အခန်း ၄၁၇
Vol. 41 Ch. 417
အပိုင်း(၄၁၇)
အရှေ့အရပ်က ဗုဒ္ဓ
“အဇူရာတိမ်မြို့ရဲ့ အမှောင်ထုကိုထွန်းလင်းစေတဲ့ အလင်းရောင်”
ဟူသော ခေါင်းစည်းအမည်းကြီးနှင့် လင်းထိန်ေနေသာ အဇူရာတိမ်မြို့ ပုံပါသော အဇူရာတိမ်သတင်းစာ ထွက်ရှိလာခဲ့၏။
မြို့ထဲရှိ သူလျှိုများကလည်း ချက်ချင်းဆိုသလို ထိုသတင်းစာကို သက်ဆိုင်ရာဂိုဏ်းများဆီ အလျင်အမြန် ပေးပို့ခဲ့ကြသည်။
သတင်းစာကိုဖတ်ပြီးနောက် ၀မ်လင်းဂိုဏ်းရှိ ကျိုးကျွင်းချန် မျက်မှောင်ကြုံ့သွားခဲ့၏။
“အဇူရာတိမ်ဂိုဏ်းက ထပ်ပြီး ကြွားလုံးထုတ်နေပြန်ပြီ သာမန်လူတွေအတွက် အဖိုးတန်တဲ့အရင်းအမြစ်တွေကို သုံးပစ်တယ်ဆိုတာ စိတ်ကူးကြည့်ဖူးသမျှထဲ အဆိုးရွားဆုံး ဖြုန်းတီးမှုပဲ”
အခြားသူများလည်း အလျင်အမြန်ပင် သဘောတူလိုက်ကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းကြား ရန်ငြှိုးက ကြီးမားလှသောကြောင့် သူတို့သည် အဇူရာတိမ်ဂိုဏ်းဘာလုပ်လုပ်မကောင်းသာမြင်နေခဲ့ပြီး ထိုလုပ်ရပ်နောက်ကွယ်က အကြောင်းပြချက်ကို မစဉ်းစားမိခဲ့ကြပေ။
သူတို့အတွက် ညဘက်မီးလင်းနေသော အဇူရာတိမ်မြို့ကြီးက ဘာအဓိပ္ပာယ်မှ ရှိမနေပေ။
ကျိုးကျွင်းချန် သတင်းလာပို့သော နတ်ဝိညာဉ်အဆင့်တပည့်ကိုကြည့်ကာ ဆူလိုက်၏။
“နောက်ဆို အဲ့ဒီလိုအရေးမကြီးတဲ့သတင်းတွေကို လာမပို့နဲ့”
“ဟုတ်ကဲ့ပါ…”တပည့်လည်း ခါးသက်သက်သာ ပြန်ပြောလိုက်ရသည်။
သူအဇူရာတိမ်မြို့ဆီသို့ ပြန်ရာ လမ်းတွင်တော့ သူ့စိတ်ထဲသံသယများဖြင့် ပြည့်နှက်နေခဲ့၏။ မည်သို့သော အရာကို အရေးကြီးသောသတင်းဟု သတ်မှတ်၍ ရပါမည်နည်း။
အခုကစပြီး သူဝီရိယကို လျော့ချရပေတော့မည်။
အခြားဂိုဏ်းများလည်း ထိုသတင်းကို ရလိုက်ကြသော်လည်း အများစုကတော့ ကျန်းယန်၏ရည်ရွယ်ချက်ကို နားမလည်ကြပေ။
အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းက များစွာသော မှော်လက်နက်များနှင့်စိတ်ဝိညာဉ်ကျောက်တုံးများကို သာမန်လူများအတွက် အသုံးပြုနေရပါသနည်း။
ထိုအရာမှ ဘာအကျိုးအမြတ်ပြန်ရနိုင်ပါမည်နည်း။
အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး သာမန်လူများ၏ဘ၀ကို မြင့်မားနေစေချင်ခြင်းပေလော။
ကွေ့ယွမ်ဘုရားကျောင်းတွင် ဟွေ့ချင်းလည်း ထိုသတင်းစာတစ်စောင်ကို ရရှိလိုက်သည်။
အဇူရာတိမ်မြို့က မီးမငြိမ်းမြို့တော်အဖြစ်ပြောင်းလဲသွားပြီး ညအချိန်တွင်ပါ နေ့လိုထွန်းလင်းနေပုံကို မြင်လိုက်ရသောအခါ သူအသက်ပြင်းပြင်း ရှုသွင်းလိုက်မိ၏။
“များလိုက်တဲ့ ဗုဒ္ဓဆန္ဒတွေ…”
