အခန်း ၅၀
Vol. 5 Ch. 50
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၅၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ကျိနင်က နှာခေါင်းရှုံ့လိုက်၏။ "ဟန့်... သူက ကျိထင်ကို ထပ်ပြီး လာဘ်ထိုးချင်နေတာပေါ့။ ပြီးရင် နင်တို့က မြို့စားကြီးကို လုပ်ကြံဖို့ ကြံစည်ခဲ့ဖူးတယ်ဆိုပြီး ကျိထင် နင်တို့ကို သတ်ပစ်အောင် ရန်တိုက်ပေးလိမ့်မယ်။"
ရွှေဆိုင်မန်နေဂျာက ခေါင်းငုံ့လိုက်သည်။ "မင်းသမီးက ပညာရှိလှပါတယ်။"
ကျိနင်က လှောင်ပြုံး ပြုံးလိုက်၏။ "ဟက်... ကျိထင်ရဲ့ ကောင်းမွန်တဲ့နေ့ရက်တွေက လက်ချိုးရေလို့ရနေပြီ။ သူက နောက်ပိုင်း အရမ်းရိုင်းစိုင်းလာတယ်။ သူ့ရဲ့ နည်းလမ်းတွေက ညစ်ပတ်တယ် ၊ ဒါပေမဲ့ နင်တို့ရဲ့ နည်းလမ်းတွေက ပိုတောင် ညစ်ပတ်သေးတယ်။"
"သူ နင်တို့ကို မသတ်နိုင်ပါဘူး။ အင်အားအရဆိုရင် ကျိထင်က ငါတို့ကို မယှဉ်နိုင်ဘူး။ ညစ်ပတ်တဲ့ လှည့်ကွက်တွေမှာဆိုရင်လည်း သူကိုယ်သူပဲ ပြန်ထိလိမ့်မယ်။ ဆိုလွန်က တခြားတစ်ယောက်ကို အသုံးချပြီး သူ့ရဲ့ ညစ်ပတ်တဲ့အလုပ်တွေကို လုပ်ခိုင်းဖို့ ကြံစည်နေတာက တကယ့်ကို မိုက်မဲတဲ့ အိပ်မက်တစ်ခုပဲ။"
မန်နေဂျာက အောက်ငုံ့လိုက်သည်။ "ကျွန်တော်မျိုးတို့မှာ ကိုယ်ပိုင် စွမ်းဆောင်ရည် အစစ်အမှန် မရှိပါဘူး။ အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးရဲ့ အကာအကွယ်ကိုပဲ အပြည့်အဝ အားကိုးနေရတာပါ။"
ထိုစဉ် မိန်းမစိုးတစ်ဦး အခန်းထဲသို့ ဝင်လာကာ အရိုအသေပေးလိုက်၏။ "မင်းသမီး... ဆိုလွန်က စာတစ်စောင် ပို့လိုက်ပါတယ်။ ကျွန်တော်မျိုးတို့ စစ်ဆေးပြီးပါပြီ၊ အဆိပ်မပါပါဘူး။"
ကျိနင် လက်ဟန်ပြလိုက်သည်။ "ယူလာခဲ့။"
ကျိနင် သူမ၏ ဖြူရော်နေပြီး လှပသည့် လက်ကို ဆန့်ထုတ်လိုက်ရာ အစေခံတစ်ဦး အမြန်ရှေ့ထွက်လာပြီး ပါးလွှာကာ နူးညံ့သည့် လက်အိတ်ကို စွပ်ပေးလိုက်၏။
သူမသည် ရောဂါပိုးမွှားများကို အလွန်အမင်း ကြောက်တတ်သူ ဖြစ်သည်။ လူတိုင်းကို အထင်အမြင်သေးပြီး တခြားသူများ ပိုင်ဆိုင်သည့် မည်သည့်အရာကိုမဆို ထိတွေ့ရခြင်းကို မုန်းတီး၏။
လန်လင်း ပို့လိုက်သည့် စာကို သူမ ယူလိုက်သည်။ စာအိတ်ပေါ်၌ စာတမ်းတစ်ကြောင်း ရှိနေ၏။
"ကျိနင်... မင်းရဲ့ ခွေးနှစ်ကောင်ကို သတ်ပစ်လိုက်။"
ကျိနင်က ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့ထံ စာအိတ်ကို ဝှေ့ယမ်းပြရင်း မဲ့ပြုံး ပြုံးလိုက်သည်။ "ကြည့်စမ်း... ဆိုလွန်က နင်တို့နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ငါ့ကို အမိန့်ပေးနေတယ်။"
ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့ နှစ်ယောက်လုံး အော်ဟစ်ရယ်မောလိုက်ကြ၏။ "ဟားဟား... ဒီအလေအလွင့်ကောင် တကယ်ပဲ ရူးသွားပြီ။ မင်းသမီးက အစေခံတွေအပေါ် အမြဲတမ်း ကြင်နာတတ်တာကို။ ကျွန်တော်မျိုးတို့ အမှားလုပ်မိရင်တောင် ဆူပူကြိမ်းမောင်းရုံပဲ လုပ်တာလေ။"
