← Chapters

အခန်း (၅၂၁-၅၂၂)

Vol. 26 Ch. 521-522

အခန်း (၅၂၁-၅၂၂)

Vol. 26 Ch. 521-522

အခန်း (၅၂၁) နှုတ်ဆက်ပါတယ် လူရီ

ချင်ယွမ်ဖုန်းသည် အခန်းတွင်းသို့ လှမ်းဝင်လိုက်သည့် ခဏ၌ပင် မတူညီသော အချိန်စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် မအီမသာ ခံစားချက်ကို တစ်ဖန် ပြန်လည် ခံစားလိုက်ရချေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် မိမိကိုယ်မိမိ ပြန်လည် တည်ငြိမ်အောင် အတန်ကြာအောင် စိတ်ထိန်းလိုက်ရပြီးမှသာ ရှေ့မှောက်ရှိ ထူးဆန်းသော လူသားအား ကြည့်ရှုနိုင်တော့သည်။

ထိုလူသည် အသက်နှစ်ဆယ်ကျော် အရွယ်ခန့်သာ ရှိဦးမည် ဖြစ်ပြီး ဖားလျားပွပွ အင်္ကျီနှင့် ဘောင်းဘီပွကြီးကို ဝတ်ဆင်ကာ ဖိနပ်အိမ်စီးကတ်ပြားကို စီးထားရာ ဘယ်လိုပင် ကြည့်ရသည်ဖြစ်စေ တစ်နေ့ကုန် အိမ်တွင်း၌သာ အောင်းနေတတ်သော လူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုခဏ၌ ထိုလူသည် ကစားပွဲတစ်ခုကို ဆော့ကစားနေပုံရပြီး ချင်ယွမ်ဖုန်း ဝင်ရောက်လာသည်ကို မြင်သောအခါ ပြုံးပြချေသည်။

တစ်စုံတစ်ခုက နောက်ကွယ်မှ တွန်းပို့လိုက်သကဲ့သို့ပင် ချင်ယွမ်ဖုန်းသည် ထိုအိမ်အောင်းလူသား၏ ဘေးနားသို့ ဖြည်းညှင်းစွာ လှမ်းလျှောက်သွားပြီး ဝင်ထိုင်လိုက်မိသည်။

မိမိ၏ ရှေ့မှောက်တွင် ရှိနေသော လူသည် မိမိအပေါ် မကောင်းသော စိတ်ထားမရှိကြောင်းကို စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ သူ ယုံကြည်နေမိသောကြောင့် ဖြစ်ပေရာသည်။

ရုပ်မြင်သံကြားစခရင်ပေါ်မှ ကစားပွဲကို မြင်ရသောအခါ ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ယခင် ဘဝတစ်ခုကဲ့သို့ပင် ရင်းနှီးနေသော အသိတစ်ခု ဝင်ရောက်လာချေသည်။

ထိုအချိန်၌ စီမံခန့်ခွဲရေးမှူးရုံးခန်းအတွင်းတွင်မူ ယီနန်သည် ရှုဝမ်ချန်းအား လာရောက် ရှာဖွေနေလေသည်။

“ဆရာ.. ယွမ်ဖုန်းက ရှန်းဝူမျှော်စင်ထဲကို ဝင်သွားပြီ။ သူ ဘာအန္တရာယ်မှ မရှိနိုင်ဘူးမလား” ယီနန်က မေးမြန်းလိုက်သည်။

ရှုဝမ်ချန်းက ခေါင်းကို ခါယမ်းလိုက်ရင်း “ဘယ်လိုအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။ လူအများစုက ရှန်းဝူမျှော်စင်ပေါ်ကို တောင် မတက်နိုင်ကြဘူးလေ” ဟု ဆိုချေသည်။

“ဟုတ်လို့လား” ယီနန်သည် စိုးရိမ်စိတ် လျော့ပါးမသွားသေးဘဲ “ကျွန်မ စိတ်ထဲမှာ ယွမ်ဖုန်း အန္တရာယ်နဲ့ ကြုံနေရသလိုမျိုး အမြဲတမ်း ခံစားနေရလို့ပါ” ဟု ပြောသည်။

ရှုဝမ်ချန်းက ယီနန်အား တစ်ချက် ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းခါလိုက်မိတော့သည်။

“မင်းက သူ့အပေါ် စိုးရိမ်စိတ် လွန်ကဲနေတာပါ”

“မဟုတ်ဘူး ဆရာ” ယီနန်က ငြင်းဆိုလိုက်ရင်း “ချင်ယွမ်ဖုန်းက မကြာခင် ထွက်ခွာတော့မယ်လို့ ကျွန်မ အမြဲ ခံစားနေရတယ်။ အဲဒါက သိပ်ကို ဆန်းကြယ်တဲ့ ခံစားချက်မျိုးပဲ။ ဒါကြောင့်သာ မဟုတ်ရင် ကျွန်မ ဆရာဆီကို လာရှာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ရှုဝန်းချန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ “ရှန်းဝူမျှော်စင်က နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တာ။ ဘယ်သူမှ ယင်းရဲ့ အထက်ပိုင်း အလွှာတွေကို မဝင်ရောက်နိုင်ခဲ့ကြဘူး။ အထဲမှာ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး”

