အခန်း ၄၂၅
Vol. 41 Ch. 425
အပိုင်း(၄၂၅)
ကပ်ဘေးနှင့်တိုက်ပွဲ
သူေတာ်စင်သခင် ကပ်ဘေးဖြတ်ကျော်နေသောကြောင့် လန်ကျားကုန်းေမြတိုက်ကြီးတစ်ခုလံုးကို လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများက ချိတ်ပိတ်ထားခဲ့ကြပြီး အပြင်လူ ၀င်ခွင့်မပြုခဲ့ပေ။
သို့သော် ရှို့ယိဘုရားကျောင်းက ချန်ရှောင်ချိုးကိုယ်တိုင်ရောက်လာသောအခါတွင်တော့ အကြီးအကဲများ ကြောက်လန့်ကုန်ကြ၏။
သူတို့ တလေးတစားပင် ချန်ရှောင်ချိုးကို သူတော်စင်သခင်ကပ်ဘေးဖြတ်ကျော်နေသောကြောင့် မပြီးမချင်း အပြင်တွင်သာ စောင့်ပေးဖို့ ပြောခဲ့ကြသည်။
ချန်ရှောင်ချိုး သူတို့ကို အေးစက်စက်လျစ်လျူရှုထားလိုက်ပြီး ကုန်းမြေတိုက်ကြီးထဲ အတင်း၀င်ရောက်လာခဲ့၏။
သာမန်တာအိုပေါင်းစည်းခြင်းအဆင့်များက ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တစ်ယောက်ကို တားဆီးနိုင်မည် မဟုတ်ပေ။
လန်ကျားအထွတ်အမြတ်မြေထဲတွင် ပုန်းအောင်းနေသော ပညာရှင်များ ချက်ချင်းဒေါသထွက်ကုန်ကြသည်။ အခုလို အရေးကြီးသည့်အခိုက်အတန့်မျိုးတွင်ရောက်လာသော ချန်ရှောင်ချိုး၌ ရည်ရွယ်ချက်ကောင်း ရှိမနေတာ ထင်ရှားလှ၏။
သို့သော် ဘယ်သူကမှ ဒေါသကြောင့်အလျင်စလို မပြုမူရဲခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ခေါင်းပေါ်တွင် အုပ်မိုးထားသော ကပ်ဘေးကြီးအကြောင်း သူတို့ခံစားမိနေကြ၍ ဖြစ်သည်။ အကယ်၍ သူတို့သာ ထွက်ပေါ်လာခဲ့လျှင် ထိုသေခြင်းကလည်း ချက်ချင်းဆင်းသက်လာပေလိမ့်မည်။
အဆုံးသတ်တွင် သူတို့ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများ အခြေအနေကို ကိုင်တွယ်နိုင်ပါစေလို့သာ ဆုတောင်းနေခဲ့ကြရသည်။
ထိုစဉ် ချီရှန်အကယ်ဒမီဘေး၌ ဂူဒူအာ ကျန်းယန်ကို အရင်တစ်ခေါက်တိုက်ခိုက်ခဲ့သော ဓားကျင့်ကြံသူ အလျင်အမြန်ချဉ်းကပ်လာကြောင်း သတိပေးခဲ့၏။
ကျန်းယန်မျက်မှောင်ကြုံ့သွားခဲ့သည်။ အခုလိုအခြေအနေမျိုး၌ အတင်း၀င်လာသော ချန်ရှောင်ချိုးတွင် ပြဿနာရှာလိုသော ရည်ရွယ်ချက်ရှိမှန်း ထင်ရှားလှ၏။
သူဂူယန်ဘက်အမြန်လှည့်ပြောလိုက်သည်။
“စီနီယာ သူ့ကိုလန်ကျားကုန်းမြေတိုက်ကြီးထဲက မောင်းထုတ်လိုက်ပါ”
ဂူယန် ချက်ချင်းစိတ်လှုပ်ရှားသွားပြီး မိုးကြိုးနက်တစ်စင်းလို ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ချန်ရှောင်ချိုး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