သူသည် အဇူရာတိမ်မြို့တွင် တခဏနေဖူးပြီး ထိုအချိန်အတွင်း ဗုဒ္ဓဉာဏ်အလင်းအနည်းငယ်ကို ရရှိခဲ့ဖူးသည်။ ထို့ကြောင့် ထိုမြို့တစ်မြို့လုံးတွင် လူ့စိတ်နှလုံးသားကို လွှမ်းမိုးနိုင်သော ဗုဒ္ဓဆန္ဒများဖြင့် ပြည့်နေမှန်း သူသိ၏။
ထို့ကြောင့် လင်းထိန်နေသောမြို့ကြီးကိုကြည့်ပြီး ထိုအရာက ထွက်ပေါ်နေသည့် ဗုဒ္ဓဆန္ဒအရှိန်အဝါကို သူအာရုံခံမိခြင်း ဖြစ်သည်။
“ငါထပ်စောင့်မနေနိုင်တော့ဘူး ငါသာထပ်စောင့်နေရင် ဒီအခွင့်အရေးကြီးကို လွဲချော်သွားရလိမ့်မယ်”
အဇူရာတိမ်မြို့က ပြန်လာပြီးကတည်းက သူ့ဘုရားကျောင်းကို အဇူရာတိမ်ဂိုဏ်းနှင့်ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် သူစည်းရုံးနေခဲ့ခြင်း ဖြစ်၏။
ကံဆိုးစွာဖြင့် သူသည် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း နတ်ဝိညာဉ်အဆင့်သာရှိသေးသောကြောင့် သူ့စကားက ဘုရားကျောင်းတွင် လွှမ်းမိုးမှု များစွာမရှိခဲ့ပေ။
ကျန်းယန်နှင့်သဘောတူခဲ့သည့် ၅နှစ်ေနလျှင် ပြန်လာခဲ့မည်ဟူသော သဘောတူညီချက်ကိုလည်း သူမှတ်မိနေဆဲပင်။
သို့သော် အခုလို လင်းထိန်နေသောအဇူရာတိမ်မြို့ကြီးကိုမြင်လိုက်ရသောအခါတွင်တော့ ထိုငါးနှစ်ကိုပင် သူထပ်မစောင့်နိုင်တော့ပေ။ သူသာထပ်စောင့်နေမည်ဆိုလျှင် ဤအခွင့်အရေးကို လုံး၀လက်လွှတ်လိုက်ရတော့မည်ဟု သူခံစားနေခဲ့ရ၏။
အတန်ကြာအောင် တွေးတောပြီးနောက်တွင် ေဟွ့ချင်း ဘာမှမယူခဲ့ဘဲ သူတစ်ယောက်တည်း တိတ်တဆိတ် ဘုရားကျောင်းမှ ထွက်ခွာလာခဲ့လေသည်။
အချို့တပည့်များက သူထွက်သွားသည်ကို သတိထားမိကြသော်လည်း ဘာမှယူမသွားသောကြောင့် ဘယ်သူမှ သူ့ကိုမေးခွန်းမထုတ်ခဲ့ကြပေ။
နောက်ဆုံးတွင်ဤပတ်ပတ်လည် နယ်မြေကြီးတစ်ခုလုံးက သူတို့ဘုရားကျောင်းပိုင်နက်ဖြစ်လေရာ ဘာအန္တရာယ်ရှိလာနိုင်ပါမည်နည်း။
ဘုရားကျောင်းမှ ထွက်လာပြီးနောက် ဟွေ့ချင်း အရှေ့အရပ်ဆီ ဦးတည်သွားခဲ့၏။
လန်ကျားအထွတ်အမြတ်မြေတွင်
သူတော်စင်သခင်သတင်းစာကိုဖတ်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချမိသွားခဲ့သည်။
“အဇူရာတိမ်မြို့က လူတွေထပ်ခေါ်နေပြန်ပြီ”
သူတော်စင်သခင် ဒုက္ခေတွ့နေသော အမူအရာဖြင့် ပြောလိုက်၏။
“ဒီတစ်ခေါက်လန်ကျားအထွတ်အမြတ်မြေပေါ်ကထွက်ခွာမယ့် လူအတော်များများကို ငါတို့ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး”
လတ်တလောတွင် သူကျန်းယန်ကိုသတိထားစောင့်ကြည့်နေခြင်းဖြစ်ပြီး သူရွှေ့သမျှအကွက်တိုင်းကို ဂရုတစိုက် သုံးသပ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အဇူရာတိမ်မြို့ မီးလင်းသွားသည်နှင့် နောက်ကွယ်က ရည်ရွယ်ချက်ကို သူနားလည်သွားခဲ့ရခြင်း ဖြစ်၏။
