← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့သည် မင်းသမီးကျိနင်နှင့် မင်းသားကျိလီတို့၏ သစ္စာရှိခွေးများကဲ့သို့ပင် ဖြစ်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ကြပြီးဖြစ်၏။

ဝတုတ်ရွှေဆိုင်မန်နေဂျာက လိမ်ညာနေခြင်း မဟုတ်ချေ။ သူ့၌ အထက်တန်းလွှာဘွဲ့မရှိသော်ငြား မြို့စားအားလုံးက သူ့ကို အလွန်လေးစားကြပြီး မျက်နှာချိုသွေးကြ၏။ အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ သူက မင်းသားကျိလီ၏ လူယုံတစ်ဦး ဖြစ်နေသောကြောင့်ပင်။

ဆိုလွန်မှာ မြို့စားတစ်ဦး၏ အရိုက်အရာဆက်ခံသူသာဖြစ်ပြီး သူ၏မိသားစုမှာလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်၏။ မင်းသားကျိလီ၏ လူနှစ်ယောက်ကို သူသတ်နိုင်မည်ဟု တွေးထင်ထားခြင်းက တကယ်ကို ရဲတင်းလွန်းလှ၏။

သို့သော် ဆိုလွန်က ခြိမ်းခြောက်ပြီးဖြစ်ရာ မြို့စားကြီးကျိထင်အနေဖြင့် ထိုကိစ္စကို ဆက်မငြင်းခုံလိုတော့ချေ။ သူက အပြုံးကို ရပ်တန့်ကာ လေးနက်စွာ ပြောလိုက်သည်။ "တော်ဝင်အကယ်ဒမီမှာတုန်းက မင်းက ငါတို့နိုင်ငံရဲ့ နယ်မြေချဲ့ထွင်ရေးအစီအစဉ်အတွက် ရေတပ်တစ်ခုတည်ဆောက်ပြီး တောင်ဘက်က လူရိုင်းလွင်ပြင်ဗဟိုချက်ကို တိုက်ခိုက်ဖို့ အကြံပြုခဲ့တယ်။ ဟုတ်လား။"

လန်လင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ် ၊ အရှင်မြို့စား။"

ကျိထင်က သက်ပြင်းချလိုက်သည်။ "ရှို့ယန်က မင်းရဲ့အစီအစဉ်ကို တင်ပြခဲ့တယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အဲဒါက တော်ဝင်မိသားစုနဲ့ ဝန်ကြီးတွေကြားမှာ ကြီးမားတဲ့ငြင်းခုံမှုတွေ ဖြစ်စေခဲ့တယ်။ မင်းသားကျိလီက လူရိုင်းချောက်ကမ်းပါးကိုဖြတ်ပြီး ချီတက်ပြီး နယ်မြေချဲ့ထွင်ချင်တယ်။"

"ငါက ရေတပ်တည်ဆောက်ပြီး လူရိုင်းလွင်ပြင်ကို ပင်လယ်ကနေ တိုက်ခိုက်ချင်တယ်။ ဒီနှစ်ဖက်က အပြင်းအထန် တိုက်ခိုက်နေကြတာ။ မင်းသားကျိလီနဲ့ ငါက အခု ရန်သူတွေ ဖြစ်နေပြီ။ မင်းရဲ့မိသားစုကို ရွှေဒင်္ဂါး တစ်သောင်းနဲ့ ကူညီလိုက်တာက ငါ့အတွက် အမြတ်ထက် အရှုံးက ပိုများသွားတယ်။"

လန်လင်း မျက်လွှာချလိုက်သည်။ "ကျေးဇူးတင်ပါတယ် မြို့စားကြီး။"

ကျိထင်က လန်လင်းအား စိုက်ကြည့်လိုက်သည်။ "မင်းရဲ့ဆိုမိသားစုကို ကယ်တင်ဖို့ အဓိကသော့ချက်က ဘာလဲဆိုတာ မင်းသိလား။"

