အခန်း (၃၈၅-၃၈၆)
Vol. 39 Ch. 385-386
အခန်း (၃၈၅)
" သတ်ကြ။ " ကျောက်ဖုန်းက ဆွဲထားသော လေးကြိုးကို လွှတ်လိုက်ပြီး မြားဆယ်ချောင်းက လေထုကို ထိုးဖောက်သွားသည်။ မြားတစ်ချောင်းစီတိုင်းတွင် ချီစွမ်းအားများ ပါဝင်နေသည်။ မြားများက ကင်းစခန်းနှင့် တံခါးပေါ်သို့ ကျရောက်သွားသည်။
ဝုန်း ဝုန်း....
တံခါးများက ပေါက်ကွဲသွားကြပြီး မြားကျရောက်သွားသော နေရာမှ တုန်ဟူစစ်သည်များက ချက်ချင်း သေဆုံးသွားကြသည်။
ချင်စစ်သည်များကလည်း ထိုနေရာသို့ မြားမိုးများ ရွာချလိုက်ပြီး တုန်ဟူစစ်သည်များစွာက မြားထိမှန်ပြီး သေဆုံးသွားကြသည်။ထိုမျိုးနွယ်စုလေးကို ဖျက်ဆီးရန် အချိန်များစွာ မလိုအပ်ပေ။
မကြာမီ ချင်မြင်းတပ်က ထိုမျိုးနွယ်စုကို ဝိုင်းလိုက်ကြသည်။ တိုင်းတစ်ပါးမျိုးနွယ်စုများက ရှေ့မတိုးရဲသလို နောက်လည်း မဆုတ်ရဲကြပေ။ လူတိုင်းက ချင်မြင်းစီးစစ်သည်များကို ကြောက်ရွံ့မှု၊ မုန်းတီးမှုများဖြင့် ကြည့်နေကြသည်။
" စစ်သေနာပတိချုပ် ဒီမျိုးနွယ်စုက လက်နက်ချချင်နေကြတယ်။ ဒါကို ဘယ်လိုလုပ်မလဲ။ " ကျန်းဟန်က ဝိုင်းခံထားရသော တုန်ဟူလူမျိုးများကို ကြည့်ပြီး မေးလိုက်သည်။
ကျောက်ဖုန်းက ရှေ့သို့ မြင်းစီးထွက်လာပြီး တုန်ဟူလူမျိုးများကို ကြည့်လိုက်သည်။ သူတို့ကြားထဲတွင် ကျန်းမာသန်စွမ်းသော ယောကျာ်းလေးများက အစောပိုင်းတိုက်ခိုက်မှုတွင် သေဆုံးသွားကြပြီဖြစ်သည်။ ကျန်နေသူများက သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် အားနည်းသူများဖြစ်ကြသည်။
" မင်းတို့ တိုင်းတစ်ပါးမျိုးနွယ်စုတွေက ငါတို့ ရှန်းကျိုးနယ်မြေကို ကျူးကျော်ပြီး ငါတို့လူမျိုးတွေကို သတ်ခဲ့တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ ငါမင်းတို့ကို လွှတ်ပေးမယ်လို့ ထင်နေတာလား။ " ကျောက်ဖုန်းက သွေးစွန်းနေသော လှံရှည်ကို မြှောက်ပြီး အေးစက်စွာ ပြောလိုက်သည်။
တုန်ဟူလူမျိုးများက ကြောက်ရွံ့သွားကြသည်။ သို့သော် ချင်မြင်းတပ်က သူတို့ကို ဝိုင်းထားသောကြောင့် ဘာမှမလုပ်ရဲကြပေ။
" မင်းတို့ကို မင်းတို့ပဲ အပြစ်တင်ကြ။ မင်းတို့မှာ လူစိတ်မရှိဘူး။ ငါမင်းတို့ကို နောက်ဆုံးခရီးထိ ပို့ပေးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ကြည့်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
" သတ်ကြ။ " ချင်စစ်သည်များက အော်ဟစ်ပြီး မြားများဖြင့် ပစ်လိုက်ကြသည်။ မြားမိုးအောက်တွင် တုန်ဟူလူမျိုးများက နေရာမှာတင် သေဆုံးသွားကြသည်။
" ချင်လူမျိုးတွေ ငါတစ္ဆေဖြစ်သွားရင်တောင် မင်းတို့ကို အလွတ်မပေးဘူး။ "
" မင်းတို့လည်း ကောင်းကောင်း သေရမှာမဟုတ်ဘူး။ "
