← Chapters

အခန်း (၅၀၃-၅၀၄)

Vol. 26 Ch. 503-504

အခန်း (၅၀၃-၅၀၄)

Vol. 26 Ch. 503-504

အခန်း(၅၀၃)ရှေးဟောင်း နတ်မိမယ် နန်းတော်(၂၄)

ထိုအရိုးစုမိစ္ဆာသည် မမျှော်လင့်ဘဲ နောက်သို့ ယိုင်လဲသွားရာ ချင်ယွမ်ဖုန်းလည်း ယင်း၏ ဖမ်းဆုပ်ထားမှုမှ ရုန်းထွက်ရန် အခွင့်အရေး ရရှိသွားပြီး သူ၏ တစ္ဆေခေါင်းပါ ဓားမကြီးဖြင့် ထပ်မံ၍ ခုတ်ပိုင်းချလိုက်တော့သည်။

“နဂါးသတ်ချက်”

ချင်ယွမ်ဖုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ခန့်ညားထည်ဝါလှသော နဂါးဟိန်းသံကြီးတစ်ချက် ထွက်ပေါ်လာချေသည်။

စစ်မှန်သော နဂါးပုံရိပ်သည် အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင် ရေလှိုင်းကြီးတစ်ခုကဲ့သို့ အလွန်တရာ ထက်မြက်လှသော ကိုယ်ရံစွမ်းအင်များကို သယ်ဆောင်လျက် အရိုးစုဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

ထို ကိုယ်တွင်းစွမ်းအင် ရေလှိုင်းကြီးသည် ဓားသွားများဖြင့် ပြုလုပ်ထားသည့်နှယ် ရှိချေသည်။

ဤတိုက်ကွက်ဖြင့် ချင်ယွမ်ဖုန်းသည် အရိုးစုမိစ္ဆာကို အဆုံး၌ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ယင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေကာ အချို့သော အရိုးများပေါ်တွင်မူ စိပ်ပျံနေသော အက်ကြောင်းများပင် ထင်ကျန်ရစ်စေခဲ့သည်။

ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ဘုံမျှော်စင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရသော်လည်း အခန်းကိုယ်နှိုက်ကမူ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ကျန်ရှိနေသေးသည်။

အကြောင်းမူကား ဝိညာဉ်အဆောင်ပုံရိပ်များက ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုစွမ်းအင် အားလုံးကို စုပ်ယူလိုက်သောကြောင့် အပြင်ဘက် အခန်းတံတိုင်းများဆီသို့ တစ်စုံတစ်ရာမျှ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ပေ။

အခန်းတွင်းရှိ ဝိညာဉ်အဆောင်ပုံရိပ်များသည် တစ်ဖန် ပြင်းထန်စွာ လင်းလက်လာပြန်ရာ ရဲရဲနီသော အလင်းရောင်သည် အခန်းတစ်ခုလုံးကို အလွန်တရာ ကျောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေပြီး အရိုးများအားလုံးသည်လည်း ပြန်လည် စုစည်းလာကြကာ အရိုးပေါ်ရှိ အက်ကြောင်းများပင် ဖြည်းညှင်းစွာ ပြန်လည် အသားကျလာချေတော့သည်။

“ဒါကို ငါတို့ ဘယ်လို တိုက်ရမှာလဲ” ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

ထန်ရှင်းရွှယ်ကမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းကာ ပြောဆိုလာသည်။

“တိုက်ခိုက်နေလည်း အပိုပဲ။ ဒီအရိုးစုက မသေနိုင်ဘူး”

“ဘာလို့လဲ” ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။ “သူ့ရဲ့ စွမ်းရည်မှာလည်း အကန့်အသတ် ရှိလိမ့်မယ်လို့ ငါထင်တယ်။ ငါတို့ အဲဒီ အကန့်အသတ်ကို ကျော်ဖြတ်နိုင်သရွေ့ အဆင်ပြေသွားမှာ မဟုတ်ဘူးလား”

“မဟုတ်ဘူး၊ ဒီအရိုးစုက ဒီနေရာမှာရှိတဲ့ ဝိညာဉ်အဆောင်ပုံရိပ်တွေနဲ့ လုံးဝ တစ်သားတည်း ဖြစ်သွားပြီ” ထန်ရှင်းရွှယ်က လေးနက်သော လေသံဖြင့် ဆိုလာ၏။

“အဲဒါက ဘာကို ဆိုလိုတာလဲ” ရှန်ကျင်းကလည်း ဝင်ရောက် မေးမြန်းသည်။

ထန်ရှင်းရွှယ်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် “ရှည်လျားလှတဲ့ နှစ်တွေတစ်လျှောက်မှာ အရိုးစုနဲ့ ဝိညာဉ်အဆောင်ပုံရိပ်တွေဟာ ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ ပေါင်းစပ်သွားခဲ့ကြတာ။ ဒါဟာ ဝိညာဉ်အဆောင်ပုံရိပ်တွေ ရှိနေသရွေ့တော့ ဒီအရိုးစုကို ဖျက်ဆီးလို့ မရနိုင်ဘူးဆိုတဲ့ သဘောပဲ”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်ကို လွန်လွန်းလှချည်လား” ရှန်ကျင်းက အလန့်တကြား အော်ဟစ်လိုက်ရင်း “လူတစ်ယောက်က ဝိညာဉ်အဆောင်ပုံရိပ်တွေနဲ့ ဘယ်လိုလုပ် ပေါင်းစပ်သွားနိုင်မှာလဲ”

