ဖြေရှင်းချက်တောင်းဆိုမှု
Vol. 97 Ch. 1353
တောင်ပင်လယ်လောက၏အသံက တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံး၏ စိတ်ထဲသို့ ဝင်ရောက်ပဲ့တင်ထပ်နေပြီး ကျင့်ကြံသူအပေါင်းသည် မည်သည့်အရာကိုလုပ်နေစေကာမူ ရပ်လိုက်ကြ၏။ တစ်လောကလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
မကြာမီ မျက်လုံးများကား တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာကြတော့သည်။ ထိုမျက်ဝန်းများထဲ၌ တည်ရှိခဲ့သော ထိတ်လန့်ကြောက်ရွံ့မှုနေရာတွင် သူတို့၏စိတ်ဓာတ်အားမာန်ကို ထင်ဟပ်ပြနေသော အလင်းရောင်တို့ အစားထိုးဝင်ရောက်လာခဲ့လေပြီ။
သူတို့သည် တိတ်ဆိတ်နေကြသော်လည်း လုပ်ဆောင်နေခဲ့သော အရေးကြီးတာဝန်များကို ခပ်သွက်သွက် ပြန်လုပ်နေကြ၏။
ပါရာဂွန်ပင်လယ်အိပ်မက်နှင့် တောင်ပင်လယ်သခင်များ၏ ညွှန်ကြားချက်များနှင့်အညီ ပထမတောင်ပင်လယ်က ပထမဆုံးခံစစ်ကြောင်း ဖြစ်လာသည်။ ထိုမျှသာမက မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများနှင့် တားမြစ်မန္တန်များသည် ဧရာမတားမြစ်မန္တန်ဝင်္ကပါကြီးတစ်ခုဖြစ်လာသည့်တိုင်အောင် စီရင်ခံထားရ၏။
ပထမပင်လယ်၏ ပင်လယ်နေသတ္တဝါများလည်း စစ်ပွဲ၏တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး သူတို့၏သေရေးရှင်ရေးမှာ စိုးရိမ်ရသောအခြေအနေတွင်ဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ဟာကွက်မရှိအောင် ပြင်ဆင်နေကြလေသည်။
ကျန်တောင်ပင်လယ်ရှစ်ခုနစ်အနက် တောင်ပင်လယ်တစ်ခုစီသည်လည်း အရန်ခံစစ်ကြောင်းတစ်ကြောင်းစီအဖြစ် နေရာယူထားကြ၏။
တောင်ပင်လယ်လောက စစ်ပွဲအတွက် ပြင်ဆင်နေစဉ် မန်ဟိုက ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ လဝက်ကြာသော် သူသည် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်၏။
တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် သူ တွေ့ချင်သော လူတစ်ယောက်ရှိသည်၊ ထိုနည်းတူ နဝမတောင်ပေါ်တွင်လည်း တစ်ယောက်ရှိသည်...
