← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အကြွေးရှင်နှစ်ဦးက လန်လင်း၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှုလိုက်ကြ၏။

သေချာပေါက် သူတို့ ဤမျှများပြားသည့် ငွေကြေးများကို မမြင်ဖူးသောကြောင့် မဟုတ်ချေ။ တော်ဝင်မြို့တော်ရှိ အကြီးဆုံး ရွှေဆိုင်ကြီးများထဲမှ တစ်ခု၏ မန်နေဂျာများအနေဖြင့် သူတို့သည် ရွှေဒင်္ဂါး သောင်းချီ ၊ သိန်းချီ၍ပင် မြင်ဖူးကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုရွှေဆိုင်များက တော်ဝင်မိသားစုနှင့် ဆက်နွှယ်မှု ရှိနေသောကြောင့်ပင်။ နှစ်စဉ်နှစ်တိုင်း တော်ဝင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများနှင့် ဘုရင့်နိုင်ငံ၏ အခွန်အခ တစ်စိတ်တစ်ပိုင်းကပင် ထိုနေရာသို့ စီးဝင်နေ၏။ ဝတုတ် ဆိုင်ရှင်မှာ မန်နေဂျာတစ်ဦးသာ ဖြစ်သော်ငြား များပြားလှသည့် စည်းစိမ်ချမ်းသာများကို မြင်တွေ့ရလေ့ရှိ၏။

သို့သော် ဆိုမိသားစုအနေဖြင့် ဤငွေများကို မရနိုင်သင့်ကြောင်း သူတို့ သိထားကြ၏။ မြို့တော်ရှိ မည်သည့် သူဌေးမိသားစုကမှ ဆိုမိသားစုကို ငွေချေးမည် မဟုတ်ချေ။

ထို့အပြင် ထျန်းရွှေမြို့နှင့် လင်ဟိုင်မြို့သို့ သွားသည့် လမ်းများကိုလည်း အပြင်းအထန် စောင့်ကြည့်ခံထားရသည်။ အချိန်မလောက်တော့သဖြင့် ဆိုဟန်ရီ သို့မဟုတ် ကွေ့ရှင်းဖူထံမှ ငွေချေးရန် ဆိုမိသားစုက မည်သူ့ကိုမျှ မစေလွှတ်ချေ။

ယုံကြည်နိုင်စရာ မရှိချေ။ ဆိုလွန်က ဤမျှများပြားသော ငွေကြေးဖြစ်သည့် ရွှေဒင်္ဂါး လေးထောင့်သုံးရာတိတိကို နှစ်ရက်တည်းဖြင့် အမှန်တကယ် ရှာဖွေနိုင်ခဲ့သည်လော။ ဤကမ္ဘာ၌ ရွှေဒင်္ဂါးများမှာ အလွန်တန်ဖိုးကြီးမားပြီး ဤပမာဏမှာ ယွမ် သန်းခုနစ်ဆယ်မှ ရှစ်ဆယ်ခန့်နှင့် ညီမျှ၏။

ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့မှာမူ ပို၍ပင် တုန်လှုပ်နေကြ၏။

လန်လင်း ငွေရှာရန် ပြည့်တန်ဆာအိမ်သို့ သွားကြောင်း သူတို့ သိထားကြ၏။ ပြည့်တန်ဆာအိမ်များ၌ ဆိုလွန်က အလွန်နာမည်ကြီးသောကြောင့် သူ၏ ယခင်ချစ်သူများကို အကူအညီတောင်းရန် လန်လင်း သွားသည်ဟု သူတို့ ယူဆထားကြသည်။

သို့သော် သူတို့ သိပ်မမျှော်လင့်ထားချေ။ ငွေကြေးဆိုသည်မှာ ပြည့်တန်ဆာမိန်းကလေးများ၏ အသက်သွေးကြော ဖြစ်သည့်အတွက် လန်လင်းအနေဖြင့် အများဆုံး ရွှေဒင်္ဂါး တစ်ထောင်ခန့် ချေးနိုင်လျှင်ပင် ကံကောင်းလှပြီဟု သူတို့ တွေးထင်ထားကြ၏။

မမျှော်လင့်ဘဲ သူက ရွှေဒင်္ဂါး လေးထောင့်သုံးရာကိူ ယူဆောင်လာနိုင်သည်။ ရွှေဆိုင်မန်နေဂျာက အမြန်တည်ငြိမ်သွားကာ သူ၏ အတွေ့အကြုံကို ပြသလျက် ပြုံးလိုက်သည်။ "ဒါဆို အကြွေးကျေပြီပေါ့။"

လန်လင်းက ထိုနှစ်ယောက်အား စိုက်ကြည့်လိုက်သည်။ "ကျုပ်ရဲ့ အကြွေးစာချုပ်နဲ့ အာမခံထားတဲ့ အဆောက်အအုံ စာချုပ်တွေ ယူလာလား။"

ဆိုင်ရှင်က စာရွက်စာတမ်းများကို ကမ်းပေးလိုက်၏။ "အားလုံး ဒီမှာပါ။ စစ်ကြည့်လိုက်ပါ။ ကိစ္စပြတ်ပြီဆိုတော့ ကျုပ်တို့ ပြန်တော့မယ်။"

