← Chapters

အခန်း (၅၀၁-၅၀၂)

Vol. 26 Ch. 501-502

အခန်း (၅၀၁-၅၀၂)

Vol. 26 Ch. 501-502

အခန်း(၅၀၁)ရှေးဟောင်း နတ်မိမယ် နန်းတော် (၂၂)

ထန်ရှင်းရွှယ်သည် ချင်ယွမ်ဖုန်း၏ လှုပ်ရှားဆောင်ရွက်မှု အဖြာဖြာကို အကဲခတ်ကြည့်ရှုရင်း စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်ချေ။

ရှန်ကျင်းအား ကြာပလ္လင် မှော်လက်နက် လုယူပေးသည်မှစ၍ မာထျန်းကို အဆင့်ခြောက် ရတနာလက်နက် ပေးအပ်သည်အထိ ယင်းကိစ္စရပ်များသည် ချင်ယွမ်ဖုန်း၌ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းနှင့် စိတ်ဓာတ်စွမ်းရည် ပြည့်ဝကြောင်း ထင်ရှားစွာ သက်သေထူနေပေရာသည်။

ဤမျှ ရိုးရှင်းလှသော ကိစ္စငယ်နှစ်ခုမျှဖြင့်ပင် ရှန်ကျင်း၏ စိတ်၌ ချင်ယွမ်ဖုန်းအပေါ် ကြည်ညိုမြတ်နိုးမှု အဆမတန် တိုးပွားသွားစေရုံမက မာထျန်းဆိုလျှင် ချင်ယွမ်ဖုန်းအတွက် မီးပင်လယ်ကို ဖြတ်၍ ဓားတောင်ကိုပင် တက်ဝံ့သည့် သစ္စာတရားမျိုး ကိန်းအောင်းသွားချေပြီ။

“ချန်ဖန်းတစ်ယောက် အထူးတလည် ချီးမွမ်းခန်းဖွင့်နေတဲ့ လူဟာ တကယ်ပဲ သာမန်ထက် ထူးခြားလှတာပဲ” ထန်ရှင်းရွှယ်က ပြုံးလျက် ညည်းတွားလိုက်သည်။

ချင်ယွမ်ဖုန်းသည် ထန်ရှင်းရွှယ်ကို တစ်ချက်မျှ ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်ဘုံမျှော်စင်၏ ပဉ္စမအထပ်သို့ လျင်မြန်စွာ ပြေးတက်သွားချေတော့သည်။

ဝူဝမ်ရှင်းသည် အတန်ကြာကတည်းကပင် အပေါ်သို့ ရှေးဦးစွာ တက်လှမ်းသွားခဲ့ပြီးဖြစ်ရာ ၎င်းအချက်က ချင်ယွမ်ဖုန်းကို အလွန်အမင်း စိုးရိမ်ပူပန်စေသည်။

ယင်းသို့ ပူပန်မိသည်မှာ ဝူဝမ်ရှင်း၏ ကလဲ့စားချေလာမည့် အရေးကို ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ ပဉ္စမအထပ်ရှိ ရတနာကို ဝူဝမ်ရှင်းတစ်ယောက် လက်ဦးမှု ရယူသွားလေမည်လားဟူသော အတွေးကြောင့်သာ ဖြစ်ချေသည်။

အမှန်စင်စစ် ဝူဝမ်ရှင်းသည် သူ၏ ရန်သူတော်ဖြစ်နေပြီဖြစ်ရာ ရန်သူ ပိုမိုအစွမ်းထက်လာမည့် အဖြစ်မျိုးကို ၎င်းအနေဖြင့် အဘယ်မှာလျှင် အလိုရှိပါအံ့နည်း။

အားလုံးသည် ပဉ္စမအထပ်သို့ ဖြတ်လတ်စွာ ပြေးဝင်လာကြသော်လည်း သူတို့မျက်စိရှေ့မှ မြင်ကွင်းကြောင့် တစ်ချက်မျှ ဆွံ့အကာ အေးစက်တုန်လှုပ်သွားကြရသည်။

ကောင်းကင်ဘုံမျှော်စင်၏ ပဉ္စမအထပ် နေရာဟင်းလင်းပြင်သည် အလွန်တရာ ကျဉ်းမြောင်းလှပြီး အခန်းငယ်တစ်ခုမျှသာ ရှိချေသည်။

စတုတ္ထအထပ်ကဲ့သို့ပင် ပတ်ဝန်းကျင် နံရံများ၌ မည်သည့်အရာမျှ မရှိဘဲ ဗဟိုအရှေ့ဘက်ဆုံးနေရာ၌သာ အရိုးစုတစ်စု ထိုင်လျက်သား ရှိနေသည်ကို တွေ့ရသည်။

ထိုအရိုးစုသည် ကွယ်လွန်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပေရာ ဖြူဆွတ်ဆွတ် အရိုးခြောက်များသာ ကျန်ရစ်တော့သည်။

ယခုအခါ ဝူဝမ်ရှင်းသည် ထိုအရိုးစု၏ အရှေ့တည့်တည့်၌ မတ်တတ်ရပ်နေချေပြီ။

ချင်ယွမ်ဖုန်းနှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်သောအခါ ဝူဝမ်ရှင်းက လှည့်ကြည့်၍ မကောင်းဆိုးဝါး အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

“ဘယ်သူလုနိုင်လဲ၊ အဲဒီလူပဲ ရမှာပေါ့။ ဒါ မင်းကိုယ်တိုင် ပြောခဲ့တာလေ” ဝူဝမ်ရှင်းက မဟားဒရား ရယ်မောလိုက်သည်။