တုန်ဟူလူမျိုးများက မုန်းတီးမှုများဖြင့် အော်ဟစ်လိုက်ကြသည်။ ကျောက်ဖုန်းက တုန်ဟူလူမျိုးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော ယန်နိုင်ငံ၏ မြို့များကို မမြင်ခဲ့လျှင် ကျောက်ဖုန်းက သနားကောင်း သနားပေလိမ့်မည်။ သို့သော် သူက အများကြီး ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
ယခုအချိန်တွင် ကျောက်ဖုန်း၏ မျက်လုံးများထဲမှာ ခံစားချက်များ မရှိတော့ဘဲ သတ်ဖြတ်လိုစိတ်သာ ရှိတော့သည်။ သူတို့က ဟွာရှလူမျိုးများကို ဆက်ဆံသကဲ့သို့ ကျောက်ဖုန်းကလည်း သူတို့ကို ပြန်ဆက်ဆံခြင်းဖြစ်သည်။
ခဏကြာသောအခါ တုန်ဟူလူမျိုးများ၏ အော်ဟစ်သံများက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ မျိုးနွယ်စုတစ်ခုလုံးက အလောင်းများနှင့် ပြည့်နှက်နေပြီး သွေးနံ့များ ဖုံးလွှမ်းနေသည်။
" ဒီမျိုးနွယ်စုဆီက ရိက္ခါတွေ ယူခဲ့ကြ။ ဒါပေမယ့် အများကြီးမယူနဲ့။ ပြီးရင် အကုန်မီးရှို့ခဲ့။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " စစ်သည်အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။
ကျောက်ဖုန်းက ကောင်းကင်သို့ ကြည့်လိုက်ရာ တုန်ဟူလူမျိုးများ၏ ဝိညာဉ်များကို တွေ့လိုက်ရသည်။ အားလုံးက သူနှင့် ချင်စစ်သည်များကို မုန်းတီးစွာဖြင့် ကြည့်နေကြသည်။
" ငါ့ကို မုန်းနေတာလား။ မင်းတို့ လက်ချက်နဲ့ သေခဲ့တဲ့ အပြစ်မဲ့တဲ့ ဟွာရှလူမျိုးတွေကလည်း မင်းတို့ကို မုန်းတာပဲ။ မင်းတို့ မုန်းတယ်ဆိုရင်လည်း အဲ့ဒီမုန်းတီးမှုကို ပိုနက်ရှိုင်းသွားအောင် ငါလုပ်ပေးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
သူ၏ လက်ထဲတွင် အနက်ရောင်မီးတောက်ပေါ်လာပြီး ချီစွမ်းအားများဖြင့် အားဖြည့်ကာ ကောင်းကင်မှ တုန်ဟူလူမျိုးများ၏ ဝိညာဉ်များဆီသို့ ပစ်လွှတ်လိုက်သည်။ မရဏလောကမီးတောက်က မီးတောက်ငယ်လေးရာချီအဖြစ် ကွဲထွက်သွားပြီး တုန်ဟူလူမျိုးများ၏ ဝိညာဉ်များပေါ်သို့ ကျရောက်သွားသည်။ ဝိညာဉ်များ၏ အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်ဘာသည်။
သို့သော် ကျောက်ဖုန်းက ရပ်တန့်ခြင်းမရှိဘဲ သူ၏ ချီစွမ်းအားများကို စုစည်းပြီး မရဏလောကမီးတောက် တစ်ခုပြီးတစ်ခု ကောင်းကင်းမှ ဝိညာဉ်များဆီသို့ ပစ်လွှတ်နေသည်။
" ဝိညာဉ်တစ်ခုကို သတ်ဖြတ်ပြီး ဝိညာဉ်စွမ်းအား ၁ မှတ် ရရှိပါတယ်။ "
" ဝိညာဉ်တစ်ခုကို သတ်ဖြတ်ပြီး ဝိညာဉ်စွမ်းအား ၁မှတ် ရရှိပါတယ်။ "
စနစ်မှ အသိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ကျောက်ဖုန်းက မမြင်နိုင်သော စည်းမျဉ်းများဖြင့် ရုန်းကန်နေရသကဲ့သို့ ဖြစ်သည်။ စည်းမျဉ်းများက ဝိညာဉ်များကို ဟင်းလင်းပြင်ထဲသို့ စုပ်ယူနေပြီး ကျောက်ဖုန်းက ဝိညာဉ်များကို မရဏလောကမီးတောက်ဖြင့် လောင်ကျွမ်းဖျက်ဆီးနေသည်။