ပထမတစ်ယောက်က ... ရွှေတုန်းလျှိုပင်။
ရွှေတုန်းလျှိုက သူ့အဘိုး ဟိုးတစ်ချိန်ကတည်းက သိခဲ့သော အပြင်သူဖြစ်ကြောင်း ဘိုးဘိုးမန်ထံမှ သူ သိခဲ့ရသည်။ နှစ်ပေါင်းများစွာတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးကြည့်ပြီး အပိုင်းအစများကို ဆက်စပ်ကြည့်ပြီးနောက်တွင် ရွှေတုန်းလျှိုမှာ မြင်ရသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်သေးကြောင်း မန်ဟို သေချာလာသည်။
အမှန်တွင် တောင်ပင်လယ်လောကတစ်ခုလုံးနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကြီးတစ်ခုပင်.... ရွှေတုန်းလျှိုနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ ခံစားနေရသည်။
“ရွှေတုန်းလျှိုက စကားတစ်ခွန်းတည်းနဲ့ ငါ့အဘိုးကို အဋ္ဌမတောင်ပင်လယ်သခင်ဖြစ်လာစေတယ်။ သူက ... တကယ်ပဲ ဘယ်သူများလဲ
“ဘိုးဘိုးမန်ပြောပုံအရဆို ... ဘိုးဘိုးဖန်က တောင်ပင်လယ်လောကမှာ မဟုတ်ဘူးဆိုတော့ ... ဧကန္တ ...” မန်ဟိုက ခေါင်းမော့ကြည့်လိုက်သည်။ သူ့အကြည့်သည် ခံစစ်ကြောင်းရှစ်ကြောင်းကို ထိုးဖောက်၍ ကောင်းကင်ဘုံ ၃၂ ဘုံသို့ ရောက်ရှိသွား၏။
တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် တစ်လကျော်အနားယူခဲ့သည့်အတောအတွင်း မန်ဟိုသည် ရွှေတုန်းလျှိုကို ရှာဖို့ သူ၏နတ်ဘုရားအာရုံကို တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်းသို့ ဖြန့်ကျက်ခဲ့၏။ ရွှေတုန်းလျှို တစ်နေရာရာတွင် ရှိနေကြောင်း သူ သေချာသိသည်။
သို့သော် သူ၏တည်နေရာအစစ်အမှန်နှင့်ပတ်သက်၍ သဲလွန်စလေးပင် မရခဲ့ပေ။ အဆုံးသတ်တွင် သူ့မှာ သက်ပြင်းသာချလိုက်ရသည်။ သူ၏အာရုံကို ယုံသော်လည်း သဲလွန်စမတွေ့သည့်အတွက် သူသည် မိဘနှစ်ပါးနှင့်အသိမိတ်ဆွေများကို နှုတ်ဆက်ထွက်ခွာလာခဲ့၏။ ထွက်လာလျှင်ချင်း သူက တောင်ကောင်းကင်ဂြိုဟ်၏အပြင်နားတွင် ပျံဝဲလျက် အောက်ပြန်ငုံ့ကြည့်လိုက်သည်။
“ငါနဲ့ မတွေ့ချင်ဘူးပေါ့လေ ဟမ်” မန်ဟိုက အေးစက်စွာ ဆိုသည်။
ထိုအခိုက်အတန့်မှာပဲ တောင်ကောင်းကင်ဂြိုဟ်ပေါ်က တောင်မြင့်မြင့်တစ်လုံး၏ထိပ်တွင် ရွှေတုန်းလျှိုသည် မန်ဟို့ကို မော့ကြည့်နေ၏။
ကြည့်ရသရွေ့ သူက မန်ဟို့ကို မြင်နိုင်သော်လည်း မန်ဟိုကတော့ သူ့ကို မမြင်နိုင်သယောင်ပင်။
မန်ဟိုသည် အတန်ကြာပျံဝဲနေပြီးနောက် မျက်လုံးများ လင်းလက်တောက်ပလာ၏။ သူက ဘယ်မျက်လုံးဖြင့် မျက်တောင်ကိုးကြိမ် ဆက်တိုက်ခတ်လိုက်ရာ သူ၏အမြင်သည် ပြောင်းလဲပြီး ပုံကြီးချဲ့လာ၏။ မကြာမီ အောက်ရှိမြေပြင်အားလုံးကို အသေးစိတ်မြင်နိုင်သွားလေပြီ။