၎င်းသည် အရိုးစုနှင့် အနီးကပ်ဆုံးနေရာ၌ ရှိနေသဖြင့် ဤအရိုးစုကို ရယူလိုပါက အမြန်ဆုံး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဤအရိုးစုခြောက်အပေါ် မည်သူကများ စိတ်ဝင်စားမှု ရှိပါအံ့နည်း။

ထိုသို့သော အချိန်၌ ဝူဝမ်ရှင်းကိုယ်တိုင် သတိမထားမိသည့် ပိုမိုတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပွားလာခဲ့သည်။

မြေပြင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေသော အရိုးစုသည် တစ်စုံတစ်ဦးက ကြိုးဆွဲလိုက်သည့်အလား ရုတ်ချည်းပင် မတ်တတ်ထရပ်လာချေသည်။

“ဟက်၊ မင်းတို့တွေ အနားမလာရဲလောက်အောင် ကြောက်ဒူးတုန်နေကြတာလား။ ငါ ပြောပြမယ်၊ ဒီလိုအရိုးစုတွေဟာ မသေဆုံးခင်က အစွမ်းထက်ခဲ့မယ်ဆိုရင် အကောင်းဆုံး လက်နက်သွန်းလုပ်တဲ့ ပစ္စည်းတွေ ဖြစ်လာနိုင်တယ်”

ဝူဝမ်ရှင်း၏ မျက်နှာတွင် ရူးသွပ်မှု အပြည့်ဖြင့် အရိုးစုကို တိုက်ရိုက်ဖမ်းဆွဲရန် လက်ကို ဆန့်တန်းလိုက်ချေသည်။

ချင်ယွမ်ဖုန်းနှင့် အခြားသုံးဦး၏ မျက်နှာများတွင် ပြောချင်သော်လည်း မျိုသိပ်ထားရသည့် အမူအရာများ ပေါ်ပေါက်လာသော်လည်း ဝူဝမ်ရှင်းကမူ သူ၏လက်သည် အရိုးစု၏ လက်ရုံးရိုးကို ဆုပ်ကိုင်မိသွားပြီဟု ခံစားလိုက်ရသည်။

“တစ်ခုခုတော့ မှားနေပြီ။ ငါ ရပ်နေတဲ့ နေရာကနေ ကြည့်ရင် ဒီအရိုးစုရဲ့ လက်ရုံးရိုးကို လှမ်းကိုင်မိဖို့ မဖြစ်နိုင်ဘူး မဟုတ်လား” ဝူဝမ်ရှင်းသည် မျက်ခုံးပင့်လျက် ကိစ္စရပ်တစ်ခုခု လွဲမှားနေပြီဟု စတင်ရိပ်မိလာသည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများ၏ တုန်လှုပ်နေသော မျက်နှာအမူအရာများကို မြင်သည်နှင့် ဝူဝမ်ရှင်းသည် ဦးခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ အရိုးစု၏ ဦးခေါင်းခွံကြီးနှင့် မျက်နှာချင်းဆိုင် တည့်တည့် တိုးတော့သည်။

“အဲဒါ မင်းဟာပဲ၊ ဘယ်သူမှ လာမလုဘူး” ချင်ယွမ်ဖုန်းက ဤသို့သော အချိန်တွင် လှမ်း၍ ပြောလိုက်သည်။

ဝူဝမ်ရှင်းသည် စိတ်ထဲမှ ကျိန်ဆဲရင်း ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်ခွာရန် ပြင်လိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို အရှေ့ဆုံး၌ ရပ်တည်နေခြင်းသည် ကောင်းကျိုးမပေးနိုင်ကြောင်း သိရှိကြပေလိမ့်မည်။

၎င်းသည်လည်း မိမိကိုယ်ကိုယ် ရှေးဦးစွာ ဇွတ်ပြေးဝင်မိခြင်းအတွက် အလွန်အမင်း နောင်တရမိသွားချေသည်။

သို့သော် ၎င်း၏လက်ကို ပြန်လည်ရုတ်သိမ်းရန် ကြိုးစားလိုက်ချိန်တွင် ဝူဝမ်ရှင်းသည် တစ်ကိုယ်လုံး ဆွံ့အသွားရသည်။ အကြောင်းမူကား သူ၏လက်သည် အရိုးစု၏ လက်ရုံးရိုးဖြင့် ပြန်လည်ဖမ်းဆွဲခြင်း ခံထားရသောကြောင့် ဖြစ်ချေသည်။

“ဒါ ဘာကြီးလဲ”

ဝူဝမ်ရှင်းက စူးရှစွာ အော်ဟစ်လျက် လက်ဝါးတစ်ချက်ဖြင့် အရိုးစု၏ ဦးခေါင်းခွံကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

၎င်းသည် ယုတ်မာရက်စက်သော မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်ပေရာ ကျင့်ကြံစဉ်ကာလတစ်လျှောက် အလောင်းကောင်များ၊ သွေးစိမ်းရှင်ရှင်များနှင့် အမြဲတစေ ထိတွေ့ခဲ့ရပြီး ထိုအရာများကို သူ၏ မိတ်ဆွေကောင်းများသဖွယ် သဘောထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း ယခုအခါ ဝူဝမ်ရှင်း၏ နှလုံးသားထဲ၌ ကြီးမားသော ကြောက်ရွံ့ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာရချေပြီ။