နောက်ဆုံး ဝိညာဉ်များအားလုံး ပျောက်ကွယ်သွားကြပြီး ကျောက်ဖုန်းက ဝိညာဉ်စွမ်းအား ၈၇၉ မှတ်ကို စုဆောင်းနိုင်ခဲ့သည်။
" ဒီမှာ ကြာကြာနေဖို့ မသင့်တော်ဘူး။ တုန်ဟူထဲကို ဆက်ပြီး ဝင်ရောက်ကြမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
မြင်းစီးစစ်သည်တစ်သောင်းကျော်က ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာပြီး တုန်ဟူနယ်မြေအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားကြသည်။ ထိုနေရာမှ မျိုးနွယ်စုကတော့ မီးပင်လယ်ဖြစ်သွားခဲ့လေပြီ။
ချင်နိုင်ငံ၊ ကျန်းထိုင်နန်းဆောင်။
ဝန်ကြီးချုပ်နှစ်ယောက်၊ ဝန်ကြီးကိုးယောက်နှင့် စစ်သေနာပတိချုပ်များ ရောက်ရှိနေကြသည်။
" အရှင်မင်းကြီး ယန်နယ်မြေရဲ့ အုပ်ချုပ်ရေးမှူးက ထွက်ခွာသွားပါပြီ။ မကြာခင် ယန်နယ်မြေကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ယန်နယ်မြေ မြောက်ဘက်နယ်စပ်မှာ တိုင်းတစ်ပါးလူမျိုးတွေရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ပြည်သူတွေရဲ့ အရေအတွက်ကို စာရင်းကောက်ပြီးပါပြီ။ အရှင်မင်းကြီး ကြည့်ပေးပါဦး။ " ယွီလျောင်က ပြောလိုက်သည်။
" ဖတ်ပြပါဦး။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ယန်နယ်မြေက ရှန်ပင်းနဲ့ အခြားမြို့ကို စေလွှတ်ထားတဲ့ အရာရှိတွေရဲ့ တင်ပြမှုအရ တိုင်းတစ်ပါးလူမျိုးတွေက ကျူးကျော်လာပြီး မြို့တွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရှန်ပင်းမြို့မှာ လူတစ်သိန်းနီးပါး သတ်ခံလိုက်ရပြီး လူအနည်းငယ်ပဲ အသက်ရှင်ကျန်ပါတယ်။ လင်းမြို့၊ ဝူမြို့နဲ့ ယန်မြို့ မြို့သုံးမြို့မှာ လူတစ်သိန်းရှစ်သောင်း သတ်ခံလိုက်ရပါတယ်။ "
" အစက ယန်နယ်မြေရဲ့ မြောက်ဘက်နယ်စပ်မှာ လူဦးရေ ဆယ့်ငါးသိန်းလောက် ရှိပေမယ့် တိုင်းတစ်ပါးလူမျိုးတွေကြောင့် ငါးသိန်းနီးပါး သတ်ခံလိုက်ရပါတယ်။ အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးတွေပါပဲ။ ပုခက်ထဲက ကလေးတွေတောင် မကျန်ပါဘူး။ " ယွီလျောင်က ဒေါသကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝန်ကြီးအားလုံးကလည်း မျက်နှာများ တင်းမာသွားကြသည်။
" တိုင်းတစ်ပါးလူမျိုးတွေက တိရိစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ်။ "
" ခုခံနိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို အဲ့လောက်ထိတောင် သတ်ပစ်တယ်။ "
" လူငါးသိန်း အားလုံးက ဟွာရှလူမျိုးတွေ၊ ချင်ရဲ့ ပြည်သူတွေပဲ။ ဒီလိုသွေးကြွေးကို လွယ်လွယ်နဲ့ ခွင့်လွှတ်လို့မရဘူး။ ချင်နိုင်ငံက ဒါကို မှတ်ထားမယ်။ " ရင်ကျန့်ကလည်း ဒေါသထွက်နေသည်။
