ကောင်းကင်ဘုံ ၃၂ ဘုံ ရောက်လာပြီ
Vol. 97 Ch. 1354
ကျီတျန်းသည် ပြန်မဖြေဘဲ တိတ်ဆိတ်စွာ တခဏရပ်နေပြီးနောက် သက်ပြင်းချရင်း ရှုပ်ထွေးနေသောခံစားချက်များဖြင့် သင်္ချိုင်းဗိမာန်ကို ကြည့်လိုက်၏။
“ခဲယွင်ဟိုင်က မျိုးဆက်တစ်ဆက်လုံးရဲ့ သူရဲကောင်းပဲ... သူရဲ့ ဝိညာဉ်ပြန်ရှင်သန်ခြင်းမှော်အစွမ်းက ခဲကျုံစစ်အတွက် အလုပ်ဖြစ်ခဲ့ပေမယ့် အဲ့ကျင့်စဉ်ကို ရခဲ့တာတောင်မှ ငါ့အတွက် မှန်မှန်ကန်ကန် အလုပ်မဖြစ်ခဲ့ဘူး”
ဤမှော်အစွမ်း၏အငွေ့အသက်က ဘာကြောင့်ရင်းနှီးနေမှန်း နားလည်လိုက်သဖြင့် မန်ဟိုမှာ စိတ်နှလုံးချာချာလည်သွားတော့သည်။ ၎င်းက ခဲယွင်ဟိုင် ပြောခဲ့သော ဒဏ္ဍာရီလာ ဝိညာဉ်ကူးပြောင်းကျင့်စဉ်ပင်။
“အိမ်ရှေ့မင်းသား ဒီဖြေရှင်းချက်ကို ကျေနပ်ပါရဲ့လား” ကျီတျန်းက ဖြေးညင်းစွာ ပြောသည်။
မန်ဟိုက လက်ဝှေ့ယမ်းကာ သူတို့ရောက်နေသော အငယ်စားဒိုင်မန်းရှင်းကို သူ့လက်ဝါးပြင်ထက်တွင် အလင်းစက်အလေးအရွယ်အထိ ချုံ့လိုက်သည်။ ထို့နောက် သူနှင့်ကျီတျန်းသည် နဝမတောင်ပင်လယ်တွင် ပြန်ပေါ်လာကြ၏။
ကျီတျန်းက အလွန်ရိုးရှင်းစွာ လုပ်ခဲ့ပြီးလေပြီ။ မန်ဟိုနှင့် ဖန်မျိုးနွယ်စုအပေါ် လွန်ကျူးစွာ စော်ကားခဲ့မိမှန်း သိသဖြင့် သူက နဝမတောင်ပင်လယ်၏ရွှမ်းဝူလိပ်နှင့် သူ၏အသက်စွမ်းအားကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထိုအပြုအမူက တောင်ပင်လယ်လောကအတွက် တိုက်ခိုက်ဖို့ သူ မည်မျှစိတ်ပိုင်းဖြတ်ထားသည်လဲ သက်သေထူသည်။ ထို့နောက် သူသည် သူ၏အသက်နှင့် ဆက်သွယ်နေသော အငယ်စားဒိုင်မေးရှင်းကိုလည်း မန်ဟို့အား ပေးခဲ့၏။
ထိုအရာအားလုံးက သူကိုယ်တိုင် သူ့အသက်ကို မန်ဟို့လက်ထဲ ထည့်ပေးနေကြောင်း သက်သေပြသည်။ မန်ဟိုသာ စိတ်ရှိလျှင် သူ့ကို အဆက်မပြတ် ညှင်းပန်းပြီး သတ်ဖို့ ထိုအငယ်စားဒိုင်မန်းရှင်းကို အလွယ်တကူ အသုံးပြုနိုင်သည်။
ဤအရာအားလုံးကို မန်ဟို့ထံ ပေးအပ်ပြီးနောက် ကျီတျန်းသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်လျက် မန်ဟို၏ဆုံးဖြတ်ချက်ကို စောင့်နေ၏။
မန်ဟိုက တခဏတွေးပြီး ကျီတျန်းကို လေးလေးနက်နက် ကြည့်သည်။ တောင်ပင်လယ်လောကတွင် စစ်သာဖြစ်မနေလျှင် သူ့အနေဖြင့် ကျီတျန်းကို ဤနေရာမှာတင် သတ်ပြီးလေပြီ။ သို့သော် ယခုအချိန်မှာ ...
