အခန်း ၄၅
Vol. 5 Ch. 45
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
တစ်ချိန်တည်းမှာပင် တော်ဝင်မြို့တော်ရှိ အခြားသော ပြည့်တန်ဆာအိမ်များမှ မမကြီးများမှာ အလွန်အမင်း အံ့ဩသင့်နေကြသည်။ ဤည၌ သူမတို့၏ စီးပွားရေးက အဘယ်ကြောင့် ဤမျှလောက် လူပါးနေရသနည်းဟု တွေးတောနေကြ၏။
မြို့တော်၌ လူဦးရေ တစ်သန်းကျော်ရှိပြီး စီးပွားရေးကောင်းမွန်ကာ ညဘက်၌လည်း အလွန်စည်ကားလှသည်။ ပုံမှန်အားဖြင့် ညအမှောင်ကျလာသည်နှင့် နာမည်ကြီး ပြည့်တန်ဆာအိမ်များမှာ လှုပ်ရှားမှုများနှင့် ရွှင်လန်းသည့် အသံများဖြင့် ပြည့်နှက်နေတတ်၏။
စုံစမ်းမေးမြန်းကြည့်ပြီးနောက် သူတို့၏ ဧည့်သည်အများစုမှာ တောင်ပံမွှေးစံအိမ်သို့ သွားရောက်ကြကြောင်း သိလိုက်ရသည်။
ယမန်နေ့က ဆိုလွန်၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မိန်းကလေးများမှာ သူ၏ တော်ဝင်မြို့တော်၏ အလှမယ် ဆယ့်ကိုးပါးအစီအစဉ်၌ ပါဝင်ရန် ငြင်းဆန်ခဲ့ကြသည်။
သူတို့သည် ညနက်ပိုင်း၌ ကိုယ့်ပြည့်တန်ဆာအိမ် အသီးသီးသို့ ပြန်လာကြပြီး တန်းအိပ်လိုက်ကြ၏။ အလှအပကို အလွန်ဂရုစိုက်ကြသောကြောင့် ပုံမှန်အားဖြင့် ရှစ်နာရီ ၊ ကိုးနာရီခန့် အိပ်စက်လေ့ရှိကြသည်။ သူတို့ နိုးလာချိန်၌ နေ့လယ်ပိုင်းပင် ရောက်နေလေပြီ။
ထို့နောက် ရဲ့ရှောင်မို၏ ပိုစတာက မြို့တော်အတွင်း ကြီးမားသည့် တုန်လှုပ်ချောက်ချားမှု ဖြစ်စေကြောင်း ကောလာဟလများကို သူတို့ ကြားလိုက်ရသည်။ သို့သော် ထိုသတင်းကို အလေးအနက် မထားကြချေ။
ရဲ့ရှောင်မို ဆိုသည်မှာ မည်သူနည်း။ သူမက ရဲ့ရှောင်ရှန်း မဟုတ်ပါလော။ သူမသည် ငွေဒင်္ဂါး သုံးပြားသာ တန်သည့် မိန်းကလေးသစ်တစ်ဦးသာ ဖြစ်သည်။ သူတို့ကို မျက်လုံးချင်းဆုံအောင် ကြည့်ရန်ပင် သတ္တိမရှိသူ ဖြစ်၏။ သူတို့နှင့် နှိုင်းယှဉ်လျှင် ထိုမိန်းကလေးမှာ ဘာမှမဟုတ်ချေ။
ထို့ပြင် ရဲ့ရှောင်မိုမှာ လူတွေကို လှည့်စားရန် ဆိုလွန်နှင့် ရီမန်မန်တို့ ငှားရမ်းထားသည့် အတုအယောင် သရုပ်ဆောင်တစ်ဦးသာ ဖြစ်ကြောင်း လွယ်လွယ်ကူကူ သိနိုင်သည်ဟု သူတို့ တွေးထင်ထားကြသည်။
ထို့ကြောင့် ပိုစတာနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေကြခြင်းမှာ ဆိုလွန် ဖန်တီးထားသည့် လှည့်ကွက်တစ်ခုသာ ဖြစ်မည်ဟု သဘာဝကျကျပင် ယုံကြည်ထားကြ၏။
မည်သို့ပင်ဆိုစေ ထိုသူဌေးသား ပလေးဘွိုင်း၌ လှည့်ကွက်များပြားသည့် သူငယ်ချင်းများစွာ ရှိနေသည် မဟုတ်လော။
