အခန်း ၄၁
Vol. 5 Ch. 41
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
တောင်ပံမွှေးစံအိမ်၏ ပင်မခန်းမဆောင်ထဲ၌ မိန်းကလေးရာပေါင်းများစွာဖြင့် ပြည့်ကျပ်နေ၏။ လန်လင်း၏ ဘဝတစ်လျှောက်လုံး၌ ဤမျှများပြားသည့် လှပသော အမျိုးသမီးများကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ လုံးဝအံ့ဩမှင်တက်သွားရသည်။
အခန်းထဲရှိ မိန်းကလေး လေးပုံတစ်ပုံခန့်နှင့် ဆိုလွန်အိပ်ဖူးပြီးဖြစ်ကြောင်း ရီမန်မန်က သူ့အား ပြောပြထား၏။ ထိုအကြောင်းကို တွေးမိကာ လန်လင်းမှာ ကျောချမ်းသွားရသည်။ ထိုလူရှုပ်ဆိုလွန်သာ အသက်ရှင်နေသေးပါက အမျိုးသမီးထောင်ချီနှင့် အလွယ်တကူအိပ်စက်ပြီး ကမ္ဘာမြေပေါ်ရှိ မည်သည့်လူရှုပ်များ၏ စံချိန်ကိုမဆို ကျော်တက်သွားပေလိမ့်မည်။
ရီမန်မန်က လက်ယမ်းပြလိုက်သည်။
"ကဲ... ဘယ်သူ့ကိုမှ စောင့်မနေနဲ့တော့။ တံခါးတွေသာ ပိတ်လိုက်ကြတော့။"
လူအနည်းငယ်က သွားရောက်ကာ တံခါးများကို ပိတ်လိုက်ကြ၏။
ရီမန်မန်က မိန်းကလေးအုပ်စုကို စိုက်ကြည့်လိုက်သည်။
"ဒီနေ့ သခင်လေးဆိုလွန်နဲ့ ကျွန်မ ရှင်တို့ကို ဘာလို့ ဖိတ်လိုက်တာလဲဆိုတာ အားလုံး သိချင်နေကြလောက်ပြီ။"
အမျိုးသမီးများကလည်း တကယ်ကို သိချင်နေကြ၏။ သူတို့ထဲမှ အများစုက ပွဲကြည့်ရန်သာ ရောက်နေကြသော်ငြား မည်သို့ဖြစ်ပျက်နေသည်ကို သိချင်နေကြသည်။
ရီမန်မန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
"ဒီနေ့ ကျွန်မက ရှင်တို့ကို စားဖို့သောက်ဖို့ ဖိတ်တာ မဟုတ်ပါဘူး။ ပန်းချီကားတစ်ချပ် ပြချင်လို့ပါ။"
"ဟင်"
အမျိုးသမီးအများအပြားက စိတ်ပျက်သွားသည့်ပုံ ပေါက်သွားကြ၏။ ပန်းချီကားတစ်ချပ်က ဘာများ ထူးခြားနေလို့နည်း။ သူတို့က ထိုအရာများကို အရင်က အများကြီး မြင်ဖူးပြီးသားပင်။
ရီမန်မန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။
"ဒီပန်းချီကားကို သခင်လေးဆိုလွန် ကိုယ်တိုင် ဆွဲထားတာ။ ဒါက ရိုးရိုးပန်းချီကား မဟုတ်ဘူးနော်။ ရှင်တို့ရဲ့ စိတ်ဝိညာဉ်ကိုပါ ဖမ်းယူထားနိုင်မယ့် ပြိုင်ဘက်ကင်း အနုပညာလက်ရာတစ်ခုပဲ။"
မိန်းကလေးများကမူ သူမကို မယုံကြည်ကြချေ။ သူတို့က ဆိုလွန်ကို ချစ်ခင်ကြသော်ငြား သူ၏ပန်းချီဆွဲစွမ်းရည်များမှာ သာမန်မျှသာဖြစ်ပြီး တကယ်ကြီး အံ့မခန်းဖြစ်မနေကြောင်း သိထားကြသည်။