မန်ဟို့မျက်လုံးများက အဓိပ္ပါယ်အပြည့်ဖြင့် လင်းလက်သွားပြီး သူသည် အငယ်စားဒိုင်မန်းရှင်းကို သူနှင့်အတူ ယူကာ နဝမတောင်မှ လှည့်ထွက်သွား၏။
မန်ဟို ထွက်ခွာသွားပြီးနောက် ကျီတျန်းမှာ အိုမင်းလာပြီး သူ၏အားအင်များစွာ ကုန်ခမ်းသွားသည်။ ခါးသီးစွာ ရပ်နေပြီးနောက် သူက သက်ပြင်းချသည်။
ယခုလေးတင် ကပ်ဘေးကြီးကို ကပ်သီလေး ရှောင်နိုင်ခဲ့ကြောင်း သူ သိလေသည်။ မန်ဟို ကောင်းကင်ဘုံ (၁) ကို မဖြိုချခဲ့ခင်တုန်းက သူသည် မန်ဟိုမလှုပ်ရှားနိုင်အောင် တားနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိခဲ့၏။ သို့သော် ကောင်းကင်ဘုံ (၁) ပြိုကျပြီး ပါရာဂွန်ကျွန်ပြုခံလိုက်ရသောအခါ ကျီတျန်းမှာ မကြောက်စဖူး ကြောက်လာတော့သည်။
ထိုအခိုက်အတန့်တွင် သူ လုပ်ခဲ့သည့် ပြင်ဆင်မှုအားလုံးမှာ မန်ဟိုနှင့်ရင်ဆိုင်ရာတွင် သဲထဲရေသွန်သာ ဖြစ်ကြောင်း သူ သဘောပေါက်ခဲ့သည်။ အသက်ရှင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ... သူ့အသက်ကို မန်ဟို့လက်ထဲ ထည့်ပေးလိုက်ခြင်းသာ ရှိသည်။
ထိုသို့ထည့်ပေးခဲ့သည့်တိုင် သူ့တွင် အခွင့်အရေးမျှင်မျှင်လေးသာ ရှိလေသည်။
ကျီတျန်းနှင့်စာရင်းရှင်းပြီးနောက် မန်ဟိုက တောင်ပင်လယ်လောက စစ်ပွဲအတွက် ပြင်ဆင်နေသည်ကို စောင့်ကြည့်အကဲခတ်ရင်း ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံသွားနေသည်။ သူ့နှလုံးသားသည် တည်ငြိမ်လာပြီး သူ၏တိုက်ခိုက်လိုစိတ်သည်လည်း အားကောင်းလာ၏။ သူကား ကောင်းကင်ဘုံကို ပိုင်းခြမ်းနိုင်သော ဓားအိမ်မှ မထုတ်ခံရသေးသည့် ဓားထက်ထက်တစ်လက်ပမာပင်။
ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ စီမံကိန်းတစ်ခုပြီးတစ်ခု ပြီးဆုံးလာသည်။ ခံစစ်ကြောင်းရှစ်ကြောင်းလည်း နေရာယူထားပြီးဖြစ်ပြီး ပင်လယ်ကိုးစင်းတွင် ကြောက်မက်ဖွယ် တားမြစ်မန္တန်များ ပြည့်နေသည်။
တောင်ပင်လယ်ကျင့်ကြံသူများလည်း စစ်တပ်များအဖြစ် စုရုံးနေကြသည်။ သုံးဆယ်ရာခိုင်နှုန်းခန့်က ပထမတောင်ပင်လယ်သို့ အလွှတ်ခံရပြီး ကျန်ခုနစ်ဆယ်ရာခိုင်နှုန်းက ကျန်တောင်ပင်လယ်များတွင် ဖြန့်ကျက်ထားကာ စစ်မြေပြင်သို့ စစ်ကူလွှတ်ရန် သို့မဟုတ် စစ်လက်နက်အင်အား ဖြည့်တင်းပေးရန် အသင့်စောင့်ကြလိမ့်မည်။
ဂိုဏ်းအမျိုးမျိုးနှင့်မျိုးနွယ်စုအသီးသီးမှ ရှေးဟောင်းရတနာများကို အညီအမျှဖြန့်ဝေထားကြပြီး ကျင့်ကြံသူများစွာသည် သူတို့အတွက် ပါရာဂွန်များသဖွယ် အဖိုးထိုက်သော နေနှင့်လအပေါ်တွင်လည်း စခန်းချထားကြ၏။