အမတသတ်ဖြတ်ဓား သူ့လက်ထဲ ရုတ်တရက်ပေါ်လာခဲ့ပြီး တောင်ဘက်ကို ခုတ်ပိုင်းလိုက်၏။
ထိုအခါ နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့လေသည်။
အလွန်ကြီးမားသော လက်မောင်းနက်ကြီးက သူ့အမတသတ်ဖြတ်ဓားကို ဟန့်တားလိုက်ခြင်း ဖြစ်၏။
ချန်ရှောင်ချိုးမျက်လုံးများ ကျဉ်းမြောင်းသွားကာ
သူ့ရှေ့က အနက်ရောင်မိစ္ဆာပုံရိပ်ကြီးကို စိုက်ကြည့်နေခဲ့သည်။ သူ့အမတသတ်ဖြတ်ဓားသည် အစစ်အမှန်အမတလက်နက်တစ်ခု မဟုတ်သေးသော်လည်း သူ့ဓားကို အသွေးအသားသက်သက်ဖြင့်တော့ မတားဆီးနိုင်သင့်ပေ။
ဂူယန်လက်မောင်းက လက်မောင်းကာကိုတော့ ချန်ရှောင်ကျိုး သတိမထားမိခဲ့ပေ။
ချန်ရှောင်ချိုး အများကြီးမစဉ်းစားနိုင်ခင်မှာတင် ဂူယန်၏ လေဟာနယ်ကိုပင်ကွဲအက်သွားစေသော လက်သီးချက်ကြီးက သူ့ပေါ် ကျရောက်လာခဲ့၏။
ချန်ရှောင်ချိုး ချက်ချင်း ဓားပိုင်နက်ကို ထုတ်လွှတ်ကာ သူ့ပတ်ပတ်လည်ကို အဆုံးမဲ့သော ဓားများဖြင့် ၀န်းပတ်ထားလိုက်သည်။
သို့သော် နေရာအနှံ့တွင်မီးပွားများသာ ဖြာထွက်လာခဲ့ပြီး ဘယ်ဓားကမှ အနက်ရောင်လက်သီးကြီးကို မတားဆီးနိုင်ခဲ့ပေ။
ချန်ရှောင်ချိုး နောက်သို့သာ ဆုတ်လိုက်ရသော်လည်း ချက်ချင်းဆိုသလို နောက်ဓားတစ်ချက် ခုတ်လိုက်ပြန်၏။
ဤတစ်ကြိမ်တွင်လည်း ဂူယန်က သူ့ဓားကိုလက်မောင်းဖြင့်သာ ကာခဲ့ပြီး အားကောင်းလွန်းသော လက်သီးချက်များပြန်ပစ်သွင်းလိုက်လေသည်။
ထိုအခိုက်တွင်တော့ ဤမိစ္ဆာ၏လက်မောင်းတွင် တစ်ခုခုရှိနေပြီး ထိုအရာဖြင့် သူ့ဓားကိုကာနေခြင်းဖြစ်မှန်း ချန်ရှောင်ချိုး ရိပ်မိသွားခဲ့ချေပြီ။
မိစ္ဆာ၏ခန္ဓာကိုယ်က လုံး၀ ဖျက်ဆီးလို့မရတာမဟုတ်မှန်း သိသွားသောကြောင့် သူ့ကိုယ်သူယုံကြည်မှု ပြန်ရှိလာခဲ့၏။
“နောက်ဆုံးတစ်ခေါက်တိုက်ခိုက်ခဲ့တာမိစ္ဆာက တိုက်ပွဲမပြီးခင်ထိ သူ့စွမ်းအားအစစ်အမှန်ကို ထုတ်မပြခဲ့ဘူး” ချန်ရှောင်ချိုး လှောင်ရယ်ရယ်လိုက်သည်။
“ဒီတစ်ခေါက်တော့ ငါတို့ သေချာလေးတိုက်ခိုက်ကြတာပေါ့”
ထို့နောက် သူ့ဓားနယ်ပယ်က ကြုံ့၀င်သွားခဲ့ပြီး ဓားဆန္ဒများအားလုံးက အမတသတ်ဖြတ်ဓားထဲ ပေါင်းစပ်သွားခဲ့၏။
ထိုအခါ အမတသတ်ဖြတ်ဓားတွင် စွမ်းအင်များရစ်သိုင်းနေသော ဓားအလွှ တစ်ခုပေါ်လာခဲ့ပြီး ဓားက နဂိုရှိရင်းစွဲထက် ပိုကြီးသယောင်ပင် ဖြစ်သွားခဲ့သည်။ သူထိုဓားကြီးဖြင့် ဂူယန့်ကို လွှဲခုတ်လိုက်၏။