သူ၏ ရှေ့မှောက်ရှိ အရိုးစုသည် သူထင်မှတ်ထားသကဲ့သို့ သာမန်အရိုးစုမျိုး မဟုတ်ကြောင်း သိမြင်သွားရသည်။

လက်ဝါးရိုက်ချက်နှင့်အတူ ပြင်းထန်လှသော ကိုယ်တွင်းစွမ်းအင်များသည် လက်ဝါးပြင်ပေါ်၌ စုစည်းသွားသည်။

ဤအခိုက်အတန့်တွင် ဝူဝမ်ရှင်းသည် သူ၏ ဘိုးဘေးနယ်ပယ် ဒုတိယအဆင့် ကျင့်စဉ်စွမ်းအား အားလုံးကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ချေသည်။

သို့သော် ဆန်းကြယ်သော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ယင်းပြင်းထန်လှသော လက်ဝါးရိုက်ချက်သည် အရိုးစု၏ ဦးခေါင်းခွံပေါ်သို့ ကျရောက်သွားပြီး ဦးခေါင်းခွံကို အရိုးစုကိုယ်ထည်မှ လွင့်စင်ထွက်သွားစေခဲ့သည်။

ဤအခြင်းအရာကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ သူတို့အားလုံးက ဤအရိုးစုသည် အလွန်အမင်း အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။

အရိုးစု၏ အရိုးများသည် ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ဆက်စပ်နေသဖြင့် ခန္ဓာကိုယ် ပျက်စီးမသွားခြင်း ဖြစ်သော်လည်း ဝူဝမ်ရှင်း၏ လက်ဝါးတစ်ချက်ဖြင့် ဦးခေါင်းခွံ လွင့်စင်သွားခြင်းကမူ အံ့ဩဖွယ်ရာပင်။

သို့သော် ကိစ္စရပ်က ဤမျှဖြင့် မပြီးဆုံးသေးချေ။ ဝူဝမ်ရှင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ရုံရှိသေးသော်လည်း သူ၏ နှလုံးသားသည် ချောက်နက်ထဲသို့ ပြန်လည်ကျဆင်းသွားရပြန်သည်။

အကြောင်းမူကား ဦးခေါင်းမရှိသော အရိုးစုသည် ပြိုကွဲမသွားသည့်အပြင် ထိုလက်ရုံးရိုးသည် ဝူဝမ်ရှင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် အခြားလက်တစ်ဖက်က ဆန့်ထွက်လာကာ လက်ဝါးကို ဖြန့်လျက် ဝူဝမ်ရှင်း၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်သောကြောင့် ဖြစ်သည်။

ဝူဝမ်ရှင်းသည် အလွန်တရာ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို ရှောင်တိမ်းရန် ကြိုးစားသော်လည်း မိမိ၏ လက်သည် အရိုးစု၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်အောင် မရုန်းကန်နိုင်ကြောင်း သိလိုက်ရသည်။

နောက်ထပ်အခိုက်အတန့်တွင် အရိုးစု၏ လက်ရုံးရိုးသည် ဝူဝမ်ရှင်း၏ ရင်ဘတ်ကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး သွေးစိမ်းများ ပန်းထွက်လာစေတော့သည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများ အားလုံး တုန်လှုပ်ချောက်ချားသွားကြရသည်။ ဝူဝမ်ရှင်း၏ ကိုယ်ရံစွမ်းအင်သည် စက္ကူကဲ့သို့ လွယ်ကူစွာ ဆုတ်ဖြဲခံရပြီး အရိုးစု၏ တိုက်ခိုက်မှုကို အနည်းငယ်မျှပင် တားဆီးနိုင်စွမ်းမရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။

သူတို့သည် ဤအရိုးစုကို ဟန်ရေးပြရုံမျှသာဟု ထင်မှတ်နေခဲ့ကြသော်လည်း အမှန်တရားက ချက်ချင်းပင် သက်သေပြလိုက်ချေပြီ။

ဝူဝမ်ရှင်းသည် မိမိ၏ ရင်ဘတ်ကို ဖောက်ထွင်းထားသော အရိုးစုလက်ကို မယုံကြည်နိုင်စွမ်းသော မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်မိသည်။

စူးရှလှသော နာကျင်မှုသည် လှိုင်းလုံးကြီးများကဲ့သို့ ထပ်တလဲလဲ ရိုက်ခတ်လာသဖြင့် တစ်ကိုယ်လုံး အားအင်ချိနဲ့လာသလို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် အရိုးစုသည် မည်သူမျှ ထင်မှတ်မထားသော လှုပ်ရှားမှုတစ်ခုကို ထပ်မံပြုလုပ်ပြန်သည်။

ယင်းက ဝူဝမ်ရှင်းကို တိုက်ရိုက် မြှောက်မလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ခြင်း ဖြစ်ချေသည်။

ဝူဝမ်ရှင်းသည် နာကျင်လွန်းသဖြင့် မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။ သို့သော်လည်း ရှင်သန်လိုသော စိတ်ဆန္ဒကြောင့် မြေပြင်ပေါ်မှ ရုတ်ချည်း ရုန်းထကာ သွေးများ ပန်းထွက်နေသော ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချင်ယွမ်ဖုန်းနှင့် အခြားသူများရှိရာသို့ ကမူးရှူးတိုး ပြေးလာချေတော့သည်။

“မင်းတို့တွေ ဒီအရိုးစုကို မြန်မြန်ရှင်းကြစမ်း” ဝူဝမ်ရှင်း၏ မျက်နှာသည် ဖြူလျော်နေပြီး ဝင်ပေါက်နေရာမှတစ်ဆင့် ထွက်ပြေးရန် ပြင်လိုက်သည်။