ကောင်းကင်ဘုံ (၁) နှင့် တိုက်ပွဲအတွင်းတုန်းက တောင်ပင်လယ်လောက၏စိတ်ဆန္ဒသည် ကျန်ကောင်းကင်ဘုံများ ကျူးကျော်မလာနိုင်အောင် ဒိုင်းအပေါ်တွင် အပြည့်အဝအားစိုက်ခဲ့ရ၏။ ထို့ကြောင့် နေနှင့်လအား အသုံးမပြုခဲ့ရပေ။ ယခုတွင် ဒိုင်းကျိုးပျက်နေပြီး ကောင်းကင်ဘုံ ၃၂ ဘုံလည်း လာနနေပြီဖြစ်၍ .... နေနှင့်လသည် တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေသည်။
ခိတိဂဗ္ဗက လပေါ်တွင် နေရာယူထားသည်။ သူ၏ကျင့်ကြံအဆင့်နှင့် ဘဝပြန်ဝင်စားခြင်းမြစ်၊ မြစ်ဝါမြစ်အပြင် မရေမတွက်နိုင်သော ယမမင်းနန်းတော်များကို အမိန့်ပေးနိုင်သည့်အချက်ကြောင့် လက သူ၏အမြင့်ဆုံးစွမ်းအားကို ထုတ်ဖော်ဖို့အတွက် အသင့်တော်ဆုံးနေရာ ဖြစ်သည်။ လ၏စွမ်းအားအများစုက တိုက်ခိုက်ရာတွင်မဟုတ်ဘဲ ခုခံရာတွင် အားပြုလေသည်။
အတောက်ပဆုံးအရောင်အဝါအားလုံးကတော့ နေမှလာသည်။ ထိုနေရာတွင် နေရာယူဖို့ တာဝန်ပေးအပ်ခံရသူမှာတော့ ... မန်ဟိုပင်။
ပါရာဂွန်ပင်လယ်အိပ်မက်၏အမိန့်များအတိုင်း မန်ဟိုက နေကို ထိန်းချုပ်၍ တောင်ပင်လယ်လောက၏ အင်အားအကြီးဆုံးလက်နက်ကို ကိုင်စွဲလိမ့်မည်။
ပါရာဂွန်ရုပ်သေးရုပ်နှင့်ပတ်သက်၍မူ မန်ဟိုသည် ၎င်းကို ပထမပင်လယ်အား ကောင်းကောင်းမြင်ရပြီး ပထမဆုံးစစ်ကြောင်း၏ စစ်မြေပြင်အားလုံးကို စောင့်ကြည့်နိုင်မည့် ပထမတောင်ထိပ်သို့ ပို့ထား၏။
ကံကောင်းထောက်မစွာနှင့် မန်ဟို၏အံ့ဖွယ်နတ်ဘုရားစွမ်းရည်က သူ့ကို အလုပ်နှစ်လုပ်တစ်ပြိုင်တည်း လုပ်စေနိုင်သဖြင့် ပါရာဂွန်ရုပ်သေးရုပ်၏စွမ်းအားကို ကိုယ်တိုင်ထိန်းချုပ်နိုင်လေသည်။ သူ့အတွက်တော့ အကိုက်ညီဆုံးဖြစ်သော်လည်း တခြားလူတစ်ယောက်မှ သူ့လို လုပ်နိုင်မည်မဟုတ်ပေ။
လူတိုင်းလူတိုင်း မည်သည့်အရာကိုမဆို လွန်စွာအလေးအနက်ထားနေကြပြီး မကြာမီ တိုက်ခိုက်လိုသောစိတ်ဆန္ဒသည် တောင်ပင်လယ်လောကတစ်ခုလုံးတွင် ဟုန်းဟုန်းတောက်နေတော့၏။ ဒေါင်လိုက်အသွင်ကို အသက်သွင်းထားသည်နှင့်အားလျော်စွာ လောကကား ချွန်ထက်နေသောဓားတစ်လက်ပမာ ဖြစ်နေပေသည်။
ဒေါင်လိုက်အသွင်၏ အရေးအကြီးဆုံးအခန်းကဏ္ဍမှာ ... တောင်ပင်လယ်လောကတစ်ခုလုံး၏ ပတ်ပတ်လည်မှာ လောက၏စိတ်ဆန္ဒဖြင့် ပိတ်လှောင်ခံထားရခြင်းပင်။ ထွက်နိုင်ဝင်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းက ... ပထမပင်လယ်နှင့် ပထမတောင်မှတစ်ဆင့်သာ ဖြစ်သည်။