လန်လင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "သိပါတယ် မြို့စားကြီး။"

ကျိထင်က မျက်မှောင်ကျုံ့လိုက်သည်။ "တိကျတယ်။ မင်းသားကျိလီနဲ့ ငါ့ကြားက အပြင်းအထန်တိုက်ခိုက်မှုတွေကြောင့် အထင်မလွဲပါနဲ့။ နောက်ဆုံးကျရင် အရာအားလုံးက ဘုရင်မင်းမြတ်ရဲ့ နောက်ဆုံးရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။ ဘုရင်မင်းမြတ်က ရေတပ်တည်ဆောက်ဖို့ ရွေးချယ်ရင် ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား။"

လန်လင်း ခေါင်းမော့လိုက်သည်။ "ဒီအဓိပ္ပာယ်က နောက်ဆက်ခံမယ့်ဘုရင်အနေနဲ့ မင်းသားကျိလီရဲ့နေရာမှာ အန္တရာယ်ရှိနေပြီလို့ ဘုရင်မင်းမြတ်က ပြသလိုက်တာပဲ။ ဒါကြောင့် ဒီတိုက်ပွဲမှာ မြို့စားကြီးက ရှုံးရင်တောင် ဘာမှမဖြစ်ပေမဲ့ မင်းသားကျိလီကတော့ အရှုံးခံလို့မရဘူး။"

ကျိထင် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ မင်းသားကျိလီက အရှုံးခံလို့မရဘူး။ သေချာပေါက် မင်းရဲ့ဆိုမိသားစုလည်း အရှုံးခံလို့မရဘူး။ မင်းရှုံးသွားရင် မင်းမိသားစု ပြီးသွားပြီ။ ဒါဆိုရင် မင်းသားကျိလီနဲ့ ငါ့ကြားမှာ ဘယ်သူက အနိုင်ရဖို့ အခွင့်အရေးပိုများတယ်လို့ မင်းထင်လဲ။"

"မင်းသားကျိလီပါ။"

ကျိထင် မျက်ခုံးပင့်လိုက်သည်။ "ဘာလို့လဲ။ ငါ့ကို ပြောစမ်းပါဦး။"

လန်လင်းက လေးနက်စွာ ပြောသည်။ "နုလန်ဘုရင့်နိုင်ငံက ရေတပ်တစ်ခုတည်ဆောက်မယ်ဆိုရင် လူရိုင်းလွင်ပြင်ဗဟိုချက်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ယန်အင်ပါယာရဲ့ အဓိကမြို့ကြီးတွေကို တိုက်ခိုက်ဖို့ မြောက်ဘက်ကိုလည်း ရွက်လွှင့်သွားနိုင်သေးတယ်။"

"ယန်အင်ပါယာရဲ့မြို့တော်တော်များများက ကမ်းရိုးတန်းမှာရှိပြီး ခံစစ်အားနည်းတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ရေတပ်တည်ဆောက်ရင် ယန်အင်ပါယာက သတိထားမိသွားလိမ့်မယ်။ အဲဒါက ယန်အင်ပါယာရှေ့မှာ ပုန်းကွယ်ပြီး အားနည်းဟန်ဆောင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့အစီအစဉ်ကို ပျက်စီးသွားစေလိမ့်မယ်။ လက်ရှိအချိန်မှာ နုလန်ဘုရင့်နိုင်ငံက အင်အားကြီးမားတဲ့ ယန်အင်ပါယာကို စိန်ခေါ်နိုင်လောက်တဲ့အထိ မသန်စွမ်းသေးဘူး။"

ထိုစကားကို ကြားလိုက်ရသဖြင့် ကျိထင် လုံးဝမှင်တက်သွား၏။ ဤသည်က အသုံးမကျသည့် ဆိုလွန် ဟုတ်သေးရဲ့လား။ ယခင်အသုံးမကျသော သခင်လေး ဟုတ်သေးရဲ့လား။ သူ၏အတွေးများက မည်သို့လုပ် ဤမျှနက်ရှိုင်းပြီး ထက်မြက်နေရသနည်း။

ကျိထင် မျက်လုံးပြူးသွားသည်။ "ဒါကို မင်းကိုယ်တိုင် စဉ်းစားမိတာလား။"

လန်လင်း ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ အစ်မက စဉ်းစားမိတာပါ။"

ကျိထင် သက်ပြင်းချလိုက်သည်။ "မင်းအစ်မဖြစ်နေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်း အကြီးအကျယ်အန္တရာယ်များသွားလိမ့်မယ်။" ဤသည်မှာ အမှန်ပင်ဖြစ်၏။ အကယ်၍ မြို့စားတစ်ဦး၏သားက အလွန်ထက်မြက်နေပြီး တော်ဝင်မိသားစု၏ရန်သူလည်း ဖြစ်နေမည်ဆိုပါက ဘုရင်ကိုယ်တိုင်ပင် သူ့ကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ချေ။

ထို့နောက် ကျိထင်က လေးနက်စွာ ပြောလိုက်သည်။ "မင်း အခြေအနေကို နားလည်ပြီးဖြစ်တဲ့အတွက် ငါ ဒါကို ပြောပြမယ်။ ဘုရင်မင်းမြတ်ရဲ့ တရားဝင်အမိန့်စာက နောက်နှစ်ရက် ဒါမှမဟုတ် သုံးရက်အတွင်း ထွက်လာလောက်တယ်။ ငါတို့ စောင့်ကြည့်ကြတာပေါ့။"

ရုတ်တရက် ကျိထင်က မျက်မှောင်ကျုံ့လိုက်သည်။ "မင်းသားကျိလီရဲ့ ခွေးနှစ်ကောင်ကို မင်း တကယ်ပဲ ခြိမ်းခြောက်ခဲ့တာလား။"

လန်လင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ခြိမ်းခြောက်ခဲ့တယ်။"

ကျိထင်က လေးနက်စွာ သတိပေးလိုက်သည်။ "ဒါဆိုရင် မင်း သတိထားမှရမယ်။ ဒီလူနှစ်ယောက်က အင်အားကြီးတဲ့ တိုက်ခိုက်ရေးသမား အများကြီးကို ထိန်းချုပ်ထားသလို ရက်လည်း ရက်စက်ကြတယ်။ သူတို့က မင်းကို တိုက်ရိုက်သတ်ဖို့ မရဲရင်တောင် မင်းဘေးနားကလူတွေကို သတ်ပစ်လိမ့်မယ်။"

လန်လင်းက မဲ့ပြုံး ပြုံးလိုက်သည်။ "အရာအားလုံးက အစီအစဉ်အတိုင်းဖြစ်မယ်ဆိုရင် သူတို့ သိပ်မကြာခင် သေရလိမ့်မယ်။ မင်းသမီးကျိနင်ကိုယ်တိုင် သူတို့ကို သတ်ပစ်လိမ့်မယ်။"

ကျိထင် အံ့ဩသွားပြီး သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရ၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ကျိနင်က ရေကန်ဘေး၌ ပျင်းရိပျင်းတွဲ လှဲလျောင်းနေကာ စာအုပ်တစ်အုပ်ကို ဖတ်နေဆဲဖြစ်၏။ သူမက ငါးစာတစ်ဆုပ်ကို ကိုင်ထားပြီး လှပကာရှားပါးသည့် ရွှေငါးများ ပြည့်နှက်နေသော ရေကန်ကို ကြည့်နေသည်။ အခြားလက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ထားသော်ငြား တကယ်တမ်း ဖတ်နေခြင်းမဟုတ်ချေ။

ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင် အမျိုးသားနှစ်ဦးက သူမရှေ့၌ ရိုသေစွာဖြင့် ခေါင်းငုံ့၍ မတ်တပ်ရပ်နေကြ၏။