“အခု ဖျတ်ခနဲ လင်းနေတဲ့ ရဲရဲနီတဲ့ အလင်းရောင်က တကယ်တော့ ဝိညာဉ်အဆောင်ပုံရိပ်တွေက အရိုးစုရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနေတာပဲ” ချင်ယွမ်ဖုန်းက ဆိုသည်။

“လောကကြီးထဲမှာ ငါတို့ မသိနိုင်တဲ့ အရာတွေ အမြဲတမ်း ရှိနေတတ်တာပဲလေ” ထန်ရှင်းရွှယ်က လက်လျှော့ အရှုံးပေးလိုက်သည့်နှယ် တိုးညှင်းစွာ ပြောရှာသည်။

“မဟုတ်ဘူး၊ အခွင့်အရေး ရှိသေးတယ်” ချင်ယွမ်ဖုန်းသည် ပြန်လည် သက်သာလာနေသော အရိုးစုကို စိုက်ကြည့်လျက် အေးစက်စွာ ဆိုလိုက်၏။

“ဒီဝိညာဉ်အဆောင်ပုံရိပ်တွေကို မဖျက်ဆီးနိုင်သရွေ့တော့ တခြားနည်းလမ်း မရှိဘူး” ထန်ရှင်းရွှယ်က ခေါင်းခါပြသည်။

“ငါတို့ ဒီဝိညာဉ်အဆောင်ပုံရိပ်တွေကို ဖျက်ဆီးကြမယ်” ချင်ယွမ်ဖုန်းက ထန်ရှင်းရွှယ်ကို ကြည့်လိုက်ရင်း “ငါ ဝိညာဉ်အဆောင်လက်ဖွဲ့တွေပေါ်က ဝိညာဉ်အဆောင်ပုံရိပ်တွေကို ပြောင်းလဲပစ်နိုင်ပြီး အာနိသင် မရှိအောင် လုပ်နိုင်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ထန်ရှင်းရွှယ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရတော့သည်။ ဤစကားသည် ပြောရသည်မှာ လွယ်ကူသော်လည်း လက်တွေ့ လုပ်ဆောင်ရန်မူ အလွန်တရာ ခက်ခဲလှချေသည်။

ဝိညာဉ်အဆောင်ပုံရိပ်များ၏ ဦးတည်ရာကို ပြောင်းလဲရန်အတွက် အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများသည် မရှိမဖြစ် လိုအပ်သော အခြေခံအုတ်မြစ်များ ဖြစ်ကြပြီး ဝိညာဉ်အဆောင်ပုံရိပ်များအပေါ် အလွန်နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိရန် လိုအပ်သည်ကိုမူ ဆိုဖွယ်ရာ မရှိပေ။

ဝိညာဉ်အဆောင်ပုံရိပ်များအတွင်းရှိ ဦးတည်ရာ၊ ရေးဆွဲပုံနည်းလမ်းများနှင့် ကောင်းကင်နှင့် မြေကမ္ဘာ၏ နိယာမ ဝိညာဉ်စွမ်းအင် စီးဆင်းမှုတို့ကို နားလည်သဘောပေါက်မှသာလျှင် အောင်မြင်နိုင်ခြေ ရှိလိမ့်မည်ဖြစ်သည်။

အနည်းငယ်မျှ မှားယွင်းသွားရုံမျှဖြင့် ကျရှုံးခြင်းသို့ ရောက်ရှိနိုင်သကဲ့သို့ ဝိညာဉ်အဆောင်ပုံရိပ်များ၏ တန်ပြန်တိုက်ခိုက်မှုကိုပင် ခံရနိုင်ချေ ရှိသည်။

ဤဝိညာဉ်အဆောင်ပုံရိပ်များသည် ရှေးဟောင်းကာလမှ ကျန်ရစ်ခဲ့သော အရာများဖြစ်ရာ ထန်ရှင်းရွှယ်ကိုယ်တိုင်ပင် တစ်ခါမျှ မမြင်ဖူးသဖြင့် ချင်ယွမ်ဖုန်း ပြုလုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ဘဲ ရှိချေသည်။

သို့သော် ချင်ယွမ်ဖုန်းမှာမူ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖြစ်ကာ မြေပြင်ပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုကို ဂရုတစိုက် လေ့လာနေပြီ ဖြစ်သည်။

ဤနေရာရှိ ဝိညာဉ်အဆောင်ပုံရိပ်များ အားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွှယ်နေကြရာ ယင်းတို့အနက် တစ်ခုခုတွင် ပြဿနာ ရှိသွားပါက ဟာကွက်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

“မင်းက...” ချင်ယွမ်ဖုန်းက တကယ်ပင် လုပ်ဆောင်ရန် ရည်ရွယ်နေသည်ကို မြင်သောအခါ ထန်ရှင်းရွှယ်မှာ ခါးသက်သက် ပြုံးမိရုံမှတစ်ပါး အခြားမရှိတော့ပေ။