ကောင်းကင်ဘုံ ၃၂ ဘုံအနေဖြင့် တောင်ပင်လယ်လောကရှိ သက်ရှိသတ္တဝါခပ်သိမ်းကို မျိုးဖြုတ်ချင်လျှင် နည်းတစ်နည်းသာ ရှိသည်။ ကောင်းကင်ဘုံ (၁) တိုက်ခိုက်ခဲ့သလို တောင်ပင်လယ်လောကအား ပိုင်းခြမ်း၍မရနိုင်ပေ။
တောင်ပင်လယ်လောကသားကျင့်ကြံသူအပေါင်းသည် တိုက်ခိုက်ချင်သည်ဖြစ်စေ၊ မတိုက်ခိုက်ချင်သည်ဖြစ်စေ စစ်ပွဲအတွက် အသင့်ဖြစ်နေ၏။ တချို့က သူတို့အတွက်သူတို့ တွေးနေကြသော်လည်း အများစုက သူတို့၏မျိုးနွယ်စုနှင့် သူတို့၏ဂိုဏ်းများအတွက် တွေးနေကြလေသည်။
တောင်ပင်လယ်လောကတစ်ခုလုံးနှင့်ပတ်သက်၍ စိုးရိမ်ကြသူ ရှိချင်မှရှိလိမ့်မည်။ သို့သော် လူတိုင်းတွင် မျိုးနွယ်စုတစ်စု၊ ဂိုဏ်းတစ်ဂိုဏ်းနှင့် မိသားစုတစ်စု ရှိပြီး ထိုအရာအားလုံးက တောင်ပင်လယ်လောကတွင် တည်ရှိသည်မဟုတ်ပါလော။
ယခုတွင် ကောင်းကင်ဘုံ ၃၂ ဘုံ အတားအဆီးကို ဖျက်ဝင်လာနိုင်တော့မည့်နေ့ ရောက်ဖို့ သုံးရက်သာ လိုတော့လေပြီ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လောကအတွင်းရှီ တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်သည် စက္ကန့်နှင့်အမျှ ပို၍ခိုင်မာအားကောင်းလာနေ၏။
မန်ဟိုက ကြယ်တာရာကောင်းကင်တစ်လျှောက် ထိုးတက်သွားရင်း နောက်ဆုံး .. နေပေါ် ရောက်သွားသည်။ ထိုနေရာတွင် ကျင့်ကြံသူတစ်သိန်းသည် စစ်အခင်းအကျင်းနှင့် မန္တန်အခင်းအကျင်းနှစ်မျိုးလုံးတွင် နေရာယူထားကြ၏။
ထိုကျင့်ကြံသူများအနက် အနိမ့်ဆုံးကျင့်ကြံအဆင့်မှာ အင်မော်တယ်နယ်ပယ်တွင် ရှိပြီး သုံးဆယ်ရာခိုင်နှုန်းက ရှေးဟောင်းနယ်ပယ်ဖြစ်ကြသည်။ သူတို့သည် တောင်ပင်လယ်တစ်ခုတည်းမှ လာခြင်းမဟုတ်၊ တောင်ပင်လယ်အားလုံးမှ ရွေးချယ်ခံထားရခြင်းဖြစ်၏။ ဤလူအားလုံးက မီးကျင့်စဉ်ကို ကျင့်ကြံထား၍ သူတို့၏တည်ရှိမှုကြောင့် နေစွမ်းအားကား ပို၍ပင်တိုးများသွားလိမ့်မည်။
မန်ဟို ရောက်လျှင်ရောက်ချင်း ကျင့်ကြံသူတစ်သိန်းက အလွန်အမင်း အားကိုးလေးစားသောမျက်ဝန်းများဖြင့် လက်ယှက်အရိုအသေပေးကြသည်။
“ဂါဝရပြုပါတယ် တောင်ပင်လယ်အိမ်ရှေ့မင်းသား”