မိန်းကလေးတစ်ဦးက မျက်မှောင်ကျုံ့လိုက်သည်။
"ရှောင်မန် ၊ ကျွန်မတို့ အားလုံး သခင်လေးဆိုလွန်ကို ချစ်ပေမဲ့ ပုံတူပန်းချီဆွဲတဲ့ နေရာမှာတော့ ဆရာလန်က အကောင်းဆုံးပဲ။ သူက တော်ဝင်မိသားစုကိုတောင် ဆွဲပေးနေတာ။"
ရီမန်မန်က မျက်ခုံးပင့်လိုက်သည်။
"ရှင်တို့ မယုံဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒါကို မြင်ပြီး ရှင်တို့ မအံ့ဩကြဘူးဆိုရင် ကျွန်မ အလုပ်ထွက်ပြီး ထိပ်တန်းအလှမယ်ဂုဏ်ပုဒ်ကိုပါ စွန့်လွှတ်မယ်။ ဒါက ပန်းချီကားသက်သက် မဟုတ်ဘူး။ အနုပညာနယ်ပယ်ရဲ့ တော်လှန်ရေးပဲ။ ဒါနဲ့သာ ယှဉ်လိုက်ရင် တခြားပုံတူပန်းချီကားတွေ အားလုံး အမှိုက်ပုံးထဲ ရောက်သွားလိမ့်မယ်။"
ထိုစကားကြောင့် အမျိုးသမီးများမှာ အလွန်အမင်း သိချင်စိတ် ပြင်းပြသွားကြ၏။
ရီမန်မန်က ပန်းချီလိပ်ကို ကိုင်မြှောက်လိုက်သည်။
"အားလုံး သေချာကြည့်ကြနော်။"
အမျိုးသမီးများအားလုံးက သူမလက်ထဲရှိ ပန်းချီလိပ်ကို စိုက်ကြည့်နေကြ၏။ ဖြည်းဖြည်းချင်း ဖြန့်ချမည့်အစား ရီမန်မန်က ပန်းချီလိပ်တစ်ခုလုံးကို တစ်ချက်တည်း ဖြန့်ချလိုက်သည်။
"ဝေါ..."
နှစ်ပေခန့် ရှည်လျားသည့် ပုံတူပန်းချီကားက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
ချက်ချင်းပင် မိန်းကလေးများ၏ မျက်လုံးတို့မှာ တောက်ပသွားကြ၏။ သူမတို့၏ မေးရိုးများမှာ ပြုတ်ကျမတတ်ဖြစ်သွားကြသည်။
ပုံတူပန်းချီကားက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှ၏။ တကယ့်လူတစ်ယောက်နှင့် တစ်ထပ်တည်း တူညီနေသော်ငြား ပို၍ပင် လှပနေသည်။
ဤသည်က မည်သို့လုပ် ဖြစ်နိုင်မည်နည်း။ မည်သူက ဤမျှ အစစ်အမှန်နှင့် တူညီသည့် ပုံတူတစ်ခုကို ဆွဲနိုင်မည်နည်း။ ဆံပင်တစ်ချောင်းစီ ၊ မျက်လုံးထဲရှိ တောက်ပမှုနှင့် နှုတ်ခမ်းများပေါ်ရှိ အရောင်အဝါတို့က ပြီးပြည့်စုံစွာ အသေးစိတ်ကျလွန်းလှ၏။
ဤသည်မှာ သူမတို့ ယခင်က တစ်ခါမှ မမြင်ဖူးသည့် အရာတစ်ခုပင် ဖြစ်သည်။ တကယ်ကို အံ့မခန်းစွမ်းရည်ဖြစ်ပြီး ပန်းချီနယ်ပယ်၏ တော်လှန်ရေးတစ်ခု ဖြစ်သည်။
မန်မန် ပြောသလိုပင် ဤသို့သော အနုပညာလက်ရာမျိုးနှင့်ဆိုလျှင် အခြားပန်းချီဆရာများအားလုံး အလုပ်ပြုတ်သွားနိုင်ပြီး သူတို့၏ ပုံတူပန်းချီကားများပါ မီးရှို့ခံရနိုင်၏။