“ဒါဆို ကျွန်မကို လိုက်ပြပေးလို့ ရမလား ဆရာ” ယီနန်က ဇွတ်အတင်း တောင်းဆိုလေသည်။

ရှုဝမ်ချန်းက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ... မင်းက ဒီလောက်တောင် အတင်းအကျပ် တောင်းဆိုနေမှတော့ ငါ မင်းကို လိုက်ပြပေးပါ့မယ်” ဟု ပြောချေသည်။

လမ်းတစ်လျှောက်တွင် ယီနန်သည် စိတ်မအေးနိုင်ဘဲ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အတိုင်း နိမိတ်ဆိုးကို ကြိုတင် သိမြင်နေသကဲ့သို့ ခံစားနေရသည်။

“ရှန်းဝူမျှော်စင်ထဲမှာ တကယ်ပဲ ဘာအန္တရာယ်မှ မရှိတာ သေချာတယ်မလား” ယီနန်က သေချာစေရန် ရှုဝမ်ချန်းအား ထပ်မံ မေးမြန်းပြန်သည်။

ရှုဝမ်ချန်းက ခေါင်းခါပြရင်း “မရှိပါဘူး။ ဒါပေမဲ့ ကိုးလွှာမြောက်မှာတော့ ရှန်းဝူအကယ်ဒမီရဲ့ တည်ထောင်သူ ဖြစ်တဲ့ လူရီရဲ့ အခန်းတစ်ခု ရှိတယ်။ ဘယ်သူမှ အဲဒီအခန်းထဲကို မဝင်နိုင်ခဲ့ကြဘူး” ဟု ဆိုသည်။

ယီနန်သည် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။

သူမ၏ အတွေးတွင်မူ ရှန်းဝူမျှော်စင်အတွင်း၌ ဘာမျှ မရှိသဖြင့် မည်သူမျှ လာရောက်ကြလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားမိသည်။

ထို့ပြင် ရှန်းဝူမျှော်စင်သည် ရန်သူများကို ကာကွယ်ရန်အတွက်လည်း အသုံးတော်ခံသဖြင့် သာမန်လူများအနေဖြင့် ကျူးကျော်ဝင်ရောက်နိုင်စွမ်း မရှိချေ။

ချင်ယွမ်ဖုန်းနှင့် ထူးဆန်းသော လူငယ်တို့သည် ကစားပွဲများကို အတူတူ ဆော့ကစားရင်း ကမ္ဘာမြေပေါ်က ဘဝကို ပြန်လည် အမှတ်ရနေမိရာ ချင်ယွမ်ဖုန်း၏ စိတ်အာရုံတွင် ခံစားချက်ပေါင်းစုံတို့ဖြင့် ပြည့်နှက်နေတော့သည်။

“မင်းက ဘယ်သူလဲ... ပြီးတော့ ဘာလို့ ဒီမှာ ရှိနေတာလဲ” ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ထိုလူက ချင်ယွမ်ဖုန်းအား ကြည့်ကာ ပြုံးလိုက်ချေသည်။

“ငါက လူရီ ပါ”

လူရီဟူသော အမည်သည် ချင်ယွမ်ဖုန်း၏ နှလုံးသားကို တူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရစေသည်။

အခြားသူများအတွက်မူ လူရီသည် ရှန်းဝူအကယ်ဒမီ၏ တည်ထောင်သူဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

သို့သော် ချင်ယွမ်ဖုန်းအတွက်မူ လူရီသည် ကမ္ဘာမြေမှ အတူတူ ဝညာဉ်ကူးပြောင်းလာခဲ့ကြသည့် တစ်မြေတည်းသား ဖြစ်နေပေသည်။

အသေအချာ ကြည့်ရှုလိုက်သောအခါ ဤလူရီသည် ချင်ယွမ်ဖုန်း ယခင်က မြင်တွေ့ခဲ့ရသော လူရီ၏ ပုံရိပ်နှင့် လုံးဝ ခြားနားနေသည်။

ထိုလူရီသည် သနားကြင်နာတတ်သော ပုံသဏ္ဌာန်ရှိသော်လည်း ဤလူရီမှာမူ သာမန်လူတစ်ယောက်ကဲ့သို့သာ ရှိချေသည်။

“မင်းက လူရီလား... ကမ္ဘာမြေက လာတာလား” ချင်ယွမ်ဖုန်းက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။

လူရီက ခေါင်းညိတ်ပြုံးရယ်ရင်း “မှန်တာပေါ့... ကမ္ဘာမြေက နောက်ထပ်လူတစ်ယောက် ရောက်လာဖို့အရေး ဒီလောက်တောင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဟု ဆိုသည်။

ဆွေမျိုးသားချင်းနှင့် ပြန်လည် ဆုံတွေ့ရသကဲ့သို့ပင် ချင်ယွမ်ဖုန်းသည် လူရီ၏အပေါ်၌ သံယောဇဉ်ကြီးမားမှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။

