အခန်း ၄၈
Vol. 5 Ch. 48
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မင်းသမီး ကျိနင်သည် ယခင်က ဆိုလွန်၏ ပန်းချီကားများကို မြင်ဖူး၏။ အတိတ်က သူမအတွက် ပန်းချီကား အနည်းဆုံး ဆယ်ချပ်ခန့် သူ ရေးဆွဲပေးဖူးသည်။ ကြည့်ကောင်းသော်ငြား ထူးထူးခြားခြားတော့ မဟုတ်ပေ။
ကျိနင် မျက်ခုံးပင့်ကာ သူမ၏ အစေခံအား ကြည့်လိုက်၏။ “ဆိုလွန်ရဲ့ ပန်းချီကားအသစ်ကို မင်း မြင်ပြီးပြီလား။”
အစေခံက ရိုသေစွာ မျက်လွှာချလိုက်သည်။ “ဟုတ်ကဲ့... မြင်ပြီးပါပြီ မင်းသမီး။”
ကျိနင် စိုက်ကြည့်လိုက်၏။ “ဘယ်လိုနေလဲ။”
အစေခံ၏ မျက်လုံးတို့က အရောင်တောက်လာသည်။ “တကယ်ကို လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်ပါ။ နတ်ဘုရားတစ်ပါး ဖန်ဆင်းထားသလိုပဲ... လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ထင်ဟပ်နေသလိုပါပဲ။”
ကျိနင် နှာခေါင်းရှုံ့လိုက်၏။ “ဟန့်... ငါတော့ မယုံဘူး။ နတ်ဘုရားတစ်ပါး ဆွဲတဲ့ ပန်းချီကားဆိုရင်တောင် ရွှေဒင်္ဂါး ဆယ်ပြားလောက် မတန်ပါဘူး။ ရထားလုံး ပြင်ထားစမ်း။ ငါကိုယ်တိုင် သွားကြည့်မယ်။”
နာရီဝက်ကြာပြီးနောက် သူမ၏ ရထားလုံးသည် ယွီဟွာစံအိမ် အပြင်ဘက်သို့ ရောက်ရှိလာသည်။ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ တောက်ပစွာ မီးလင်းနေသည့် အမျိုးသမီးတစ်ဦး၏ ဧရာမ ပိုစတာကြီးတစ်ခု ဖြစ်၏။
သူမ လုံးဝ မှင်တက်သွားရသည်။
ပန်းချီကားထဲမှ အမျိုးသမီးသည် သူမအတွက် အနည်းငယ် ရိုင်းစိုင်းသည့်ပုံပေါက်နေသော်ငြား ပန်းချီကားကိုယ်တိုင်ကတော့ ငြင်းဆိုဖွယ်ရာမရှိသော လက်ရာမြောက်တစ်ခု ဖြစ်၏။
တကယ်ကို အသက်ဝင်နေသယောင်ပင်။ ထိုကဲ့သို့သောအရာမျိုးကို သူမ ယခင်က တစ်ခါမှ မမြင်ဖူးသလို မကြားဖူးချေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ ပုံတူထဲမှ အမျိုးသမီး ဝတ်ဆင်ထားသည့် အနက်ရောင်ခြေအိတ်ရှည်နှင့် ထိပ်ချွန်ဒေါက်မြင့်ဖိနပ်များက သူမကိုပင် လျှို့ဝှက်စွာ ဝတ်ဆင်ချင်စိတ် ပေါ်လာစေခြင်း ဖြစ်၏။
ကျိနင်သည် ဂီတ ၊ စစ်တုရင် ၊ စာလုံးလှနှင့် ပန်းချီ အပါအဝင် အနုပညာရပ်အားလုံး၌ အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သို့သော် သူမ၏ ကိုယ်ပိုင် ပန်းချီစွမ်းရည်မှာမူ ဤပန်းချီကားနှင့် နှိုင်းယှဉ်လျှင် လုံးဝ ပြတ်ကျန်နေခဲ့၏။
ဤသည်မှာ ပန်းချီလောက၌ ကြီးမားသည့် တော်လှန်ရေးတစ်ရပ် ဖြစ်သည်။ အသုံးမကျသည့် အလေအလွင့် သခင်လေးတစ်ပါးဖြစ်သော ဆိုလွန်ထံ၌ ဤမျှ အံ့မခန်းစွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ချေ။
ကောင်းကင်မိစ္ဆာ တောင်တန်းမှ သူ ပြန်ရောက်လာပြီးနောက် သူတို့ နှစ်ကြိမ် ထိပ်တိုက်တွေ့ကြပြီး နှစ်ကြိမ်လုံး၌ သူမ ရှုံးနိမ့်ခဲ့၏။