ထိုလူနှစ်ယောက် လှည့်ထွက်သွားသည်ကို ကြည့်ရင်း လန်လင်းက အေးစက်စွာ ပြောလိုက်သည်။ "အိမ်မှာ ကလေးရှိရင် ဝေးဝေးကို ပို့ထားလိုက်။ မဟုတ်ရင် နောက်ကျသွားမယ်။"

ရွှေဆိုင်မန်နေဂျာက အနည်းငယ် တုန်ယင်သွားသော်လည်း အသံထွက်၍ ရယ်မောလိုက်၏။ "ဟားဟား...။"

လန်လင်းဘက်သို့ ပြန်လှည့်လာကာ သူက ခေါင်းမော့လိုက်သည်။ "မြို့စားလေး... ကျုပ်မှာ အထက်တန်းလွှာ ဘွဲ့မရှိပေမဲ့ အိမ်ရှေ့စံမင်းသားအတွက် ဧရာမ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စီမံခန့်ခွဲနေတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တခြားမြို့စားတွေတောင် ကျုပ်ရှေ့ဆို သတိထားပြီး စကားပြောရသလို အထက်လူကြီးတစ်ယောက်လို ဆက်ဆံကြတာ။ ခင်ဗျားရဲ့ ခြိမ်းခြောက်မှုက ရယ်စရာမကောင်းဘူးလား။"

သူ၏ စကားများက အနာဂတ် ထျန်းရွှေမြို့စားဖြစ်သည့် ဆိုလွန်အပေါ် လုံးဝ မလေးစားမှုကို ပြသနေ၏။ မည်သို့ပင်ဆိုစေ ထိုမန်နေဂျာမှာ အနာဂတ်ဘုရင်၏ လူယုံတစ်ဦး ဖြစ်သည်။ သူ၏ လေသံက ယဉ်ကျေးနေပုံပေါက်သော်ငြား သူ၏ လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုကိုကား ဖုံးကွယ်မထားချေ။

ငပိန် လောင်းကစားရုံပိုင်ရှင်က လန်လင်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။ "ကျုပ်က အရေးကြီးတဲ့ လူတွေအတွက် ညစ်ပတ်တဲ့ အလုပ်တွေ လုပ်ပေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ နေ့တိုင်း ကျုပ်တံခါးဝမှာ နဂါးစစ်သည်တော် နှစ်ယောက် အစောင့်ချထားတယ်။ သခင်လေး... လှည့်ကွက်တွေရှိရင် လုပ်ကြည့်လေ။"

လန်လင်းကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောချေ။

တစ်ခါတစ်ရံ၌ လူသားများက တိရစ္ဆာန်များထက် ပို၍ မိုက်မဲတတ်ကြ၏။ ကျား၏ အစွမ်းကို အသုံးပြု၍ အခြားသူများကို ခြောက်လှန့်သည့် မြေခွေးက သူ ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သူ့ကိုယ်သူ သိ၏။

သို့သော် လူတစ်ယောက်က အင်အားကြီးမားသူတစ်ဦး၏ ကျောထောက်နောက်ခံကို အချိန်ကြာမြင့်စွာ အသုံးပြုလာသည့်အခါ သူတို့ကိုယ်သူတို့ အစစ်အမှန် ကျားဖြစ်သည်ဟု စတင်ယုံကြည်လာတတ်ကြသည်။

ဝတုတ်နှင့် ငပိန်တို့ အကြွေးရှင်နှစ်ဦးမှာ နောက်ဆုံး၌ လှည့်ထွက်သွားကြလေပြီ။

ဆိုနင်ပင်းက မျက်လုံးပြူးနေသည်။ "ဒီငွေတွေ အားလုံးကို နှစ်ရက်တည်းနဲ့ ဘယ်လို ရှာလိုက်တာလဲ။"

လန်လင်း​က ပခုံးတွန့်ပြလိုက်သည်။ "ပန်းချီဆွဲရောင်းလိုက်တာ။"

ဆိုနင်ပင်းက မျက်မှောင်ကျုံ့သွားသည်။ "ဘယ်လို ပန်းချီကားက အဲဒီလောက် တန်လို့လဲ။"

လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ကျွန်တော်ကိုယ်တိုင် ဆွဲတာလေ။"

ဆိုနင်ပင်း ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မောင်လေးက ပန်းချီကို ကောင်းကောင်း နားလည်ပေမဲ့... အခုမှ စသင်တာလေ။ ရွှေဒင်္ဂါး ထောင်ချီ ရောင်းရတဲ့အထိ မရောက်သေးပါဘူး။"

လန်လင်း ခေါင်းကုတ်လိုက်သည်။ "တောင်းပန်ပါတယ် အစ်မ။ အစ်မနဲ့ အချိန်ပိုနေချင်လို့ ပန်းချီသင်တုန်းက အခုမှ စသင်တဲ့သူလို ဟန်ဆောင်ထားတာ။"