ရုတ်တရက် သူက ဖျတ်ခနဲ ပျောက်ကွယ်ကာ အံ့အားသင့်ဖွယ်ကောင်းစွာနှင့်.... တောင်ထိပ်ပေါ်က ရွှေတုန်းလျှို၏အရှေ့တည့်တည့်တွင် ရပ်နေလေပြီ။
ရွှေတုန်းလျှိုသည် တုန်တုန်မှမလှုပ်သော်လည်း မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်ဝန်းထဲ၌ အံ့အားသင့်နေသော အရိပ်အယောင်ကို မြင်ရနိုင်သည်။
သို့သော် .. မန်ဟိုမှာ သူ့အရှေ့တွင် မည်သည့်အရာကိုမှ မမြင်ရပေ။ ဤတောင်သည် ရွှေတုန်းလျှိုနှင့် ကံချင်းဆက်စပ်နေသကဲ့သို ထူးဆန်းသောခံစားချက်ကိုသာ သူ ရရှိနေ၏။
ထိုနေရာတွင် တိတ်ဆိတ်စွာ ခေတ္တရပ်နေပြီးနောက် မန်ဟိုက သက်တောင့်သက်သာ ပြုံးလိုက်သည်။ နောက်ဆုံးတော့ ရွှေတုန်းလျှိုကို လိုက်ရှာမည့်စိတ်ကူးကို လက်လျှော့၍ သူက သူ့အရှေ့ရှိ လေထုကို လက်ယှက်အရိုအသေပေးလိုက်သည်။
“စီနီယာက ကျွန်တော့်ကို အခုမတွေ့ချင်မှတော့ ကျွန်တော် ထွက်သွားပါတော့မယ်။ စီနီယာ ကျွန်တော့်အပေါ် ပြသခဲ့တဲ့ ကြင်နာမှုတွေကို ဘယ်တော့မှ မမေ့ပါဘူး။ ခင်ဗျားရဲ့ အစီအစဉ်က ဘာမှန်း ကျွန်တော်မသိပေမယ့် .. တောင်ပင်လယ်လောကက အခု အားနည်းနေပါတယ်။ ဒါကြောင့် ... ကျေးဇူးပြုပြီး မီးနဲ့ကစားရင်း အလောင်မခံပါနဲ့ဗျာ” သူပြောလိုက်သောစကားလုံးများက သွေးအေးပြီး သူ့ထံမှ အေးစက်သောအငွေ့အသက်တို့ ထုတ်လွှတ်နေသည်။ ကြယ်တာရာကောင်းကင်ထက်ရှိ ပါရာဂွန်ရုပ်သေးရုပ်ပင်လျှင် ထိုတောင်ထိပ်အပေါ်သို့ အအေးဓာတ်တို့ ပို့လွှတ်နေသယောင်ပင်။
ထို့နောက် မန်ဟိုသည် ခေါင်းပြန်မော့၍ တောင်ထိပ်ကို အဖက်မလုပ်တော့ဘဲ သူ့လမ်းသူ ထွက်သွားတော့၏။ သူက တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေသည်။
သူ ထွက်သွားစဉ် ရွှေတုန်းလျှိုသည် ရပ်လျက်ကျန်ခဲ့ပြီး ချီးကျူးနေသောအရိပ်အယောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ တခဏကြာသော် သူက ပြုံးလိုက်သည်။
“ကောင်လေး” သူ့အပြုံးသည် ပို၍တောက်ပလာ၏။ “နောက်ဆုံးတော့ မင်း အရွယ်ရောက်လာပြီပဲ.... အစွယ်လည်း ပေါက်လာပြီပေါ့လေ။ ကိုယ့်အိမ်ကို ကာကွယ်ရမှာကိုလည်း နားလည်လာပြီ။ ကောင်းတယ် ကောင်းတယ်.....
“တောင်ပင်လယ်လောကနဲ့ပတ်သက်ပြီးကတော့ ... ငါက မင်းထက်ပိုပြီး ဂရုစိုက်တယ်လို့သာ ပြောကြတာပေါ့။ ဘယ်သူမဆိုထက်ကို ပိုပြီး ဂရုစိုက်တာပါ....”