“တခြားနည်းလမ်း မရှိတော့ဘူး။ ငါ့ကို အဲဒီအရိုးစုကို တားဆီးပေးထားပါ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ပြီး ထိုဝိညာဉ်အဆောင်ပုံရိပ်များထဲသို့ အာရုံအပြည့်အဝ နစ်မြုပ်သွားချေပြီ။

ဝူဝမ်ရှင်းသည် အလွန်တရာ အားအင်ချိနဲ့နေပြီး သူသည် သေလုမြောပါး ဖြစ်နေသကဲ့သို့ ခံစားနေရကာ မျက်ခွံများကလည်း တဖြည်းဖြည်း လေးလံလာချေသည်။

ထန်ရှင်းရွှယ်နှင့် ရှန်ကျင်းတို့မှာမူ ရှေ့သို့ လှမ်းတက်၍ အရိုးစုကို တားဆီးကာ ချင်ယွမ်ဖုန်းအား နှောင့်ယှက်ခြင်း မပြုနိုင်ရန် လုပ်ဆောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

အကယ်၍ အရိုးစုသည် မသေနိုင်ပါက ယင်းသည် ဤလူများကို အမောဆို့၍ သေဆုံးသွားသည်အထိ တိုက်ခိုက်နိုင်ပေသည်။

အရိုးစုသည် အကြိမ်တိုင်းတွင် ပြန်လည် စုစည်းရန် အချိန်အနည်းငယ် လိုအပ်ကြောင်း ထန်ရှင်းရွှယ် သတိပြုမိလိုက်ရာ ဤအချိန်ကာလလေးက သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာချေသည်။

အနည်းငယ် တွေးတောပြီးနောက် မာထျန်းသည်လည်း ရှေ့သို့ ပြေးထွက်လာခဲ့ပြီး သူ၏ စစ်တူကြီးမှာလည်း ရဲရဲနီလျက် တောက်ပနေတော့သည်။

ထိုသုံးယောက်သည် အရိုးစု ပြန်လည် စုစည်းလုနီးပါး ဖြစ်လာသည့်တိုင်အောင် စောင့်ဆိုင်းကာ ချက်ချင်းပင် သူတို့၏ အပြင်းထန်ဆုံးသော တိုက်ကွက်များဖြင့် တိုက်ခိုက်ပြီး အရိုးစုကို တစ်ဖန် ပြန်လည် လွင့်စင်သွားအောင် ပြုလုပ်ကြကာ ယင်းအား အမြဲတမ်း ပြန်လည် စုစည်းနေရသည့် အခြေအနေတွင်သာ ရှိနေစေတော့သည်။

ဤသည်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် ဤအခြေအနေကို ကျော်ဖြတ်ရန်အတွက် အရေးအကြီးဆုံးသော ပုဂ္ဂိုလ် ဖြစ်လာချေပြီ။

ချင်ယွမ်ဖုန်း၏ အတိုင်းအဆမရှိသော ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ လျှံထွက်လာပြီး မြေပြင်ပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များကို စတင်၍ ခြေရာခံ လိုက်လံကြည့်ရှုနေတော့သည်။

သူသည် ဝိညာဉ်အဆောင်ပုံရိပ်များ အားလုံးကို နားလည်သဘောပေါက်ထားသော်လည်း သတိကြီးစွာ ထားရဆဲ ဖြစ်ချေသည်၊ အကြောင်းမူကား ကျရှုံးရန်အတွက် အခွင့်အရေးက အလွန်များပြားခြင်း မရှိသောကြောင့် ဖြစ်သည်။

အခန်းတွင်း၌ ထူးဆန်းသော ရဲရဲနီသည့် အလင်းရောင်များ အဆက်မပြတ် ဖျတ်ခနဲ လင်းလက်နေရာ အပြင်ဘက်မှ ကြည့်လျှင်ပင် ကောင်းကင်ဘုံမျှော်စင်၏ ပဉ္စမအလွှာမှ ရဲရဲနီသော အလင်းရောင်များ ထွက်ပေါ်နေသည်ကို မြင်တွေ့နိုင်ချေသည်။

သို့သော်လည်း ကောင်းကင်ဘုံမျှော်စင် အပြင်ဘက်သို့ ရောက်ရှိသွားကြသူများကမူ ဤသည်ကို ရတနာတစ်မျိုးမျိုး ပေါ်ထွက်လာခြင်းဟု မယူဆကြဘဲ အချို့ကမူ သူတစ်ပါး ပျက်စီးရာ၌ ပျော်မွေ့နေကြသေးသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန် ရောက်ရှိလာသောအခါ ထန်ရှင်းရွှယ်နှင့် တခြားသူများသည် အနည်းငယ် ပင်ပန်းနွမ်းနယ်လာကြချေပြီ။

အရိုးစုကို စိုးရိမ်စိတ်ဖြင့် အမြဲတမ်း စိုက်ကြည့်နေရခြင်းကပင် သူတို့၏ အင်အားများကို များစွာ ကုန်ဆုံးစေခဲ့ရာ သူတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှု နည်းလမ်းများကို အဆက်မပြတ် အသုံးပြုနေရသည်ကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