ထို့နောက် လန်လင်း အတွင်းခန်းထဲသို့ ဝင်သွားပြီး ပန်းချီကားတစ်ချပ် ယူဆောင်လာ၏။

ထိုသည်မှာ လန်ခုံးနှင့်လည်း ဆင်တူသည့် ဆိုနီယာကေ၏ ပုံတူပန်းချီကားတစ်ချပ် ဖြစ်သည်။ ပန်းချီကားထဲ၌ သူမက ပြတင်းပေါက်ဘေး၌ ထိုင်ကာ အပြင်ဘက်ရှိ ရှုခင်းများကို ငေးမောကြည့်နေ၏။

သူ ဤပန်းချီကားကို ရေးဆွဲပြီးစီးသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း ယခုမှသာ သူမကို ပြသခြင်း ဖြစ်သည်။

ဆိုနင်ပင်းတစ်ယောက် ပန်းချီကားကို မြင်လိုက်ရချိန်၌ လုံးဝ မှင်တက်သွား၏။ အလွန်အမင်း လက်တွေ့ဆန်လွန်းလှပြီး... မှန်ထဲမှ ရောင်ပြန်ဟပ်မှုတစ်ခုနှင့်ပင် တူနေသည်။ အစစ်အမှန် လူတစ်ယောက်နှင့် ကွက်တိပင် တူနေ၏။

ဤသည်က ပန်းချီလောက၌ ကြီးမားသည့် တော်လှန်ရေးတစ်ရပ် ဖြစ်သည်။ ဤကဲ့သို့သော ပန်းချီကားမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးသလို နောင်လည်း မြင်တွေ့ရမည် မဟုတ်ချေ။

လန်လင်းကို ကြည့်နေသည့် သူမ၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "မောင်လေးရဲ့ အရည်အချင်းက တကယ် မှော်ဆန်လွန်းတယ်။ အစ်မတောင် တဖြုတ်ဖြုတ် ကြွေရတယ်။ ဒီပန်းချီကားက တန်ဖိုးဖြတ်လို့ မရဘူး။"

ဤစကားတစ်ခွန်းက သူမ၏ ဖြူစင်မှုနှင့် အနုပညာဆန်သည့် သဘာဝကို ပြသနေ၏။ သို့သော် လက်တွေ့၌မူ ပန်းချီကားတစ်ချပ်က မည်မျှပင် ကောင်းမွန်နေစေကာမူ ထိုအရာတစ်ခုတည်းနှင့် ရွှေဒင်္ဂါး ထောင်ချီ၍ မရှာဖွေနိုင်ချေ။

--------------

တစ်ချိန်တည်းမှာပင် ရွှေဆိုင်မန်နေဂျာထံမှ အစီရင်ခံစာကို လက်ခံရရှိချိန်၌ မင်းသမီး ကျိနင် အလွန်အမင်း အံ့ဩသွားရသည်။

ဆိုလွန် ငွေများကို မည်သို့ရှာဖွေကြောင်း စုံစမ်းရန် သူမ၏ လူများကို ချက်ချင်း စေလွှတ်လိုက်၏။

နောက်ဆုံး၌ သူမ ယုံကြည်နိုင်စရာ မရှိသည့် အဖြေတစ်ခုကို ရရှိလိုက်သည်။

ဆိုလွန် ပန်းချီကားများ ရောင်းကာ ရွှေဒင်္ဂါး လေးထောင်ကျော် အမှန်တကယ် ရရှိသည်လော။ သေချာပေါက် အမှန်တရားမှာ သူက ပန်းချီကားများကို ရောင်းချနေရုံမျှ မဟုတ်ချေ။

သူသည် ပြည့်တန်ဆာအိမ်မှ နာမည်ကြီး မိန်းကလေးများကို အဆင့်မြှင့်တင်ကာ ကြော်ငြာပေးနေခြင်း ဖြစ်သည်။ သူ၏ အထူးအစီအစဉ် ဖြစ်သည့် တော်ဝင်မြို့တော်၏ အလှမယ် ဆယ့်ကိုးပါးကသာ ထိုရွှေဒင်္ဂါး ထောင်ချီကို အမှန်တကယ် ရှာဖွေပေးခြင်း ဖြစ်၏။

သို့သော် သူမ၏ သူလျှိုများက သတင်းအချက်အလက်များကို အလျင်စလို စုဆောင်းကြသောကြောင့် သူက ပန်းချီကားများ ရောင်းချ၍ ငွေရှာသည်ဆိုသည့် ရိုးရှင်းသော ကောက်ချက်ဖြင့်သာ ပြန်လာကြ၏။

မင်းသမီး ကျိနင် လုံးဝ မှင်တက်သွား၏။ နန်းတော်ရှိ အကောင်းဆုံး ပန်းချီဆရာများပင်လျှင် ပန်းချီတစ်ချပ်အတွက် ရွှေဒင်္ဂါး တစ်ပြားထက် ပို၍ မရရှိကြချေ။ ဆိုလွန်က ပြည့်တန်ဆာမိန်းကလေးများကို ပန်းချီဆွဲပေးရုံဖြင့် ရွှေဒင်္ဂါး ထောင်ချီကို အမှန်တကယ် ရှာဖွေနိုင်သည်လော။

ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters