← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 26 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 26 Ch. 515-516

အခန်း (၅၁၅) ရှေးဟောင်း နတ်မိမယ် နန်းတော် (၃၆)

“ဟုတ်ပြီ၊ ဝိညာဉ်စွမ်းအားပဲ။ ငါ့မှာ အသုံးပြုလို့ရသေးတဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေသေးတာပဲ”

ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီးနောက် တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်လှိုင်း ဝုန်းခနဲ ထွက်ပေါ်လာချေသည်။

နတ်ဘုရားဝိညာဉ်၏ ဝိညာဉ်စွမ်းအားနှင့် နှိုင်းယှဉ်ပါက ချင်ယွမ်ဖုန်း၏ စွမ်းအားမှာ အမှန်တကယ်ပင် အမှုန်အမွှားမျှသာ ဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ထို ‘မှော်ဆရာကြီး’ သည် တစ်စုံတစ်ခုကို အသည်းအသန် ခုခံနေရပုံပေါ်သဖြင့် အားလုံးအတွက် အခွင့်အရေးတစ်ရပ် ရရှိသွားခြင်း ဖြစ်၏။

ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက်အဖြစ် စုစည်းသွားကြသည်။

ချန်ဖန်းနှင့် ထန်ရှင်းရွှယ်တို့၏ မိုးကြိုးဓာတ်စွမ်းအင် တိုက်ခိုက်မှု အလှည့်ပြီးဆုံးသွားသည်နှင့် ချင်ယွမ်ဖုန်းသည် ထိုဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက်ကို ချက်ချင်းပင် ထိန်းချုပ်ကာ နတ်ဘုရားဝိညာဉ်အား ဖမ်းချုပ်လိုက်တော့သည်။

“ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်”

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ရာ ထိုဝိညာဉ်စွမ်းအား လက်ဝါးကြီးများဆီမှ ပြင်းထန်လှသော ရွှေရောင်မိုးကြိုးလျှပ်စီးစွမ်းအားများနှင့်အတူ တောက်လောင်နေသော မီးလျှံများ ဝုန်းခနဲ ပေါက်ကွဲထွက်လာချေသည်။

ယခုအချိန်၌ နတ်ဘုရားဝိညာဉ်သည် ချင်ယွမ်ဖုန်း စိတ်ကြိုက် သန့်စင်ဖော်စပ်နိုင်သည့် ဆေးလုံးတစ်လုံးကဲ့သို့ ဖြစ်နေချေပြီ။

အတန်ကြာပြီးနောက် ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် တောင့်ခံနိုင်ရန် ခဲယဉ်းလာသော်လည်း နတ်ဘုရားဝိညာဉ်သည် သူ၏ ပုံသဏ္ဌာန်ကို ထိန်းထားနိုင်ဆဲဖြစ်ရာ ယင်းက သူ၏ အကန့်အသတ်သို့ မရောက်သေးကြောင်း ပြသနေသည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရှောင်ပိုင်၏ အသံကို ကြားလိုက်ရသလို ခံစားလိုက်ရ၏။

“ချင်ယွမ်ဖုန်း”

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပတ်ဝန်းကျင်အနှံ့ လိုက်လံရှာဖွေမိသော်လည်း ရှောင်ပိုင်၏ အရိပ်အယောင်ကို မတွေ့ရပေ။

ထို့ကြောင့် သူသည် မသိစိတ်ဖြင့် ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက်၏ အတွင်းဘက်သို့ ကြည့်လိုက်မိသည်။

ထိုဝိညာဉ်စွမ်းအား လက်ဝါးကြီးများ၏ အတွင်း၌ သန့်စင်ခြင်းကို ခံနေရသူမှာ ရှောင်ပိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အလွန်တုန်လှုပ်သွားရချေသည်။

“မဖြစ်နိုင်တာ။ ရှောင်ပိုင်က နတ်ဘုရားဝိညာဉ်ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီးပြီပဲ။ ဘယ်လိုလုပ် ပြန်ပေါ်လာနိုင်မှာလဲ။ ဒါ နတ်ဘုရားဝိညာဉ် ဖန်တီးထားတဲ့ ပုံရိပ်ယောင်များလား”

ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် သံသယစိတ်များ ကြီးစိုးလာသည်။

သို့သော်လည်း ဝိညာဉ်စွမ်းအားလက်ထဲ၌ ရှောင်ပိုင်၏ နာကျင်ခံစားနေရသော မျက်နှာအမူအရာကို မြင်ရသောအခါ ချင်ယွမ်ဖုန်းသည် မရက်စက်နိုင်တော့ဘဲ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို ရုပ်သိမ်းလိုက်တော့သည်။

ရှောင်ပိုင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အမောတကော အသက်ရှူသွင်းလိုက်ကာ ချက်ချင်းပင် ပြန်လည်မတ်တတ်ရပ်လိုက်၏။

“ချင်ယွမ်ဖုန်း၊ ငါ သူ့ကို အတွင်းထဲကနေ ထိန်းထားပေးမယ်။ မင်းတို့အားလုံး မြန်မြန်ပြေးကြတော့။ ငါ ဒီမှာရှိနေသရွေ့ သူ မင်းတို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

ရှောင်ပိုင်က ချင်ယွမ်ဖုန်းကို အော်ပြောလိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် ရှောင်ပိုင်၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းတစ်ခြမ်းသည် ဖြည်းညှင်းစွာ မည်းမှောင်လာချေပြီ။

“ဟီးဟီးဟီး၊ မဖြစ်နိုင်တာ၊ ငါ သူတို့ကို ပေးမပြေးနိုင်ဘူး။ မင်းတို့အားလုံး ဒီမှာပဲ သေကြပေတော့” နတ်ဘုရားဝိညာဉ်က ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

ရှောင်ပိုင်၏ မျက်နှာတစ်ခြမ်းတွင် ရုန်းကန်နေရသော အမူအရာ ပေါ်လာပြီး “သွားကြ၊ မြန်မြန်သွားကြတော့” ဟု အော်ဟစ်နေသည်။

ထိုစဉ် မာထျန်းသည် ရှေ့သို့ ဝုန်းခနဲ ပြေးတက်လာပြီး ချင်ယွမ်ဖုန်းကို ကျောပိုးလိုက်ကာ “သွားကြစို့” ဟု ဆို၏။

“မသွားဘူး၊ ငါ ရှောင်ပိုင်ကို ပြန်ခေါ်သွားမယ်လို့ ပြောခဲ့တယ်လေ” ချင်ယွမ်ဖုန်းက အားနည်းသောအသံဖြင့် ပြောလိုက်သည်။

မာထျန်းသည် သွားကို တင်းတင်းကြိတ်လိုက်မိသည်။

သူလည်းပဲ မစွန့်လွှတ်ချင်သော်လည်း အကယ်၍ သူတို့သာ ရှောင်ပိုင် အသက်နှင့်လဲပြီး ဆွဲထားပေးသည့် အချိန်ကို ဖြုန်းတီးပစ်လိုက်ပါက ရှောင်ပိုင်၏ ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

“ငါ မင်းကို ခေါ်သွားရမယ်” မာထျန်းက ပြတ်သားစွာ ပြောလိုက်သည်။

ကျန်ရှိနေသောသူများသည်လည်း ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး မသေမျိုးနန်းတော် အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။

ရှောင်ပိုင်၏ မျက်နှာတစ်ခြမ်းတွင်မူ စိတ်သက်သာရာရသွားသည့် အမူအရာတစ်ခု ထင်ဟပ်လာချေသည်။

“လူအ၊ ငါတို့က မူလကတည်းက တစ်ယောက်တည်းပဲလေ။ အခု သူတို့ ပြေးသွားကြပြီဆိုတော့ ဘယ်သူမှ မသေမျိုးနန်းတော်ထဲကို တစ်ခါမှ ပြန်ဝင်လာနိုင်တော့မှာ မဟုတ်ဘူး”

နတ်ဘုရားဝိညာဉ်က ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်၏။

သို့သော်လည်း ရှောင်ပိုင်က ပြုံးလိုက်ပြီး “ဒါဆိုရင်လည်း ဒီမသေမျိုးနန်းတော်နဲ့အတူ အဆုံးစီရင်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က ဟိုးအရင်ကတည်းက သေဆုံးသွားသင့်တဲ့ သူတွေပဲဥစ္စာ”

“မဖြစ်နိုင်ဘူး။ ငါ ဒါကို လုံးဝ ခွင့်မပြုနိုင်ဘူး”