“ယွမ်ဖုန်း၊ ငါတို့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ မင်း အဆင်သင့် ဖြစ်ပြီလား” မာထျန်း၏ အသံသည် စိုးရိမ်တကြီး ထွက်ပေါ်လာချေသည်။

“ရတော့မယ်၊ နောက်ထပ် အနည်းငယ်လောက်ပဲ တောင့်ခံထားပေးပါ” ချင်ယွုန်းဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

သူ၏ ရှေ့မှောက်တွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များနှင့် တစ်ထေရာတည်း တူညီသော ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လွင့်မျောနေပြီး ချင်ယွမ်ဖုန်းသည် သူ၏ တိုက်ကွက်ကို မည်သည့်နေရာတွင် စတင်ရမည်ကို အဆုံး၌ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

အတိုင်းအဆမရှိသော ဝိညာဉ်စွမ်းအားများနှင့် ကိုယ်တွင်းစွမ်းအင်များသည် မြေပြင်ပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုထဲသို့ စီးဝင်သွားတော့သည်။

ဝိညာဉ်အဆောင်ပုံရိပ်၏ နောက်ဆုံး အစင်းကြောင်းတွင် ချင်ယွမ်ဖုန်းသည် ဤဝိညာဉ်အဆောင်ပုံရိပ်နှင့် သက်ဆိုင်ခြင်းမရှိသော အစင်းကြောင်းများကို စတင်၍ ထည့်သွင်း ပုံဖော်လိုက်ချေတော့သည်။

ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် အာရုံကို အပြည့်အဝ စုစည်းထားရန် လိုအပ်လှသည်။ သူ၏ ဝိညာဉ်စွမ်းအားများနှင့် ကိုယ်တွင်းစွမ်းအင်များသည် လျင်မြန်စွာ ကုန်ဆုံးနေပြီး မကြာမီမှာပင် ချင်ယွမ်ဖုန်း၏ နဖူးပြင်ပေါ်၌ ချွေးစေးများ ထွက်ပေါ်လာကာ သူ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူဖျော့သွားရတော့သည်။

သို့သော် ထိုနေရာတွင် လဲလျောင်းနေခဲ့သော ဝူဝမ်ရှင်းသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် ရူးသွပ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း အရိပ်အယောင်များ ထင်ဟပ်နေချေသည်။

သူသည် မိမိကိုယ်မိမိ သေလုမြောပါး ဖြစ်နေပြီကို ရှင်းလင်းစွာ သိရှိထားပြီး သတိလစ်မသွားစေရန်အတွက် ကိုယ်တွင်းစွမ်းအင် တစ်ခုတည်းကိုသာ အားကိုးလျက် တောင့်ခံထားခြင်း ဖြစ်သည်။

“ချင်ယွမ်ဖုန်း... ချင်ယွမ်ဖုန်း... မင်းတို့ အားလုံး သေသင့်တယ်”

ဝူဝမ်ရှင်းသည် သူ၏ စိတ်ထဲမှ နေ၍ နာကျည်းစွာ ကြုံးဝါးနေမိသည်၊ သူ သေဆုံးရတော့မည်ဟူသော အချက်က သူ့ကို ရူးသွပ်သွားစေခဲ့ပြီ ဖြစ်သည်။

“ငါ သေရင်လည်း မင်းတို့အားလုံး ငါနဲ့အတူ မြေကျင်းထဲ လိုက်ခဲ့ကြရမယ်”

ဝူဝမ်ရှင်း၏ မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်ပေါက်လာပြီး သူသည် လက်ထဲရှိ အမည်းရောင် အရိုးတုတ်ကို ကိုင်ဆွဲလျက် ချင်ယွမ်ဖုန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။

ဤအချိန်တွင် ထန်ရှင်းရွှယ်နှင့် တခြားနှစ်ယောက်မှာမူ အရိုးစုကို ရင်ဆိုင်ဖြေရှင်းရန်အတွက်သာ အာရုံစိုက်နေကြရသည်။

အကယ်၍ အရိုးစုသာ လုံးဝ ပြန်လည် စုစည်းသွားပါက သူတို့ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ချင်ယွမ်ဖုန်းသည် ဝူဝမ်ရှင်းကို ကျောခိုင်းထားပြီး ဝိညာဉ်အဆောင်ပုံရိပ်များကို ဖျက်ဆီးရန်အတွက်သာ အာရုံစိုက်နေပုံရရာ ဝူဝမ်ရှင်း၏ လှုပ်ရှားမှုကို မည်သူမျှ သတိမပြုမိကြဘဲ ရှိနေချေသည်။

ဝူဝမ်ရှင်းသည် ချင်ယွမ်ဖုန်း၏ နောက်ကျောဘက်သို့ ရောက်ရှိလာပြီး လက်ထဲရှိ အရိုးတုတ်ကို ရုတ်တရက် မြှောက်ကာ ယင်း၏ ထက်မြက်လှသော ထိပ်ဖျားဖြင့် ချင်ယွမ်ဖုန်း၏ ဂုတ်ပိုးတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်တော့သည်။