သို့သော် ယခုည ပြည့်တန်ဆာအိမ်၌ ဧည့်သည် ထက်ဝက်ကျော် လျော့နည်းသွားကြောင်း မိန်းကလေးတိုင်း သတိပြုမိလိုက်ကြသည်။ ထိုယောက်ျားများအားလုံးက တောင်ပံမွှေးစံအိမ်ဆီသို့ သွားကြခြင်း ဖြစ်၏။
စိုးရိမ်ထိတ်လန့်လာသဖြင့် အခြေအနေကို စုံစမ်းရန် သူတို့၏ အစေခံများကို တောင်ပံမွှေးစံအိမ်သို့ အမြန်စေလွှတ်လိုက်ကြသည်။ သေချာပေါက် ဆိုလွန် အောင်မြင်သွားမည်ဟု သူတို့ မယုံကြည်ကြသေးချေ။
ငွေဒင်္ဂါး သုံးပြားသာ တန်သည့် မိန်းကလေးတစ်ဦးကို ရိုးရှင်းသော ပန်းချီကားတစ်ချပ် အသုံးပြုရုံဖြင့် ရွှေဒင်္ဂါးများနှင့် တန်သည့် နာမည်ကြီး ကြယ်ပွင့်တစ်ဦး ဖြစ်လာစေရန် သူ မည်သို့လျှင် စွမ်းဆောင်နိုင်မည်နည်း။
ရွှေဒင်္ဂါး တစ်ပြားတန်ကြေးသို့ ရောက်ရှိရန် ပြည့်တန်ဆာအိမ်တစ်ခုအနေဖြင့် မိန်းကလေးတစ်ဦးကို မြှင့်တင်ပေးရာ၌ အချိန် ၊ ငွေကြေးနှင့် ခွန်အားများစွာကို ရင်းနှီးမြှုပ်နှံရလေ့ရှိသည်။ ဆိုလွန်က ပန်းချီကား တစ်ချပ်တည်းဖြင့် မိန်းကလေးတစ်ဦး၏ တန်ဖိုးကို အဆနှစ်ဆယ် ၊ သုံးဆယ်ခန့်အထိ မြှင့်တင်နိုင်မည်ဟု တကယ်ပင် ထင်မှတ်နေသည်လော။ ထိုသည်က လုံးဝ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်၏။
ဟုန်ထောင်းလေးမှာ ထိုသို့ တွေးထင်ထားသည့် အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်သည်။
သူမသည် ယခင်က အလွန်နာမည်ကြီးဖူးပြီး တန်ကြေးမှာလည်း ရွှေဒင်္ဂါး တစ်ပြားအထိ ရောက်ရှိဖူး၏။ သို့သော် ယခုအခါ၌မူ အသက်အရွယ်ရလာပြီး နာမည်ကျော်ကြားမှုလည်း ကျဆင်းလာသည်။ သူမ၏ ဈေးနှုန်းကို ရွှေဒင်္ဂါး တစ်ပြားဟု ကြေညာထားဆဲ ဖြစ်သော်ငြား တကယ်တမ်း၌ ငွေဒင်္ဂါး ဆယ်ပြားသာ ယူသည်။ ထိုမျှ ဈေးလျှော့ထားသည့်တိုင် သူမ၌ ဧည့်သည် သိပ်မကျန်တော့ချေ။
ထို့ကြောင့် သတင်းရယူရန် သူမ၏ ကိုယ်ပိုင် အစေခံမိန်းကလေးကို တောင်ပံမွှေးစံအိမ်သို့ စောစောစီးစီးကပင် စေလွှတ်ထား၏။
ရဲ့ရှောင်ရှန်း၏ တန်ကြေးက ရွှေဒင်္ဂါး တစ်ပြားအထိ တကယ်ရောက်သွားပါက ဆိုလွန်ဆီ ချက်ချင်းသွား၍ အလှမယ် ဆယ့်ကိုးပါး အစီအစဉ်၌ ပါဝင်ရန် သူမ ဆုံးဖြတ်ထားလိုက်သည်။ အန္တရာယ်ကင်းစေရန် ယခင်က ဆိုလွန် ကမ်းလှမ်းခဲ့သည့် ရွှေဒင်္ဂါး ငါးဆယ်အစား သုံးဆယ်သာ တောင်းဆိုရန် စီစဉ်ထား၏။
ထို့ကြောင့် ဟုန်ထောင်းလေးမှာ သူမ၏ အခန်းထဲ၌ စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်။ ဤည၌ သူမ၌ ဧည့်သည် မရှိချေ။ ပိုမှန်အောင် ပြောရလျှင် ငွေများများ သုံးချင်သည့် ဧည့်သည် မရှိခြင်း ဖြစ်၏။