ကျိနင် မျက်မှောင်ကျုံ့လိုက်သည်။ “ဟိုအသုံးမကျတဲ့ ဆိုလွန်က တကယ်ပဲ ငါ့ကို နှစ်ကြိမ်တောင် နိုင်သွားတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အသုံးမကျတဲ့ သခင်လေးတစ်ယောက် မဟုတ်ဘူးလား။ ငါပဲ သူ့ကို အထင်လွဲနေခဲ့တာလား။”
ထို့နောက် သူမ အံကြိတ်လိုက်၏။ “စုံစမ်းပြီးပြီလား။ ဆိုလွန်ကို ကူညီပေးနေတာ အဲဒီ ဈေးပေါတဲ့ မိန်းမ ရီမန်မန်လား။”
သူမဘေးရှိ မိန်းမစိုးက ခေါင်းငုံ့လိုက်သည်။ “ဟုတ်ပါတယ် မင်းသမီး။”
ကျိနင်က မဲ့ပြုံး ပြုံးကာ အေးစက်စွာ ပြောလိုက်၏။ “မနက်ဖြန် ငါတို့ စလုပ်မယ်။ အဲဒီမိန်းမကို သူတောင်းစားရပ်ကွက်ဆီ ပို့လိုက်။ မှတ်ထား ၊ သူ့ကို မသေစေနဲ့။ ကိုယ်ဝန်ရအောင်လုပ်ပြီး သူတောင်းစားလေးတွေ မွေးလာအောင် လုပ်ပစ်လိုက်။”
မိန်းမစိုးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ မင်းသမီး။ အမိန့်တိုင်းပါပဲ။”
ကျိနင်၏ မျက်လုံးများက ရက်စက်စွာ အရောင်တောက်သွား၏။ “ပြီးတော့ အဲဒီ မျက်စိနောက်စရာကောင်းတဲ့ ကျစ်တူး အနုပညာကော်မတီနဲ့ တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါး... အကုန်လုံးကို ရှင်းပစ်လိုက်။ ရဲ့ရှောင်မိုဆိုတဲ့ မိန်းမကိုတော့ ကျိဝေဆီ လက်ဆောင်အဖြစ် ပို့လိုက်။ ဒီတစ်ခါတော့ သူနဲ့ အချိန်နည်းနည်း ပိုကြာကြာ ကစားနိုင်ပြီး နှစ်ရက်တောင် မပြည့်ခင် သတ်မပစ်လောက်ဘူးလို့ မျှော်လင့်ရတာပဲ။”
**--**--**--**--**--**--**--**
ထိုညနှောင်းပိုင်း၌ လန်လင်း အိပ်ပျော်သွားသည်မှာ တစ်နာရီခန့်သာ ရှိသေးချိန် ရဲ့ကျင်းယွီက သူ့ကို လာနှိုးသည်။
သူ ဧည့်ခန်းထဲသို့ ဝင်သွားချိန်၌ မိန်းမစိုးတစ်ဦး ထိုနေရာ၌ ထိုင်နေပြီး ဆိုနင်ပင်းကလည်း အနီးနား၌ ထိုင်နေ၏။
မိန်းမစိုးက မတ်တပ်ရပ်လိုက်သည်။ “မြို့စားကြီး ကျိထင်က ခေါ်ခိုင်းလိုက်ပါတယ်။”
လန်လင်း ရောက်လာသည်ကို မြင်သည့်အခါ မိန်းမစိုးက သူ၏ သနားကြင်နာနေသော အကြည့်ကို ဖယ်ခွာလျက် ဆိုနင်ပင်းထံမှ အကြည့်ကို ချက်ချင်း လွှဲဖယ်လိုက်၏။
လက်ရှိအချိန်၌ ကျိထင်သည် လန်လင်းတို့ ဆိုမိသားစု၏ အကြီးမားဆုံးနှင့် အင်အားအကောင်းဆုံး ကျောထောက်နောက်ခံ ဖြစ်သည်။ လန်လင်းသည် ဤကဲ့သို့သော ခေါ်ယူမှုကို အချိန်အတန်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
**--**--**--**--**--**--**--**
မကြာမီ ခမ်းနားထည်ဝါသည့် အိမ်တော်၌ ဝတုတ်နေသော ကျိထင်နှင့် လန်လင်း တွေ့ဆုံသည်။
ကျိထင်က မျက်ခုံးပင့်လိုက်၏။ “မင်း ပန်းချီကားတွေ ရောင်းတာနဲ့တင် ရွှေဒင်္ဂါး လေးထောင်ကျော် ရတယ်လို့ ငါ ကြားတယ်။”
လန်လင်း အံ့ဩသွားသော်လည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ် မြို့စားကြီး။”