တုရှန်မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“သူတော်စင်သခင် အဇူရာတိမ်ဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ သတ္တုတွေကို ဒီနေရာမှာ အများကြီးသုံးပလိုက်တာ တန်ရောတန်ရဲ့လား”
“အရူး” သူတော်စင်သခင် သူ့ကိုဆူငေါက်လိုက်၏။
“ဒီကမ္ဘာပေါ်မှာရှိတဲ့အရာမှန်သမျှက လူတွေအပေါ်ပဲ မူတည်နေတာကွ
လန်ကျားကုန်းမြေတိုက်ကြီးပေါ်က မရေတွက်နိုင်တဲ့ လူတွေသာရှိမနေရင် နောက်နှစ်ပေါင်းရာချီ ထောင်ချီအတွင်း လန်ကျားအထွတ်အမြတ်မြေ ဘာဖြစ်သွားမယ်ထင်လဲ
သာမန်လူတွေရှိနေလို့သာ မင်းတို့တွေ အေးအေးဆေးဆေးမြင့်မြတ်နယ်မြေထဲမှာ ကျင့်ကြံနေနိုင်တာ
တကယ်လို့ ဒီကုန်းမြေတိုက်ကြီးပေါ်မှာ လန်ကျားအထွတ်အမြတ်မြေပဲရှိပြီး သာမန်လူတွေရှိမနေရင် ဘယ်သူက ဆေးပင်တွေ ခူးမှာလဲ ဘယ်သူက သတ္တုတွင်းတွေ တူးဖော်မှာလဲ
အဇူရာတိမ်ဂိုဏ်း အခုရွှေ့နေတဲ့အကွက်က လူတွေကို ခိုးတဲ့အကွက်ပဲ
ပြီးတော့ သူတို့က သာမန်လူတွေကိုပဲ ခိုးတာမဟုတ်ဘူး အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြောင်းရွှေ့ဖို့လုံလောက်တဲ့ အရင်းအမြစ်ရှိတဲ့ မိသားစုငယ်ေလးေတွ၊ အဆင့်နိမ့်နဲ့ အလယ်အလတ်တန်းစားကျင့်ကြံသူတွေ အားလုံးကို ခိုးတာ
လူတိုင်းက ပိုကောင်းတဲ့ဘ၀ကိုအလိုရှိကြတာပဲ
အခုအဇူရာတိမ်မြို့က သူတို့ကိုယ်သူတို့ မီးမငြိမ်းမြို့တော်ဆိုတဲ့ မြို့တော်တစ်ခုအဖြစ် ဖန်တီးလိုက်ပြီ ငါ့ကိုပြောစမ်းပါ လူတွေက အမှောင်ထဲမှာပဲ တောင့်ခံပြီးနေကြမလား ဒါမှမဟုတ် အရင်းအမြစ်နည်းနည်းသုံးပြီး အဲ့ဒီကိုပြောင်းကြမလား
ပြီးတော့ အခုအဇူရာတိမ်ဂိုဏ်း ကြော်ငြာနေတာက ဘာလဲ
သူတို့က ရောက်လာတဲ့လူမှန်သမျှကို ငွေကြေးပေးမယ် တာအိုသင်ခန်းစာတွေ နားထောင်ခွင့်ပေးမယ် အလုပ်အကိုင်ဖန်တီးပေးမယ် နောက်ပြီး ဘာသတ်တာဖြတ်တာမှမရှိဘဲ အေးချမ်းတဲ့ဘ၀ကို နေထိုင်ခွင့်ပေးမယ်
အဲ့ဒီအချက်တွေကို သူတို့ကအားလုံးသိအောင်ကြော်ငြာထားတာ တကယ်လည်း အကောင်းအထည်ဖော်နေတယ်
မင်းသာ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ဆိုရင် အဲ့ဒီကိုသွားမှာလား မသွားဘူးလား”
သူတော်စင်သခင်တခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
“တကယ်လို့ လန်ကျားအထွတ်အမြတ်မြေကသာ အဆင့်နိမ့်ကျင့်ကြံသူတွေကို ဆုံးရှုံးလိုက်ရရင် အနာဂတ်မှာ ငါတို့တွေဘာဖြစ်သွားကြမလဲ”
ထိုရှင်းပြချက်ကိုနားထောင်ပြီးနောက် လန်ကျားအထွတ်အမြတ်မြေမှလူများ တုန်လှုပ်ကုန်ကြ၏။
အဇူရာတိမ်ဂိုဏ်း၏ နည်းဗျူဟာကြီးက ကြောက်စရာကောင်းလွန်းလှသည်။
“ဒါဆို ကျွန်တော်တို့ဘာလုပ်သင့်လဲ” ကျားရှန် မေးလိုက်၏။
