ သန့်စင်နေစေချင်ဆဲပင်။

သို့သော် အချိန်အတော်ကြာမြင့်နေပြီဖြစ်သလို မျှော်လင့်ချက်မဲ့လွန်းလှသည်ဟု ခံစားရသောကြောင့် အိပ်မက်ကိုပင် မေ့လုနီးပါး ဖြစ်နေလေပြီ။ ဓားတစ်လက် ကိုင်ဆောင်ထားသည့် သူမကိုယ်သူမပင် မြင်ယောင်၍ မရနိုင်တော့ချေ။

လက်ရှိအချိန်၌ လန်လင်း၏ ပန်းချီကားက အလှပဆုံး အိပ်မက်ကို ပြန်လည် အသက်ဝင်လာစေ၏။ ချက်ချင်းဆိုသလိုပင် သူမဖြစ်ချင်ခဲ့သည့် သူရဲကောင်းပုံစံက ပြန်လည် ရှင်းလင်းလာသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရီမန်မန် မျက်ရည်ဝဲလာသည်။ "ရှင် ကျွန်မ နှလုံးသားရဲ့ အနူးညံ့ဆုံး နေရာကို ထိကိုင်လိုက်တာပဲ..."

ထို့နောက် သူမက မျက်စောင်းထိုးလိုက်သည်။ "ဒီမိန်းမရှုပ်တဲ့ နတ်ဆိုးလေး... ရှင့်ရဲ့ လှည့်ကွက်ထဲ ကျွန်မ ကျသွားပြီ။ ဒီမှာ ရွှေဒင်္ဂါး ငါးရာ... နောက်ထပ် သုံးရာ ထပ်ချေးမယ်။ ကျွန်မကို ပြန်ဆပ်ဖို့ မမေ့နဲ့နော်..."

သူမက ငွေသွားယူရန် ကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်သည်။

သို့သော် လန်လင်းက သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်ရာ အခွင့်အရေးယူကာ သူ၏ ပေါင်ပေါ်သို့ ထိုင်ချခိုင်းလိုက်၏။ လန်လင်း၏ နှလုံးသားက ခပ်မြန်မြန် ခုန်သွားသည်။ သူက လူရှုပ်တစ်ယောက်လို ပုံပေါက်နေသော်ငြား ရင်တွင်းနက်ရှိုင်းသော နေရာ၌ အမှန်တကယ် လူပျိုစစ်စစ်လေး တစ်ဦးသာ ဖြစ်၏။

လန်လင်းက ခေါင်းခါလိုက်သည်။ "ကျွန်တော် ပြောသားပဲ... ခင်ဗျားရဲ့ ပိုက်ဆံကို မလိုချင်ပါဘူးလို့။ ကျွန်တော်က ပန်းချီဆွဲရောင်းပြီး ပိုက်ဆံရှာချင်တာ..."

ရီမန်မန်က သက်ပြင်းချလိုက်သည်။ "ကျေးဇူးပြုပြီး ယူလိုက်ပါ။ ရှင် ကျွန်မနဲ့ အတူအိပ်ခဲ့တဲ့ ညအတွက် အဖိုးအခလို့ပဲ သဘောထားလိုက်ပါ..."

သူမက နှုတ်ခမ်းဆူကာ လန်လင်း၏ နှုတ်ခမ်းတို့ကို နမ်းရှိုက်လိုက်သည်။ ပန်းချီကားတစ်ချပ်က ရွှေဒင်္ဂါး ဒါဇင်ချီ၍ ရောင်းရနိုင်မည်ဟု သူမ လုံးဝ မယုံကြည်ပေ။

လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ "ကျွန်တော့် အစီအစဉ်ကို နားထောင်။ ခင်ဗျားတို့ရဲ့ တောင်ပံမွှေးစံအိမ်မှာ အရမ်းလှပြီး ထူးခြားပေမဲ့ နာမည်မကြီးတဲ့ မိန်းကလေးတွေ ရှိလား..."

ရီမန်မန်က ပခုံးတွန့်လိုက်သည်။ "ရှိတာပေါ့ ၊ အများကြီးပဲ။ ဒီလုပ်ငန်းမှာ နာမည်ကြီးတယ်ဆိုတာက လူချမ်းသာတွေ မြှောက်ပေးတာခံရမှလေ။ ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ရင်တော့ ကျွန်မတို့ဆီမှာ အလှမယ်တွေ အများကြီး ရှိတယ်..."