“သတိထားဦး” ရှန်ကျင်းသည် ဝူဝမ်ရှင်း၏ လုပ်ဆောင်မှုကို မြင်တွေ့သွားပြီး အလန့်တကြား အော်ဟစ်လိုက်ကာ သူမ၏ ဓားရှည်ကြီးသည်လည်း လက်ထဲမှ ချက်ချင်း လွင့်ထွက်သွားပြီး ဝူဝမ်ရှင်းဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်ရောက်သွားချေတော့သည်။

အခန်း (၅၀၄) ရှေးဟောင်း နတ်မိမယ် နန်းတော် (၂၅)

မာထျန်းနှင့် ထန်ရှင်းရွှယ်တို့သည် လှည့်ကြည့်ရန်သာ အချိန်ရလိုက်ပြီး ယင်းမြင်ကွင်းကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရချေသည်။

သို့သော်လည်း ရှန်ကျင်းသည် ချင်ယွမ်ဖုန်းနှင့် အတန်ငယ် ကွာဝေးသော နေရာတွင် ရှိနေသေးပြီး ဝူဝမ်ရှင်းကမူ ချင်ယွမ်ဖုန်း၏ အနောက်တည့်တည့်တွင် ရောက်ရှိနေကာ သူ၏ အရိုးတုတ်သည် ချင်ယွမ်ဖုန်း၏ လည်ချောင်းကို ထိုးစိုက်တော့မည့်အလား ဖြစ်နေချေပြီ။

ထိုသို့သော အရေးကြုံလှသည့် အချိန်၌ပင် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်မှ အလင်းတန်း အေးအေး သုံးခုသည် လျှပ်စီးလက်သကဲ့သို့ ပျံထွက်သွားပြီး ယင်းအနက်မှ နှစ်ခုသည် ဝူဝမ်ရှင်း၏ မျက်လုံးများထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

အလင်းမဲ့ ပျံလွှားဓားမြှောင်များ၏ အရှိန်သည် မြန်ဆန်လွန်းလှရာ ဝူဝမ်ရှင်းသည် အေးစက်သော အလင်းတန်း နှစ်ခုကိုသာ မြင်လိုက်ရပြီး ထိုအလင်းတန်း နှစ်ခုက သူ၏ မျက်လုံးများကို ထိုးဖောက်သွားခဲ့ချေပြီ။

ယင်းအေးစက်သော အလင်းတန်း နှစ်ခုသည် သူ၏ အသိစိတ်ထဲ၌ ရိပ်ခနဲသာ ကျန်ရစ်ခဲ့တော့သည်။

ကျန်ရှိသော အလင်းတန်း တစ်ခုကမူ အရိုးတုတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် အရိုးတုတ်သည် လမ်းကြောင်းလွဲသွားပြီး ချင်ယွမ်ဖုန်း၏ ဘေးနားသို့ ကျသွားခဲ့ရသည်။

ထိုအချိန်တွင် ရှန်ကျင်း၏ ဓားရှည်သည် နောက်ကျမှ ရောက်ရှိလာပြီး ဝိညာဉ်အဆောင်ပုံရိပ်များကို ရိုက်ခတ်မိကာ မြေပြင်ပေါ်သို့ လွင့်စဉ်ကျသွားခဲ့ချေသည်။

ရှန်ကျင်း၏ တိုက်ကွက်သည် နှေးကွေးခြင်း မရှိသော်လည်း အခြေအနေကို သိရှိရိပ်မိချိန် အတန်ငယ် နောက်ကျသွားခြင်းပင်။

ဝူဝမ်ရှင်း၏ ခန္ဓာကိုယ်သည် တည့်တည့်ကြီး လဲပြိုကျသွားပြီး သူ၏ မျက်လုံးနှစ်လုံးမှာ သွေးနီရောင် အပေါက်ကြီး နှစ်ခု ဖြစ်သွားကာ အသက်ပျောက်သွားခဲ့ရချေပြီ။

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဝူဝမ်ရှင်းက ချင်ယွမ်ဖုန်းကို တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ယင်းသည် သူကိုယ်တိုင်လည်း အသက်ရှင်လိမ့်မည်မဟုတ်ဟု ခံစားရသဖြင့် သူတို့ကိုပါ အသေဖော်ညှိရန် ကြံစည်ခြင်း ဖြစ်တန်ရာသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ အလွန် နှမြောတောင့်တ ဖြစ်နေမိသည်။ အကယ်၍ ထိုအချိန်တွင် သူသည် လှုပ်ရှားနိုင်စွမ်း မရှိခြင်း မဟုတ်ပါက ထရပ်ပြီး ဝူဝမ်ရှင်း၏ ကျင့်စဉ် စွမ်းအားအားလုံးကို စုပ်ယူလိုက်မည် ဖြစ်ပေသည်။

ထို့အပြင် ဝူဝမ်ရှင်းသည် ယခင်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း သေအံ့ဆဲဆဲ အခြေအနေမျိုး မဟုတ်ပေ။

ဆေးကုသမှု ခံယူပါက အသက်ရှင်နိုင်သော်လည်း ကံဆိုးစွာဖြင့် အဆုံးသတ်တွင် စိတ်ရူးပေါက်သွားခဲ့ချေသည်။