ကျိထင်က မျက်မှောင်ကျုံ့ကာ အကဲခတ်လိုက်၏။ “ဒါကို မင်း ဘယ်လို လုပ်လိုက်တာလဲ။ ပြည့်တန်ဆာအိမ်က ပိုင်ရှင်တွေက မအဘူးလေ။ ကောင်းကင်ဘုံက ပန်းချီကားဆိုရင်တောင် သာမန်အားဖြင့် ရွှေဒင်္ဂါး နှစ်ပြားထက် ပိုမရောင်းရဘူး။”
လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “မြို့စားကြီးက အရမ်း ထက်မြက်တာပဲ။ ပန်းချီကားက ကိရိယာတစ်ခုသက်သက်ပါ။ အဓိက လှည့်ကွက်ကတော့ မိန်းကလေးတွေအတွက် လုံးဝ အသစ်ဖြစ်နေမယ့် ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။ သူတို့ကို ကြော်ငြာပေးလိုက်လို့ ချက်ချင်း နာမည်ကြီးသွားတာလေ။ ဒါက သူတို့ရဲ့ တန်ဖိုးကို အဆပေါင်းများစွာ ဒါမှမဟုတ် ရာနဲ့ချီ မြင့်တက်သွားစေတာပါ။”
ထို့နောက် သူက တော်ဝင်မြို့တော်၏ အလှမယ် ဆယ့်ကိုးပါးအတွက် သူ၏ စီးပွားရေးအစီအစဉ်တစ်ခုလုံးကို ဂရုတစိုက် ရှင်းပြလိုက်၏။
လန်လင်း ရှင်းသည်ကို ကြားပြီးနောက် ကျိထင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ “ဟားဟား... မင်းက တကယ်ကို ပျော်ပွဲစားအိမ်တွေရဲ့ ဆရာတစ်ဆူပဲ။ ဒီလိုလုပ်... မနက်ဖြန် ရဲ့ရှောင်မိုကို ငါ့အိမ်တော်ဆီ ခေါ်လာခဲ့။ မင်းပြောသလောက် သူက တကယ်ပဲ လှပြီး ဆွဲဆောင်မှုရှိလားဆိုတာ ငါ ကြည့်ချင်တယ်။”
လန်လင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့ပါ မြို့စားကြီး။”
ထို့နောက် ကျိထင်က မေးငေါ့ပြလိုက်သည်။ “မင်းအိမ်ကို သွားတဲ့ အကြွေးရှင်နှစ်ယောက်ကိစ္စကိုရော ဖြေရှင်းပြီးပြီလား။”
လန်လင်းက ခေါင်းငုံ့လိုက်၏။ “ဖြေရှင်းပြီးပါပြီ။ တောင်းပန်ပါတယ်။ မြို့စားကြီးကို အရှက်ခွဲမိမလို ဖြစ်သွားတယ်။”
ထို့နောက် သူက နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ “မြို့စားကြီးဆီက အကူအညီတစ်ခုလောက် တောင်းဆိုချင်ပါတယ်။”
ကျိထင် မကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
လန်လင်းက လေးနက်စွာ ပြောလိုက်သည်။ “ကျစ်တူး အနုပညာကော်မတီနဲ့ မကြာခင် ပေါ်ထွက်လာမယ့် တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးကို မြို့စားကြီးက ကာကွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုချိန်ကစပြီး အနုပညာကော်မတီက မြို့စားကြီးအပိုင် လုံးဝ ဖြစ်သွားပါပြီ။”
ထိုသည်ကို ကြားလိုက်ရသဖြင့် ကျိထင် မျက်လုံးပြူးသွား၏။
အနုပညာကော်မတီနှင့် အလှမယ် ဆယ့်ကိုးပါးတို့သည် လာမည့်နှစ်အနည်းငယ်အတွင်း ကြီးမားသည့် အကျိုးအမြတ်များ ယူဆောင်လာပေးမည့် ငွေပင်ပေါက်ကြီးများကဲ့သို့ ဖြစ်လာမည်ကို သူ အသေအချာ သိထားသည်။ လန်လင်းက တကယ်ပဲ ဤအတိုင်း သူ့ကို ပေးအပ်လိုက်ခြင်းလော။