အမည်းရောင်များသည် ရှောင်ပိုင်၏ ခန္ဓာကိုယ်တစ်ခြမ်းကို စတင်ဝါးမြိုလာချေပြီ။

ရှောင်ပိုင်သည် နတ်ဘုရားဝိညာဉ်၏ ဝါးမြိုခြင်းကို အမှန်တကယ်ပင် မခုခံနိုင်တော့ပေ။

“သူတို့တွေ လွတ်လောက်မယ့် နေရာကို ရောက်သွားလောက်ပါပြီ” ရှောင်ပိုင်သည် စိတ်ထဲမှ တွေးတောရင်း မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်တော့သည်။

သို့သော် ထိုစဉ်မှာပင် နက်ရှိုင်းလှသော အသံတစ်သံက ဟိန်းထွက်လာချေ၏။

“ရှောင်ပိုင်၊ တောင့်ခံထားဦး။ ငါတို့ မင်းကို ကယ်ဖို့ ပြန်လာပြီ”

ရှောင်ပိုင်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ သူ၏ အမြင်အာရုံထဲသို့ လူရိပ်အချို့ ပြန်လည်ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

“မင်းတို့ ဘာလို့ ပြန်လာကြတာလဲ။ ငါ သူ့ကို ထပ်ပြီး မတားဆီးနိုင်တော့ဘူး” ရှောင်ပိုင်၏ ကျန်ရှိနေသော မျက်နှာတစ်ခြမ်းတွင် မျက်ရည်များ စီးကျလာချေပြီ။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် မာထျန်း၏ တွဲဖက်မှုဖြင့် ရှောင်ပိုင်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် သူ၏ သန်မာလှသော ပြန်လည်ကောင်းမွန်လာနိုင်စွမ်းကြောင့် ယခုအချိန်တွင် အားစိုက်ကာ လှုပ်ရှားနိုင်နေပြီ ဖြစ်ပေသည်။

“ရှောင်ပိုင်၊ ငါ မင်းကို ပြန်ခေါ်သွားမယ်လို့ ပြောခဲ့တယ်မလား။ မင်းလည်း ရှန်းဝူအကယ်ဒမီကို သဘောကျလို့ အဲဒီမှာပဲ ထာဝရနေချင်တယ်လို့ ပြောခဲ့တယ်လေ။ အခု ငါ မင်းကို ပြန်ခေါ်သွားတော့မယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

နတ်ဘုရားဝိညာဉ်သည် ချင်ယွမ်ဖုန်း ပြန်လာသည်ကို မြင်သောအခါ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားသွားရသည်။ ချင်ယွမ်ဖုန်းကဲ့သို့သော ကောင်က ပြန်လာရဲလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မထားခဲ့မိပေ။

“ရှောင်ပိုင်၊ ငါ မင်းကို ကူညီပါရစေ”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် သူ၏ လက်ထဲတွင် တစ္ဆေတံဆိပ်တော်တစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။

ထိုတစ္ဆေတံဆိပ်တော်ပေါ်တွင် လူဦးခေါင်းခွံတစ်ခု ထုဆစ်ထားပြီး ယင်း၏ မည်းမှောင်နေသော မျက်တွင်းကျယ်ကြီးများသည် လူသားတို့ကို စိုက်ကြည့်နေသကဲ့သို့ ရှိရာ ကျောချမ်းဖွယ်ရာ အလွန်ကောင်းလှပေသည်။

ထူးဆန်းပြီး ဆိုးယုတ်လှသော ရတနာလက်နက်တစ်ခုဖြစ်သည့် တစ္ဆေတံဆိပ်တော်သည် ဝိညာဉ်အကြွင်းအကျန်များကို စုပ်ယူနိုင်သော်လည်း သတ်မှတ်ထားသော အခြေအနေများအောက်တွင်သာ အကောင်းဆုံး ရလဒ်ကို ရရှိနိုင်ခြင်း ဖြစ်သည်။

ရတနာလက်နက်များနှင့် ကျင့်ကြံခြင်းပညာရပ်များဟူသည် သဘာဝအရ ကောင်းခြင်း၊ ဆိုးခြင်း မရှိဘဲ အသုံးပြုသူအပေါ်တွင်သာ မူတည်သည်ဟု ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် အစဉ်အမြဲ သတိပေးနေခဲ့သည်။

ထိုအကြောင်းကို ချင်ယွမ်ဖုန်း၏ ဖခင်ဖြစ်သူကလည်း ထိုစဉ်က ချင်ယွမ်ဖုန်းအား ပြောကြားခဲ့ဖူးချေသည်။