သို့သော်လည်း ကွဲပြားခြားနားနေသော လူရီ၏ ရုပ်သွင်နှစ်ခုကြောင့် ချင်ယွမ်ဖုန်း စိတ်ရှုပ်ထွေးသွားရပြန်သည်။

“အခု မင်းက ဘာအခြေအနေမျိုးလဲ... ဒါကလည်း ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်း ပုံရိပ်ပဲလား”

ချင်ယွမ်ဖုန်းသည် မိမိရှေ့မှောက်ရှိ အသက်ဝင်လှသော လူရီအား အလွန် သိချင်စိတ်ပြင်းပြနေမိသဖြင့် လူရီ၏ မျက်နှာကို လက်လှမ်း၍ မထိတွေ့ဘဲ မနေနိုင်တော့ပေ။

သူသည် လူရီ၏ မျက်နှာပြင်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး ထိတွေ့မှုမှာ အလွန်ပင် စစ်မှန်လှပေသည်။

“ဒါက အစစ်အမှန်တော့ မဖြစ်နိုင်ဘူးမလား” ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားရင်း လူရီအား မှင်တက်စွာ စိုက်ကြည့်နေမိသည်။

လူရီ၏ ပုံရိပ်ဟောင်းက မိမိအား လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပင် ကွယ်လွန်သွားခဲ့ပြီဟု ကိုယ်တိုင် ပြောကြားခဲ့ဖူးသည်။

သို့ဆိုလျှင် သူသည် လူတစ်ယောက်တည်းမှ နှစ်ခြမ်းကွဲထွက်လာသည့် နတ်ဘုရားဝိညာဉ်မျိုး မဟုတ်ဘဲ အဘယ်သို့ ရှိနေနိုင်ပါသနည်း။

“ဒါက တံလျှပ်အိပ်မက်ပါ” လူရီက ချင်ယွမ်ဖုန်း၏ စိတ်ထဲမှ ဇဝေဇဝါ ဖြစ်နေမှုကို ရိပ်မိပုံရပြီး ပြုံး၍ ဆိုချေသည်။

“ဒီနေရာမှာ ရှိသမျှ အရာအားလုံးက တံလျှပ်အိပ်မက်တွေပဲ။ ပြီးတော့ ငါ့ရဲ့ အခုပုံစံက ကမ္ဘာမြေပေါ်မှာ ရှိခဲ့တုန်းက ပုံစံပေါ့။ မင်း အရင်က မြင်ခဲ့တဲ့ ပုံရိပ်ကတော့ ငါ ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ရောက်လာပြီးနောက်ပိုင်း အမည်တူ လူရီရဲ့ ရုပ်သွင်ပဲ ဖြစ်တယ်”

“ဒါဆို တံလျှပ်အိပ်မက်ပေါ့လေ” ချင်ယွမ်ဖုန်းသည် စိတ်ပျက်သွားဟန် ရှိချေသည်။ ဝိညာဉ်ကူးပြောင်းရန်အတွက် သက်ဆိုင်ရာ အမည်နာမ ရှိရမည် ဖြစ်ပြီး ထိုသူသည်လည်း အတိအကျ ကွယ်လွန်သွားခဲ့ပြီးသူ ဖြစ်ရမည်ဟု ထင်မှတ်ရပေသည်။

“ဒါဆို မင်း ငါ့ကို ဘာလို့ ဆင့်ခေါ်ခဲ့တာလဲ”

“ဒါပေါ့... မင်းကို ပြောပြစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပေါ့” လူရီက ပြုံးလိုက်ရင်း လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ အခန်းတွင်းရှိ မြင်ကွင်းများသည် စတင် ပြောင်းလဲသွားတော့သည်။

စာအုပ်များ၊ ခွေများနှင့် အခြားအရာအားလုံး ပျောက်ကွယ်သွားပြီး အခန်း၏ အလယ်ဗဟိုတွင် ထူးခြားသော စက်ပစ္စည်းတစ်ခုသာ ကျန်ရစ်တော့သည်။

ထိုစက်ပစ္စည်းသည် အိပ်စက်သည့် အခန်းငယ်တစ်ခုနှင့် တူညီပြီး ယင်း၏ ပတ်ပတ်လည်တွင် ထူးဆန်းသော ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားချေသည်။

“ငါ အသက်ရှင်နေစဉ်တုန်းက ကမ္ဘာမြေကို ပြန်ဖို့ အမြဲတမ်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ မသေဆုံးခင်မှာ ဒီအရာကို ဖန်တီးခဲ့ပေမဲ့ စမ်းသပ်ကြည့်ဖို့အထိတော့ ငါ အသက်မရှည်ခဲ့ဘူး” လူရီက တည်ငြိမ်စွာ ဆိုသည်။

ချင်ယွမ်ဖုန်းသည် ထိုအိပ်စက်သည့် အခန်းငယ်ကို ကြည့်လိုက်သည်။ ယင်းသည် အလွန် မြင့်မားသော နည်းပညာဖြင့် ပြုလုပ်ထားပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ စတိုင်နှင့် လုံးဝ ကွဲပြားနေသော်လည်း တစ်ဖက်တွင်မူ အတန်ငယ် ကြမ်းတမ်းခက်ထန်သော ပုံစံမျိုး ရှိနေပြန်သည်။

“ဒါက မင်း ကမ္ဘာမြေကို ပြန်ဖို့အတွက် တည်ဆောက်ခဲ့တဲ့ အရာ ဟုတ်လား” ချင်ယွမ်ဖုန်းက မျက်လုံးပြူးကာ မေးမြန်းလိုက်သည်။

လူရီက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်လိုက်ရင်း မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းကာ “တစ်မြေတည်းသားပီပီ တကယ်ကို ဉာဏ်ကောင်းတာပဲ။ ငါ ဒီစက်ကို တစ်ခါမှ မစမ်းသပ်ရသေးဘူး။ မင်း ငါ့အတွက် စမ်းသပ်ပေးမလား” ဟု ပြောချေသည်။

ချင်ယွမ်ဖုန်းသည် သနားစရာကောင်းသော ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတစ်ကောင်ကို ချက်ချင်း မြင်ယောင်လာသဖြင့် လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆိုလိုက်တော့သည်။

“မလုပ်ပါနဲ့... မလုပ်ပါနဲ့... ဒါက သိပ်ကို အန္တရာယ်များလွန်းတယ်လို့ ငါ ထင်တယ်” ချင်ယွမ်ဖုန်းက အလောတကြီး ပြောလိုက်သည်။

လူရီက ပြုံးရင်း “မင်း ကမ္ဘာမြေကို ပြန်ပြီး မကြည့်ချင်ဘူးလား” ဟု မေးသည်။

“ဘာလို့ ပြန်ရမှာလဲ... ငါ့မှာ အဲဒီမှာ မိသားစုလည်း မရှိတော့ဘူး” ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ဆိုချေသည်။

“ဒါဆို သူငယ်ချင်းတွေကော... မင်းမှာ သူငယ်ချင်းတွေတော့ ရှိမှာပေါ့” လူရီက ဆက်မေးသည်။

ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ မိမိတွင် တကယ်ပင် ရင်းနှီးသော သူငယ်ချင်း အနည်းငယ်သာ ရှိသော်လည်း မိမိ အမှန်တကယ် နှစ်သက်ခဲ့ရသော မိန်းကလေးတစ်ယောက်တော့ ရှိခဲ့ဖူးပေသည်။

“တွေ့လား... ငါ မင်းကို ပြောသားပဲ... ပြန်သွားပြီး ကြည့်လိုက်စမ်းပါ။ မစိုးရိမ်ပါနဲ့... ဒီစက်က ကြည့်ရတာ နည်းနည်း ကြမ်းတမ်းနေပေမဲ့ ဟင်းလင်းပြင်ဆိုင်ရာ အတားအဆီးကို ဖြတ်ကျော်ပြီး ကမ္ဘာမြေကို သေချာပေါက် ပြန်ရောက်စေနိုင်တယ်” လူရီက ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။

ချင်ယွမ်ဖုန်းက လူရီအား တစ်ချက် ကြည့်လိုက်ပြီး “ပြောပါဦး... ငါ့ကို ဘာလုပ်စေချင်တာလဲ” ဟု မေးလိုက်သည်။

ထိုခဏ၌ လူရီသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “တကယ်တော့ ငါ ဝိညာဉ်ကူးပြောင်းလာတုန်းက အိမ်မှာ ဇနီးနဲ့ ကလေး ကျန်ခဲ့တယ်။ ဒီကို ရောက်ကတည်းက ပြန်ဖို့ကိုပဲ အမြဲတမ်း တွေးနေခဲ့တာ။ မင်းကို ဒီကို ဖိတ်ခေါ်ရတာက ငါ့အတွက် ပြန်သွားပြီး ကြည့်ပေးစေချင်လို့ပါ” ဟု ဝန်ခံချေသည်။

“မင်း ဝိညာဉ်ကူးပြောင်းပြီး ပြန်သွားရင်တောင် အချိန်တွေ အများကြီး ကုန်လွန်သွားလောက်ပြီ” ချင်ယွမ်ဖုန်းက ဆိုသည်။

လူရီက ခေါင်းညိတ်လိုက်ရင်း “ငါ သိပါတယ်... ဒါပေမဲ့ ငါတို့ နှစ်ယောက်လုံးက ၂၀၁၈ ခုနှစ်ကနေ ဝိညာဉ်ကူးပြောင်းလာကြတာ ဖြစ်ပေမဲ့ ဒီမှာတော့ နှစ်ပေါင်းသုံးထောင်တောင် ကွာခြားနေပြီလေ။ ငါ စမ်းကြည့်ချင်တယ်” ဟု ဆိုသည်။

“ကောင်းပြီလေ” ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်ရင်း “ငါ သဘောတူပါတယ်” ဟု ဆိုတော့သည်။

အမှန်စင်စစ် လူရီအား သဘောတူလိုက်ခြင်းသည် လူရီကို ကူညီရန် သက်သက်သာ မဟုတ်ဘဲ ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ ရောက်ရှိလာကတည်းက စိတ်အာဃာတနှောင်ကြိုး ဖြစ်နေခဲ့သော ကိစ္စအချို့ကို အဆုံးသတ် ဖြေရှင်းလိုသောကြောင့် ဖြစ်ပေရာသတည်း။

အခန်း(၅၂၂) ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခြင်း

“ကောင်းပြီလေ။ ရော့... ဒါကို ယူထားလိုက်၊ မင်းကို ပြန်ခေါ်ဆောင်သွားပေးလိမ့်မယ်။”

လူရီသည် တစ်စုံတစ်ရာသော အသွင်ပြောင်းစက်ပစ္စည်းနှင့် တူညီသည့် အရာတစ်ခုကို ချင်ယွမ်ဖုန်းထံသို့ ကမ်းပေးလိုက်ချေသည်။

ထိုအသွင်ပြောင်းစက်နှင့်အတူ လူရီ၏ အိမ်လိပ်စာနှင့် အခြားအချက်အလက်များကို ရေးသားထားသည့် စာရွက်တစ်ရွက်လည်း ပါရှိပေရာ ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်၍ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အိပ်စက်ခြင်းအခန်းငယ်အတွင်းသို့ ဝင်ထိုင်လိုက်တော့သည်။

“နေဦး... ငါသာ ပြန်သွားရင် ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ အချိန်တွေအကြာကြီး ကုန်ဆုံးသွားမှာလား။” ချင်ယွမ်ဖုန်းက လောလောလောလောဖြင့် လှမ်းမေးလိုက်၏။

လူရီက ခေါင်းခါပြကာ “စိတ်မပူပါနဲ့၊ သီအိုရီအရတော့ အဲဒီလို ဖြစ်မှာမဟုတ်ပါဘူး။” ဟု ပြောသည်။

“သီအိုရီအရဆိုတာ ဘာကိုပြောတာလဲ။ ငါပြန်ရောက်တဲ့အချိန်မှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ နှစ်ပေါင်းထောင်ချီ ကုန်ဆုံးသွားတာမျိုးတော့ မလုပ်နဲ့နော်။”

ချင်ယွမ်ဖုန်းက အလန့်တကြား အော်ဟစ်လိုက်လေသည်။

လူရီက ပြုံးလိုက်ပြီး “စိတ်အေးအေးထားပါ၊ အဲဒီလို မဖြစ်စေရပါဘူး။” ဟု ဆိုကာ စက်ပေါ်ရှိ အနီရောင်ခလုတ်ကို နှိပ်လိုက်ပေရာ အိပ်စက်ခြင်းအခန်းငယ်၏ အဖုံးသည် ဝုန်းကနဲ ပိတ်သွားပြီးနောက် အရှိန်အဟုန်ပြင်းစွာဖြင့် တရကြမ်း လည်ပတ်တော့သည်။

ထိုစက်ပစ္စည်း၏ စွမ်းအင်သည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် မြောက်မြားစွာသော ဝိညာဉ်ကျောက်တုံးများဆီမှ လာခြင်းဖြစ်ချေသည်။

စက်ဆီမှ မီးပွားများပင် ပြင်းထန်စွာ လွင့်စင်ထွက်လာပြီးနောက် ခဏချင်းတွင်ပင် စူးရှတောက်ပသော အလင်းဖြူတစ်ချက် လက်ခနဲ ဖြစ်သွားကာ ထိုစက်ပစ္စည်းသည် ချင်ယွမ်ဖုန်းနှင့်အတူ ပျောက်ကွယ်သွားတော့၏။

ထိုအချိန်၌ပင် ရှုဝမ်ချန်းနှင့် ယီနန်တို့သည် တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာကြရာ လူရီ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြင့် ရပ်နေသည်ကိုသာ တွေ့မြင်လိုက်ကြရသည်။

၎င်းတို့သည် ရှန်းဝူမျှော်စင်သို့ ရောက်ရှိလာစဉ်က ချင်ယွမ်ဖုန်း၏ အခန်းတံခါး ပွင့်နေသည်ကို တွေ့ခဲ့ရသော်လည်း ချင်ယွမ်ဖုန်းကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရှိခဲ့ကြချေ။

ရှုဝမ်ချန်းသည် ယခင်က မည်သူမျှ မဖွင့်ဖူးခဲ့သော နောက်ဆုံးအခန်းကို ချက်ချင်းပင် တွေးမိသွားပြီး မျက်မှောင်ကုတ်လျက် ခပ်စိမ်းစိမ်း လှမ်းမေးလိုက်၏။

“မင်းက ဘယ်သူလဲ။ ချင်ယွမ်ဖုန်းကော ဘယ်ရောက်သွားလဲ။”

“ငါက လူရီပါပဲ။” လူရီသည် ရှုဝမ်ချန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ရှုဝမ်ချန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ကိုယ်တွင်းစွမ်းအင်များ တရိပ်ရိပ် ထွက်ပေါ်လာပြီး လူသတ်လိုသော အရှိန်အဝါများကလည်း တဖြည်းဖြည်း ပျံ့လွင့်လာချေသည်။

“ငါ စီနီယာလူရီရဲ့ ပုံရိပ်ကို ဖူးမြင်ဖူးတယ်။”

လူရီက မတတ်သာသကဲ့သို့ ပြုံးလိုက်ရင်း “မင်းတို့ကို ရှင်းပြရမှာတွေ အများကြီး ရှိပေမယ့် ချင်ယွမ်ဖုန်းက မကြာခင် ပြန်လာမှာမို့ စိတ်မပူပါနဲ့။” ဟု ပြောပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ပင် လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။

ရှုဝမ်ချန်းသည် လူရီ၏ စကားကို ဧကန်မုချ မယုံကြည်နိုင်ဘဲ ရှိနေသကဲ့သို့ ယီနန်သည်လည်း ထိတ်လန့်တုန်လှုပ်လျက် ရှိချေသည်။

၎င်းတို့သည် အခန်း၏အလယ်သို့ လျှောက်သွားကြရာ မြေပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသည့် အမည်းစက်ကွက်ကြီးကို တွေ့လိုက်ရ၏။

ယင်းက စက်ပစ္စည်း အရှိန်အဟုန်ပြင်းစွာ လည်ပတ်စဉ်က ချန်ရစ်ခဲ့သော အမှတ်အသားပင် ဖြစ်သည်။

“ဆရာ... ချင်ယွမ်ဖုန်း ဘယ်ကို သွားတာလဲဟင်။” ယီနန်က စိုးရိမ်တကြီး မေးလိုက်သည်။

ရှုဝမ်ချန်းက ခေါင်းခါပြကာ “လောလောဆယ် မလောပါနဲ့ဦး။ မင်း ဒီမှာပဲ နေပြီး စောင့်ကြည့်နေ၊ ငါ ကျောင်းအုပ်ကြီးဆီ သွားရှာလိုက်ဦးမယ်။” ဟု ဆို၏။

ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် မူးဝေနောက်ကျိမှုကိုသာ ခံစားနေရပေရာ ယင်းက နေရာပြောင်း အစီအရင်ကို စီးနင်းရသည်ထက် များစွာ ပိုမိုပြင်းထန်လှပြီး သူ၏ မျက်စိရှေ့မှောက်တွင် မတူညီသော အရောင်အသွေးစုံလင်သည့် ကြိုးမျှင်တန်းပေါင်းများစွာ လက်ခနဲ လက်ခနဲ ဖြတ်သန်းသွားသကဲ့သို့ ရှိချေသည်

“ငါ တကယ်ပဲ ကမ္ဘာမြေကို ပြန်ရောက်နိုင်ပါ့မလား။” ဟူသော မေးခွန်းတစ်ခုသည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။

ကမ္ဘာမြေ၏ ချင်းလန်ပြည်နယ် တစ်နေရာ...

ဖြူဖွေးသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် တောင်ထိပ်တစ်ခုပေါ်တွင် စက်ပစ္စည်းတစ်ခု ပေါ်လာပြီး လူငယ်တစ်ယောက်သည် ထိုစက်ထဲမှ ယိမ်းထိုးလျက် ထွက်လာချေသည်

“ဒါက ရိုလာကိုစတာ စီးရတာထက် အဆပေါင်းများစွာ ပိုရင်ခုန်ဖို့ကောင်းတယ်... အော့...”

ချင်ယွမ်ဖုန်း၏ သန်မာလှသော ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့်ပင် လူရီ၏ စက်ပစ္စည်းဆိုးကျိုးကို မခံမရပ်နိုင် ဖြစ်ရပေရာ အကယ်၍ အခြားသူသာဆိုလျှင် ၎င်းတို့၏ ဦးနှောက်များပင် ပျက်စီးသွားလောက်ချေသည်။

ချင်ယွမ်ဖုန်းသည် အဖြူရောင်မီးခိုးများ ထွက်နေသည့် စက်ပစ္စည်းကို လှည့်ကြည့်လိုက်၏။ ထိုစက်၏ နောက်ကွယ်တွင် အပေါက်ငယ်လေးများ မြောက်မြားစွာ ပါရှိသည့် သေတ္တာကြီးတစ်လုံး ရှိနေပြီး ယင်းက ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းရသည့် နေရာပင် ဖြစ်သည်။

အကြမ်းဖျင်း တွက်ချက်ကြည့်ရသရွေ့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့် တစ်ထိုင်တည်း ကုန်ဆုံးသွားခြင်း ဖြစ်ပေရာ ချင်ယွမ်ဖုန်းမှာ ရင်ဘတ်ထဲကပင် နာကျင်သွားရတော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုစက်ပစ္စည်းကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။

သူသည် လူသူကင်းမဲ့သော တောင်ကတုံးတစ်ခုပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်ဟန်တူပြီး ပတ်ဝန်းကျင် လေထုထဲတွင် ဝိညာဉ်စွမ်းအင် အစအနမျှပင် မရှိသည်ကို တွေ့လိုက်ရသည်။

“ဒါ ကမ္ဘာမြေပဲလား။” ချင်ယွမ်ဖုန်းသည် ရေရွတ်လိုက်မိသည်။ အပေါ်ယံ ကြည့်ရုံမျှဖြင့်မူ သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အတိအကျ မသိနိုင်ချေ။

မိမိလည်ပင်းတွင် ဆွဲထားသည့် ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစကို အာရုံခံရန် ကြိုးစားကြည့်သော်လည်း မည်သည့်အရာကိုမျှ အာရုံမရရှိပေ။

ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစသည် အကာအကွယ် တစ်ခုခုဖြင့် ပိတ်ဆို့ခံထားရသည့်နှယ် ရှိချေသည်။

မိမိ၏ အင်အားနှင့် ကိုယ်တွင်းစွမ်းအင်များကို စမ်းသပ်ကြည့်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် သက်ပြင်းချနိုင်တော့၏။ အနည်းဆုံးတော့ သူ၏ စွမ်းအားများသည် ပျက်စီးမသွားဘဲ နဂိုအတိုင်း ရှိနေသေးပေသည်။

ကမ္ဘာမြေပေါ်တွင် သိုင်းပညာရှင်များ မရှိဟု တွေးမိရာ ချင်ယွမ်ဖုန်းအနေဖြင့် မိမိစိတ်ကြိုက် လျှောက်သွားနိုင်မည် မဟုတ်လော။ သို့သော် သူ၏ ခန္ဓာကိုယ်က နျူကလီးယားလက်နက်များကို ကြံ့ကြံ့ခံနိုင်ပါ့မလားဟူ၍သာ သူ သံသယဖြစ်မိတော့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ချင်ယွမ်ဖုန်းသည် တောင်အောက်သို့ တိုက်ရိုက် ဆင်းလာခဲ့သည်။ တောင်ခြေတွင် ပြည်နယ်ချင်းဆက် လမ်းမကြီးတစ်ခု ရှိနေချေသည်။

အချိန်မှာ ညနေခင်း ဖြစ်နေပြီး ချင်ယွမ်ဖုန်းသည် ထိုလမ်းမကြီးပေါ်သို့ လျှောက်လှမ်းလာစဉ် စိတ်လှုပ်ရှားမှုများ တလိပ်လိပ် တက်လာရ၏။

ယခုအခါတွင်မူ သူသည် ကမ္ဘာမြေသို့ တကယ်ပင် ပြန်ရောက်လာခဲ့ပြီ ဖြစ်ဟန်တူပေရာ အကြောင်းမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးကဲ့သို့သော လောကဓာတ်များတွင် ပြည်နယ်ချင်းဆက် လမ်းမကြီးကဲ့သို့သော အရာများ မရှိသောကြောင့် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ပျံသန်းခြင်းမပြုဘဲ လမ်းမကြီးပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့သည်။

တစ်ချိန်ကမူ သူသည် ကမ္ဘာမြေသို့ ပြန်လာရန် အလွန်တရာ အလိုရှိခဲ့သော်လည်း ယခုအခါ တကယ်တမ်း ပြန်ရောက်လာသည့်တိုင် ချင်ယွမ်ဖုန်းမှာ သွားစရာ နေရာမရှိသကဲ့သို့ ခံစားနေရသည်။

သူသည် မိဘမဲ့တစ်ဦး ဖြစ်ပြီး ကမ္ဘာမြေတွင် မိဘဘိုးဘွား မရှိသကဲ့သို့ မိဘမဲ့ဂေဟာတွင်လည်း အရေးတယူ လုပ်ခြင်းမခံခဲ့ရပေရာ အထက်တန်းကျောင်း ပြီးကတည်းက အလုပ်ထွက်လုပ်ခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် သူ ပြန်ရောက်လာခဲ့လျှင်ပင် သွားစရာ အရပ်မျက်နှာ မရှိချေ။

သို့သော်ငြားလည်း မိန်းကလေးတစ်ဦး၏ ပုံရိပ်သည် သူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေဆဲ ဖြစ်သည်။

ယင်းက မိန်းကလေးတစ်ဦး ဖြစ်ပြီး ချင်ယွမ်ဖုန်း ကမ္ဘာမြေမှ မထွက်ခွာမီက တစ်ဖက်သတ် သဘောကျခဲ့ရသော မိန်းကလေးပင် ဖြစ်၏။

သူသည် ထိုမိန်းကလေး တက်ရောက်နေသည့် တက္ကသိုလ်ရှိရာ မြို့သို့ပင် လိုက်လံ၍ အလုပ်လုပ်ကိုင်ခဲ့ဖူးသော်လည်း ဖွင့်မပြောရသေးမီမှာပင် ရုတ်တရက် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

“ထားလိုက်ပါတော့... အရင်ဆုံး လူရီရဲ့ မိသားစုဆီ သွားကြည့်ရမယ်။ အခု ဘယ်အချိန်ကာလ ရောက်နေပြီလဲဆိုတာလည်း မသိရသေးဘူး။” ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ဆိုလိုက်သည်။

“ပီပီ...”