သူတို့၏ မြှောက်ပင့်မှုကြောင့် ကျိနင်က သဘောကျသွားကာ လှပစွာ ပြုံးလိုက်သည်။ ထို့နောက် စာကို ဖတ်ရန် ဖွင့်လိုက်၏။
"ကျိနင်... မင်းရဲ့ ရွှေဆိုင်က ဘာလို့ ဒီလောက်တောင် အောင်မြင်နေရတာလဲ။ လျှို့ဝှက်ချက်က မင်းရဲ့ အထူးအတုအပကာကွယ်ရေး နည်းပညာပဲ။ မင်းရဲ့ဆိုင်က ထုတ်တဲ့ ရွှေလက်မှတ်တွေကို ဘယ်သူမှ အတုမလုပ်နိုင်ဘူး။ ဒါကြောင့်မို့ တခြားရွှေဆိုင်တွေက သူတို့ရဲ့ ရွှေနဲ့ငွေတွေကို မင်းရဲ့ ဘဏ္ဍာတိုက်တွေထဲမှာ လာသိမ်းကြတာလေ။ ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ အရောင်းအဝယ်တွေအတွက် မင်းရဲ့ ရွှေလက်မှတ်တွေကို အသုံးပြုကြတယ်။"
ဤသည်က အမှန်ပင် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားကျိလီနှင့် ကျိနင်တို့ ပိုင်ဆိုင်သည့် တော်ဝင်မြို့တော် ရွှေဆိုင်သည် မည်သူမျှ ငွေစက္ကူများကို အတုမကူးနိုင်သောကြောင့် နာမည်ကြီးသည်။
လုံခြုံစိတ်ချရလွန်းလှသဖြင့် ထိုရွှေလက်မှတ်များကို ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုကြသည်။ ဤသည်မှာ သူတို့၏ရွှေဆိုင်သည် ငွေစက္ကူထုတ်လုပ်မှုအားလုံးကို အခြေခံအားဖြင့် ချုပ်ကိုင်ထားသည်ဟု ဆိုလိုခြင်း ဖြစ်၏။
စာထဲ၌ ဆက်ရေးထားသည်။ "သေချာတာပေါ့... ငါ မင်းရဲ့ ရွှေလက်မှတ်တွေကို အတုမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ အတုအပကာကွယ်ရေး နည်းပညာက ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ အတိအကျ သိတယ်။ အကယ်လို့ တခြားရွှေဆိုင်တွေကိုများ ဒီလျှို့ဝှက်ချက်ကို ငါ မျှဝေလိုက်မယ်ဆိုရင် ငွေစက္ကူတွေထုတ်နိုင်တဲ့ မင်းရဲ့ အထူးအာဏာကို ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီအခါကျရင် မင်းက ဒီနေ့လိုမျိုး အင်အားကြီးနေဦးမှာလား။"
လန်လင်း၏စာက ထိုနေရာ၌ အဆုံးသတ်သွား၏။ သူမ၏ လျှို့ဝှက်နည်းပညာသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သူ ရှင်းပြမထားချေ။
သို့သော် ကျိနင်၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားသည်။ လက်ထဲရှိ ငါးစာတစ်ဆုပ်လုံးကို ရေကန်ထဲသို့ ပစ်ချလိုက်ကာ အမြန်မတ်တပ်ရပ်လျက် သူမ၏ လျှို့ဝှက်ခန်းထဲသို့ အပြေးဝင်သွားလိုက်၏။
လျှို့ဝှက်ခန်းထဲ၌ တင်းကြပ်စွာ သော့ခတ်ထားသည့် ဘီရိုတစ်ခုကို သူမ ဖွင့်လိုက်သည်။ အတွင်း၌ ခရမ်းရောင်အလင်းတောက်နေသည့် အထူးသလင်းကျောက်တစ်ခု ရှိနေ၏။
ကျိနင်က အလင်းတောက်နေသည့် ခရမ်းရောင်သလင်းကျောက်ကို စာပေါ်သို့ ချိန်ရွယ်လိုက်သည်။ ရုတ်တရက် စာရွက်၏ လွတ်နေသော နေရာ၌ စာလုံးကြီးများ ပေါ်လာ၏။ တောက်ပပြီး ရှင်းလင်းသည့် အစိမ်းရောင်အလင်းတို့ဖြင့် တောက်ပနေသည်။
"ကျိနင်... ဖာသည်မ..."