ကျိနင်က ပျင်းရိစွာ ပြောလိုက်သည်။ "ဒီအရှုံးက နင်တို့အမှားမဟုတ်ဘူး။ ငါ့ရဲ့ထောင်ချောက်က သိပ်မကောင်းခဲ့လို့ ဟိုအလေအလွင့်ကောင် ဆိုလွန် လွတ်သွားရတာပဲ။ အဲဒီအရူးက လုံးဝအသုံးမကျတဲ့သူတော့ မဟုတ်ပါဘူး။"

ချက်ချင်းပင် ထိုလူနှစ်ယောက်က ပို၍ခေါင်းငုံ့လိုက်ကြ၏။ "မင်းသမီးက အရမ်းသဘောထားကြီးတာပါပဲ။ ကျွန်တော်မျိုးတို့ အများကြီး ကျေးဇူးတင်ပါတယ်။"

အပြင်ဘက်၌ ထိုလူနှစ်ယောက်မှာ မြို့စားများကဲ့သို့သော အဆင့်မြင့်အထက်တန်းလွှာများကိုပင် လုံးဝအရေးမစိုက်ဘဲ အလွန်မာနကြီးကြသည်။ ရွှေဆိုင်မန်နေဂျာမှာ အမြဲတမ်းဖော်ရွေပြီး ပြုံးနေတတ်သော်ငြား သူ၏မျက်လုံးများကမူ မာနကြီးနေကာ လူတိုင်းကို အထင်အမြင်သေးနေတတ်၏။ ယခုအခါ၌မူ ကျိနင်၏ရှေ့၌ ဤလူနှစ်ယောက်မှာ ခွေးများကဲ့သို့ နာခံနေကြ၏။

လှဲလျောင်းနေသည့် ကျိနင်မှာ အလွန်တရာလှပလွန်းလှ၏။ ဤလူနှစ်ယောက်က တပ်မက်မှုကြီးမားသည်ဟု နာမည်ကြီးသော်ငြား သူမကို မော့ကြည့်ရန်ပင် မရဲကြချေ။ သူတို့၏ ခြေထောက်များကိုသာ စိုက်ကြည့်နေကြသည်။

ရွှေဆိုင်မန်နေဂျာက သွားဖြီးပြလိုက်သည်။ "မင်းသမီးကို ပြောပြစရာ ရယ်စရာတစ်ခု ရှိပါတယ်။"

ကျိနင်က အေးစက်စွာ ပြောလိုက်သည်။ "ငါ့ကို မင်းသမီးလို့ မခေါ်နဲ့။ လက်ရှိနိုင်ငံထဲမှာ အစစ်အမှန်မင်းသမီးဆိုလို့ မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ ပညာသင်နေတဲ့ မင်းသမီးကျိယန်တစ်ပါးပဲ ရှိတယ်။"

မန်နေဂျာက အထိတ်တလန့် တံတွေးမြိုချလိုက်သည်။ "ဒါပေမဲ့ ဘုရင်မင်းမြတ်က မင်းသမီးကျိယန်နဲ့ မရင်းနှီးဘူးဆိုတာ လူတိုင်းသိပါတယ်။ တခြားတစ်ဖက်မှာ မင်းသမီးက ဘုရင်မင်းမြတ်ရဲ့ သမီးအရင်းလိုပါပဲ။ ဘာကိစ္စဖြစ်ဖြစ် သူ မင်းသမီးစကားကို နားထောင်ပါတယ်။"

ထိုစကားများကို မကြားချင်သည့်အလား ကျိနင် မျက်မှောင်ကျုံ့လိုက်၏။ "ဘာရယ်စရာလဲ။ ပြောစမ်းပါ။"

ရွှေဆိုင်မန်နေဂျာက လှောင်ပြုံး ပြုံးလိုက်သည်။ "ဆိုလွန် ငွေလာဆပ်တုန်းက ကျွန်တော်မျိုးတို့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်။ မနက်ဖြန်မတိုင်ခင် အဲဒီလိုလုပ်မယ်လို့ သူပြောတာပဲ။"

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters