← Chapters

အခန်း ၄၁၉

Vol. 41 Ch. 419

အခန်း ၄၁၉

Vol. 41 Ch. 419

အပိုင်း(၄၁၉)

တစ္ဆေဘုံမှ သံတမန်များ

လန်ကျားအထွတ်အမြတ်မြေတစ်ခုလုံး သတိအပြည့်ဖြင့် ရှိနေခဲ့ကြသည်။

မရေတွက်နိုင်သော ပညာရှင်များက သူတို့ကုန်းမြေတိုက်ကြီးအစွန်ကိုသာ စိုက်ကြည့်နေခဲ့ကြ၏။

အလွန်ကြီးမားသော အရိုးခြောက်ဘုရင်ကြီးက ကြောက်မက်ဖွယ်သူ့ပိုင်နက်ကိုထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ ကျားရှန် ရုတ်တရက်ပြောလိုက်လေသည်။

“အိပ်နေတဲ့စီနီယာတွေကိုအသိပေးလိုက်တော့ သူတို့ နိုးထဖို့လိုကောင်းလိုလာနိုင်တယ် မဟုတ်ရင် ငါတို့ဒါကြီးကို ရပ်တန့်နိုင်မှာမဟုတ်ဘူး”

ဧရာမအရိုးခြောက်ကြီးက တာအိုပေါင်းစည်းခြင်းအဆင့်များကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့၏။

ထိုကဲ့သို့သောအခြေအနေတွင် ဘယ်သူက တိုက်ခိုက်ရဲပါမည်နည်း။

ထိုအခိုက်တွင် သူတော်စင်သခင်၏နတ်အာရုံလန်ကျားအထွတ်အမြတ်မြေတစ်ခွင် ပျံ့လွင့်လာခဲ့သည်။

“အိပ်နေတဲ့စီနီယာတွေကို မနှိုးနဲ့ဦး ချက်ချင်း အဇူရာတိမ်ဂိုဏ်းနဲ့ပင်လယ်ကောင်းကင်မျှော်စင်ကို စစ်ကူပို့ပေးဖို့ အကူအညီတောင်းလိုက်

ဒီမကောင်းဆိုးဝါးတွေက အားကောင်းတဲ့ သေခြင်းနိယာမစွမ်းအားတွေ ပိုင်ဆိုင်ထားတယ်လို့ ချင်းယွင်ကျိနဲ့မျှော်စင်သခင်ကို ပြောလိုက် ပြီးတော့ သူတို့က ပြန်လည်မွေးဖွားခြင်းအခွင့်အာဏာဆိုတဲ့ စကားကိုလည်း ပြောခဲ့သေးတယ် သူတို့က ဒဏ္ဍာရီလာ တစ္ဆေဘုံကလို့ ငါသံသယရှိတယ်”

သူ့ရွှေရောင်စာလုံးများ မင်ယွဲ့၏ပိုင်နက်ထဲတွင် ဆက်တိုက်သေဆုံးလာရသောကြောင့် ဤအရာက သေခြင်းနိယာမစွမ်းအားဖြစ်မှန်း သူတော်စင်သခင်နားလည်သွားခဲ့သည်။

သေခြင်းနိယာမ၊ ပြန်လည်မွေးဖွားခြင်းအခွင့်အာဏာ။

သူချက်ချင်းဆိုသလို မင်ယွဲ့ဘာကြောင့်လာသလဲဆိုတာ နားလည်သွားခဲ့၏။

လန်ကျားအထွတ်အမြတ်မြေတွင် သက်တမ်းကျော်လွန်နေပြီဖြစ်သော တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ များစွာ ရှိပေသည်။

မင်ယွဲ့စကားအရ သူတို့သည် သူ့ဆရာသခင်၏ ပြန်လည်မွေးဖွားခြင်းအခွင့်အာဏာကို ဆန့်ကျင်နေကြသူများ ဖြစ်၏။

ထို‌့ကြောင့် တစ္ဆေဘုံက ထိုသူများကို သတ်ဖို့ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း လန်ကျားအထွတ်အမြတ်မြေက ဤအဖြစ်ကို ဘယ်တော့မှလက်ခံမည်မဟုတ်ပေ။