အစပိုင်း၌ အခန်းမှာ လုံးဝ တိတ်ဆိတ်နေ၏။ ထို့နောက် အသက်ပြင်းပြင်း ရှူသံများက လေထုထဲ၌ ပြည့်နှက်သွားသည်။ သူတို့က လန်လင်းကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြ၏။
"သခင်လေးဆိုလွန် တကယ်ပဲ ဒါကို ဆွဲတာလား။"
သူတော်မှန်း သိထားကြသော်ငြား ဤမျှအထိ ကျွမ်းကျင်ပိုင်နိုင်လိမ့်မည်ဟု မသိကြချေ။
ရီမန်မန်၏ မျက်လုံးတို့က အရောင်တောက်လာသည်။
"ညီမလေးတို့ ၊ မိန်းမတစ်ယောက် အကြောက်ရဆုံး အရာက ဘာလဲသိလား။"
"နုပျိုမှု ဆုံးရှုံးရတာပေါ့။"
"အိုမင်းလာတာ။"
"အလှတရားတွေ ပျောက်ကွယ်သွားတာ။"
အမျိုးသမီးများက အတူတကွ အော်ဟစ်လိုက်ကြ၏။
သူတို့ မှန်သည်။ သူတို့၏ အလုပ်အကိုင်၌ သူတို့က သေရမည်ကို မကြောက်ကြချေ။ သူတို့၏ ရုပ်ရည်အသွင်အပြင်များ ဆုံးရှုံးသွားပြီး မေ့လျော့ခံလိုက်ရမည်ကိုသာ ကြောက်ရွံ့ကြသည်။
ရီမန်မန်က ခေါင်းညိတ်လိုက်သည်။
"အင်း... အမှန်ပဲ။ အတိုချုပ်ပြောရရင် မလှတော့ရင် သေလိုက်တာမှ ပိုကောင်းမယ်ဆိုတာမျိုးပေါ့။"
မိန်းကလေးများက သူမနှင့် အပြည့်အဝ သဘောတူကြ၏။
ရီမန်မန်က လေးနက်စွာ ပြောသည်။
"ဒါပေမဲ့ ကျွန်မတို့ အားလုံးက တစ်နေ့ကျရင် အိုမင်းပြီး သေကြမှာပဲလေ။ ဒီပန်းချီကားကတော့ ရှင်တို့ရဲ့ အလှတရားကို ထာဝရ တည်တံ့စေနိုင်တယ်။ ရှင်တို့ အိုမင်းသွားတဲ့အခါ ဒါကိုကြည့်ပြီး နုပျိုမှုကို ပြန်အမှတ်ရနိုင်တယ်။ သေဆုံးသွားရင်တောင် ဘယ်လောက်လှခဲ့လဲဆိုတာကို ရှင်တို့ရဲ့ ကလေးတွေက မြင်တွေ့နိုင်ဦးမှာပဲ။"
ထိုစကားများက မိန်းကလေးများ၏ ရင်ကို နက်နက်ရှိုင်းရှိုင်း ထိမိသွားစေ၏။ သူတို့က အသက်ဝင်လွန်းသည့် ကိုယ်ပိုင်ပုံတူပန်းချီကားတစ်ချပ်ကို အလွန်အမင်း လိုချင်သွားကြသည်။
ရီမန်မန်က ပန်းချီကားကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအနုပညာစတိုင်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီ။ အရင်က ဒီလိုမျိုး တစ်ခါမှ မရှိဖူးဘူး။ ဒါကို စိတ်ဝိညာဉ်ရောင်ပြန်လို့ ခေါ်တယ်။"
မိန်းကလေးများက ပြီးပြည့်စုံသည့် အမည်တစ်ခုဟု တွေးလိုက်ကြ၏။ ပန်းချီကားက အလွန်အစစ်အမှန်နှင့် တူညီနေပြီး လူတစ်ဦး၏ စိတ်ဝိညာဉ်ကို တကယ်ဖမ်းယူထားသည့်အလားပင်။
ရီမန်မန်က မေးငေါ့ပြလိုက်သည်။
"ဒီလို ပန်းချီကားမျိုးဆိုရင် ရှင်တို့ ဘယ်လောက် ပေးဝယ်မလဲ။"
"ရွှေဒင်္ဂါး တစ်ပြား။"
"ရွှေဒင်္ဂါး နှစ်ပြား။"
"ရွှေဒင်္ဂါး သုံးပြား။"