အမှန်တော့ ယင်းကပင် အကောင်းဆုံး ဖြစ်သွားသည်ဟု ဆိုရမည်။

သို့မဟုတ်ပါက ချင်ယွမ်ဖုန်းအနေဖြင့် ကောင်းကင်ဘုံမျှော်စင်၏ အပြင်ဘက်သို့ ရောက်လျှင်ပင် သူ့ကို သတ်ရန် နည်းလမ်း ရှာရပေလိမ့်မည်။

ဝူဝမ်ရှင်း သေဆုံးသွားသဖြင့် ချင်ယွမ်ဖုန်း၏ အန္တရာယ်သည် ပြေပျောက်သွားပြီး လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။

သို့သော်လည်း သူတို့ လှည့်ကြည့်လိုက်သည့်အခါ သူတို့ အာရုံလွဲနေသည့် အချိန်အတောအတွင်း၌ အရိုးစုသည် ၎င်း၏ ခန္ဓာကိုယ်ကို ပြန်လည် စုဖွဲ့ပြီး ဖြစ်နေသည်ကို သတိပြုမိလိုက်ကြသည်။

အရိုးစုသည် လက်ကို တိုက်ရိုက် ဆန့်ထုတ်ကာ ရှန်ကျင်းနှင့် ထန်ရှင်းရွှယ်တို့၏ လည်ချောင်းကို ဖမ်းဆုပ်ပြီး လေထဲသို့ ဖြည်းညှင်းစွာ မြှောက်တင်လိုက်ချေသည်။

သူတို့နှစ်ဦးသည် ခုခံရန် ကြိုးစားသော်လည်း သူတို့ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များသည် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ လည်ပတ်၍ မရနိုင်ကြောင်း သိလိုက်ရသည်။

ထို့ပြင် အရိုးစု၏ အရိုးမျက်နှာပြင်ပေါ်တွင် ယခင်က မရှိခဲ့ဖူးသော နီရဲသော အလင်းရောင်များ ဖုံးလွှမ်းနေသည်ကိုလည်း သူတို့ သတိပြုမိလိုက်ကြသည်။

သူတို့က အရိုးစုကို ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းကို ဒေါသထွက်စေပုံရပြီး အစွမ်းကုန် အလေးအနက် ထုတ်သုံးလာခြင်း ဖြစ်ပေလိမ့်မည်။

“ယွမ်ဖုန်း... မြန်မြန်လုပ်ဦး”

မာထျန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး အမိန့်ပေးသကဲ့သို့ အော်ဟစ်လိုက်ရင်း အရိုးစု၏ ဦးခေါင်းကို စစ်တူဖြင့် ပြင်းထန်စွာ ထုရိုက်လိုက်သည်။

စစ်တူသည် အလွန် လေးလံလှပြီး မာထျန်း၏ ထူးခြားသော အပူချိန်မြင့်မားမှုနှင့် ပေါင်းစပ်လိုက်လျှင် ချင်ယွမ်ဖုန်း ကိုယ်တိုင်ပင် ထိုသို့သော ဒဏ်ကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း အရိုးစုမှာမူ ဦးခေါင်းကို ခါယမ်းလိုက်ပြီး မည်သို့မျှ ထိခိုက်မှု မရှိပုံရချေ။

ရှန်ကျင်းနှင့် ထန်ရှင်းရွှယ်တို့ မျက်လုံးလန်တော့မည့် အခြေအနေကို မြင်သောအခါ မာထျန်းသည် ပျာယာခတ်သွားပြီး သူ၏ စစ်တူကြီးဖြင့် အရိုးစု၏ ခန္ဓာကိုယ်ကို ဆက်တိုက် ထုနှက်တော့သည်။

“ပြီးပြီ”

ချင်ယွမ်ဖုန်းက အော်ဟစ်လိုက်သည်။ သူသည် နောက်ဆုံး အစင်းကြောင်းကို ရေးဆွဲပြီးစီးသွားကာ သူ၏ ခြေဖဝါးအောက်ရှိ ဝိညာဉ်အဆောင်လက်ဖွဲ့ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

အခြားသော ဝိညာဉ်အဆောင်လက်ဖွဲ့များပေါ်တွင် လင်းလက်နေသော နီရဲသော အလင်းရောင်များသည် ချက်ချင်းပင် ကွယ်ပျောက်သွားပြီး မှေးမှိန်သော ရွှေရောင်အလင်းသာ ကျန်ရှိတော့ကာ အရိုးစု၏ စွမ်းအားသည်လည်း တစ်ခဏချင်းအတွင်း အားနည်းသွားခဲ့ချေသည်။

ထန်ရှင်းရွှယ်နှင့် ရှန်ကျင်းတို့သည် သူတို့ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များ ပြန်လည် လည်ပတ်လာသည်ကို ခံစားမိလိုက်သဖြင့် အရိုးစု၏ လက်မောင်းများကို တစ်ပြိုင်နက်တည်း ဖမ်းဆုပ်လိုက်ကြသည်။

သူတို့နှစ်ဦးသည် အရိုးစု၏ လက်ချောင်းအရိုးများကို မိမိတို့၏ လည်ချောင်းမှ ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီးနောက် ယင်းကို အောက်သို့ ဖိချလိုက်ရာ အမှန်တကယ်ပင် အရိုးစုကို ဖြည်းညှင်းစွာ ဒူးထောက်သွားစေခဲ့သည်။