အကယ်၍ ထိုစီနီယာများအားလုံးသာ ဖျက်ဆီးခံလိုက်ရလျှင် သူတို့ လန်ကျားအထွတ်အမြတ်မြေ၏ ခွန်အားက ၇၀ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားရေပေလိမ့်မည်။

ထိုကဲ့သို့သော ဆုံးရှုံးမှုမျိုးကို သူလက်မခံနိုင်ပေ။

ကံဆိုးစွာဖြင့် ဤသေခြင်းသံတမန်များကိုလည်း ဂိုဏ်း၏လျှို့ဝှက်အုတ်မြစ်များ အားလုံးသုံးပြီး မတားဆီးနိုင်ပေ။

ထိုသက်တမ်းလွန်နေသည့် စီနီယာများသည် ဤသေခြင်းသံတမန်၏ သေခြင်းနိယာမစွမ်းအားကို လုံး၀ ခုခံနိုင်ကြလိမ့်မည် မဟုတ်ဟု သူတော်စင်သခင်ထင်ပေသည်။

ထို့ကြောင့် သူတို့တွင် ရွေးစရာတစ်ခုသာ ကျန်ရစ်တော့၏။

စစ်ကူတောင်းခံခြင်း။

လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများ တုန်လှုပ်ကုန်ကြသည်။

တစ္ဆေဘုံလား။

သေခြင်းနယ်မြေလား။

ယွင်မုန့်စိမ့်တောသည် ထိုသေခြင်းနယ်မြေနှင့် ချိတ်ဆက်နေသောကြောင့် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခံထားရခြင်းပေလော။

တုရှန်ချက်ချင်းဆိုသလို အဇူရာတိမ်ဂိုဏ်းဆီ သုတ်ခြေတင်သွားခဲ့ပြီး ကျားရှန်ကတော့ ပင်လယ်ကောင်းကင်မျှော်စင်ဆီ သုတ်ခြေတင်သွားခဲ့သည်။

လန်ကျားအထွတ်အမြတ်မြေသည် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။ သူတို့တွင် ‌အကူအညီတောင်းဖို့မှလွဲ ရွေးချယ်စရာမရှိပေ။

တုရှန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ရောက်သည်နှင့် ချက်ချင်း ချင်းယွင်ကျိထံနတ်အာရုံသုံး၍ သတင်းပို့လိုက်သည်။

သူ့အပြုအမူက မယဉ်ကျေးသလိုဖြစ်သွားသော်လည်း အခြေအနေက အရေးကြီးနေသောကြောင့် ရွေးစရာမရှိပေ။

အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိ အမူအရာချက်ချင်းပြောင်းလဲသွားခဲ့၏။

“တစ္ဆေဘုံကသူတွေလား”

သူတို့ အခုတလောတစ္ဆေဘုံကို ထပ်မဖွင့်ခဲ့ဘူး မဟုတ်ပါလော။ အဘယ်ကြောင့်ထပ်ရောက်လာကြပါသနည်း။

“မင်း‌ဒီကိုလာဖို့မလိုဘူး အရေးကြီးနေတယ် ချက်ချင်းပြန်လိုက် ငါတို့လူတွေကိုခေါ်ပြီး လိုက်လာခဲ့မယ်” ချင်းယွင်ကျိ တုရှန်ကို ပြန်ဆက်သွယ်လိုက်သည်။

ထို့နောက် သူကျန်းယန်ကိုသွားရှာကာ လေးလေးနက်နက်ပြောလိုက်၏။

“ကောင်စုတ်လေး တစ္ဆေဘုံကလူတွေ ထပ်ရောက်လာပြန်ပြီ”

ကျန်းယန်ပင် အံ့အားသင့်သွားခဲ့သည်။

“ဆရာ ကျွန်တော်နဲ့ဆရာဦးလေး၅ တစ္ဆေဂိတ်တံခါးကိုထပ်မဖွင့်ခဲ့ဘူးနော်”