တောင်ကောင်းကင်ဂြိုဟ်၏အပြင်တွင် မန်ဟိုသည် ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြတ်သွားနေ၏။ နဝမတောင်ပင်လယ်တစ်ဝန်းတွင် ကျင့်ကြံသူများမှာ ဂြိုဟ်များနှင့် မြေထုများကို ဖန်ဆင်းနေကြသည်။
ထိုဂြိုဟ်များနှင့် မြေထုများအပေါ်တွင် စုဝေးနေကြသည်မှာတော့ တောင်ပင်လယ်လောက၏ သေမျိုးများနှင့် ကျင့်ကြံသူများ၏ သွေးဆက်များ ဖြစ်ကြသည်။
သို့သော် ဤနေရာတွင် တောင်ပင်လယ်သခင်တစ်ဦးသာ ရှိပြီး ယင်းက ကျီတျန်းပင်။ ပါရာဂွန်ပင်လယ်အိပ်မက်က သူ့ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ ဤနေရာ၏ စောင့်ရှောက်သူအဖြစ် ခန့်အပ်ခဲ့သည်။
မန်ဟိုက လွန်စွာပြောင်းလဲသွားသော နဝမတောင်ပင်လယ်ကို ကြည့်နေပြီး နောက်ဆုံးတွင် သူ့အကြည့်က တောင်တစ်လုံးအပေါ် ကျရောက်သွားသည် .... နဝမတောင်။
ထိုနေရာတွင် သူ သွားတွေ့ချင်သည့် လူတစ်ယောက်ရှိသည်။ ထိုနှင့် ကံကြွေးပတ်သက်မှုကိုလည်း အဆုံးသတ်ရမည်။ ထိုလူကား ကျီတျန်းမှတစ်ပါး အခြားမဟုတ်။
ကျီတျန်းသည် ဖန်ရှုံ့ဖုန်း တာအိုအဆင့်တက်လှမ်းရာတွင် နှောင့်ယှက်ခဲ့သည်သာမက အဋ္ဌမတောင်ပင်လယ်၌ မန်ဟို့ကို ပူးကပ်ဖို့လည်း ကြိုးစားခဲ့၏။ ထိုအရာများကြောင့် သူတို့နှစ်ယောက်အကြားရှိ ကံကြွေးမှာ အမျိုးမျိုးပြောင်းလဲနေခဲ့ပြီး ခိုင်မာနေသည်။
မန်ဟိုသည် နဝမတောင်သို့ ဦးတည်၍ လှေကားထစ်များအတိုင်း တောင်ထိပ်အပေါ် တက်သွား၏။ မကြာမီ တောင်၏အမြင့်ဆုံးအပိုင်းသို့ သူ ရောက်သွားခဲ့လေပြီ။
ရွှမ်းဝူလိပ်တစ်ကောင် အိပ်နေသော နတ်ရေကန်တစ်ကန်ကို ထိုနေရာတွင် မြင်ရနိုင်သည်။ ကန်ဘေးတွင် ခရမ်းဝတ်ရုံနှင့် အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ သူ၏မျက်လုံးများသည် တိမ်ကင်းစင်သော ကောင်းကင်ပမာ ရှင်းလင်းတောက်ပနေပြီး အဆုံးမဲ့ကံကြွေးကို သူ့ကိုယ်ပေါ်တွင် မြင်ရနိုင်၏။
မန်ဟို ထိုလူ့ကို မြင်လျှင်ချင်း ... ကျီတျန်းမှန်း တန်းသိလိုက်သည်။
သူသည် သခင်လီ၏ လက်ရုံးဖြစ်ခဲ့သူ၊ ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူက နဝမတောင်ပင်လယ်သခင်လည်း ဖြစ်ပေသည်။