ဝိညာဉ်အဆောင်လက်ဖွဲ့ ပျက်စီးသွားသဖြင့် အရိုးစုတွင် အားနည်းချက်တစ်ခု ပေါ်ပေါက်လာပြီး ၎င်း၏ စွမ်းအားလည်း များစွာ လျော့နည်းသွားခြင်း ဖြစ်ပေသည်။

“မြန်မြန်လုပ်”

ထန်ရှင်းရွှယ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မာထျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှန်ကျင်းနှင့် ထန်ရှင်းရွှယ်တို့၏ မျက်နှာပေါ်ရှိ သွေးကြောများသည် အရိုးစုကို ဖိနှိပ်ထားရန်အတွက် သူတို့၏ အားရှိသမျှကို အသုံးပြုနေရသကဲ့သို့ တဒိတ်ဒိတ် တုန်ခါနေချေသည်။

မာထျန်းသည် ထိုအချိန်မှသာ သတိဝင်လာပြီး သူ၏ လက်ထဲရှိ စစ်တူကို အပေါ်သို့ မြှောက်တင်လိုက်ရာ ချော်ရည်ကဲ့သို့သော စွမ်းအားများ စီးဆင်းလာပြီး စစ်တူကို မီးလျှံကဲ့သို့ ရဲရဲနီသော အရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ကုန်ကုန်ပြောရလျှင် ချော်ရည်ခဲကြီးတစ်ခုအလား ဖြစ်နေချေပြီ။

“ဟင်း... ဟာ့”

မာထျန်းသည် ဟိန်းဟောက်လိုက်ပြီး စစ်တူကို အရိုးစု၏ ဦးခေါင်းခွံပေါ်သို့ ပြင်းထန်စွာ ထုချလိုက်သည်။ ထိုသို့ ထုချလိုက်သည်နှင့် အမျှ ဦးခေါင်းခွံသည် မြေပြင်ပေါ်တွင် အစိမ်းစိမ်း အမှုန်မှုန် ကြေမွသွားခဲ့ပြီး အရိုးစု၏ ခန္ဓာကိုယ်သည်လည်း တစ်ဖန် ပြန်လည် လွင့်စဉ် ပျက်စီးသွားခဲ့ရချေသည်။

အချိန်အတော်ကြာသည့်တိုင်အောင် အရိုးစုသည် လှုပ်ရှားမှု မရှိတော့သဖြင့် ယင်းသည် လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ပြသနေသည်။

ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။

ခုနက စွမ်းအင် သုံးစွဲမှုသည် သူ့အတွက်ပင် အလွန် ကြီးမားလှပေရာ ယင်းတို့သည် သတ္တမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့များ ဖြစ်နေသောကြောင့်ပင်။

ထန်ရှင်းရွှယ်နှင့် ရှန်ကျင်းတို့သည် သူတို့၏ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

အကယ်၍ ချင်ယွမ်ဖုန်းက ဝိညာဉ်အဆောင်လက်ဖွဲ့ကို ချက်ချင်း အဖြေမရှာနိုင်ခဲ့ပါက သူတို့ ခုနကပင် သေဆုံးသွားနိုင်ချေ ရှိသည်။

မာထျန်းက လျှောက်လာပြီး အရိုးပုံကြီးကို ကန်လိုက်ကာ သူ၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒီကောင်စုတ် အရိုးစုတော့ နောက်ဆုံးတော့ သေသွားပြီပဲ” မာထျန်းသည်လည်း အားအင်ကုန်ခမ်းသွားသည့်အလား မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်သည်။

လူတိုင်း မပြုံးဘဲ မနေနိုင်ကြတော့ပေ။ သူတို့သည် ခုနက အမှန်တကယ်ပင် သေမင်းတံခါးဝသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သော်လည်း ဘေးအန္တရာယ်မှ လွတ်မြောက်လာရသည့် ခံစားချက်က သူတို့ကို အလွန် စိတ်လှုပ်ရှားစေခဲ့သည်။

သူတို့ လေးဦးသည် ကိုယ်တွင်းစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်အတွက် ဆေးလုံးအချို့ကို သောက်သုံးလိုက်ကြရာ အတန်ငယ် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ဝူဝမ်ရှင်း၏ ဘေးသို့ သွားကာ ဝူဝမ်ရှင်း၏ သိုလှောင်အိတ်နှင့် အရိုးတုတ်ကို ကောက်ယူ၍ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် လှည့်၍ အခြားသူများကို ပြုံးပြလိုက်သည်။

အခြားသူများကလည်း ကန့်ကွက်ခြင်း မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ ဝူဝမ်ရှင်းသည် ချင်ယွမ်ဖုန်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး သူတို့သည်လည်း ချင်ယွမ်ဖုန်းကြောင့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပေသည်။