ဂူယန် အားရပါးရရယ်မောလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူ့ခန္ဓာကိုယ်ကလည်း အရင်ထက် အများကြီး ပိုသေးသွားခဲ့ပြီး တိုက်ပွဲ၀င်လို့ကောင်းသော ခန္ဓာကိုယ်အရွယ်အစား ဖြစ်သွားခဲ့၏။
ထိုပုံစံနှင့်ဆိုလျှင် သူ့ခွန်အားက အနည်းငယ်လျော့ကျသွားသော်လည်း အလျင်ကတော့ အရင်ထက် ဒါဇင်ပေါင်းများစွာ ပိုမြန်သွားပေသည်။
သူ့ဆီလာနေသော ဓားချက်အောက်တွင် ဂူယန် ထိုနေရာမှလုံး၀ ပျောက်ကွယ်သွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ချန်ရှောင်ချိုး၏နှလုံးသား တုန်ရီသွားခဲ့ရသည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်စွမ်းအားနှင့်ပင် သူဂူယန်၏ လှုပ်ရှားမှုများကို မြင်တယ်ဆိုရုံသာ မြင်တွေ့ခဲ့ရ၏။
ရုတ်တရက် သူ့နောက်ကျောမှအန္တရယ်ကို ခံစားမိသောကြောင့် သူချက်ချင်းဆိုသလို ဓားဖြင့် နောက်ပြန်တစ်ချက် ပိုင်းလိုက်ရသည်။
ထိုအခါ နားကွဲလုမတတ်ပေါက်ကွဲသံကြီး နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်၏။
သူ့ကိုယ်သူ တည်ငြိမ်အောင်မထိန်းနိုင်ခင်မှာပင် အနက်ရောင်အရိပ်က သူ့ဘယ်ဘက်မှ ပြေး၀င်လာခဲ့ပြန်သောကြောင့် သူချက်ချင်း ဓားချက်တစ်ချက် ထုတ်လိုက်ရပြန်လေသည်။
ဂူယန်နှင့်ချန်ရှောင်ချိုးတို့ကြားက တိုက်ပွဲက ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်တိုက်ပွဲအသွင်ပြောင်းသွားခဲ့၏။
အမတသတ်ဖြတ်ဓားက ဝဲ ယာ ရှေ့နောက် နေရာပေါင်းစုံတွင် ပေါ်ပေါက်လာနေခဲ့ပြီး ကောင်းကင်ပေါ်တွင် ပေါက်ကွဲသံကြီးများက ဆက်တိုက် ဟိန်းထွက်နေခဲ့သည်။
ထိုတိုက်ပွဲမှ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် ပတ်ပတ်လည်ရှိကုန်းမြေများလည်း ပျက်ဆီးကုန်သောကြောင့် လန်ကျားကုန်းမြေတိုက်ကြီးပေါ်တွင် အပျက်အဆီးနယ်မြေများ ဖြစ်ပေါ်လာခဲ့၏။
လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများ ကြိတ်၍သက်ပြင်းချလိုက်မိကြသည်။ ဒီတိုင်းသာ တိုက်ပွဲဆက်ဖြစ်နေမည်ဆိုလျှင် သူတို့ဆုံးရှုံးမှုက သေးတော့မှာ မဟုတ်ပေ။
ထိုအခိုက်တွင် ဂူဒူအာ့အသံ ဂူယန့်စိတ်ထဲဟိန်းထွက်လာခဲ့ပြီး သူတို့ရည်ရွယ်ချက်က တိုက်ခိုက်ရတာကို ပျော်မွေ့နေဖို့မဟုတ်ဘဲ ချန်ရှောင်ချိုးကို ကုန်းမြေတိုက်ကြီးအပြင်ထိ နှင်ထုတ်ဖို့ ဖြစ်မှန်း သတိပေးလိုက်လေသည်။