“ဘယ်သူက ဒီအရိုးစုကို ရှင်းချင်မှာလဲ” ချင်ယွမ်ဖုန်းနှင့် အခြားသူများလည်း သတိဝင်လာကြပြီး ဝင်ပေါက်ဆီသို့ အပြေးအလွှား ဦးတည်လိုက်ကြသည်။

သို့သော် သူတို့အားလုံး ဝင်ပေါက်မှ ထွက်ခွာခါနီးအချိန်တွင် ဝင်ပေါက်တံခါးသည် ရုတ်ချည်းပင် ပိတ်ဆို့သွားချေတော့သည်။

တစ်ခန်းလုံးသည် ဤအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ဝိညာဉ်အဆောင်ပုံရိပ်များသည် မြေပြင်၊ နံရံများ၊ ပြတင်းပေါက်များနှင့် မျက်နှာကြက်များပေါ်တွင်ပင် ဖုံးလွှမ်းပေါ်ပေါက်လာခဲ့သည်။

ရွှေရောင် ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုသည် ဝင်ပေါက်နေရာ၌လည်း ပေါ်လာခဲ့ပေရာ ဝူဝမ်ရှင်းက စမ်းသပ်ကြည့်သော်လည်း ဤဝိညာဉ်အဆောင်ပုံရိပ်ကို ဖောက်ထွက်နိုင်ခြင်း မရှိချေ။

မျှော်လင့်ချက် ကင်းမဲ့ခြင်းလှိုင်းလုံးသည် ဝူဝမ်ရှင်း၏ နှလုံးသားထဲသို့ ရိုက်ခတ်သွားသည်။ ၎င်းသည် သူ၏ အရိုးတုတ်ကို တိုက်ရိုက်ထုတ်ယူကာ ဝိညာဉ်အဆောင်ပုံရိပ်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သော်လည်း မည်သို့မျှ သက်ရောက်မှု မရှိချေ။

အရိုးတုတ်သည် ဝိညာဉ်အဆောင်ပုံရိပ်ပေါ်သို့ ထိုးစိုက်မိသောအခါ ဝိညာဉ်အဆောင်ပုံရိပ်သည် အတွင်းဘက်သို့ သိသာစွာ ကျွံဝင်သွားသော်လည်း ပျက်စီးသွားခြင်း မရှိခဲ့ပေ။

ခေတ္တမျှအကြာတွင် ဝိညာဉ်အဆောင်ပုံရိပ်သည် သားရေကွင်းကဲ့သို့ တုံ့ပြန်ကန်ထွက်လာပြီး ဝူဝမ်ရှင်းကို နောက်သို့ ခြေလှမ်းအနည်းငယ် လွင့်စင်သွားစေသည်။

ဝူဝမ်ရှင်းသည် လုံးဝ စိတ်ပျက်အားလျော့သွားရချေပြီ။ ယခုအခါ ၎င်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ အကယ်၍ ထွက်ပြေးနိုင်ပါက ရှင်သန်ခွင့် ရဦးမည် ဖြစ်သော်လည်း ဤနေရာ၌ ပိတ်မိနေပါက သေခြင်းတရားဟူသော လမ်းတစ်လမ်းသာ ရှိတော့ပေမည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများလည်း အလွန်တရာ ထိတ်လန့်နေကြသည်။ ဤနေရာ၌ ပိတ်မိနေခြင်းကြောင့် သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာရသည်။

“၊ ဒါတွေက တကယ်ပဲ ဘာတွေလဲ။ မြေပြင်ပေါ်ကအရာတွေက ဝိညာဉ်အဆောင်ပုံရိပ်တွေလား” မာထျန်းသည် ယခုအခါ ချင်ယွမ်ဖုန်း၏ နောက်ကွယ်၌ ပုန်းအောင်းလျက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

ထန်ရှင်းရွှယ်က ငုံ့ကြည့်ပြီးနောက် ခေါင်းညိတ်ပြကာ “ဒါတွေက တကယ်ပဲ ဝိညာဉ်အဆောင်လက်ဖွဲ့တွေပဲ။ ဒါပေမဲ့ ဒီဝိညာဉ်အဆောင်လက်ဖွဲ့တွေက အရမ်းကို ရှုပ်ထွေးပြီး အစွမ်းထက်လွန်းတယ်။ ငါတို့ရဲ့ စွမ်းအားနဲ့ ဒါတွေကို ဖြေရှင်းဖို့ဆိုတာ မလွယ်ကူဘူး” ဟု ဆိုလိုက်ချေသည်။

ချင်းလိုင်မျှော်စင်သည် မိုးကြိုးပညာရပ်ဖြင့် အကျော်ကြားဆုံးဖြစ်ပြီး ၎င်းနောက်တွင် ဝိညာဉ်အဆောင်လက်ဖွဲ့ လမ်းစဉ်သည် ဒုတိယအလိုက် ကျော်ကြားပေသည်။

သူတို့၏ ဂိုဏ်းတစ်ခုလုံးသည် ဝိညာဉ်အဆောင်လက်ဖွဲ့များကို ကျင့်ကြံကြပေရာ ချင်းလိုင်မျှော်စင်မှ လူတိုင်းသည် အဆောင်လက်ဖွဲ့ ဖန်တီးသူများ ဖြစ်ကြသည်ဟုပင် ဆိုနိုင်ပေသည်။

အခန်း(၅၀၂)ရှေးဟောင်း နတ်မိမယ် နန်းတော်(၂၃)

ထိုအခိုက်အတန့်တွင် အရိုးစုသည် ၎င်း၏ဦးခေါင်းအား ကောက်ယူရန်အလား နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားချေသည်။

ချင်ယွမ်ဖုန်းသည် ဤအခွင့်အရေးကို အရယူကာ အောက်သို့ အလျင်အမြန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေပြင်ပေါ်ရှိ ဝိညာဉ်အဆောင်လက်ဖွဲ့များကို ဂရုတစိုက် လေ့လာကြည့်ရှုလေသည်။

ဝိညာဉ်အဆောင်လက်ဖွဲ့များပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များသည် အလွန်တရာ ရှုပ်ထွေးလှပေရာ ထန်ရှင်းရွှယ်ပင်လျှင် ခွဲခြား၍ မသိနိုင်တော့ချေ။

ယင်းက ဤဝိညာဉ်အဆောင်လက်ဖွဲ့များသည် မည်မျှအထိ ရှားပါးကြောင်း ဖော်ပြနေသကဲ့သို့ ရှိချေသည်။

သို့သော် ချင်ယွဉ်ဖုန်းမှာမူ ထိုသူများနှင့် မတူပေ။ ၎င်း၏စိတ်အာရုံထဲတွင် ဝိညာဉ်အဆောင်လက်ဖွဲ့ အားလုံးတို့နှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ တည်ရှိနေသဖြင့် ဤဝိညာဉ်အဆောင်လက်ဖွဲ့သည် မည်သည့်အရာ ဖြစ်ကြောင်းကို အလျင်အမြန်ပင် မှတ်မိသိရှိသွားချေသည်။

“ဒါက ဝိညာဉ်နှိမ်နင်း အဆောင်လက်ဖွဲ့ပဲ။ မိစ္ဆာဆိုးတွေကို နှိမ်နင်းပြီး ချိပ်ပိတ်တဲ့နေရာမှာ သုံးတဲ့ အဆောင်လက်ဖွဲ့မျိုးပေါ့။ ဒါရဲ့ စွမ်းအားက အလွန်ကြီးမားတယ်။ ပြီးတော့ ဒါကို ချမှတ်ခဲ့တဲ့သူက အနည်းဆုံး သတ္တမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ ဖြစ်ရမယ်” ဟု ချင်ယွမ်ဖုန်းက စိတ်ပျက်အားလျော့စွာဖြင့် ပြောဆိုလိုက်သည်။

ထန်ရှင်းရွှယ်သည် ချင်ယွမ်ဖုန်းအား အံ့အားသင့်ဖွယ် အကြည့်ဖြင့် ကြည့်လျက် “ညီလေးချင်က ဝိညာဉ်အဆောင်လက်ဖွဲ့ အကြောင်းကိုလည်း နားလည်တာပဲလား” ဟု မေးမြန်းလိုက်သည်။

“အနည်းငယ်ပေါ့” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ရင်း “ဒါပေမဲ့ အခုအချိန်မှာ ဒီဝိညာဉ်အဆောင်လက်ဖွဲ့တွေကို နားလည်နေလည်း အပိုပါပဲ။ ငါတို့ရဲ့ ခွန်အားနဲ့တော့ ဒါကို မဖျက်ဆီးနိုင်ဘူး” ဟု ဆိုချေသည်။

ရှန်ကျင်းသည် အလွန် တည်ငြိမ်နေပုံရပြီး ယင်းမှာ ၎င်း၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်ကိုမျှ ထုတ်ဖော်မပြခြင်းကြောင့်သာ ဖြစ်တန်ရာသည်။

“ဒီအရိုးစုကို နှိမ်နင်းဖို့ သတ္တမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ကို သုံးထားတယ်ဆိုရင် အရိုးစုဟာ အသက်ရှိစဉ်တုန်းက အလွန်တရာ အစွမ်းထက်ခဲ့တာ သေချာတယ်” ဟု ရှန်ကျင်းက အေးစက်စွာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် ထိုအရိုးစုအား လှမ်း၍ ကြည့်လိုက်ကြချေသည်။ ထိုအချိန်တွင် အရိုးစုသည် ၎င်း၏ဦးခေါင်းကို ကောက်ယူပြီးစီးသွားကာ ပုခုံးပေါ်သို့ ဖြည်းညှင်းစွာ ပြန်တင်၍ လက်နှစ်ဖက်ဖြင့် တည့်မတ်အောင်ပင် ညှိယူနေချေသည်။

အရိုးစုက ၎င်း၏အရိုးများကို နေရာတကျ ပြန်လည် တပ်ဆင်လိုက်သည်နှင့် တပြိုင်နက် အခန်းတွင်းရှိ ဝိညာဉ်အဆောင်လက်ဖွဲ့ အားလုံးသည် ရုတ်ချည်းပင် နီရဲသော အလင်းတန်းများဖြင့် လင်းလက်တောက်ပလာချေသည်။

လူတိုင်း ထိုအခြင်းအရာကို သတိပြုမိကြသော်လည်း အလေးဂရုမပြုမိကြချေ။

“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ” မာထျန်းသည် အရိုးစုက ၎င်း၏ဦးခေါင်းကို နေရာပြန်သွင်းနေသည်ကို ကြည့်ရင်း ရင်ထဲတွင် ပိုမို၍ ထိတ်လန့်ကြောက်ရွံ့လာမိချေသည်။

“အခု လမ်းနှစ်လမ်းပဲ ရှိတော့တယ်။ တစ်လမ်းက ဒီနေရာက ဝိညာဉ်အဆောင်လက်ဖွဲ့တွေကို ဖျက်ဆီးပြီး ထွက်ပြေးဖို့၊ နောက်တစ်လမ်းကတော့ ငါတို့ရှေ့က ဒီထူးဆန်းတဲ့ အရိုးစုမိစ္ဆာကို အပြတ်ရှင်းပစ်ဖို့ပဲ” ဟု ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

ထန်ရှင်းရွှယ်သည် လူတိုင်းကို လှည့်ပတ်ကြည့်ရှုလိုက်ချေသည်။ ၎င်းတို့လေးဦးမှာ တိုက်ခိုက်နိုင်စွမ်း ရှိသေးသော်လည်း ဝူဝမ်ရှင်းမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် နုန်းခွေစွာ လဲလျောင်းနေရရှာရာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပုံရချေသည်။

“ဝိညာဉ်အဆောင်လက်ဖွဲ့တွေကို ဖျက်ဆီးဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ” ထန်ရှင်းရွှယ်က ခပ်အေးအေးပင် ပြောလိုက်ရင်း “ငါတို့ရှေ့က အရိုးစုကို ခြေမှုန်းနိုင်မလားဆိုတာပဲ အစွမ်းကုန် ကြိုးစားကြည့်ကြစို့” ဟု ဆိုသည်။

သို့သော် ချင်ယွမ်ဖုန်းမှာမူ ထိုသို့ မတွေးတောပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ဤနေရာမှ ဝိညာဉ်အဆောင်လက်ဖွဲ့များကို ဖျက်ဆီးနိုင်မည့် နည်းလမ်း ရှိကောင်းရှိနိုင်သောကြောင့် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ယခင်ကလည်း ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုအား အနည်းငယ် ပြုပြင်မွမ်းမံကာ အစွမ်းမဲ့သွားအောင် လုပ်ဆောင်ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူးချေသည်။

သို့သော် ယင်းသို့ ပြုလုပ်ရန်အတွက် များပြားလှစွာသော ဝိညာဉ်စွမ်းအားနှင့် ကိုယ်တွင်းစွမ်းအင်များ ပံ့ပိုးပေးရန် လိုအပ်လှပေသည်။

ယခုအခါ ဤနေရာရှိ ဝိညာဉ်အဆောင်လက်ဖွဲ့များသည် အဆင့်အတန်း ပိုမိုမြင့်မားလှသဖြင့် ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း အပြည့်အဝ ယုံကြည်မှုမရှိရာ မည်သည့်စကားကိုမျှ ထုတ်ဖော်မပြောဘဲ ဆိတ်ဆိတ်သာ နေလိုက်ချေသည်။

“ဒါဆိုရင်တော့ ငါတို့ ဒီကနေ ထွက်သွားနိုင်မလား၊ မထွက်သွားနိုင်ဘူးလားဆိုတာ ငါတို့လေးယောက် ဒီအရိုးစုကို အနိုင်တိုက်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေး ပြောလိုက်ရင်း ၎င်း၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း တင်းခံအသင့်ပြင်လိုက်ချေသည်။

လူတိုင်းလည်း တည်ကြည် လေးနက်သွားကြပြီး ဝူဝမ်ရှင်း တစ်ဦးတည်းသာလျှင် ထွက်ပေါက်အနီးရှိ နံရံကို မှီ၍ လဲလျောင်းနေရှာချေသည်။

အခန်းတွင်းရှိ နေရာအကျယ်အဝန်းမှာ မကြီးမားလှပေ။ အောက်ထပ်ရှိ အခြားသော သိုင်းပညာရှင်များသည် ဤအချိန်တွင် ပဉ္စမအထပ်၏ ဝိညာဉ်အဆောင်ပုံရိပ်များကို ဖြတ်ကျော်နိုင်စွမ်း မရှိကြသေးသော်လည်း ပဉ္စမအထပ်၏ အခြေအနေကို လှမ်းမြင်နေရသဖြင့် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ကာ အလှမ်းကွာဝေးရာ၌သာ နေကြချေသည်။

လှုပ်ရှားသက်ဝင်နေသော အရိုးစုတစ်ခုက ၎င်းတို့၏ စိတ်ဝင်စားမှုကို ပျောက်ဆုံးသွားစေချေသည်။

စတုတ္ထအထပ်ကို လုယက်သိမ်းပိုက်ပြီးနောက် လူအများအပြားသည် ဤနေရာမှ အလျင်အမြန်ပင် ထွက်ခွာသွားကြချေပြီ။ အမှန်စင်စစ် မသေမျိုးနန်းတော်အတွင်း၌ အဆွဲဆောင်နိုင်ဆုံးအရာမှာ ထိုလောကဓာတ်၏ မူလအနှစ်သာရ အစုအဝေးကြီးသာ ဖြစ်ပေရာသည်။

အရိုးစုသည် ချင်ယွမ်ဖုန်းနှင့် အခြားသူများထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာချေသည်။ အခန်းမှာ မကျယ်ဝန်းလှသဖြင့် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အရိုးစုသည် ချင်ယွမ်ဖုန်းတို့၏ ရှေ့မှောက် ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ချေသည်။

အရိုးစုတွင် မျက်လုံးမရှိဘဲ မှောင်မည်းနေသော မျက်တွင်းဟောင်းလောင်း နှစ်ဖက်သာ ရှိသော်လည်း ချင်ယွမ်ဖုန်းမှာမူ ဤအခိုက်အတန့်တွင် ထိုအရိုးစုသည် မိမိအား စိုက်ကြည့်နေသကဲ့သို့ ခံစားနေရချေသည်။