ကျီတျန်းတစ်ယောက်တည်းမဟုတ်။ သူ့အနောက်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေသည်။ အမျိုးသားကို တစ်ခါမှမမြင်ဖူးသော်လည်း သူ့တွင် ထူးချွန်ပြောင်မြောက်သော ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိကြောင်း မန်ဟို မြင်လိုက်ရသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်ဝန်းများတွင် လေးစားမှုတို့ ပေါ်လွင်နေပြီး သူက ၎င်းကို ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း မန်ဟို့အနေဖြင့် ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
အမျိုးသမီးကို ကြည့်လိုက်သည်နှင့် သူမကို ချက်ချင်း မန်ဟို မှတ်မိသည်။ ကျီယင်။ ကျီယင်သည် မန်ဟို့မြင်လျှင် သူမ၏မျက်ဝန်းလေးများ၌ တွေဝေရှုပ်ထွေးသောအရိပ်အယောင် ပေါ်လာပြီး မှုန်ကုပ်သွား၏။
မန်ဟိုက ကျီတျန်းကို တည်ငြိမ်စွာ ကြည့်ရင်း သူ့ဆီ လျှောက်သွားပြီး အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ကန်ရေထဲရှိ ရွှမ်းဝူလိပ်ကို ငုံ့ကြည့်ပြီး ရုတ်တရက် သူ၏မျက်လုံးများ တောက်ပလာသည်။
“မြင်ရတယ်ပေါ့” ကျီတျန်းက ပြုံးရင်း ပြောသည်။ “အမှန်ကို ဖုံးကွယ်လို့မရဘူးဆိုတာ ငါ သိပါတယ်။ ငါ့မှာ မင်းရဲ့အမျက်ကို ဖြေနိုင်ပါ့မလားလို့ပဲ မေးစရာရှိပါတယ် တောင်ပင်လယ်အိမ်ရှေ့မင်းသား”
မန်ဟိုက မျက်လုံးများတောက်ပနေလျက် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ မြင်လိုက်ရသည်မှာ အစွမ်းထက်ကံကြွေးအမျှင်များစွာက ကျီတျန်းနှင့် ရွှမ်းဝူလိပ်ကို ချည်နှောင်ဆယ်သွယ်ထားသည်ကိုပင်။ ထိုဆက်သွယ်မှုက သာမန်တောင်ပင်လယ်သခင်နှင့် ရွှမ်းဝူလိပ်အကြားက ဆက်သွယ်မှုထက် ပိုမိုခိုင်မာနေသည်။ အမှန်တွင် ကျီတျန်းနှင့် ရွှမ်းဝူလိပ်၏အသက်စွမ်းအားတို့ကား အချင်းချင်းလိမ်ယှက်နေသယောင်ပင် ထင်ရသည်။
ထိုမျှသာမက ကျီတျန်းက လွှမ်းမိုး၍ ရွှမ်းဝူလိပ်ကို သူနှင့်ချိတ်ဆက်ထားသော အခြေအနေမဟုတ်။ ထိုအစား ကျီတျန်းသည် လွှမ်းမိုးခံထားရ၏။
ရွှမ်းဝူလိပ်သာ သေလျှင် ကျီတျန်းလည်း သေမည်။ သို့သော် ကျီတျန်းသေလျှင်တော့ ရွှမ်းဝူလိပ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်။ ကျီတျန်းသေလျှင် ရွှမ်းဝူလိပ်က သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စုပ်ယူနိုင်သွားပြီး အတိုက်အခိုက်စွမ်းရည် တိုးတက်သွားလိမ့်မည်။
ထိုအချက်က ကျီတျန်းသည် နဝမတောင်ပင်လယ်နှင့်အတူ ရှင်မည်၊ နဝမတောင်ပင်လယ်နှင့်အတူ သေမည်ဟု သစ္စာဆိုထားကြောင်း သက်သေထူသည်။
မန်ဟိုက အခြေအနေကို အကဲခတ်ပြီးနောက် ကျီတျန်း၏မျက်ဝန်းများကို စိုက်ကြည့်သည်။ “ဘာကြောင့် ဒီလိုလုပ်ထားတာလဲ”