မိန်းကလေးများက သူတို့ပေးနိုင်သည့် ဈေးများကို အော်ဟစ်လိုက်ကြ၏။ ရွှေဒင်္ဂါး သုံးပြားက အမြင့်ဆုံး ကမ်းလှမ်းမှုပင်။ လူတိုင်းက တက်ကြွစွာဖြင့် တစ်ချပ်လိုချင်နေကြသော်ငြား အများစုမှာ ရွှေဒင်္ဂါး တစ်ပြား သို့မဟုတ် နှစ်ပြားသာ တတ်နိုင်ကြသည်။ ဤသည်ကအင် အလွန်မြင့်မားသည့် ဈေးနှုန်း ဖြစ်နေလေပြီ။
ရီမန်မန်က လန်လင်းကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက "မြင်လား။ ကျွန်မ ရှင့်ကို ပြောသားပဲ" ဟူ၍ ပြောနေသည့်အလားပင်။
ဤလက်တွေ့ကျသည့် ပုံတူပန်းချီကားများက အံ့မခန်းဖြစ်နေသော်ငြား တစ်ချပ်လျှင် ရွှေဒင်္ဂါး နှစ်ပြားခန့်ဖြင့်သာ ရောင်းချနိုင်မည် ဖြစ်၏။ ထို့ကြောင့်ပင် ပန်းချီဆွဲရောင်းခြင်းဖြင့် နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရရှိရန်ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိချေ။
**--**--**--**--**--**--**--**
လန်လင်းက အသက်ပြင်းပြင်းရှူကာ ရှေ့သို့ လှမ်းထွက်လာသည်။ မျက်လုံးများအားလုံးက သူ့ထံသို့ ရောက်ရှိသွားကြ၏။ ယခုအခါ ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရှာဖွေနိုင်ခြင်းက သူ၏ နောက်ထပ်လှုပ်ရှားမှုအပေါ်၌ လုံးဝ မူတည်နေလေပြီ။
လန်လင်းက ရင်ဘတ်ကော့လိုက်သည်။
"အလှရှင်လေးတို့ ၊ ခင်ဗျားတို့ထဲက တချို့က နာမည်ကြီးပြီး တချို့က နာမည်မကြီးကြဘူး။ နာမည်ကြီးတဲ့ မိန်းကလေးတွေက ဧည့်သည်တစ်ယောက်ကို ရွှေဒင်္ဂါး နှစ်ပြားယူပြီး ယောက်ျားတွေ သူတို့ကို တောင်းဆိုလာအောင် မာနတကြီးနဲ့ စောင့်နေနိုင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကျန်တဲ့သူတွေကရော။ ငွေဒင်္ဂါး အနည်းငယ်လောက်ပဲ ရပြီး ခင်ဗျားတို့ ရွံရှာတဲ့ ယောက်ျားတွေကိုတောင် ကျေနပ်အောင် အသည်းအသန် ကြိုးစားနေရတယ်မလား။"
စိတ်အားထက်သန်နေသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကဲ့သို့ ဟန်ဆောင်ကာ လန်လင်းက လက်သီးဆုပ်လိုက်၏။
"နာမည်မကြီးတဲ့ မိန်းကလေးတွေ အားလုံးကို မေးမယ်။ အဲဒါက ခင်ဗျားတို့ လုံလုံလောက်လောက် မလှလို့လား။"
"မဟုတ်ဘူး။"
လှပသော်လည်း နာမည်မကြီးသည့် မိန်းကလေးအုပ်စုက အော်ဟစ်လိုက်ကြသည်။ ဤအဆင့်မြင့်နေရာ၌ အလုပ်လုပ်နေသူ မည်သူမဆို အလွန်အမင်း လှပနေပြီးသားဖြစ်ကာ တစ်ထောင်၌ တစ်ယောက် ဖြစ်ကြ၏။