သူက မယုံနိုင်စွာ ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး... ဘာလို့လဲ။ မင်းရဲ့ ဆိုမိသားစုက မင်းရဲ့ မြို့စားရာထူးကို ထိန်းသိမ်းနိုင်ဖို့ ငါ့ကို အများကြီး ပေးထားပြီးသားပဲ။ မင်း ငါ့ကို လာဘ်ထပ်ထိုးဖို့ မလိုတော့ပါဘူး။”
လန်လင်း သက်ပြင်းချလိုက်သည်။ “ဒီတစ်ကြိမ် ယွီဟွာစံအိမ်က ရီမန်မန်က ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ အဲဒါကြောင့် ကျိနင်ရဲ့ အစီအစဉ်တွေ ပျက်စီးသွားတာ။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စရိုက်ကို သိထားတော့ သူက ရီမန်မန်ကို သေချာပေါက် ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်။ အဲဒါကြောင့် အနုပညာကော်မတီကို ကာကွယ်ပေးဖို့ တောင်းဆိုသလို ရဲ့ရှောင်မိုကိုလည်း ဘေးကင်းအောင် စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
ကျိထင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူ၏ ထူထဲသည့် လက်ကြီးကို ဆန့်ထုတ်ကာ လန်လင်း၏ ပခုံးကို ပုတ်လိုက်သည်။ “ဆိုလွန်... မင်းမှာ အရမ်းဆိုးရွားတဲ့ ဂုဏ်သတင်းတစ်ခု ရှိတယ်။ ဒါပေမဲ့ ဒီနေ့ မင်းနဲ့ စကားပြောပြီးနောက် မင်းက လူကောင်းတစ်ယောက်လို့ ငါ ထင်တယ်။”
ထို့နောက် သူက အနီးရှိ အစေခံအား ခပ်တည်တည် မေးငေါ့ပြလိုက်၏။ “အခုချက်ချင်း ယွီဟွာစံအိမ်ဆီ သွားလိုက်။ ရီမန်မန်နဲ့ ရဲ့ရှောင်မိုကို ဒီကို ခေါ်ခဲ့။ မနက်ဖြန် ငါ ပါတီပွဲတစ်ခု လုပ်စရာရှိလို့ သူတို့ရဲ့ အကူအညီ လိုအပ်တယ်လို့ ပြောလိုက်။”
“ဟုတ်ကဲ့ပါ သခင်ကြီး။” အမိန့်ကို အကောင်အထည်ဖော်ရန် မိန်းမစိုး ချက်ချင်း ထွက်ခွာသွားသည်။
လန်လင်းက ထပ်မံ၍ နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။ “သူတို့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားကြီး။”
ကျိထင်က သက်ပြင်းချလိုက်သည်။ “မင်းက လူငယ်ပျော်ပါးသူတစ်ယောက် ၊ ငါက အသက်ကြီးတဲ့ ပျော်ပါးသူတစ်ယောက်။ အမျိုးသမီးတွေကို ကာကွယ်ပေးတာက ငါတို့ လက်တွေ့လုပ်နိုင်တဲ့ တစ်ခုတည်းသော သူရဲကောင်းဆန်တဲ့ အလုပ်ပါပဲ။”
သူ၏ စကားများက အနည်းငယ် ဝမ်းနည်းပြီး အထီးကျန်ဆန်နေပုံပေါ်၏။ ထို့နောက် သူ မျက်ခုံးပင့်လိုက်သည်။ “စကားမစပ် မင်းအတွက် လက်စားချေပေးတဲ့အနေနဲ့ အဲဒီ အကြွေးရှင်နှစ်ယောက်ကို ငါ သတ်ပေးရမလား။”
လန်လင်းက အပြုံးဖြင့် ခေါင်းရမ်းလိုက်၏။ “မလိုပါဘူး။ ဒီည သူတို့ရဲ့ သခင်ကိုယ်တိုင် သူတို့ကို သတ်ပစ်အောင် ကျွန်တော် လုပ်ပြမယ်။”
ကျိထင် လုံးဝ မှင်တက်သွားရသည်။ လန်လင်းက ကျိနင်ကို သူမ၏ လူများအား ကိုယ်တိုင်သတ်စေချင်သည်လော။ သူက ထိုအရာကို မည်သို့ ဖြစ်လာအောင် လုပ်နိုင်မည်နည်း။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team