တစ်နာရီကျော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံး၌ အစေခံမိန်းကလေး ပြန်ရောက်လာလေပြီ။
သူမ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ "ရဲ့ရှောင်မို ဈေးကို ကြေညာပြီးပြီလား။ ရွှေဒင်္ဂါး တစ်ပြားရော ရောက်ရဲ့လား။"
အစေခံမိန်းကလေးမှာ အမောတကော အသက်ရှူနေသည်။ သခင်မဖြစ်သူ၏ မေးခွန်းကို ကြားသည့်အခါ သူမ မျက်လုံးပြူးသွား၏။ "ရွှေဒင်္ဂါး တစ်ပြား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဟုန်ထောင်းလေး လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... ငါသိသားပဲ။ ပန်းချီကား တစ်ချပ်တည်းနဲ့ မိန်းကလေးသစ်တစ်ယောက်ရဲ့ တန်ဖိုးကို ရွှေဒင်္ဂါး တစ်ပြားအထိ မြှင့်မယ်ဆိုတဲ့ ဆိုလွန်ရဲ့ စိတ်ကူးက လုံးဝ ရူးမိုက်လွန်းတယ်။ ဒီက ယောက်ျားတွေက ဉာဏ်ကောင်းကြတယ်။ သူတို့ အလိမ်ခံကြမှာ မဟုတ်ဘူး။ သခင်လေးဆိုလွန်ရဲ့ အစီအစဉ် ကျရှုံးသွားပြီ။"
အစေခံမိန်းကလေးက ခေါင်းခါလျက် ငိုယိုလိုက်သည်။ "ဟင့်အင်း... မဟုတ်ဘူး သခင်မ။ ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်ကြီးများတောင်။ ရဲ့ရှောင်မိုရဲ့ ပထမဆုံးညအတွက် ဈေးက ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်အထိ ရောက်သွားပြီ။"
ထိုစကားများက ဟုန်ထောင်းလေးကို လုံးဝ မှင်တက်သွားစေသည်။ သူမ၏ မျက်လုံးများ နောက်လှန်တက်သွားကာ မေ့လဲတော့မတတ် ဖြစ်သွားရ၏။
ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်... ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်လော။ ရှင်းလင်းအောင် ဆိုရလျှင် ရွှေဒင်္ဂါး တစ်ပြားဆိုသည်မှာ ဧရာမ ငွေကြေးပမာဏတစ်ခု ဖြစ်သည်။ ဤဈေးနှုန်းမှာ ခေတ်သစ်ကမ္ဘာ၌ သန်းနှင့်ချီသည့် တန်ကြေးနှင့် ညီမျှ၏။
သူမ၏ မျက်နှာက ဖြူရော်သွားသည်။ "ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
သူမ လုံးဝ တုန်လှုပ်သွားပြီး အလွန်အမင်း မနာလို ဖြစ်သွားရသည်။ ပြည့်တန်ဆာအိမ်၌ အလုပ်လုပ်လာသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီ ဖြစ်သော်ငြား သူမ၏ တစ်သက်တာ စုဆောင်းငွေမှာ ရွှေဒင်္ဂါး ငါးရာကျော်လေးသာ ရှိသေး၏။ တော်ဝင်မြို့တော်ရှိ ပြည့်တန်ဆာရပ်ကွက် တစ်ခုလုံး၌ မိန်းကလေးတစ်ဦး၏ ပထမဆုံးညအတွက် အမြင့်ဆုံးပေးရဖူးသည့် ဈေးနှုန်းမှာ ရွှေဒင်္ဂါး သုံးဆယ်ထက် တစ်ခါမှ မပိုဖူးချေ။