ဤသည်မှာ ရွှေလက်မှတ်များအတွက် တော်ဝင်မြို့တော် ရွှေဆိုင်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်၏။ ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုထားခြင်းပင်။
ခရမ်းရောင်သလင်းကျောက်သည် သဘာဝ ခရမ်းလွန်မီးအိမ်တစ်ခုအဖြစ် အလုပ်လုပ်၏။ လန်လင်းသည် ထိုနောက်ဆုံးစာကြောင်းများကို သွေးဖြင့်ရေးသားခဲ့ပြီးနောက် ရေဖြင့် ဆေးကြောပစ်ခဲ့သည်။
သာမန်မျက်စိဖြင့်ကြည့်လျှင် စာရွက်မှာ လုံးဝ ဗလာဖြစ်နေပုံပေါ်၏။ သို့သော် ခရမ်းလွန်ရောင်ခြည်အောက်၌မူ ဖုံးကွယ်နေသည့် သွေးရာများသည် အစိမ်းရောင်တောက်ပသွားသည်။
ကမ္ဘာမြေပေါ်ရှိ ခေတ်သစ်ငွေစက္ကူများသည်ပင် အတုအပကာကွယ်ရန်အတွက် ဤခရမ်းလွန်ရောင်ခြည်လှည့်ကွက်ကို အသုံးပြုထားကြ၏။
ကျိလီနှင့် ကျိနင်တို့ ထုတ်ဝေသည့် ရွှေလက်မှတ်များကို စာရွက်သုံးလွှာဖြင့် ပြုလုပ်ထားသည်။ အလယ်လွှာ၌ အထူးသွေးကို အသုံးပြု၍ အထူးကုဒ်တစ်ခုနှင့် ရှုပ်ထွေးသည့် ပုံစံများကို ရေးဆွဲထား၏။
သွေးများကို မှေးမှိန်သွားစေရန် ဆေးကြောပြီးနောက် ထိုအလယ်လွှာကို အပြင်ဘက်စာရွက်နှစ်လွှာကြား၌ တင်းကြပ်စွာ ဖိသိပ်ထားလိုက်ခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့် တော်ဝင်မြို့တော် ရွှေဆိုင်သို့ ရွှေလက်မှတ်တစ်စောင် ရောက်လာတိုင်း အစစ်ဟုတ်မဟုတ် သိနိုင်ရန် ကျိနင်သည် ခရမ်းရောင်သလင်းကျောက်ဖြင့် ထိုးကြည့်ရုံသာ လိုအပ်၏။
ဖုံးကွယ်နေသည့် တောက်ပသော ကုဒ်သည် ရွှေလက်မှတ်ကို မည်သည့်အချိန်က ပြုလုပ်ခဲ့ပြီး မည်သူပိုင်ဆိုင်ကြောင်းကိုပါ အတိအကျ ပြသပေးနိုင်သည်။
လန်လင်းတစ်ယောက် ရွှေလက်မှတ်အချို့နှင့် ကစားနေရင်း နေရောင်ထဲသို့ ထောင်ကြည့်လိုက်သည့်အခါ ထိုလျှို့ဝှက်ချက်ကို မတော်တဆ တွေ့ရှိသွားခဲ့ခြင်း ဖြစ်၏။
ကမ္ဘာမြေပေါ်၌ ငွေစက္ကူများကို ကာကွယ်ရန် ခရမ်းလွန်ရောင်ခြည်ကို မည်သို့အသုံးပြုခဲ့ကြောင်း သူ မှတ်မိသွားကာ ကျိနင်သည်လည်း ဤကမ္ဘာ၌ အတိအကျတူညီသည့်အရာကို လုပ်ဆောင်နေကြောင်း နားလည်သွားခဲ့သည်။
အစပိုင်း၌ လန်လင်းကိုယ်တိုင် ရွှေလက်မှတ်အတုများကို ပြုလုပ်ချင်ခဲ့သော်ငြား မဖြစ်နိုင်ကြောင်း သူ တွေ့ရှိခဲ့ရ၏။ ရွှေလက်မှတ်၏ အပြင်ဘက်ရှိ အထူးပုံစံသည် အတွင်း၌ ဖုံးကွယ်ထားသော တောက်ပသည့်ကုဒ်နှင့် ကိုက်ညီရမည်ဖြစ်ပြီး ရွှေဆိုင်သည် ဤကုဒ်များအားလုံးကို လျှို့ဝှက်မှတ်တမ်းအဖြစ် သိမ်းဆည်းထားသည်။