ကျီတျန်းသည် မန်ဟို့ကို ပြန်ကြည့်ပြီး နဝမတောင်ပင်လယ်သခင်တစ်ဦး ရှိသင့်ရှိထိုက်သော မာန်ဖြင့် ပြော၏။ “မေးတဲ့မေးခွန်းက မှားနေတယ် အိမ်ရှေ့မင်းသား။ ကဲ ငါတို့ကြားက ကိစ္စလေးတွေကို ရှင်းကြတာပေါ့။ ငါ့မှာ မင်းတို့ဖန်မျိုးနွယ်စုနဲ့ ရန်ငြိုးရှိတယ် ။ ဒါ့အပြင် ငါ့ကို သစ္စာခံကြတဲ့ ဂိုဏ်းတွေမျိုးနွယ်စုတွေ နဝမတောင်ပင်လယ်မှာ အများကြီးရှိပေမယ့် အများစုက ငါ့ကို ကြောက်ကြတာ၊ မလေးစားကြဘူး
“ဒါပေမဲ့ နဝမတောင်ပင်လယ်သခင် ဖြစ်လာတဲ့နောက်ပိုင်း ငါဟာ လူသားမဆန်တဲ့အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ နဝမတောင်ပင်လယ်ကို စည်ပင်တိုးတက်လာအောင် ငါ မဦးဆောင်နိုင်ကောင်း မဦးဆောင်နိုင်လိမ့်မယ် ဒါပေမဲ့ ချွတ်ခြုံကျအောင်လည်း ငါ မလုပ်ခဲ့ဘူး
“ပြီးတော့ ဒီနေရာမှာ ရွေးချယ်ခံတွေတစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့ကြတယ်။ ဘယ်ဂိုဏ်းကဖြစ်စေ၊ ဘယ်မျိုးနွယ်စုကဖြစ်စေ အဲဒီရွေးချယ်ခံတစ်ယောက်ကိုမှ ငါ မသတ်ခဲ့ဖူးသလို၊ မျိုးဖြုတ်တာမျိုးလည်း မလုပ်ခဲ့ဖူးဘူး
“လူပေါင်းများစွာကို အတုအယောင်အင်မော်တယ်ဖြစ်လာစေခဲ့တဲ့ ငါရဲ့အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်ကြောင့် ကျီမျိုးနွယ်စု အင်အားကြီးမားလာတာ မှန်တယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ငါ့အနေနဲ့ နဝမတောင်ပင်လယ်ကို ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူး။ လုပ်ခဲ့တာဆိုလို့ ငါ့လူတွေကို အင်မော်တယ်အဆင့်တက်နိုင်အောင် မျှော်လင့်ချက်နဲ့အခွင့်အရေး ပေးခဲ့တာပဲ ရှိတယ်
“ဖန်မျိုးနွယ်စုကတော့ ငါ သူတို့ကို ပစ်မှတ်ထားခဲ့ဖူးတဲ့ တစ်ခုတည်းသောအကြောင်းရင်းကလည်း ငါတို့မျိုးနွယ်စုနှစ်စုအကြား တည်ရှိခဲ့တဲ့ ရန်ငြိုးဟောင်းကြောင့်ပဲ
“အဲဒါတောင်မှ အစကနေ ဒီအချိန်အထိ မင်း တာအိုအဆင့် မတက်သေးတဲ့အချိန်မှာ ငါ မင်းကို မတိုက်ခိုက်ခဲ့ဘူး... အဋ္ဌမတောင်ပင်လယ်တုန်းက တစ်ခေါက်ကလွဲလို့”
မန်ဟိုသည် တခဏတွေးပြီးနောက် အေးစက်စက် ပြန်တုံ့ပြန်၏။ “နားထောင်လို့ကောင်းပေမယ့် မလုံလောက်သေးဘူး။ အပြည့်အစုံရှင်းပြဖို့ ကျုပ် တောင်းဆိုတယ်”
ကျီယင်မှာ ဝင်မပါဘဲ မနေနိုင်တော့ပေ။ “မန်ဟို .. နင် နင် သိပ်လွန်လာပြီ။ ခေါင်းဆောင်ကြီး နင်နဲ့နင့်အဖေကို လုပ်ခဲ့တာက သူ့ဆန္ဒမဟုတ်ဘူး တကယ်က ...."