" စစ်သေနာပတိချုပ် ကျောက်ဖုန်း တုန်ဟူထဲကို ဝင်သွားတာက ယန်နယ်မြေ မြောက်ဘက်နယ်စပ်က ကပ်ဘေးကို မြင်တွေ့လိုက်ရလို့ ဖြစ်နိုင်ပါတယ်။ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးကို ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ " ဟန်ဖေးက ဖြည်းညင်းစွာ ပြောလိုက်သည်။
ကျောက်ဖုန်းနှင့်ပက်သက်လျှင် ရင်ကျန့်၏ စိတ်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
" တုန်ဟူက ဘာသတင်းမှ မရဘူးလား။ "
" အရှင်မင်းကြီး အခုတော့ ဘာသတင်းမှ မရသေးပါဘူး။ တုန်ဟူက ရှန်းကျိုးမဟုတ်တော့ သတင်းအချက်အလက်တွေက ချင်နိုင်ငံကို မြန်မြန် မရောက်နိုင်ပါဘူး။ " ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ကျောက်ဖုန်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာမယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဝမ်ကျန့်က နောက်တစ်ကြိမ် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ဝမ်ဝမ်ကတော့ စိတ်ထဲတွင် ဝမ်းသာနေခဲ့သည်။ စစ်သည်တစ်သောင်းနှင့် မြောက်ဘက်နယ်စပ်သို့ ဝင်ရောက်သွားခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်သည်။ သူက ကျောက်ဖုန်းသေပြီဟူသော သတင်းကို ကြားရန် မျှော်လင့်နေမိသည်။
" အရှင်မင်းကြီး ယန်နယ်မြေက အရေးပေါ်အစီရင်ခံစာ ရောက်လာပါတယ်။ တုန်ဟူနယ်မြေနဲ့ စစ်သေနာပတိချုပ်သတင်းပါ။ " ရန်ရှောင်က အစီရင်ခံစာကို ကိုင်ပြီး နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
" မြန်မြန်ပေးစမ်း။ " ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ပြောလိုက်သည်။
ရန်ရှောင်က အစီရင်ခံစာကို ပေးလိုက်သည်။ ရင်ကျန့်က အစီရင်ခံစာကို ယူပြီး ချက်ချင်း ဖတ်လိုက်သည်။ အထဲမှ စာသားများကို မြင်လိုက်ရသောအခါ ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး သူက ရယ်မောလိုက်သည်။
" ဟားဟားဟား ငါ ကျောက်ဖုန်းကို တကယ် လျှော့တွက်မိတာပဲ။ "
ဝန်ကြီးများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ၎င်းက တုန်ဟူနယ်မြေမှ သတင်းကောင်းဖြစ်သည်ကိုတော့ အားလုံး နားလည်လိုက်ကြသည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က အောင်ပွဲရခဲ့တာလား။ " ယွီလျောင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" ဟုတ်တယ်။ ပြီးတော့ ဒါက အောင်ပွဲသေးသေးလေးမဟုတ်ဘူး။ " ရင်ကျန့်က ရယ်မောလိုက်သည်။ ယခင် စိုးရိမ်မှုများက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ကျောက်ကောင်းကို အစီရင်ခံစာ ပေးပြီး ဖတ်ခိုင်းလိုက်သည်။