“ကျုပ်တို့ တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်။ အိမ်ရှေ့မင်းသားအတွက် ကျုပ်တို့အသက်နှင့်ဝိညာဉ်ကို ပေးအပ်ဖို့ အသင့်ပါပဲ” ကျင့်ကြံသူတစ်သိန်း၏အသံများက မိုးထိညံသွားသော ကြွေးကြော်သံကြီးအဖြစ် ကျယ်လောင်စွာ ပေါင်းစည်းသွားပြီး သူတို့၏မျက်ဝန်းထဲတွင် ပြင်းပြသောဇွဲဆန္ဒနှင့် တိုက်ခိုက်လိုစိတ်တို့ အရှိန်အဟုန်ပြင်းစွာ လောင်မြိုက်လျက်ရှိ၏။
မန်ဟိုက သူတို့ကိုကြည့်ပြီး နေကို ကြည့်သည်။ ထို့နောက် လက်ယှက်အရိုအသေပေးလိုက်၏။ သူသည် မည်သည့်မိန့်ခွန်းမှမပြောဘဲ နေ၏ဗဟိုရှိ မန္တန်ဝင်္ကပါ၏အလယ်သို့ ဝင်ကာ တင်ပျဉ်ခွေထိုင်၍ မျက်လုံးများပိတ်လိုက်သည်။
ယခုတွင် မန်ဟို ရောက်လာပြီဖြစ်၍ ကျင့်ကြံသူတစ်သိန်းလုံး တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
မန်ဟိုသည် ယခင်တုန်းက ဤနေကို ဂြိုဟ်တစ်လုံးထက် ဧရာမကြီးမားသည်ဟု ယုံကြည်ခဲ့၏။ တောင်ပင်လယ်တစ်ခုလောက်ပင် ရှိမည်ထင်ခဲ့သည်။ သို့သော် တကယ်တမ်း... ၎င်းကား သိပ်မကြီးလှပေ။
၎င်း အလွန်ခမ်းနားကြီးကျယ်သယောင် ထင်ရခြင်းမှာ ၎င်းထံမှ ဖြာထွက်နေသော အရောင်အဝါနှင့် ကျင့်ကြံသူများ အနားကပ်မလာနိုင်အောင် ဟန့်တားနေသော အပူလှိုင်းများကြောင့်ဖြစ်သည်။
အမှန်တွင် ဤကျင့်ကြံသူတစ်သိန်းမှာ နေမျက်နှာပြင်ပေါ်တွင် နေနိုင်ဖို့အတွက် ပါရာဂွန်ပင်လယ်အိပ်မက်ပေးထားသော အထူးချပ်ဝတ်တစ်မျိုးကို ဝတ်ထားရလေသည်။ မန်ဟိုကတော့ သူ၏အပြင်အားကိုယ်အဆင့်အရ မည်သည့်အကူအညီမှ မလိုအပ်ပေ။
နေပေါ်တွင် အတိတ်တစ်ချိန်ကတည်းက ရှိခဲ့ဟန်တူသော အစွမ်းထက်မန္တန်ဝင်္ကပါများစွာကို မြင်ရနိုင်သည်။ ကျင့်ကြံသူတစ်သိန်း ထိုမန္တန်ဝင်္ကပါများပေါ်၌ တင်ပျဉ်ခွေထိုင်နေစဉ် သူတို့သည် ၎င်းတို့နှင့် တစ်သားတည်း ဖြစ်သွားကြ၏။
မှန်သည်၊ မန်ဟိုက အားလုံး၏အလယ်ဗဟိုရှိ မန္တန်ဝင်္ကပါပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။
သူသည် သူ၏နတ်ဘုရားအာရုံအား နေတစ်စင်းလုံးအား လွှမ်းခြုံစေလိုက်သောအခါ မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည့်စွမ်းအားကို ခံစားလိုက်ရ၏။
ထိုစွမ်းအားကို သူ့အတွက် ပထမဆုံးအကြိမ် ခံစားရခြင်းမဟုတ်ပေ။ လေဟုန်ခွင်းလောကမှာတုန်းက သူသည် ဤနေ၏အရောင်အဝါကို ဆင့်ခေါ်ဖို့ ပါရာဂွန်သွေးစက်ကို အသုံးပြုခဲ့ပြီး ထိုစဉ်က သူ ခံစားခဲ့ရသော စွမ်းအားမှာ ဤစွမ်းအားပင် ဖြစ်၏။
ဖြန့်ကျက်ထားသော နတ်ဘုရားအာရုံဖြင့် သူသည် အတွေးလေးတစ်ချက်တည်းနှင့် မန္တန်ဝင်္ကပါကို အသက်သွင်း၍ ထိုစွမ်းအားနှင့် ပေါင်းစည်းကာ ... ၎င်းကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်။