ဟုန်ထောင်းလေး မျက်စိစုံမှိတ်လိုက်သည်။ "ဒါ သေချာပေါက် လေလံတုပဲ။ ဆိုလွန် ငှားထားတဲ့ လူတွေ ဖြစ်မှာ သေချာတယ်။ ရဲ့ရှောင်ရှန်းက ရွှေစင်အစစ်နဲ့ လုပ်ထားရင်တောင် ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်ထိ ရစရာ အကြောင်းမရှိဘူး။"
အစေခံမိန်းကလေးက လက်ယမ်းပြလိုက်သည်။ "မဟုတ်ဘူး သခင်မ ၊ အစစ်ကြီးပါ။ ရဲ့ရှောင်ရှန်းက လုံးဝ ပြောင်းလဲသွားပြီ။ အခုဆို သူက တခြားကမ္ဘာက နတ်ဘုရားမတစ်ပါးလိုကို ဖြစ်နေတာ။ ယောက်ျားတွေ အကုန်လုံး ရူးသွပ်သွားကြပြီး လူရာချီက အပြိုင်အဆိုင် လေလံဆွဲကြတာ။ နောက်ဆုံး နိုင်သွားတာ မြို့စားကြီးတစ်ယောက်ပဲ။ မြို့စားကြီးကို ဘယ်သူမှ ယှဉ်မဆွဲရဲကြလို့ ၊ မဟုတ်ရင် ဈေးက အဲဒီထက်တောင် ပိုသွားဦးမှာ။"
ဟုန်ထောင်းလေးက ခေါင်းခါလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆိုလွန်က တကယ်ပဲ ကျောက်ခဲကို ရွှေဖြစ်အောင် လုပ်နိုင်တာလား။"
အစပိုင်း၌ သူ၏ ရည်ရွယ်ချက်မှာ ရဲ့ရှောင်မို၏ တန်ဖိုးကို ဆယ်ဆခန့် မြှင့်တင်ရန်နှင့် အလွန်ဆုံး ရွှေဒင်္ဂါး တစ်ပြား ၊ နှစ်ပြားခန့်အထိ ရောက်ရှိရန်သာ ဖြစ်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် ယခုမူ တကယ်ကြီး ရွှေဒင်္ဂါး ရာချီနေသည်တဲ့လော။ မိန်းကလေးတစ်ဦး၏ ပထမဆုံးညမှာ အမြဲတမ်း ဈေးပိုကြီးတတ်သည် ဆိုသော်ငြား ဤဈေးနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်မားလွန်းလှ၏။
ရုတ်တရက် အသိပြန်ဝင်လာကာ သူမ လက်သီးဆုပ်လိုက်သည်။ "မြန်မြန်... မြန်မြန်... ရထားလုံး ပြင်ထား။ ငါ့ပိုက်ဆံတွေ အကုန်ယူခဲ့ ၊ အကုန်လုံးပဲ။ တောင်ပံမွှေးစံအိမ် သွားပြီး သခင်လေးဆိုလွန်နဲ့ တွေ့မယ်။ ငါတို့ နောက်ကျရင် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။"
ငွေသေတ္တာကို ပိုက်ကာ အရူးမတစ်ယောက်လို သူမ၏ ခြံဝင်းထဲမှ ဟုန်ထောင်းလေး ပြေးထွက်သွားချိန်၌ တော်ဝင်မြို့တော်ရှိ အခြားသည့် ထိပ်တန်းမိန်းကလေးများမှာလည်း ထိုနည်းတူပင် ပြုမူနေကြသည်။
တုန်လှုပ်ချောက်ချားမှုမှ အသိပြန်ဝင်လာကြပြီးနောက် သူတို့၏ စုဆောင်းငွေများကို အသီးသီး ယူဆောင်ကာ ဆိုလွန်အား ငွေများပေးအပ်ရန် တောင်ပံမွှေးစံအိမ်သို့ အပြေးအလွှား သွားနေကြလေပြီ။
**--**--**--**--**--**--**--**
ညအတော်နက်မှသာလျှင် တောင်ပံမွှေးစံအိမ်မှာ နောက်ဆုံး၌ တံခါးများ ပိတ်နိုင်ခဲ့၏။