ကုဒ်စနစ်ကို မသိဘဲ အတုမလုပ်နိုင်ချေ။ ရွှေဆိုင်အသုံးပြုသည့် စာရွက်ကိုယ်တိုင်ကပင် ထူးခြားနေပြီး အတုကူးရန် မဖြစ်နိုင်ပေ။
သို့သော် ဤလျှို့ဝှက်နည်းပညာကို ကမ္ဘာကြီးအား ဖွင့်ချပစ်မည်ဟု သူ ခြိမ်းခြောက်နိုင်သေး၏။ အကယ်၍ မည်သို့အလုပ်လုပ်ကြောင်းကို လူတိုင်း သိသွားပါက ကျိလီ၏ တော်ဝင်မြို့တော် ရွှေဆိုင်သည် ငွေစက္ကူအပေါ် လက်ဝါးကြီးအုပ်ထားမှု ဆုံးရှုံးသွားပေလိမ့်မည်။
ဤသည်မှာ သူတို့အတွက် ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်ပေမည်။ လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်းသည်လည်း လန်လင်းအတွက် တိုက်ရိုက် ငွေရလာမည် မဟုတ်သောကြောင့် ထိုအရာကို အကျပ်ကိုင်ရန် သူ ဆုံးဖြတ်ခဲ့၏။
သူက ကျိနင်၏ သစ္စာရှိခွေးနှစ်ကောင်ဖြစ်သည့် ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့ကို သူမကိုယ်တိုင် သတ်ပစ်ရန် အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်သည်။
တောက်ပနေသည့် အစိမ်းရောင်စာလုံးများကို စိုက်ကြည့်နေရင်း ကျိနင်တစ်ယောက် လုံးဝ မှင်တက်သွားရ၏။
မည်သို့ ဖြစ်နိုင်မည်နည်း။ ဆိုလွန်ကဲ့သို့ အသုံးမကျသည့် အလေအလွင့်သခင်လေးတစ်ပါးက သူမ၏ ရွှေလုပ်ငန်း၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို မည်သို့ သိနိုင်မည်နည်း။
ငွေစက္ကူထုတ်ဝေသည့် အာဏာကို ဆုံးရှုံးလိုက်ခြင်းသည် ကျိလီ၏ ရွှေဆိုင်ကို ပျက်စီးသွားစေပေလိမ့်မည်။ ထိုဆိုင်သည် သူ၏ အဓိက ဓနသယံဇာတ ရင်းမြစ် ဖြစ်၏။ ထိုကဲ့သို့ အဆုံးမရှိသည့် ငွေကြေးထောက်ပံ့မှုမျိုး မရှိဘဲ အိမ်ရှေ့စံမင်းသားက အထက်တန်းလွှာများကို လာဘ်ထိုးပြီး သူ၏အာဏာကို လျှို့ဝှက်စွာ မည်သို့ ချဲ့ထွင်နိုင်မည်နည်း။
ဤအရာများကို တွေးမိလိုက်သဖြင့် ကျိနင်၏ လှပသည့် မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် ပြင်းထန်သည့် ဒေါသများဖြင့် တွန့်လိမ်လာ၏။ သူမက စာကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ကြမ်းတမ်းစွာ ဆုတ်ဖြဲပစ်လိုက်သည်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၅၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team