“ကျွန်တော်တို့က မဟာမိတ်တွေမလား သူတို့ကို ကျွန်တော်တို့ကိုပစ်မှတ်မထားဖို့ပြောလိုက်လို့မရဘူးလား”
သူတော်စင်သခင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတွေတော့ ရှိပါသေးတယ်
ပထမနည်းလမ်းက အဇူရာတိမ်ဂိုဏ်းကသတင်းမှန်သမျှကို ပိတ်ပစ်ဖို့ပဲ သတင်းတွေကိုကြားနေရင် ဘယ်သူမှ ကြာကြာတောင့်ခံနေနိုင်မှာမဟုတ်ဘူး
ဒုတိယနည်းလမ်းက လန်ကျားသတင်းစာကနေပြီး အဇူရာတိမ်မြို့နဲ့ပတ်သက်သမျှသတင်းတိုင်းက အတုအယောင်တွေပါလို့ တရား၀င်ကြေငြာလိုက်ဖို့ပဲ”
ပတ်ပတ်လည်ရှိ အကြီးအကဲများ သူ့ကိုထူးဆန်းစွာ ကြည့်ရှုနေခဲ့ကြသည်။
သူတို့သည် မဟာမိတ်များမဟုတ်ပါလော။
ထိုအရာက နည်းနည်းတော့ မသင့်တော်ပုံပေါက်နေခဲ့၏။
သူတော်စင်သခင် ခါးသက်သက်ပြုံးလိုက်၏။
“ဒါပေါ့ ငါတို့တွေ အဲ့ဒီနည်းလမ်းတွေအတိုင်းလိုက်လုပ်လို့ မရဘူး ပြီးတော့ ငါတို့သတင်းတွေကိုလည်း လုံး၀ တားဆီးထားနိုင်မှာမဟုတ်ဘူး သူတို့နဲ့ မဟာမိတ်ဖွဲ့ရတာက အတော်လေး စိတ်တိုစရာကောင်းတယ်
ဆိုတော့ တတိယနည်းလမ်းပဲ ကျန်တော့တယ်
ငါတို့တွေ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေ ဂိုဏ်းငယ်လေးတွေနဲ့ မိသားစုငယ်လေးတွေကို မဖြစ်မနေ သင်ကြားပေးရတော့မယ် ပြီးရင် လန်ကျားအထွတ်အမြတ်မြေပတ်ပတ်လည်က နယ်မြေတွေကိုလည်း မီးအလင်းရောင်မပျောက်အောင်လုပ်ပေးရမယ်
အဲ့ဒီနည်းလမ်းနဲ့ပဲ ငါတို့လူတွေကို ထိန်းထားနိုင်လိမ့်မယ်”
“ဒါပေမယ့် အဲ့တာဆို ငွေကြေးပမာဏအများကြီးကုန်မှာပေါ့” အကြီးအကဲတစ်ယောက် စောဒကတက်လိုက်သည်။
“ဒါပေမယ့် ငါတို့လုပ်ရမှာပဲ” သူတော်စင်သခင်ခေါင်းခါကာ ပြန်ပြောလိုက်၏။
“အဲ့ဒီကောင်စုတ်လေး ကျန်းယန်က ငါတို့ကို သူ့ခြေလှမ်းအတိုင်း လိုက်ခိုင်းနေတာ ငါက အေးအေးချမ်းချမ်းလေး စာပေလေ့လာရင်းပဲ ကျင့်ကြံချင်တာပါ ဒါပေမယ့် အခုတော့ အဲ့ဒီခွေးကောင်လေးကြောင့် နေ့တိုင်း နိုင်ငံရေးတွေ နည်းဗျူဟာတွေကိုပါ လေ့လာနေရပြီ”
လူတိုင်း ခါးသက်သက်သာ ပြုံးလိုက်နိုင်ကြသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထိုခွေးကောင်လေးသည် သူတို့ကို အတော်လေးဒုက္ခပေးခဲ့၏။
သူတို့အရင်ကရှိခဲ့ဖူးသော အေးချမ်းလှသည် ကျင့်ကြံသူဘ၀နှင့် ယှဥ်လျှင် အခုက တပည့်များကို သင်ခန်းစာပို့ချခြင်း နိုင်ငံရေးနည်းဗျူဟာများကိုလေ့လာခြင်းနှင့်အဇူရာတိမ်ဂိုဏ်း၏ အကွက်သစ်မှန်သမျှကို စောင့်ကြည့်ခြင်းဟူသော အရာများ တိုးလာခဲ့သည်။
ဤအခြေအနေတွင် သူတို့တစ်ခုသာ မေးလိုတော့၏။
ဘယ်သူက ကျန်းယန်ကိုအခုလိုကျင့်ကြံဖို့ သင်ပေးခဲ့ပါသနည်း။