လက်ရှိအချိန်၌ ရဲ့ရှောင်မိုနှင့် အချိန်ဖြုန်းလိုသည့် ယောက်ျားများမှာ ဦးစွာ ကြိုတင်စာရင်းသွင်းရမည်ဖြစ်ပြီး နောက်နေ့၌ မဲနှိုက်ရွေးချယ်မှု၌ ပါဝင်ရမည် ဖြစ်သည်။ သူမက တစ်ရက်လျှင် ဧည့်သည် တစ်ယောက်ကိုသာ လက်ခံမည် ဖြစ်၏။
ဧည့်သည်များမှာ ထိုစည်းမျဉ်းကြောင့် လုံးဝ ရူးသွပ်သွားကြလေပြီ။ ထိုည တစ်ညတည်းမှာပင် ကြိုတင်စာရင်းသွင်းသူ လူသုံးရာကျော် ရှိခဲ့သည်။
သူမ၏ ပုံမှန်ဈေးနှုန်းဖြစ်သော ရွှေဒင်္ဂါး ငါးပြားမှာ ဈေးကြီးသော်လည်း ပထမဆုံးညအတွက် တုန်လှုပ်ဖွယ် ဈေးနှုန်းဖြစ်သည့် ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ်နှင့် နှိုင်းယှဉ်လျှင် ရွှေဒင်္ဂါး ငါးပြားဆိုသည်က အလွန်တန်ကာ သင့်တင့်သည့် ဈေးနှုန်းတစ်ခုလို ခံစားသွားရ၏။
ကြိုတင်စာရင်းသွင်းမှု များပြားလွန်းလှသဖြင့် ရဲ့ရှောင်မို၏ အချိန်ဇယားမှာ အနည်းဆုံး နောက်နှစ်အထိ လုံးဝ ပြည့်ကျပ်သွားသည်။
လက်ရှိအချိန်၌ လန်လင်းမှာ လှပသည့် အမျိုးသမီးများနှင့် ရွှေဒင်္ဂါးပုံကြီးများကြား၌ လုံးဝ ဝန်းရံခံနေရလေပြီ။
မနေ့က သူ၏ တော်ဝင်မြို့တော်၏ အလှမယ် ဆယ့်ကိုးပါးအစီအစဉ်၌ ရွှေဒင်္ဂါး ငါးဆယ်တည်းဖြင့် ပါဝင်ရန် သူတို့ကို တောင်းဆိုခဲ့သော်လည်း မည်သူကမှ လက်ခံလိုခြင်း မရှိခဲ့ချေ။
ယနေ့၌မူ ထိုမိန်းကလေးများကပင် သူ၏ မျက်နှာရှေ့၌ ရွှေဒင်္ဂါးများနှင့် ငွေစက္ကူများကို ရူးသွပ်စွာ ဝှေ့ယမ်းနေကြသည်။ မိန်းကလေးများသာမက သူတို့၏ နောက်ကွယ်မှ ပြည့်တန်ဆာအိမ် မမကြီးများကလည်း ပို၍များပြားသည့် ငွေကြေးများကို ဝှေ့ယမ်းနေကြ၏။
သူတို့အားလုံးမှာ ဆိုလွန်၏ မျက်နှာသာပေးမှုကို တောင်းခံနေကြပြီး သူ၏ မှော်ဆန်သော အထိအတွေ့က သူတို့၏ မိန်းကလေးများကိုလည်း ရွှေအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။
အလှမယ် ဆယ့်ကိုးပါး နေရာ ဆယ့်ကိုးနေရာအနက် နေရာဆယ့်ရှစ်နေရာ ကျန်ရှိနေသေး၏။
သို့သော် ထိုနေရာ ဆယ့်ရှစ်နေရာမှာ ရွှေဒင်္ဂါး ငါးဆယ် တန်ကြေး မဟုတ်တော့ချေ။ ဈေးနှုန်းက ဆယ်ဆ မြင့်တက်သွားပြီး ရွှေဒင်္ဂါး ငါးရာအထိ ရောက်ရှိသွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ထိုငွေများမှာ မိန်းကလေးများထံမှ လာခြင်းမဟုတ်တော့ဘဲ သူတို့ကို ကျောထောက်နောက်ခံပြုပေးနေသည့် ချမ်းသာသော ပြည့်တန်ဆာအိမ်ကြီးများထံမှ လာခြင်းဖြစ်သောကြောင့်ပင်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team