ဤတစ္ဆေတံဆိပ်တော်သည် လုံးဝ ဆိုးယုတ်လှသော လက်နက်တစ်ခု ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ လက်ထဲတွင်မူ ကြီးမားလှသော စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။

“တစ္ဆေတံဆိပ်တော်၊ ငါ့အတွက် သူ့ကို နှိမ်နင်းစမ်း”

ချင်ယွမ်ဖုန်းသည် တစ္ဆေတံဆိပ်တော်အတွင်းသို့ ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များကို လောင်းထည့်လိုက်ရာ တစ္ဆေတံဆိပ်တော်သည် ချင်ယွမ်ဖုန်း၏ လက်ဝါးပေါ်မှ တိုက်ရိုက် ပျံတက်သွားပြီးနောက် ချက်ချင်းပင် ကြီးမားကျယ်ပြန့်သွားတော့သည်။

တစ္ဆေတံဆိပ်တော်ဆီမှ ပြင်းထန်လှသော စုပ်ယူမှု အားလှိုင်းတစ်ခု ထွက်ပေါ်လာရာ ထိုစုပ်ယူမှု အားလှိုင်းသည် ဝိညာဉ်စွမ်းအားများအပေါ်တွင်သာ သက်ရောက်မှု ရှိချေသည်။

မကြာမီ တစ္ဆေတံဆိပ်တော်၏ အထက်တွင် ဝဲကရက်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ထိုဝဲကရက်ကြောင့် ဖြစ်ပေါ်လာသော ကြီးမားလှသည့် စုပ်ယူမှုစွမ်းအားကြီးသည် မသေမျိုးနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

မကြာသေးမီက သေဆုံးသွားခဲ့ကြသော လူသုံးရာကျော်၏ ဝိညာဉ်များသည် ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ တစ္ဆေတံဆိပ်တော်အတွင်းသို့ အားလုံး စုပ်ယူခြင်း ခံလိုက်ကြရချေပြီ။

နတ်ဘုရားဝိညာဉ်သည်လည်း သူ၏ ဝိညာဉ်မှာ တစ္ဆေတံဆိပ်တော်၏ ဝဲကရက်ထံသို့ မထိန်းချုပ်နိုင်ဘဲ ဆွဲငင်ခြင်း ခံနေရသည်ကို ခံစားလိုက်ရသဖြင့် သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အတိုင်းအဆမရှိ ဖြစ်ပေါ်လာတော့သည်။

သူ အကြောက်ဆုံးအရာမှာ သေခြင်းတရား ဖြစ်ပေရာ ထိုသို့မဟုတ်ပါက သူသည် ဤမျှလောက် ကြာမြင့်စွာ တောင့်ခံနေပြီး နည်းလမ်းပေါင်းစုံကို အသုံးပြုနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် တစ္ဆေတံဆိပ်တော်နှင့် ရင်ဆိုင်နေရစဉ်၌ နတ်ဘုရားဝိညာဉ်သည် သေမင်း၏ အငွေ့အသက်ကို ရရှိနေသကဲ့သို့ ခံစားနေရသည်။

သူသည် ရှောင်ပိုင်ကို ဝါးမြိုပြီး တစ်သားတည်း ဖြစ်အောင် အစဉ်အမြဲ ကြိုးစားနေခဲ့သော်လည်း ရှောင်ပိုင်ကလည်း အဆက်မပြတ် ခုခံနေခဲ့သဖြင့် သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။

အကယ်၍ သူသာ တစ္ဆေတံဆိပ်တော်ကို အာရုံစိုက် ဖြေရှင်းနေစဉ် ရှောင်ပိုင်က အခွင့်အရေးကို အရယူပြီး နတ်ဘုရားဝိညာဉ်အား တိုက်ရိုက် ဝါးမြိုပစ်လိုက်ပါက မည်သို့လုပ်မည်နည်း။

ထို့ကြောင့် နတ်ဘုရားဝိညာဉ်သည် အာရုံလွှဲရန်မဝံ့ဘဲ တစ္ဆေတံဆိပ်တော်အထက်ရှိ ဝဲကရက်ဆီသို့ တဖြည်းဖြည်းချင်း စုပ်ယူခြင်း ခံနေရတော့သည်။

ထိုစဉ်မှာပင် နတ်ဘုရားဝိညာဉ်သည် ရှောင်ပိုင်မှာ မည်သည့်စုပ်ယူမှုအားကိုမျှ ခံစားရပုံမပေါ်ဘဲ သူတစ်ယောက်တည်းသာ တဖြည်းဖြည်းချင်း အစုပ်ခံနေရသည်ကို သတိပြုမိသွားသည်။