နေ၏အတွင်းထဲတွင် ... ဤမန္တန်ဝင်္ကပါ ထုတ်လွှတ်ပေးနိုင်သော အဖိုးထိုက်ရတနာအစစ်ရှိကြောင်းကိုလည်း မန်ဟို ခံစားနေရသည်။
“ဒဏ္ဍာရီတွေအရ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ပါရာဂွန်ကိုးတံဆိပ်ဟာ တောင်ပင်လယ်လောကကို ဖန်ဆင်းခဲ့ပြီး သူ့ရဲ့ စစ်လက်နက်နှစ်ပါးကို နေနဲ့လ ဖြစ်စေခဲ့တယ်... နေက တိုက်စစ်ကို အားပြုပြီး လကတော့ ခံစစ်ကို အားပြုတယ်” ထို့နောက် သူသည် တောင်ပင်လယ်လောက၏ အခြားတစ်ဖက်ရှိ လ၏တည်နေရာသို့ လှမ်းကြည့်လိုက်၏။
လပေါ်တွင် မန်ဟို လူချင်းမတွေ့ရသေးသော ခိတိဂဗ္ဗ နေရာယူထားသည်။ သူသည် တောင်ပင်လယ်လောကတွင် ပြိုင်စံရှားပညာရှင်တစ်ဦးဖြစ်၍ ခံစစ်အတွက် လကို အသုံးပြုဖို့ တာဝန်ပေးအပ်ခံထားရ၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အကြည့်လွှဲလိုက်သည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံကို နေတစ်ဝန်းသို့ ဖြန့်ကျက်ကာ ကျင့်ကြံသူတစ်သိန်းနှင့် ဆက်သွယ်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးသောအခါ သူသည် မျက်လုံးပိတ်၍ စောင့်နေလိုက်သည်။
အချိန်တွေ ကုန်လွန်သွားသည်။ တစ်ရက်၊ နှစ်ရက် ... တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် တိုက်ခိုက်ချင်လွန်း၍ လက်ယားနေပြီး သူတို့၏အသက်အဖြတ်စိတ်ဆန္ဒက မိုးနှင့်မြေကို တသိမ့်သိမ့်တုန်နေစေတော့သည်။ ယခုအချိန်တွင် လူတိုင်းကား အပေါ်ရှိ ကြယ်တာရာကောင်းကင်ကိုသာ မမှိတ်မသုန်ကြည့်နေကြ၏။
ကြယ်တာရာကောင်းကင်တွင် တောင်ပင်လယ်လောက၏စိတ်ဆန္ဒမှ ဖန်ဆင်းထားသည့် ဒိုင်းမှ လာနေသော တဒုန်းဒုန်းပေါက်ကွဲသံများနှင့် လှိုင်းဂယက်များ ဆူညံဖြာထွက်နေသည်။ ကြောက်စရာအရာကြီးတစ်ခုက ထိုဒိုင်းကို ထုရိုက်နေရာ ကြယ်တာရာကောင်းကင်မှာ မီးလောင်နေပြီး အက်ကွဲကြောင်းများ မြွေလိမ်မြွေကောက် ဖြာထွက်နေတော့သည်။
အက်ကွဲကြောင်းများ ပိုမိုကျယ်လာနေစဉ် တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် စိတ်ကို တည်ငြိမ်စေထား၏။ မည်သူမှစကားမပြော။ တိတ်ဆိတ်စွာ ရပ်လျက် ကောင်းကင်ဘုံ ၃၂ ဘုံ တိုက်ခိုက်မည်ကို စောင့်နေကြသည်။
ထိုအခိုက်အတန့်တွင် ပါရာဂွန်ပင်လယ်အိပ်မက်၏အသံသည် မန်ဟို့စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာ၏။
“မန်ဟို....”
မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်သည်။
“နေက အင်မတန် အရေးပါတယ်။ တကယ်တော့ ဒီစစ်ပွဲရဲ့ သော့ချက်ပဲ။ နေကို ... ဆုံးရှုံးလို့မဖြစ်ဘူး။ တိုင်လော့မိုးကြိုးနီဝင်္ကပါဟာ ပါရာဂွန်အင်မော်တယ်လောကမှာတုန်းက အစွမ်းထက်ဆုံးမန္တန်ဝင်္ကပါတွေထဲက တစ်ခုဆိုလည်း ဟုတ်တယ်
“ပါရာဂွန်ကိုးတံဆိပ်ကိုယ်တိုင် မန္တန်ကို စီရင်ပေးခဲ့တဲ့အပြင် စွမ်းအင်တွေကို နှစ်ပေါင်းထောင်ချီ စုဆောင်းခဲ့တဲ့အတွက် အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်တယ်။ ဒါပေမဲ့ အဲဒီစွမ်းအားက အကန့်အသတ်ရှိတယ်။ ရာနှုန်းပြည့် ၁၉ ကြိမ်ပဲ တိုက်ခိုက်နိုင်တယ်။ နောက်ဆုံးကျရင် မန္တန်ဝင်္ကပါဟာ ပျက်စီးကောင်းပျက်စီးသွားနိုင်တဲ့အတွက် မင်း မှတ်ထားရမယ့်အရာတစ်ခု ရှိတယ်။ နေစွမ်းအားနဲ့ပတ်သက်ရင် မန္တန်ဝင်္ကပါက ပထမအအလွှာ၊ နေရဲ့ကိုယ်ထည်က ဒုတိယအလွှာ၊ အူတိုင်က အဖိုးထိုက်ရတနာဟာ တတိယအလွှာပဲ
“မင်း တတ်နိုင်သလောက် ထိန်းထားပါ... ဒီစစ်ပွဲက အကြာကြီးကြာမှာမလို့ ...”
ပါရာဂွန်ပင်လယ်အိပ်မက်၏အသံသည် တိုးဝင်ပျောက်ကွယ်သွား၏။ မန်ဟိုက တိတ်ဆိတ်စွာ ထိုင်နေပြီး သူမစကားကို ပြန်မတုံ့ပြန်သော်လည်း သူ၏မျက်လုံးများက စူးရှတောက်ပနေသည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံမှ တချို့ကို ပါရာဂွန်ရုပ်သေးရုပ် တင်ပျဉ်ခွေထိုင်နေသော ပထမတောင်ထိပ်သို့ ပို့လွှတ်လိုက်၏။
သူ၏နတ်ဘုရားအာရုံ ၎င်းအထဲ စိမ့်ဝင်သွားသောအခိုက်အတန့်တွင် ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများ ပွင့်လာပြီး ခေါင်းမော့လိုက်သည်။
ထိုအခိုက်အတန့်သည် မိုးပြိုမြေပြိုစေနိုင်သော ပေါက်ကွဲမှုကြီး တောင်ပင်လယ်လောကတွင် ဟိန်းထွက်ရိုက်ခတ်သွားသော အခိုက်အတန့်ဖြစ်၏။ ကြယ်တာရာကောင်းကင်ထက်တွင် .... ဧရာမအနက်ရောင်ကင်းမြီးကောက်လက်မကြီးက ဒိုင်းကို ထိုးဖောက်လိုက်လေပြီ။
ဒိုင်း ပွင့်ထွက်သွား၍ မိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်းမြည်သံများက တောင်ပင်လယ်လောကတစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။
ဒိုင်းတွင် ပွင့်ထွက်သွားသော အကွဲကြောင်းသည် မီတာထောင်ချီ ကျယ်ပြီး အခြားတစ်ဖက်တွင် မရေမတွက်နိုင်လောက်အောင် အင်အားကြီးမားသည့် အပြင်သူစစ်တပ်ကြီးတစ်တပ် စောင့်ကြိုနေသည်။ မရေမတွက်နိုင်သောမျက်လုံးများက တပ်မက်မှုနှင့်ရက်စက်မှုအပြည့်ဖြင့် တောင်ပင်လယ်များကို ငုံ့ကြည့်နေလေသည်။
ကောင်းကင်ဘုံ ၃၂ ဘုံ ... ရောက်လာချေပြီ။