ဤသည်က ကမ္ဘာမြေပေါ်ရှိ အခြေအနေများနှင့် တစ်ထပ်တည်း တူညီနေ၏။ အင်တာနက်ပေါ်မှ နာမည်ကျော်များက တကယ်ပဲ အလှဆုံး ဖြစ်နေကြသည်လား။ သေးငယ်သည့် လမ်းဘေး ဆံပင်ညှပ်ဆိုင်များ၌ ငွေကြေးအနည်းငယ်ဖြင့် အလုပ်လုပ်နေကြသော လှပသည့် မိန်းကလေးများ အများအပြား ရှိကြပြီး နာမည်ကျော် အပျော်မယ်များကမူ ထောင်သောင်းချီ၍ ရှာဖွေနိုင်ကြသည်။ လျှို့ဝှက်ချက်က လူအများ စိတ်ဝင်စားအောင် လုပ်ခြင်းနှင့် ကျော်ကြားမှုပင်။

လန်လင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ အဲဒီလို မိန်းကလေးတစ်ယောက် ကျွန်တော့်ကို ရှာပေး... လှရမယ် ၊ ထူးခြားရမယ် ၊ ဒါပေမဲ့ နာမည်မကြီးရဘူး..."

ရီမန်မန်က သူ့အား သံသယဖြင့် ကြည့်လိုက်သော်လည်း ခေါင်းညိတ်လိုက်၏။ သူမက အစေခံတစ်ဦးကို အမိန့်ပေးလိုက်သည်။ "ရဲ့ရှောင်ရှန်းကို သွားခေါ်ချေ..."

ခဏအကြာ၌ ရဲ့ရှောင်ရှန်းအမည်ရှိ မိန်းကလေး ဝင်လာ၏။ ပထမဆုံးအဖြစ် ရီမန်မန်ကို လေးစားစွာ နှုတ်ဆက်လိုက်ပြီးနောက် လန်လင်းကို ကိုယ်နေဟန်ထားမျိုးစုံ လုပ်ပြကာ မျက်စိစတင်မှိတ်ပြလိုက်သေးသည်။

သူမက တကယ်ကို လှပကာ ထူးခြားနေကြောင်း လန်လင်း မြင်တွေ့နိုင်၏။ ကမ္ဘာမြေပေါ်ရှိ နာမည်ကျော် မင်းသမီး ချိုးရှူကျန်းကဲ့သို့ ကြောင်မလေးတစ်ကောင်၏ ဆွဲဆောင်မှုမျိုး သူမ၌ ရှိနေသည်။

သို့သော် သူမ၏ ချိုသာလှသည့် အမည်က အရိုင်းဆန်သည့် စရိုက်နှင့် လုံးဝ လိုက်ဖက်မနေချေ။

လန်လင်းက သူမကို လက်ညှိုးထိုးလိုက်သည်။ "မင်း... အခုကစပြီး မင်းက ငါ့ရဲ့ လျှို့ဝှက်အကူပဲ။ မင်းက ငါ့ရဲ့ ပန်းချီကားတစ်ချပ်ကို ရွှေဒင်္ဂါး ငါးဆယ်နဲ့ ဝယ်ချင်ယောင်ဆောင်ရမယ်။ မန်မန်က ပေးချေဖို့ ပိုက်ဆံကို မင်းကို ပေးလိမ့်မယ်..."

ရဲ့ရှောင်ရှန်း လုံးလုံးလျားလျား ရှုပ်ထွေးသွားသော်လည်း ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့ပါ... သခင်လေးဆိုလွန်..."

ထို့နောက် လန်လင်းက ရီမန်မန်ဘက်သို့ လှည့်လိုက်သည်။ "မန်မန်... ကျေးဇူးပြုပြီး အပျော်မယ်တွေ အကုန်လုံးဆီ ဖိတ်စာတွေ ပို့ပေးပါ။ သူတို့ကို တောင်ပံမွှေးစံအိမ်ကို ဖိတ်လိုက်။ နာမည်မကြီးတဲ့ အလှဆုံး မိန်းကလေးတွေကို ဖိတ်ပါ။ နာမည်ကြီးနေတဲ့ ထိပ်တန်းကြယ်ပွင့်တွေကို မဖိတ်နဲ့..."

ရီမန်မန် မျက်လုံးပြူးသွားသည်။ "အဲဒါဆိုရင် အနည်းဆုံး မိန်းကလေး ရာဂဏန်းလောက်တော့ ရှိလိမ့်မယ်..."