“ယွင်မုန့်စိမ့်တောထဲမှ တစ္ဆေဂိတ်တံခါးတစ်ခု ရှိနေပြီးသားလို့ ငါသံသယဖြစ်မိတယ်” ချင်းယွင်ကျိ မည်းမှောင်နေသောမျက်နှာထားဖြင့် ပြောလိုက်၏။

“မဟုတ်ရင် အဲ့ဒီနေရာကို တားမြစ်နယ်မြေလို့ ခေါ်မှာမဟုတ်ဘူး”

“အခုလန်ကျားအထွတ်အမြတ်မြေက ကပ်ဘေးနဲ့ရင်ဆိုင်နေရတယ် မဟာမိတ်တွေအနေနဲ့ ငါတို့ကူညီသင့်တယ်”

ကျန်းယန် လေးပင်စွာခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်တော်တို့ ကျိန်းသေပေါက် ကူညီသင့်တာပေါ့”

အကယ်၍လန်ကျားအထွတ်အမြတ်မြေသာ ဖျက်ဆီးခံလိုက်ရလျှင် အဇူရာတိမ်ဂိုဏ်းက တစ္ဆေဘုံနှင့်တိုက်ရိုက်ရင်ဆိုင်ရပေလိမ့်မည်။

သူတို့က မဟာမိတ်ချင်းကူညီဖို့ ပျက်ကွက်ခဲ့လျှင် နောင်အခါ ဘယ်သူကသူတို့နှင့်မဟာမိတ်ဖွဲ့ချင်ပါတော့မည်နည်း။

“ဆရာ အရင်အစီအစဉ်အတိုင်းပဲ ဆရာကဂိုဏ်းကိုကာကွယ်ဖို့နေခဲ့ ကျွန်တော်က မိစ္ဆာငါးယောက်ကို ဦးဆောင်ပြီး သူတို့ကို သွားကူညီလိုက်မယ်” ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်၏။

“အို့ ပြီးတော့ ဆရာဦးလေး ၅ကိုလည်း လိုက်ခွင့်ပေးလိုက်ပါဆရာ”

ဟွာလင်းကျိသည် တစ္ဆေအဆောင်များကိုလေ့လာနေသူဖြစ်သောကြောင့် တစ္ဆေသံတမန်များကို လေ့လာခြင်းက သူ့အတွက် အကျိုးရှိစေနိုင်သည်။

ချင်းယွင်ကျိ တခဏစဉ်းစားပြီးနောက်တွင် ခေါင်းငြိတ်ပြလိုက်၏။

မိစ္ဆာငါးယောက်သည် သူတို့တိုက်ခိုက်ရေးစွမ်းအားကို အကြိမ်ပေါင်းများစွာ သက်သေပြပြီး ဖြစ်သည်။

သူတို့ပါ၀င်မည်ဆိုလျှင်တော့ အန္တရာယ်မရှိလောက်တော့ပေ။

မကြာခင်တွင် ကျန်းယန် တားမြစ်နယ်မြေကိုသွားကာ မိစ္ဆာငါးယောက်ကိုခေါ် ၍ ဟွာလင်းကျိကိုလည်းအကြောင်းကြားလိုက်ပြီး လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်ထွက်ခွာလာခဲ့၏။

လမ်းတွင် သူတို့ တုရှန်နှင့်တွေ့ခဲ့သည်။

ချင်းယွင်ကျိက သူ့ကို ပြန်သွားဖို့ပြောသော်လည်း စစ်ကူများမပါဘဲ သူဘယ်လို ပြန်သွားနိုင်ပါမည်နည်း။

အကယ်၍သူသာ စစ်ကူတောင်းရာတွင် ကျရှုံးခဲ့လျှင် ဂိုဏ်းကိုဘယ်လိုပြန်ရှင်းပြရပါမည်နည်း။

တုရှန် ကျန်းယန်နှင့်မိစ္ဆာငါးယောက်ကိုမြင်သောအခါ ရုတ်တရက်ကြောက်သွားသော်လည်း စိတ်အေးသွားခဲ့ရ၏။

ရန်သူများအနေနှင့်ဆိုလျှင်တော့ မိစ္ဆာငါးယောက်က ကြောက်စရာကောင်းသော်လည်း အခုက မဟာမိတ်များအဖြစ် မြင်တွေ့နေရခြင်း ဖြစ်သည်။