ထိုအခါမှ ဂူယန် ရပ်တန့်လိုက်ပြီး ချန်ရှောင်ချိုးရှေ့တွင် ပြန်ပေါ်လာခဲ့၏။
သူချန်ရှောင်ချိုးကိုလေးလေးနက်နက်ကြည့်ကာ သတိပေးလိုက်သည်။
“လန်ကျားကုန်းမြေတိုက်ကြီးပေါ်က ထွက်သွား ငါတို့ဒီနေရာကို စောင့်ရှောက်နေတာ”
သို့သော် ချန်ရှောင်ချိုးကတော့ အေးစက်စက်သာ လှောင်ပြောင်လိုက်၏။
“ကောင်းကင်နဲ့မြေပြင်အောက်မှာ ငါသွားလို့မရတဲ့နေရာမရှိဘူး”
သူဒီနေရာထိရောက်လာပြီးမှတော့ အလွယ်တကူ ပြန်ဆုတ်မည် မဟုတ်တော့ပေ။
ထိုစကားကြားသောအခါ ဂူယန် အေးစက်စက်ရယ်မောလိုက်သည်။
“ငါမင်းကိုအခွင့်အရေးတစ်ခုပေးပြီးပြီနော်”
သူ့စကားအဆုံးတွင် သူ့ခန္ဓာကိုယ်ကြီးက မီတာ ၁၀၀ကျော်အထိ လျင်မြန်စွာ ရှည်လျား ကြီးထွားလာခဲ့၏။
ထို့နောက် တောင်တစ်လုံးလို ကြီးမားသော လက်သီးကြီးက ချန်ရှောင်ချိုးပေါ် ကျရောက်လာခဲ့လေသည်။
ချန်ရှောင်ချိုး လက်သီးချက်ကို တည်ငြိမ်စွာပင် စိုက်ကြည့်နေပြီး အမတသတ်ဖြတ်ဓားဖြင့် ဓားချက်တစ်ချက် ပြန်ထုတ်လုိက်၏။
သို့သော် ဤတစ်ကြိမ်တွင် ဂူယန်က ဓားချက်ကို မရှောင်သလို ကာလည်း မကာတော့ပေ။
ဓားဦးက သူ့လက်သီးဆီ တည့်တည့်ကြီး ကျရောက်သွားခဲ့လေသည်။
သို့သော် သူ့လက်သီးဒဏ်ရာရသွားပုံပေါ်သော်လည်း လက်သီးချက်ကြီးက လုံး၀အရှိန်လျော့မသွားဘဲ ရှေ့သို့သာ ဆက်ကျဆင်းလာခဲ့၏။ ကြောက်မက်ဖွယ်စွမ်းအားက ဓားချက်ကိုဖြတ်ကာ ချန်ရှောင်ချိုးဆီ ပြေး၀င်လာခဲ့သည်။
ထိုအခိုက်တွင် ချန်ရှောင်ချိုးအမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့ရ၏။
ထိုမိစ္ဆာက သူ့ကိုလက်သီးတစ်ချက်ထိုးခွင့်ရဖို့ သူ့ကိုယ်သူ အပြင်းအထန်ဒဏ်ရာအရခံခဲ့ခြင်းပေလော။
သူအလျင်အမြန်ပင် ဓားကိုဆွဲထုတ်ကာ နောက်သို့ ဆုတ်လိုက်ရသည်။
ထိုအခါမှ မိစ္ဆာ၏ လက်သီးကဓားဒဏ်ရာမှ မိစ္ဆာသွေးစက်အနည်းငယ်သာ ကျလာခဲ့ပြီး ချက်ချင်းအကောင်းအတိုင်း ပြန်ဖြစ်သွားမှန်း သူတွေ့လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် သူ့မျက်နှာမည်းမှောင်သွားခဲ့သည်။
ထိုစဉ် ဧရာမလက်သီးကြီးက ရှေ့တက်လာကာ သူ့ဆီနောက်ထပ်လက်သီးတစ်ချက် ကျဆင်းလာခဲ့ပြန်၏။
ချန်ရှောင်ချိုး ရွေးချယ်စရာမရှိတော့ဘဲ နောက်ကိုသာ ဆက်တိုက်ဆုတ်ပေးနေခဲ့ရသည်။
နောက်ဆုံးတွင် သူထိုမိစ္ဆာကို ဓားချက်တစ်ချက်တည်းဖြင့် မသတ်နိုင်ပေ။ သူ့ဓားကြောင့်ဒဏ်ရာရသွားလျှင်လည်း ထိုဒဏ်ရာက ချက်ချင်းပြန်ပြန်ကောင်းသွားနေဦးမည်သာ။