ချန်ဖန်းနှင့် ထန်ရှင်းရွှယ်တို့သည်လည်း ချင်ယွမ်ဖုန်းကို ကူညီရန် ရှေ့သို့ တက်လာကြချေပြီ။

သူတို့လက်ထဲမှ အဆောင်လက်ဖွဲ့များသည် နတ်ဘုရားဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကပ်သွားကြပြီး စူးရှတောက်ပလှသော လျှပ်စီးအလင်းတန်းများကြောင့် နတ်ဘုရားဝိညာဉ်သည် နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားနေရတော့သည်။

ယခုအချိန်တွင် ရှောင်ပိုင်သည်လည်း နတ်ဘုရားဝိညာဉ်ကို အစွမ်းကုန် ပြန်လည်ခုခံနေသည်။

နောက်ဆုံးတွင်မူ အရေးကြီးသော အခိုက်အတန့်တစ်ခု၌ နတ်ဘုရားဝိညာဉ်သည် ထပ်မံ၍ တောင့်မခံနိုင်တော့ပေ။

“မလုပ်ပါနဲ့၊ ငါ့ကို မသတ်ပါနဲ့၊ မင်းတို့ရဲ့ အစေအပါးအဖြစ် ငါ ခစားပါ့မယ်”

ယခုအချိန်၌ နတ်ဘုရားဝိညာဉ်သည် သေရမည်ကို အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေလျက် ချင်ယွမ်ဖုန်း၏ ရှေ့တွင် တိုက်ရိုက် ဒူးထောက်လိုက်ရတော့သည်။

အခန်း (၅၁၆) ရှေးဟောင်း နတ်မိမယ် နန်းတော် (၃၇)

နတ်ဘုရားအဆင့် ကျင့်ကြံသူများ ယခုကဲ့သို့ သေဘေးကို ကြောက်ရွံ့လိမ့်မည်ဟု ချင်ယွမ်ဖုန်းပင် လုံးဝ မျှော်လင့်မထားခဲ့ချေ။

သို့သော် ပြန်လည်တွေးဆကြည့်လျှင် ရှေးဦးကမ္ဘာဦးခေတ်မှ ယနေ့တိုင်အောင် မိမိအသက်ကို ဆွဲဆန့်ရန်အတွက်သာ အသက်ဆက်ခဲ့ကြရာ ယင်းတို့၏ ရှင်သန်လိုသော ဆန္ဒသည် မည်မျှအထိ ပြင်းထန်လိမ့်မည်နည်း။

သို့ရာတွင် ချင်ယွမ်ဖုန်း၏ စိတ်၌ သနားညှာတာမှု အလျဉ်းမရှိခဲ့ပါ။ မသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်လာသူ မှန်သမျှကို ပိတ်လှောင်သတ်ဖြတ်ခဲ့သော လူစားမျိုးနှင့် ရင်ဆိုင်ရရာတွင် ချင်ယွမ်ဖုန်းအနေဖြင့် ထိုမျှအထိ ကရုဏာသက်နေရန် မလိုပေ။

တစ္ဆေတံဆိပ်တော်၏ အထက်ရှိ စုကန်ဝဲကရက်သည် ရပ်တန့်မသွားသည့်အပြင် စုပ်ယူမှုအားမှာလည်း ပိုမိုပြင်းထန်လာချေသည်။

နတ်ဘုရားဝိညာဉ်သည် နောက်ဆုံး၌ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ တစ္ဆေတံဆိပ်တော်အတွင်းသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာချနိုင်ကာ မြေပြင်ပေါ်သို့ ပင်ပန်းနွမ်းနယ်စွာ လှဲချလိုက်လေသည်။

နတ်ဘုရားဝိညာဉ်တစ်ခုကို ရင်ဆိုင်ရသည်မှာ ၎င်းတို့တွင်ရှိသမျှသော အစွမ်းအကုန်၊ နည်းလမ်းအစုံကို ထုတ်သုံးပြီးမှသာ လျှင် မြားဦးလှည့်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ထိုသို့ အနိုင်ရရှိခဲ့ခြင်းမှာလည်း ထိုနတ်ဘုရားသည် ပြည့်စုံမှုမရှိခြင်းနှင့် ရှောင်ပိုင်၏ ကူညီစောင်မမှုတို့ကြောင့်သာ ဖြစ်တန်ရာသည်။