ကျောက်ကောင်းက အသ်ိရင်ခံစာကို ယူပြီး ဖတ်လိုက်သည်။ " တုန်ဟူနယ်မြေက သူလျိုတွေရဲ့ သတင်းပို့ချက်အရ စစ်သေနာပတိချုပ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြောက်ဘက်နယ်စပ်က မျိုးနွယ်စုတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တုန်ဟူလူမျိုးတွေက ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ လူတစ်သိန်းနီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။ ပြီးတော့ တုန်ဟူလူမျိုးတွေ နယ်စပ်ကို သယ်လာတဲ့ ရိက္ခါတွေကိုလည်း စစ်သေနာပတိချုပ်ကျောက်ဖုန်းက အကုန် မီးရှို့ခဲ့ပါတယ်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၈၆)
" တုန်ဟူမျိုးနွယ်ထဲက မျိုးနွယ်စု ငါးခုကို စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ တပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ တပ်တွေက တုန်ဟူလူမျိုး သုံးသိန်းကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရိက္ခါတွေအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ " ကျောက်ကောင်းက ကျယ်လေယင်စွာ ဖတ်ပြလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တကယ်ကို ချင်နိုင်ငံရဲ့ စစ်နတ်ဘုရားပဲ။ စစ်သည်တစ်သောင်းနဲ့ တုန်ဟူနယ်မြေကို ထိုးဖောက်ပြီး ဒီလိုကြီးမားတဲ့ အောင်မြင်ကို ရရှိခဲ့တယ်။ "
" တုန်ဟူလူမျိုး သုံးသိန်းနီးပါးကို သတ်ပြီး ရိက္ခါတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါက တုန်ဟူလူမျိုးတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ တုန်ဟူလူမျိုးတွေက အချိန်တိုအတွင်း တောင်ဘက်ကို တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။ " ဟန်ဖေးက ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တုန်ဟူစစ်သည်တွေကိုပဲ သတ်ခဲ့တာမဟုတ်ဘူးမလား။ " ဝမ်ဝမ်က အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။
" ဝန်ကြီးချုပ်က ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲ။ တုန်ဟူလူမျိုးတွေအားလုံးက စစ်သည်တွေဆိုတာ မသိဘူးလား။ ခင်ဗျားက တုန်ဟူလူမျိုးတွေကို သနားနေတာလား။ ယန်နယ်မြေမှာ ဆုံးရှုံးသွားတဲ့ ပြည်သူငါးသိန်းအတွက် လက်စားချေဖို့ မေ့သွားပြီလား။ " ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က အတွေးလွန်နေပါပြီ။ ကျုပ်က အဲ့ဒီလိုရည်ရွယ်ချက် လုံးဝမရှိပါဘူး။ " ဝမ်ဝမ်က ချက်ချင်း ပြန်ငြိမ်သွားသည်။
ယန်နယ်မြေမှ ပြည်သူများအတွက် နန်းတော်တစ်ခုလုံးက ဒေါသထွက်နေကြသည်။ တုန်ဟူလူမျိုးများက မြို့များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျောက်ဖုန်း ပိုသတ်လျှင်တောင် ၎င်းက ထိုက်တန်ပေသည်။
" အခု စစ်သေနာပတိချုပ်ကျောက်ဖုန်းက တုန်ဟူလူမျိုးတွေကို သတ်ပြီး သူတို့ ရိက္ခါတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီဆိုတော့ တိုက်ပွဲက အဆုံးသတ်သွားပြီထင်တယ်။ သူပြန်လာဖို့ မကြာလောက်တော့ဘူး။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းက ပြမ်လာဖို့ သိပ်မလွယ်မှာ စိုးရိမ်ရတယ်။ " ယွီလျောင်က ရုတ်တရက် ပြောလိုက်သည်။