မြို့တော်၌ ဤအလုပ်ကို လုပ်ကိုင်နေကြသည့် အမျိုးသမီး သောင်းဂဏန်းချီ၍ ရှိနေပြီး ရာဂဏန်းခန့်သာ ထိပ်တန်းနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။

လန်လင်း၏ ရီမန်မန်က အစီအစဉ်ကို နားမလည်သော်လည်း လုပ်ဆောင်ပေးရန် သဘောတူလိုက်၏။

သန်းခေါင်ယံ အချိန်ကိုပင် ကျော်လွန်နေလေပြီ။ ပုံမှန်အားဖြင့် တောင်ပံမွှေးစံအိမ်က ပိတ်သိမ်းနေလောက်ပြီဖြစ်ကာ ညအိပ်ဧည့်သည်များသာ ကျန်ရှိနေရမည် ဖြစ်သည်။

သို့သော် ယနေ့ည၌မူ မီးရောင်များ တောက်ပစွာ ထွန်းလင်းနေပြီး လူများဖြင့် ပြည့်ကျပ်နေ၏။ လေထုထဲ၌ အမျိုးသမီးများ၏ အသံများဖြင့် ပြည့်နှက်နေသည်။

ရီမန်မန်က လှပသော်လည်း နာမည်မကြီးသည့် မိန်းကလေးများကိုသာ ဖိတ်ကြားရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဤလုပ်ငန်းမှ အမျိုးသမီးများက အလွန် ယှဉ်ပြိုင်လိုစိတ် ပြင်းထန်ကြသည်။ အချို့သော မိန်းကလေးများက အခြားသူများ ဖိတ်ကြားခံရသည်ကို မြင်သောအခါ မနာလိုဖြစ်သွားကြပြီး မည်သို့ပင်ဖြစ်စေ အတင်းလိုက်လာခဲ့ကြသည်။

ဤသည်ကြောင့်ပင် အပျော်မယ် ရာပေါင်းများစွာ ရောက်ရှိလာကြ၏။ မြို့တော်ရှိ လှပသော အမျိုးသမီးလုနီးပါး အားလုံးက ဤနေရာ၌ ရှိနေကြသည်။

အမျိုးသမီး ရာပေါင်းများစွာကို တစ်နေရာတည်း၌ စုထားသည့်အခါ အတင်းအဖျင်းပြောဆိုသံများက နားကွဲလုမတတ်ပင်။ အမျိုးသမီးတစ်ဦး၏ အသံက ဘဲငါးရာ၏ အသံနှင့် ညီမျှသည်ဆိုလျှင် ထိုအခန်းထဲရှိ ဆူညံသံကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

"ဘာလို့ သခင်လေးဆိုလွန်နဲ့ ရီမန်မန်က ငါတို့ကို ဒီကို ခေါ်တာလဲ။ ဘာလို့ သူတို့ ထွက်မလာကြသေးတာလဲ..."

"သခင်လေးဆိုလွန်ကြောင့်သာ မဟုတ်ရင် ငါ လာတောင်လာမှာ မဟုတ်ဘူး..."

"အမှန်ပဲ။ ရီမန်မန်က သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ ငါတို့ အားလုံးက အခု နာမည်ကြီးနေကြပြီလေ ၊ သူလည်း ငါတို့ထက် ပိုသာနေတာမှ မဟုတ်တာ..."

သူတို့ကို အဘယ်ကြောင့် ဖိတ်ကြားရသနည်းဆိုသည်ကို ရီမန်မန် ရှင်းပြထားခြင်း မရှိချေ။ ဖိတ်စာ၏ အဆုံး၌ နာမည်တစ်ခုတည်းကိုသာ ထည့်သွင်းထားခဲ့၏။ ဆိုလွန်ပင်။

ဆိုလွန်၏ အမည်မှာ ပြည့်တန်ဆာလောက၌ စူပါစတားတစ်ဦးကဲ့သို့ပင် ဆွဲဆောင်မှု အဆုံးအစမဲ့လှ၏။ သူ၏ နာမည်ကို မြင်လိုက်ရုံနှင့်ပင် မဖိတ်ကြားထားသူများကပါ ရောက်လာကြသည်။

ရုတ်တရက် လန်လင်းနှင့် ရီမန်မန်တို့က ဒုတိယထပ် လှေကားထိပ်၌ ထွက်ပေါ်လာကြ၏။

ချက်ချင်းပင် လှပသော မျက်လုံးရာပေါင်းများစွာတို့က သူ့အပေါ်သို့ ကျရောက်သွားကြသည်။ မိန်းကလေးများက မြူဆွယ်ကာ လန်လင်းအား လှမ်းခေါ်လိုက်ကြ၏။

"သခင်လေးဆိုလွန်... ကျွန်မ ရှင့်ကို အရမ်း လွမ်းနေတာ..."

"သခင်လေးဆိုလွန်... ရှင်က အရမ်း ရက်စက်တာပဲ။ ရှင် မြို့တော်ကို ပြန်ရောက်နေတာ လပေါင်းများစွာ ကြာနေပြီကို ကျွန်မတို့ဆီ တစ်ခေါက်တောင် လာမလည်ဘူး..."

"အနည်းဆုံးတော့ သူက ဂရုစိုက်လို့ ငါတို့ကို သောက်ဖို့ ဖိတ်သေးတာပဲ..."

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မနက်ဖြန် ညပိုင်း စာစဥ် ၅ ထပ်ရမယ်နော်။ အခမဲ့ပါပဲဗျို့။

All Chapters