“တော်တော့” ကျီတျန်းက ကျီယင်ကို လက်ကာပြရင်း ပြောသည်။ သူသည် မန်ဟို့ကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်ပုံရ၏။
“အပြည့်အစုံရှင်းပြပေးနိုင်ပါတယ် အိမ်ရှေ့မင်းသား” ထို့နောက် သူက ထရပ်ပြီး လက်ဝှေ့ယမ်းလိုက်ကာ သူ့အရှေ့တွင် ပေါ်လာသော အကွဲကြောင်းတစ်ကြောင်းထဲ ဝင်ရောက်လိုက်သည်။
မန်ဟိုက ကျီယင်ကို လှမ်းကြည့်သည်။ သူမစကားအရ သူ ရိပ်စားမိလိုက်လေပြီ။ သူလည်း အက်ကွဲကြောင်းထဲ ဝင်ရောက်လိုက်ရာ ဒိုင်မန်းရှင်းအငယ်စားတစ်ခုထဲတွင် ပေါ်လာသည်။
ပတ်ဝန်းကျင်သည် သိပ်မကြီးလှ၊ ၎င်းက သင်္ချိုင်းဗိမာန်တစ်ခုဖြစ်သည်။
“အိမ်ရှေ့မင်းသား ၊ ငါ မင်းအပေါ် အကြွေးတင်နေတဲ့ ဖြေရှင်းချက်က ဒီမှာ ရှိတယ်” ကျီတျန်းက အက်ကွဲသောအသံဖြင့် ပြောသည်။
မန်ဟိုသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး စိတ်နှလုံးတုန်လှုပ်သွား၏။ သင်္ချိုင်းဗိမာန်ထဲတွင် ခေါင်းတလားရှစ်ခေါင်း ရှိပြီး မည်သည့်အခေါင်းထဲတွင်မှ အရိုးမရှိပေ။ အရေပြားများသာ ပုံနေသည်။
မန်ဟို့မျက်လုံးများကို လင်းလက်လာစေသော ကံကြွေးစွမ်းအားလည်း ရှိနေသည်။ မည်ကဲ့သို့သော မဟာမှော်အစွမ်းမျိုးကို အသုံးပြုထားသည်လဲ မဆုံးဖြတ်နိုင်သေးသော်လည်း ဤနေရာ၏ ယေဘုယျလုပ်ဆောင်ချက်ကို မန်ဟို နားလည်ရန် တခဏသာ ကြာလိုက်သည်။
“ကိုယ်ပွားပူးကပ်ခြင်းမျိုးပဲ" သူက ပြောသည်။ “ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ခြင်း... ပူးကပ်ခြင်းရှစ်ခုက ... အသက်ရှစ်သက်လိုပဲ။ ကြည့်ရတာ ကျီတုန်ယမ်းက ခင်ဗျားရဲ့ ရှစ်သက်မြောက်ထင်တယ်။ သူက ကျုပ်ကို ကိုးသက်မြောက်ဖြစ်အောင် လုပ်ဖို့ ပူးကပ်ချင်ခဲ့တာ
“ဒါကြောင့် ခင်ဗျား ကျုပ်ကို ပြောချင်တာက ခင်ဗျားထုတ်လွှတ်ခဲ့တဲ့ နတ်ဘုရားမှော်အစွမ်းက ခင်ဗျားကို ထိန်းချုပ်နိုင်သွားပြီး ကျုပ်တွေ့ခဲ့ရတဲ့ ‘ခင်ဗျား’က ခင်ဗျားအစစ်မဟုတ်ဘူး။ ကျီတုံယမ်း သေသွားတဲ့နောက်မှာမှ မှော်အစွမ်းပြိုကွဲသွားလို့ ခင်ဗျား သတိပြန်လည်လာတယ် အဲဒီလိုလား” သူက ကျီတျန်းကို လှမ်းကြည့်လိုက်သည်။