ထို့ကြောင့် မိစ္ဆာများသန်မာလေလေ ကောင်းလေလေပင်။

“စီနီယာတုရှန် တစ္ဆေဘုံက သံတမန်က ဘယ်လိုအရာလဲ” ကျန်းယန် ခရီးသွားနေရင်း မေးလိုက်၏။

တုရှန် ခါးသက်သက်ပြုံးလိုက်သည်။

“အဲ့တာက အရိုးခြောက်ဘုရင်တစ်ပါးကွ သူ့တာအိုကကြောက်စရာကောင်းလွန်းတယ် အခု သူတော်စင်သခင်နဲ့ တိုက်ခိုက်နေတယ်”

အရိုးခြောက်ဘုရင်ဟူသောအသံကို ကြားသောအခါ ဂူဒူအာမျက်ခုံးအနည်းငယ် တွန့်ကွေးသွားသော်လည်း ဘာသံမှ ထွက်မလာခဲ့ပေ။

တစ္ဆေဘုံသံတမန်အကြောင်း မေးခွန်းအနည်းငယ်မေးပြီးနောက် ကျန်းယန်ဂူဒူအာဘက်လှည့်ကာ မေးလိုက်သည်။

“စီနီယာ တစ္ဆေဘုံနဲ့ရင်းနှီးလား”

ဂူဒူအာ အေးအေးဆေးဆေးပင် ဖြေလိုက်၏။

“ရင်းလည်းရင်းနှီးတယ် ရင်းလည်းမရင်းနှီးဘူး တစ္ဆေဘုံပျောက်နေတာ ကြာပြီ ငါတို့တောင် မမြင်တာ နှစ်ထောင်ချီကြာသွားပြီ ဒါပေမယ့် ငါတို့ကိုယ်တိုင်ကလည်း ကျင့်ကြံခြင်းကမ္ဘာထဲရောက်နေတာ နှစ်ထောင်ချီကြာသွားပြီကိုး

ဆိုတော့ အခုတစ္ဆေဘုံပေါ်လာတဲ့အဖြစ်က အတော်လေးတော့ ဆန်းနေတယ်”

ကျန်းယန် အမြန်မေးလိုက်၏။

“ဒါဆို ကျွန်တော်တို့အခု တစ္ဆေဘုံကလူတွေနဲ့တိုက်ရင် အနိုင်ရနိုင်မယ့် အခွင့်အရေးရှိလား”

ဂူဒူအာသူ့ကိုတစ်ချက်ကြည့်လိုက်သည်။

“ဒီကမ္ဘာရဲ့ အကန့်အသတ်က တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်ထိပဲ ဘယ်လောက်ပဲစွမ်းအားကြီးကြီး စွမ်းအားကို တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်အထိ ကန့်သတ်ခံထားရလိမ့်မယ်”

ထို့နောက် သူအဓိပ္ပာယ်ပါပါပြောလိုက်၏။

“ငါ့အထွတ်အထိပ်အခြေအနေမှာဆိုရင်တော့ ဘာမှစိတ်ပူစရာမလိုဘူး…ဒါပေမယ့် အခုကတော့ သူတို့နဲ့တွေ့ကြည့်ပြီးမှ သိလိမ့်မယ် ဒါက ငါသိတဲ့အရိုးခြောက်ဘုရင်ဆိုရင်တော့ အခြေအနေက သိပ်ကောင်းမှာမဟုတ်ဘူး”

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။

ဂူဒူအာက မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကို ဖွင့်ဖို့ သူ့ကိုစကားဦးသန်းနေခြင်းဖြစ်မှန်း ကျန်းယန်သိ၏။

သို့သော် ကျန်းယန် ထိုပညာရပ်ကိုမကျင့်ကြံလိုသေးပေ။

ဂူဒူအာပြောသလိုဆိုလျှင်တော့ ထိုတစ္ဆေသံတမန်ကလည်း တော်ရုံဖြေရှင်းလို့ရမည့် အရာတော့ ဟုတ်ပုံမပေါ်ပေ။