ထိုစဉ် ကားတစ်စီးသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်တွင် ရပ်တန့်သွားပြီး ဟွန်းနှစ်ချက် တီးလိုက်လေသည်။

“မောင်လေး... ဘယ်သွားမလို့လဲ။ အစ်မ လိုက်ပို့ပေးရမလား။” အမျိုးသမီး ယာဉ်မောင်းက ခေါင်းပြူထွက်ကာ ပြုံး၍ လှမ်းမေးလိုက်၏။

ချင်ယွမ်ဖုန်းကလည်း ပြုံးပြလျက် “ကောင်းပါပြီ... ကျွန်တော် ချင်းလန်ပြည်နယ်ကို သွားချင်တာ၊ ဒီဘက်လမ်းက သွားရမှာ ဟုတ်ရဲ့လား မသိဘူး။” ဟု ဆိုသည်။

“ချင်းလန်ပြည်နယ်လား။ အဲဒါ မနီးဘူးနော်၊ ဒါပေမဲ့ မောင်လေးကို အရှေ့နားအထိတော့ လိုက်ပို့ပေးလို့ရပါတယ်။ ဒီနားတစ်ဝိုက်က ရွာလည်းမရှိ၊ ဆိုင်လည်းမရှိနဲ့ အဝေးကြီးပဲဥစ္စာ။”

အမျိုးသမီး ယာဉ်မောင်းက စေတနာရှေ့ထား၍ နွေးထွေးစွာ ပြောသည်။

“ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်။” ချင်ယွမ်ဖုန်းက ပြုံး၍ ကားပေါ်သို့ တက်လိုက်တော့သည်။

ထိုအမျိုးသမီးသည် အလွန် ဖော်ရွေပုံရပြီး စုစုစမ်းစမ်းလည်း ရှိလှချေသည်။

“မောင်လေး... ဘာလုပ်မလို့လဲ။ ရုပ်ရှင်ရိုက်နေတာလား။” ဟု အမျိုးသမီးက လှမ်းမေး၏။

ချင်ယွမ်ဖုန်း ယခု ဝတ်ဆင်ထားသော အဝတ်အစားများသည် ကမ္ဘာမြေ၏ ရှေးခေတ်ဝတ်စုံများနှင့် တူညီနေပြီး ခေတ်သစ်ဝတ်စုံများနှင့် များစွာ ကွဲပြားနေသောကြောင့် ဖြစ်သည်။

“ဪ... ဟုတ်ကဲ့၊ ကျွန်တော် တောင်ပေါ်မှာ ရုပ်ရှင်ရိုက်ရင်း လမ်းပျောက်သွားလို့ပါ။” ချင်ယွမ်ဖုန်းက ပြုံးလျက် လိမ်ညာပြောဆိုလိုက်သည်။

“သတိမမူလိုက်တာပဲ။” အမျိုးသမီးသည် နောက်ထပ် အများကြီး ဆက်မမေးတော့သော်လည်း ချင်ယွမ်ဖုန်းကို ကြည့်ရင်း စိတ်ထဲတွင် သံသယအချို့ ဖြစ်ပေါ်နေမိသည်။

ချင်ယွမ်ဖုန်း၏ ရုပ်ရည်သည် အလွန်အမင်း ထူးခြားပြောင်မြောက်လှသည်မဟုတ်သော်လည်း သန့်ရှင်းသပ်ရပ်လျက် ရှိပြီး ကျင့်ကြံခြင်း စွမ်းအားများကြောင့် သူ၏ အသားအရေမှာ အလွန်ကောင်းမွန်ကာ လူအများ ချဉ်းကပ်ရလွယ်ကူသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေချေသည်။

ထိုသို့သောသူမျိုးသည် အကယ်၍ အနုပညာရှင်တစ်ဦး မဟုတ်လျှင်ပင် လူသိနည်းစရာ အကြောင်းမရှိပေရာ ထိုအမျိုးသမီးကမူ သူမအနေဖြင့် ယင်းလူငယ်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးကြောင်း သေချာနေမိသည်။

“ဒါနဲ့... မောင်လေး နာမည်က ဘယ်လိုခေါ်လဲ။” အမျိုးသမီးက မေးလိုက်၏။

“ချင်ယွမ်ဖုန်း လို့ ခေါ်ပါတယ်။”

ထိုအမျိုးသမီး ယာဉ်မောင်းကို နှုတ်ဆက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ကားဆက်မစီးတော့ဘဲ ချင်းလန်ပြည်နယ်ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားတော့သည်။

ချင်ယွမ်ဖုန်းသည် ပျံသန်းနေစဉ်အတွင်း အတွေးကမ္ဘာထဲတွင် နစ်မျောနေမိသဖြင့် မိမိ၏ အနီးနားတွင် လေယာဉ်တစ်စီး ရှိနေသည်ကို သတိမထားမိလိုက်ချေ။

“မေမေ... ဟိုမှာကြည့်ပါဦး၊ နတ်ဘုရားတစ်ပါးပဲ။” ကလေးငယ်တစ်ဦးက လေယာဉ်ပြတင်းပေါက်မှနေ၍ ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်လေသည်။

“လျှောက်မပြောနဲ့ သားရဲ့။”

All Chapters