“အားလုံး တူတူတိုက်ကြမယ်”

ထိုအချိန်တွင် ထန်ရှင်းရွှယ်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ၎င်း၏လက်ထဲ၌ ဝိညာဉ်အဆောင်လက်ဖွဲ့ တစ်ဒါဇင်ကျော် ရုတ်ချည်း ပေါ်လာကာ အရိုးစုထံသို့ တစ်ပြိုင်နက်တည်း ပျံသန်းသွားချေတော့သည်။

ချင်ယွမ်ဖုန်းသည် ဤဝိညာဉ်အဆောင်လက်ဖွဲ့များကို ချက်ချင်းပင် မှတ်မိသွားချေသည်။ ယင်းတို့သည် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူများ အထူးတလည် အသုံးပြုလေ့ရှိသော ပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့များ ဖြစ်ကြချေသည်။

အဆင့်အတန်း မတူညီသော ပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့များသည် ပေါက်ကွဲမှုစွမ်းအားလည်း ကွဲပြားခြားနားကြချေသည်။

ချင်ယွမ်ဖုန်း အကဲဖြတ်ရသလောက် ဤအဆောင်လက်ဖွဲ့များ၏ အဆင့်မှာ အနည်းဆုံး ပဉ္စမအဆင့် ရှိပေလိမ့်မည်။

ယင်းက ထန်ရှင်းရွှယ်၏ ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ အဆင့်အတန်းသည် ချင်ယွမ်ဖုန်းနှင့် အဆင့်တူညီပြီး နှစ်ဦးစလုံးမှာ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူများ ဖြစ်ကြကြောင်း ပြသနေချေသည်။

အရိုးစုသည် အသက်ရှိစဉ်တုန်းက ရှိခဲ့ဖူးမည့် အသိဉာဏ်ပညာများ ပျောက်ဆုံးနေပုံရပေသည်။ မိမိထံသို့ ပျံသန်းလာသော ဝိညာဉ်အဆောင်လက်ဖွဲ့များကို မြင်သောအခါ လက်လှမ်း၍ပင် ဖမ်းဆုပ်ရန် ကြိုးစားချေသည်။

ဝိညာဉ်အဆောင်လက်ဖွဲ့ အားလုံးသည် အရိုးစု၏ အရိုးများပေါ်တွင် ချက်ချင်းပင် ကပ်ငြိသွားကြချေတော့သည်။

“ပေါက်ကွဲစမ်း”

ထန်ရှင်းရွှယ်က ၎င်း၏လက်ညှိုးကို ကွေးညွတ်ကာ အချက်ပေးလိုက်ရာ ပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့ အားလုံးသည် တစ်ခဏချင်းအတွင်း တဟုန်ထိုး ပေါက်ကွဲသွားချေတော့သည်။

အရိုးစုသည် ဤမျှလွယ်ကူစွာဖြင့် အဆောင်လက်ဖွဲ့များကို ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ကပ်ငြိခွင့်ပေးလိမ့်မည်ဟု ၎င်းလည်း မထင်မှတ်ထားခဲ့ပေ။

ဤပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့များ၏ စွမ်းအားသည် တောင်ကုန်းငယ်တစ်ခုကိုပင် ပြားပြားဝပ်သွားစေရန် လုံလောက်လှချေသည်။

ထန်ရှင်းရွှယ်သည် ပေါက်ကွဲမှု အတိုင်းအတာကို တမင်တကာ ထိန်းချုပ်ထားခဲ့သော်လည်း ထိုသို့ဖြစ်လင့်ကစား ပေါက်ကွဲမှုဒဏ်သည် ၎င်းတို့အားလုံးကို ရိုက်ခတ်သွားပြီး ခန္ဓာကိုယ်များမှာ နံရံဆီသို့ လွင့်စင်သွားကြချေသည်။

အခန်းတွင်းရှိ ကျဉ်းမြောင်းသော နေရာအကျယ်အဝန်းကြောင့် ၎င်းတို့၏ တိုက်ခိုက်မှုသည် အခြားသူများကိုပါ ထိခိုက်စေနိုင်ချေသည်။

နံရံပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များသည် တိုက်ခိုက်ခံရသည့်အလား ဤအခိုက်အတန့်တွင် နီရဲသောအလင်းတန်းများဖြင့် အပြင်းအထန် လင်းလက်လာချေသည်။

ဤနီရဲသောအလင်းတန်းများသည် ထိုပေါက်ကွဲမှုများ၏ စွမ်းအားအားလုံးကို စုပ်ယူလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

အနည်းဆုံးတော့ ချင်ယွမ်ဖုန်းနှင့် ထန်ရှင်းရွှယ်တို့၏ အမြင်တွင် ထိုသို့ပင် ထင်မြင်ရချေသည်။

အရိုးစု၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲမှုကြောင့် တစ်ခဏချင်းအတွင်း စုတ်ပြတ်အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အရိုးများ မြေပြင်ပေါ်သို့ ပြန့်ကြဲသွားချေသည်။

သို့သော် ယခုအကြိမ်တွင် ပိုမို၍ စုတ်ပြတ်သွားကာ လက်ဝါးရိုးများပင်လျှင် အပိုင်းအစငယ်များစွာအဖြစ် ကျိုးပဲ့သွားချေသည်။

“ဒီလိုပဲ ရှင်းသွားတာလား” မာထျန်းသည် နောက်နားတွင် စစ်တူကြီးကို ကိုင်ဆောင်လျက် ရပ်နေရင်း ထိုမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်ချေသည်။

သို့သော် ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ပိုမို၍ တည်ကြည်လေးနက်လာပြီး “မဟုတ်သေးဘူး။ ဒီအရိုးတွေက ဘာဒဏ်ရာမှ မရသွားဘူး” ဟု ဆိုလိုက်ချေသည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်း၏ စကား ဆုံးသည်နှင့် တပြိုင်နက် အရိုး အားလုံးတို့သည် မမြင်နိုင်သော စွမ်းအားတစ်ခုက ၎င်းတို့ကို ပြန်လည် စုစည်းပေးနေသည့်အလား အလယ်ဗဟိုဆီသို့ တရွေ့ရွေ့ စုရုံးလာကြချေသည်။

အရိုးများသည် ခန္ဓာကိုယ်၏ မူလနေရာများသို့ တစ်ခုပြီးတစ်ခု ပြန်လည် ရောက်ရှိသွားကြပြီး မကြာမီအချိန်အတွင်းမှာပင် ပြည့်စုံသော အရိုးစုတစ်ခုသည် လူတိုင်း၏ ရှေ့မှောက်၌ ပြန်လည် ပေါ်လာချေတော့သည်။

“မသေနိုင်တဲ့ ခန္ဓာကိုယ်လား”

အခန်းတွင်း၌ ထူးဆန်းသော နီရဲသည့် အလင်းတန်းများ ဖြာထွက်နေသဖြင့် မာထျန်း၏ စကားသံမှာ ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းနေချေသည်။

သို့သော် ထန်ရှင်းရွှယ်မှာမူ ယခုအချိန်တွင် မျက်မှောင်ကြုတ်ထားမိချေသည်။

“ပေါက်ကွဲမှုက အလုပ်မဖြစ်ဘူးဆိုရင်တော့ မင်းကို ငါ ဓားနဲ့ပဲ ပိုင်းဖြတ်ပစ်ရတော့မှာပေါ့”

ချင်ယွမ်ဖုန်းသည် ၎င်း၏ နဂါးကျောရိုးဓားမကြီးကို ကိုင်ဆောင်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး အရိုးစု၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားချေသည်။

ဓားမကြီးသည် အောက်သို့ တည့်တည့် ခုတ်ပိုင်းချလိုက်ရာ လေထုထဲတွင် စူးရှသော အသံလှိုင်း ပေါက်ကွဲသံကိုပင် ဖြစ်ပေါ်စေချေသည်။

သို့သော် ထိုအခိုက်အတန့်တွင် အရိုးစုသည် ၎င်း၏လက်မောင်းကို တိုက်ရိုက် မြှောက်လိုက်ပြီး ချင်ယွမ်ဖုန်း၏ လက်ကို ဖမ်းဆုပ်ကာ ချင်ယွမ်ဖုန်း၏ ဓားမကြီးကို အမှန်တကယ်ပင် တိုက်ရိုက် တားဆီးလိုက်ချေတော့သည်။

ချင်ယွမ်ဖုန်း တစ်ဦးတည်းသာမက ထန်ရှင်းရွှယ်နှင့် အခြားသူများပင်လျှင် ဤအခိုက်အတန့်တွင် မှင်တက်သွားကြချေသည်။

၎င်းတို့အားလုံးသည် ချင်ယွမ်ဖုန်း၏ ခုတ်ချက်စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပြီး ဖြစ်ချေသည်။ ၎င်းတို့ကိုယ်တိုင်ပင်လျှင် ချင်ယွမ်ဖုန်း၏ ထိုတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြပေ။

သို့သော် ဤအရိုးစုသည် လက်ကို ဆန့်ထုတ်လိုက်ရုံမျှဖြင့် တားဆီးနိုင်ခဲ့ချေသည်။

ယင်းက ဘောလုံးတစ်လုံးကို ဖမ်းလိုက်သကဲ့သို့ အလွန်တရာ ပေါ့ပေါ့ပါးပါးနှင့် ရိုးရှင်းလှပေသည်။

ထိုသို့ ပြုလုပ်နိုင်ရန်အတွက် မည်မျှအထိ ကြီးမားသော ခွန်အား လိုအပ်မည်နည်း။

ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း အတိုင်းထက်အလွန် တုန်လှုပ်ခြောက်ခြားသွားမိချေသည်။

၎င်းသည် ထိုခုတ်ချက်တွင် မိမိ၏ အားရှိသမျှကို အသုံးချခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ မည်မျှပင် ကြိုးစားအားထုတ်ပါသော်လည်း မိမိလက်ထဲရှိ ဓားမကြီးကို အောက်သို့ တစ်လက်မမျှပင် တိုး၍ မချနိုင်တော့ချေ။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ၎င်း၏ တိုက်ခိုက်ရေး ဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်ချေသည်။

အရိုးစုက ချင်ယွမ်ဖုန်းအား တိုက်ခိုက်ရန်အတွက် ၎င်း၏ အခြားလက်တစ်ဖက်ကို မြှောက်လိုက်သည့် အချိန်မှာပင် ချင်ယွမ်ဖုန်းသည် အရိုးစု၏ ရင်ဘတ်ဆီသို့ ပြင်းထန်သော ကန်ချက်တစ်ချက်ကို တိုက်ရိုက် ကျွေးလိုက်ချေတော့သည်။

All Chapters