သူတို့အဖွဲ့လန်ကျားကုန်း‌ေမြတုိက်ကြီးဆီ ရောက်ရှိလာခဲ့ကြသည်။ သူတို့ရောက်ရောက်ချင်း သူတို့ဆီ များစွာသော နတ်အာရုံများ ကျရောက်လာခဲ့၏။

သို့သော် မိစ္ဆာများကိုမြင်သောအခါ ထိုနတ်အာရုံများ ချက်ချင်းဆုတ်ခွာကုန်ကြသည်။

တုရှန် အလျင်အမြန်ပင် သတင်းပို့လိုက်၏။

“ဒီမိစ္ဆာစီနီယာတွေက ကျွန်တော်တို့ဖိတ်ကြားထားတဲ့ စစ်ကူတွေပါ ကျေးဇူးပြုပြီး အလောတကြီး မပြုမူကြပါနဲ့”

ထို့နောက် သူယွင်မုန့်စိမ့်တောရှိရာအရပ်ဆီ လက်ညှိုးထိုးပြလိုက်သည်။

“သူတော်စင်သခင်က တစ္ဆေသံတမန်ကို အဲ့ဒီမှာတိုက်ခိုက်နေတာ”

“သွားကြစို့” ကျန်းယန် တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်၏။

သူချက်ချင်းဆိုသလို မိစ္ဆာများနှင့်ဟွာလင်းကျိကိုခေါ်ကာ တိုက်ပွဲဆီ ဦးဆောင်သွားခဲ့လေသည်။

လန်ကျားကုန်းမြေတိုက်ကြီးအပြင် ယွင်မုန့်စိမ့်တောအနီးတွင် မီးခိုးဖြူပိုင်နက်က ပိုမိုအားကောင်းလာနေခဲ့၏။

သူတော်စင်သခင်ကတော့ တဖြည်းဖြည်းအရေးနိမ့်လာခဲ့သည်။

သူ့တာအိုပိုင်နက်ထဲက ရွှေရောင်စာလုံးများ တစ်လုံးပြီးတစ်လုံး သေဆုံးနေခဲ့ကြ၏။

ထို့သေဆုံးသွားသောစာလုံးများက မင်ယွဲ့၏မီးခိုးဖြူရောင်ပိုင်နက်အဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

မင်ယွဲ့ပိုင်နက်ထဲတွင်လည်း ဆုံးရှုံးမှုများရှိသော်လည်း ထိုဆုံးရှုံးမှုက သူတော်စင်သခင်လောက် များမနေပေ။

ဤနှုန်းဖြင့်ဆိုသော် သူတော်စင်သခင်၏ အရှုံးက အ‌နှေးနှင့်အမြန် ရောက်လာပေတော့မည်။

ထိုစဉ် ရုတ်တရက်ဆိုသလို လန်ကျားအထွတ်အမြတ်မြေဘက်မှ အားကောင်းသောခြိမ်းခြောက်မှုတစ်ခု ချဉ်းကပ်လာမှန်း အရိုးခြောက်ဘုရင် အာရုံခံမိသွားခဲ့သည်။

သူချက်ချင်း မီးခိုးဖြူရောင်ပိုင်နက်ကို ပြန်သိမ်းလိုက်၏။

ထိုအခါ ပိုင်နက်က မရေတွက်နိုင်သော အရိုးခြောက်စစ်သားများအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့အရိုးခြောက်ပလ္လင်ထဲ ပြန်၀င်သွားခဲ့ကြသည်။

အားလုံးသိမ်းပြီးသောအခါမှ မင်ယွဲ့ ကျန်းယန်နှင့်ဂူဒူအာတို့ ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။

သူ့အကြည့်က ချက်ချင်းဆိုသလို ဂူဒူအာပေါ်ရောက်ရှိသွားပြီး အံ့အားသင့်သွားခဲ့သည်။

“မင်းကိုဒီနေရာမှာတွေ့ရတယ်ဆိုတာ…ဘယ်လောက်ရှားပါးလိုက်တဲ့ဖြစ်ရပ်လဲ စစ်ပွဲမိစ္ဆာ”

All Chapters