လန်လင်းက ကျယ်လောင်စွာ မေးလိုက်သည်။
"ဒါဆို ဘာလို့ ခင်ဗျားတို့ နာမည်မကြီးတာလဲ။"
မိန်းကလေးများက အတူတကွ ဖြေလိုက်ကြ၏။
"ဘယ်သူမှ ကျွန်မတို့ကို မပံ့ပိုးပေးလို့လေ။"
"ဘယ်သူမှ ကျွန်မတို့ကို မမြှောက်စားပေးလို့။"
လန်လင်းက လက်ပိုက်လိုက်သည်။
"အမှန်ပဲ။ ဘယ်သူမှ ခင်ဗျားတို့ကို မမြှောက်စားပေးလို့။ ခင်ဗျားတို့အလုပ်မှာ အရေးအကြီးဆုံးအရာက ဘာလဲ။ ကျော်ကြားမှုပဲ။ ကျော်ကြားမှုက တန်ဖိုးကို ယူဆောင်လာပေးတယ်။ ပြည့်တန်ဆာလောကမှာ လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့က အရာအားလုံးပဲ။"
သူက လူအုပ်ကြီးကို စိုက်ကြည့်လိုက်၏။
"ပြီးတော့ ကျုပ်က ဘယ်သူလဲ။ ဆိုလွန်လေ။ ကျုပ်က အပျော်မယ်အိမ်တွေရဲ့ ဘုရင်ဖြစ်ပြီး ငွေအသုံးအကြမ်းဆုံး လူပဲ။ ယောက်ျားတွေ ဘာလိုချင်လဲဆိုတာ တခြားဘယ်သူထက်မဆို ကျုပ် ပိုနားလည်တယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုနာမည်ကြီးအောင် လုပ်ရမလဲဆိုတာ အတိအကျ သိတယ်။ ကျုပ်က တော်ဝင်မြို့တော်သမိုင်းတစ်လျှောက် အကြီးမားဆုံး အလှမယ်ပြိုင်ပွဲကြီးကို စတင်တော့မယ်။ တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါး ပြိုင်ပွဲကြီးပဲ။"
*တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါး...*
လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။
"ခင်ဗျားတို့ထဲကနေ မိန်းကလေး ဆယ့်ကိုးယောက်ကို ကျုပ် ရွေးမယ်။ ခင်ဗျားတို့ကို ပြင်ဆင်ဖို့နဲ့ မြှောက်စားပေးဖို့ အသစ်စက်စက် နည်းလမ်းတွေကို အသုံးပြုမယ်။ အရင်က ဘယ်သူမှ မမြင်ဖူးသေးတဲ့ စတိုင်တွေ ၊ ဝတ်စုံတွေကို ခင်ဗျားတို့အတွက် ကျုပ် ဖန်တီးပေးမယ်။ တော်ဝင်မြို့တော်က ယောက်ျားတိုင်း အံ့ဩမှင်တက်သွားစေရမယ်လို့ ကတိပေးတယ်။"
သူက ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။
"အခုအချိန်မှာ ခင်ဗျားတို့ရဲ့ တန်ဖိုး ဘယ်လောက်ပဲ နိမ့်ကျနေပါစေ ကျုပ် ဂရုမစိုက်ဘူး။ တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးထဲ ခင်ဗျားတို့ ဝင်လာတာနဲ့ ကျုပ်ရဲ့ မြှောက်စားပေးမှုအောက်မှာ ခင်ဗျားတို့ရဲ့ တန်ဖိုး အနည်းဆုံး ဆယ်ဆလောက် တက်သွားစေရမယ်လို့ အာမခံတယ်။"
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team