ရင်ကျန့်၏ အကြည့်က ယွီလျောင်ဆီသို့ ရောက်သွားသည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တုန်ဟူလူမျိုးတွေကို သတ်ခဲ့တာ အောင်မြင်မှုတစ်ခုဆိုပေမယ့် တုန်ဟူလူမျိုးတွေက မြက်ခင်းလွင်ပြင်ကို လွှမ်းမျိုးထားပြီး အခြားမျိုးနွယ်စုတွေကို ဖိနှိပ်ထားတယ်။ သူတို့လူအားလုံးက စစ်သည်တွေဖြစ်တာမလို့ စစ်သည်သိန်းချီကို ခဏအတွင်း စုစည်းနိုင်တယ်။ အခု တုန်ဟူတွေက အကြီးအကျယ် ဆုံးရှုံးသွားတော့ တုန်ဟူဘုရင်က စစ်သေနာပတိချုပ်ကို ဖမ်းဖို့ စစ်တပ်တွေ စေလွှတ်မှာ သေချာတယ်။ ဝိုင်းခ့ပရမယ့် အန္တရာယ်ရှိနေတယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
" ဒီတစ်ခါတော့ ငါတို့ ချင်နိုင်ငံက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ သတင်းစကားက အလွယ်တကူ မရောက်နိုင်တော့ ကျောက်ဖုန်းက နောက်ထပ် ဘာဆက်လုပ်မလဲ ကြည့်ရတော့မှာပဲ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး စိတ်ချပါ။ တုန်ဟူနယ်မြေထဲကို စစ်သည်တစ်သောင်းတည်းနဲ့သွားတာ ကျောက်ဖုန်းရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။ မြက်ခင်းလွယ်ပြင်မှာ စစ်သည်တစ်သောင်းကို အလွယ်တကူ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ကျောက်ဖုန်းက ဒီကိစ္စကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ပြောလိုက်သည်။
" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " တုန်ဟူနယ်မြေက လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်ထားပါ။ ယန်နယ်မြေမှာ တပ်စွဲထားတဲ့ တုဆွေနဲ့ လီယောင်တို့က အမိန့်ပေးလိုက်။ ကျောက်ဖုန်း တုန်ဟူတွေရဲ့ ဝိုင်းတိုက်ခိုက်တာ ခံရတယ်လို့ သတင်းရရင် အမိန့်စောင့်မနေဘဲ ကိုယ်တိုင်လှုပ်ရှားကြ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျောက်ဖုန်းကို ပြန်ခေါ်ဖို့ တုန်ဟူနယ်မြေထဲကို စစ်တပ်တွေ စေလွှတ်လိုက်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယွီလျောင်က အမိန့်ကို လက်ခံလိုက်သည်။
ဝန်ကြီးများက ပြန်လည်ထွက်ခွာသွားကြသည်။
" ကျောက်ဖုန်း မင်းအသက်ရှင်လျက် ပြန်လာရမယ်။ မင်းပြန်လာရင်တော့ ငါမင်းကို သေချာပေါက် ဆူရမှာပဲ။ မင်းက မင်းအသက်ကို တန်ဖိုးမထားဘူး။ " ရင်ကျန့်က စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။ ဖခင်တစ်ယောက်အနေဖြင့် သူက သူ၏ သားကို အလွန်စိတ်ပူနေသည်။
မြောက်ဘက် မြက်ခင်းလွင်ပြင်။