သူ့အတွက်ကတော့ မတူပေ။ ထိုလက်သီးချက်ကြီးတစ်ချက်ထိခံလိုက်ရသည်နှင့် သူမသေလျှင်တောင် အပြင်းအထန်ဒဏ်ရာရသွားပေလိမ့်မည်။
အဆုံးသတ်တွင်တော့ ချန်ရှောင်ချိုး လန်ကျားကုန်းမြေတိုက်ကြီးအပြင်သို့ အတင်းအကြပ်တွန်းပို့ခြင်းကို ခံလိုက်ရလေသည်။
ကုန်းမြေတိုက်ကြီး၏ နယ်စပ်တွင်ရပ်နေရင်း ဂူယန် သူ့ကိုနောက်ဆုံးတစ်ခေါက် အေးစက်စက် သတိပေးလိုက်၏။
“အပြင်ကပဲ အေးအေးဆေးဆေးကြည့်နေ ငါမင်းတို့ဂိုဏ်းကို အလည်လာရအောင် မလုပ်နဲ့”
ပြောပြီးသည့်နောက် ဂူယန့်အရွယ်အစားကပြန်သေးသွားခဲ့ပြီး ချီရှန်အကယ်ဒမီဆီ ပြန်ထွက်ခွာသွားခဲ့သည်။
ချန်ရှောင်ချိုး၏အမူအရာ ရုပ်ဆိုးနေသော်လည်း သူကုန်းမြေတိုက်ကြီးထဲ ထပ်၀င်မသွားရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းနားလည်နေ၍ ဖြစ်သည်။
ဂူယန်သည် သူ့ကြောက်မက်ဖွယ်ခန္ဓာအားအစစ်အမှန်ကို မပြသရသေးပေ။
မကြာခင်တွင် မဟာနှင်းတောင်ဂိုဏ်းအကြီးအကဲသူ့ဘေးရောက်ရှိလာခဲ့ပြီး တိုက်ပွဲပြီးသွားပလား မေးမြန်းခဲ့၏။
ချန်ရှောင်ချိုး အေးစက်စက်ခေါင်းငြိမ့်ပြလိုက်ကာ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများကိုခေါ်ကာ လာရှုပ်ခဲ့မှန်း ရှင်းပြလိုက်သည်။
မဟာနှင်းတောင်အကြီးအကဲ မျက်မှောင်ကြုံ့သွားခဲ့၏။ ဤသို့ဆိုလျှင်တော့ သူတော်စင်သခင်ေအာင်မြင်စွာ အဆင့်ကျော်ဖြတ်နိုင်ခဲ့လျှင် အဇူရာတိမ်ဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေကြားက မဟာမိတ်က ပိုမိုအားကောင်းလာပေတော့မည်။
ချန်ရှောင်ချိုး သူ့ရည်ရွယ်ချက်ကို မရှက်မရွံ့ ၀န်ခံလိုက်လေသည်။
သူသည် ဤနေရာသို့ သူတော်စင်သခင်ကပ်ဘေးဖြတ်ကျော်နေတုန်း တိုက်ခိုက်ရန်လာခဲ့ခြင်းဖြစ်ပြီး သူကပ်ေဘးေကြာင့် ပင်ပန်းေနချိန်တွင် မသတ်ဖြတ်နိုင်ခဲ့လျှင်တောင် ဒဏ်ရာအကြီးအကျယ်ရအောင်လုပ်ပြီး နှစ်ဆယ်ချီတံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားအောင်လုပ်လိုသော ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်၏။
ဤသို့ဆိုလျှင် ရှို့ယိဘုရားကျောင်းအတွက် အတော်လေးအကျိုးရှိသွားမည်သာ။
အခုတော့ အဇူရာတိမ်ဂိုဏ်းက ၀င်ပါနေပြီဖြစ်သောကြောင့် သူ့တွင်မျှော်လင့်စရာ တစ်ခုသာ ရှိတော့သည်။
ထိုမျှော်လင့်ချက်မှာ သူတော်စင်သခင်ကပ်ဘေးကို မအောင်မြင်ဘဲ ထိုအစား ကပ်ဘေးအတွင်းသေသွားဖို့သာ ဖြစ်၏။