ဝူဝမ်ရှင်းသည် မည်သည့် မှော်ရတနာကိုမျှ လုယူနိုင်ခြင်း မရှိခဲ့သော်လည်း သူသည် ဆဋ္ဌမအဆင့် ရတနာလက်နက် နှစ်ခု၊ ကမ္ဘာမြေအဆင့် တိုက်ခိုက်ရေးပညာရပ် အချို့နှင့် သူ၏ ယခင် စုဆောင်းမှုများကို ရရှိထားခဲ့ရာ ယင်းတို့က ချင်ယွမ်ဖုန်းကို အတိုင်းထက်အလွန် ဝမ်းမြောက် အံ့အားသင့်သွားစေခဲ့သည်။

ခဏမျှ နားခိုပြီးနောက် ထိုအဖွဲ့သည် အခန်းတွင်း၌ ရှာဖွေခဲ့ကြရာ ယင်းနေရာသည် အမှန်တကယ်ပင် ထိုအရိုးစုကို ဖိနှိပ်ထားသည့် နေရာမျှသာ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် သူတို့သည် လျင်မြန်စွာပင် ထွက်ခွာခဲ့ကြသည်။

ဝိညာဉ်အဆောင်လက်ဖွဲ့ ပျက်စီးသွားပြီ ဖြစ်ရာ ယင်းက သူတို့ကို ဆက်လက်၍ မပိတ်ဆို့နိုင်တော့ပေ။

သူတို့ အပြင်သို့ ထွက်လာသည့်အခါ ကောင်းကင်ဘုံမျှော်စင်အတွင်းရှိ လူတိုင်းသည် ထွက်ခွာသွားကြပြီ ဖြစ်ရာ အမှိုက်ကောက်သူ အနည်းငယ်သာ ဟိုဟိုဒီဒီ မွှေနှောက် ရှာဖွေနေကြပြီး ကျန်ရှိသော လူအားလုံးမှာ တောင်ထိပ်ရှိ ခန်းမဆောင်ကြီးဆီသို့ သွားကြပြီ ဖြစ်သည်။

ကောင်းကင်ဘုံမျှော်စင်အတွင်း၌ ရုပ်အလောင်း တစ်ရာကျော်လည်း ကျန်ရစ်ခဲ့ချေသည်။ မည်သို့ပင်ဆိုစေ ယင်းနေရာတွင် ရတနာများစွာ ရှိနေသဖြင့် တိုက်ပွဲများသည် သဘာဝအတိုင်း ပိုမို ပြင်းထန်ခဲ့ခြင်းပေတည်း။

“သွားကြစို့... ငါတို့လည်း မြန်မြန်သွားသင့်တယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “အချိန်နှောင်းသွားပြီ ဆိုပေမယ့် ငါလည်း သွားပြီး ကြည့်ချင်သေးတယ်”

လူတိုင်းက ခေါင်းညိတ်ကြသည်။

သူတို့အားလုံးသည် သေအတူရှင်အမျှ အတူတကွ ဖြတ်သန်းခဲ့ကြသူများ ဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့ကြပြီ ဖြစ်သည်။

သူတို့ ထိုက်ချီအစီအရင်ထံသို့ ပြန်ရောက်သောအခါ ချင်ယွမ်ဖုန်းသည် ရုတ်တရက် အရှိန်သတ် ရပ်တန့်လိုက်ချေသည်။

ထိုက်ချီပုံရိပ်၏ ဗဟိုချက်တွင် လောင်ကျွမ်းထားသော အမှတ်အသားတစ်ခု ရှိနေသည် မဟုတ်လော။

“ဒါ ဘာလဲ” ချင်ယွမ်ဖုန်းသည် ဇဝေဇဝါ ဖြစ်လျက် ရှေ့သို့ လျှောက်လှမ်းသွားပြီး ယင်းအမှတ်အသားကို စစ်ဆေးလိုက်သည်။ သူတို့ ယခင်က ဖြတ်သန်းသွားစဉ်က ထိုအမှတ်အသား မရှိခဲ့ကြောင်း သူ အသေအချာ ယုံကြည်သည်။

ထို့အပြင် ယင်းဘေးတွင် လဲလျောင်းနေသော လူသည်လည်း အလွန် ထူးဆန်းလှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာ မရှိဘဲ သူ၏ မျက်လုံးများသည် မကျေနပ်ချက်များဖြင့် ပြူးကျယ်နေကာ သူ၏ မျက်ကြည်လွှာများသည်မူ မီးခိုးရောင်အဖြစ် ပြောင်းလဲနေခဲ့ချေပြီ။

“ဒါက ဝိညာဉ်အဆောင်ပုံရိပ်တွေနဲ့ တူတယ်” ထန်ရှင်းရွှယ်သည်လည်း ထိုအမှတ်အသားကို ကြည့်ရန် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် အနီးကပ် ကြည့်ရှုလိုက်ရာ ယင်းသည် အမှန်တကယ်ပင် ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“ဒါက... ဝိညာဉ်ပိတ်လှောင် အဆောင်လက်ဖွဲ့လား... ဒါက ကောင်းကင်ဘုံမျှော်စင်ရဲ့ ပဉ္စမအထပ်မှာ ငါတို့ မြင်ခဲ့ရတဲ့ ဝိညာဉ်အဆောင်လက်ဖွဲ့တွေနဲ့ တစ်ပုံစံတည်းပဲ” ချင်ယွမ်ဖုန်းသည် အံ့အားသင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိတော့သည်။

All Chapters