တုန်ဟူလူမျိုးထောင်ချီ၏ အလောင်းများက မြေပြင်တွင် ပြန့်ကျဲနေပြီး ပတ်ပတ်လည်တွင် ချင်စစ်သည်များ ရှိနေသည်။ သူတို့၏ လက်နက်များပေါ်မှ သွေးများစီးကျနေပြီး ယခုမှ တိုက်ပွဲပြီးသွားသည်မှာ ထင်ရှားသည်။
" စစ်သေနာပတိချုပ် တုန်ဟူလူမျိုး ၃၇၀၀ သေဆုံးသွားပါပြီ။ ဒါပေမယ့် သူတို့ပုံစံကို ကြည့်ရင် သူတို့အားလုံးက ရှေ့ပြေးတပ်ဖွဲ့တွေ ဖြစ်ပုံပဲ။ အဓိကတပ်ဖွဲ့မဟုတ်ဘူး။ " ကျန်းဟန်က ပြောလိုက်သည်။
" ငါတို့တပ်ဖွဲ့က တုန်ဟူနယ်မြေထဲကို ဝင်လာတာ နှစ်လကျော်ပြီ။ မျိုးနွယ်စုဆယ်ခုကျော်ကို ဖျက်ဆီးပြီး တုန်ဟူလူမျိုးတွေကို သတ်ဖြတ်ခဲ့တယ်။ တုန်ဟူတွေက ဒီလိုဆုံးရှုံးမှုကို ခံနိုင်မှာမဟုတ်ဘူး။ သူတို့က စစ်တပ်ကို စုစည်းပြီး ငါတို့ကို ဝိုင်းတိုက်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ " ကျန်းဟန်က ရိုသေစွာ မေးလိုက်သည်။
" စစ်သည်နှစ်ထောင် အဆင်သင့်ဖြစ်ပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အဆင်သင့်ဖြစ်ပါပြီ။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" အဲ့ဒီစစ်သည်နှစ်ထောင်က တုန်ဟူစစ်သည်တွေကို တုန်အန်ရဲ့ အရှေ့ဘက်ကို မျှားခေါ်သွားလိမ့်မယ်။ အဲ့ဒီစစ်သည်နှစ်ထောင်ကို မင်းကိုယ်တိုင်ဦးဆောင်ရမယ်။ တစ်ချက်မှားတာနဲ့ တုန်ဟူစစ်သည်တွေ ဝိုင်းတာခံရပြီး အားလုံးသုတ်သင်ခံရလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ချင်စစ်သူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်က သေမှာမကြောက်ပါဘူး။ စစ်သေနာပတိချုပ်နဲ့အတူ တိုင်းတစ်ပါးမျိုးနွယ်တွေကို သတ်ပြီး ရှန်ကျိုးကို ငြိမ်းချမ်းစေရင် ဒါက ထိုက်တန်ပါတယ်။ " ကျန်းဟန်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဒါပေမယ့် ငါမင်းတို့ကို အဆုံးရှုံးမခံနိုင်သေးဘူး။ မင်းတို့အားလုံး အသက်ရှင်ရမယ်။ မင်းတို့တာဝန်က တုန်ဟူလူမျိုးတွေကို မျှားခေါ်ဖို့ပဲ သူတို့ကို တိုက်ခိုက်မနေနဲ့။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ တုန်ဟူတပ်ဖွဲ့တွေ မကြာခင် ရောက်လာတော့မယ်။ ထွက်ခွာကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းဟန်က ဦးညွှတ်လိုက်သည်။
ကျောက်ဖုန်းက ချင်စစ်သည်နှစ်ထောင်ဘက်သို့ လှည့်လိုက်သည်။
" ညီအကိုတို့ ဒီနေ့က အဆုံးအဖြတ်ပေးမယ့် အချိန်ရောက်လာပြီ။ မင်းတို့ တုန်ဟူစစ်တပ်ကို မျှားခေါ်သွားရင် ငါက တုန်ဟူနန်းတော်ကို ထိုးဖောက်ဝင်ရောက်မယ်။ ဒီတိုက်ပွဲမှာ ငါ မင်းတို့နဲ့အတူ မျိုးနွယ်စုဆယ်ခုကျော်ကို ဖျက်ဆီးပြီး တုန်ဟူလူမျိုးတွေကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ငါတို့ တုန်ဟူနန်းတော်ကို ဖျက်ဆီးနိုင်ရင် တုန်ဟူနိုင်ငံက ငါတို့ရှန်းကျိုးနယ်မြေကို ငါးနှစ်လောက် တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး။ ဒီတိုက်ပွဲကို အောင်မြင်ရင် စစ်သည်အားလုံး ဂုဏ်ယူမှုကို ခံစားရမယ်။ မင်းတို့က ချင်နိုင်ငံရဲ့ သူရဲကောင်းတွေ ဟွာရှလူမျိုးတွေရဲ့ သူရဲကောင်းတွေပဲ။ "
" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်လို့ ကျိန်ဆိုပါတယ်။ " စစ်သည်နှစ်ထောင်က လှံများကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။
" ကျန်းဟန် မင်းကိုယ်တိုင် တပ်ဖွဲ့ကို ဦးဆောင်သွားပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" စစ်သေနာပတိချုပ် ဂရုစိုက်ပါ။ " ကျန်းဟန်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ဂရုစိုက်ပါ။ " စစ်သည်နှစ်ထောင်ကလည်း ဦးညွှတ်လိုက်ကြသည်။
" စစ်သည်တို့ သွားမယ်။ " ကျန်းဟန်က စစ်သည်နှစ်ထောင်ကို ဦးဆောင်ပြီး ထွက်ခွာသွားသည်။
တစ်ချိန်တည်းတွင် စစ်သည်နှစ်ထောင်က ယခင်တိုက်ပွဲများမှ ဖမ်းဆီးရမိသော စသ်မြင်းတစ်သောင်းကျော်ကို စစ်သည်နှစ်ထောင်က မောင်းနှင်သွားကြသည်။ မြေပြင်ပေါ်တွင် စစ်မြင်းများ၏ ခြေရာများ ကျန်နေခဲ့သည်။ ၎င်းက ကျောက်ဖုန်း၏ ရည်ရွယ်ချက်ဖြစ်သည်။
ကျန်းဟန်က စစ်သည်နှစ်ထောင်နှင့်အတူ ငါးစာအဖြစ် သုံးပြီး တုန်ဟူစစ်တပ်ကို အရှေ့ဘက်သို့ မျှားခေါ်မည်ဖြစ်သည်။ ကျောက်ဖုန်းက ကျန်သော စစ်သည်များကို ဦးဆောင်ပြီး တုန်ဟူနန်းတော်ကို အလစ့ဝင်တိုက်မည်ဖြစ်သည်။
" တုန်ဟူနန်းတော်ကို ချီတက်မယ်။ နောက်တန်းတပ်ဖွဲ့မှာ စစ်သည်ငါးရာနေခဲ့ပြီး ခြေရာတွေ ဖောက်ခဲ့ကြ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ " တပ်မှူးများက ပြောလိုက်ပြီး တပ်ဖွဲ့နှစ်ခု ခွဲထွက်သွားသည်။
တုန်ဟူစစ်တပ်။
" အရှင်မင်းကြီး ချင်စစ်တပ်ရဲ့ ခြေရာကို တွေ့ပါပြီ။ ချင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီးတဲ့နောက် ရှေ့တန်းတပ်ဖွဲ့က စစ်သည်အနည်းငယ်ပဲ ပြန်ရောက်လာပါတယ်။ " တုန်ဟူစစ်သည်တစ်ယောက်က လျင်မြန်စွာ ရောက်လာသည်။
" နောက်ဆုံးတော့ ဒီလူယုတ်မာတွေကို ဖမ်းမိပြီ။ " တုန်ဟူဘုရင်၏ မျက်လုံးများက တောက်ပသွားသည်။
လအနည်းငယ်အတွင်း ချင်စစ်တပ်က မျိုးနွယ်စုများစွာကို သတ်ဖြတ်ပြီး ဖျက်ဆီးသွားခဲ့သည်။ တုန်ဟူစစ်တပ်များကို ဖြန့်ကျက်ထားသော်လည်း ကောက်ရိုးပုံ အပ်ရှာနေသကဲ့သို့ ရှာမတွေ့နိုင်ခဲ့ပေ။
" အရှင်မင်းကြီး အမိန့်ပေးပါ။ ကျွန်တော် ဒီအချက်ကို ဆေးကြောပြီး ချင်စစ်တပ်ကို ချေမှုန်းပစ်ချင်ပါတယ်။ " တရှုံက မုန်းတီးမှုများဖြင့် ပြောလိုက်သည်။
" ဒီတစ်ခါ သူတို့ လွတ်မှာ မဟုတ်တော့ဘူး။ ငါတို့ တပ်ဖွဲ့တွေ ဖြန့်ကျက်ထားပြီးပြီ။ သူတို့ တောင်ပံပေါက်နေရင်တောင် မလွတ်နိုင်တော့ဘူး။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့