ရှောင်ပိုင်သည် မျက်စိနှစ်ဖက်ကို တင်းကျပ်စွာ ပိတ်ထားဆဲ ဖြစ်ပြီး မျက်ခုံးအစုံကို တွန့်ချိုးထားချေရာ ထိုအခိုက်အတန့်၌ သူမ၏ စိတ်အာရုံထဲတွင် မည်သည့်အရာများ ပေါ်ပေါက်နေသည်ကိုမူ မသိနိုင်ပေ။

ချင်ယွမ်ဖုန်းသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့် ကျောက်စိမ်းပြားကို ရုတ်တရက် သတိရရှိသွားသဖြင့် အားလုံး နားနေကြစဉ် အချိန်တိုအတွင်း ထိုကျောက်စိမ်းပြားကို လျင်မြန်စွာ သန့်စင်လိုက်လေသည်။

ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် မည်သည့်အတားအဆီးမျှနှင့် မကြုံတွေ့ရဘဲ အမှတ်အသား ကျောက်စိမ်းပြားကို တိုက်ရိုက် သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။

ခဏမျှသော အချိန်အတွင်း၌ပင် အချက်အလက် မြောက်မြားစွာသည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာခဲ့ချေသည်။

ယင်းအချက်အလက်များသည် မသေမျိုးနန်းတော်နှင့် ပတ်သက်သောအရာများ ဖြစ်ပြီး မသေမျိုးနန်းတော်အတွင်းရှိ နေရာအနှံ့အပြားကို ချင်ယွမ်ဖုန်းအနေဖြင့် အာရုံခံ သိရှိနိုင်ပြီ ဖြစ်သည်။

၎င်းသည် ကောင်းကင်ဘုံမျှော်စင်၏ ပြင်ပရှိ နဂါးပုံရိပ် ရေပန်းနှင့် စစ်မှန်သော နဂါးကြီး လေးကောင်ကိုပင် စိတ်တိုင်းကျ စေခိုင်း ထိန်းချုပ်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

ထိုမျှမက မသေမျိုးနန်းတော်၏ ပြင်ပရှိ တားမြစ်ချက်များနှင့် အစီအရင်များကိုလည်း ထိန်းချုပ်နိုင်ချေသည်။ ယင်းတို့အားလုံးသည် မသေမျိုးနန်းတော်ကို အပိုင်ရရှိပြီးနောက် ရရှိလာခဲ့သော စွမ်းအားများပင် ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ယခုအခါတွင် ပျက်စီးယိုယွင်းကာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော မသေမျိုးနန်းတော်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်ရပြန်သည်။

ယခုကဲ့သို့ ပြိုပျက်လုနီးပါး ဖြစ်နေသော မသေမျိုးနန်းတော်ကို ရက်ပိုင်းမျှဖြင့် ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ပေ။

ထိုသို့ဖြစ်လင့်ကစား မသေမျိုးနန်းတော်တစ်ခုကို အလကားရရှိခဲ့သဖြင့် ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်နေမိဆဲ ဖြစ်သည်။

"ရှောင်လင်၊ ဒီမသေမျိုးနန်းတော်ကို ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲ ထည့်လို့ရလား" ချင်ယွမ်ဖုန်းက ရုတ်တရက် လှမ်းမေးလိုက်သည်။

ရှောင်လင်က ခေါင်းညိတ်ပြကာ "ရပါတယ် အရှင်သခင်၊ မသေမျိုးနန်းတော်ရဲ့ အပြင်ဘက်က အစီအရင်ဟာ နဝမအဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ မသေမျိုးနန်းတော်တစ်ခုလုံးကို ရွှေ့ပြောင်းဖို့ အပြည့်အဝ တတ်နိုင်ပါတယ်"

"သိပ်ကောင်းတာပေါ့၊ ဒါဆိုရင် မသေမျိုးနန်းတော်ကို ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲကို ထည့်လိုက်တော့"

ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးတောလိုက်ရင်း "မြေနက်မြေကိုပါ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲ ထည့်ထားလို့ရရင် သိပ်ကောင်းမှာပဲ"

"ဘာလို့ မရရမှာလဲ" ရှောင်လင်က ချင်ယွမ်ဖုန်းကို ဝေခွဲမရသော မျက်နှာပေးဖြင့် ကြည့်ကာ "သခင့်မှာ ထိုက်ချင်း နတ်လေပြည် အစီအရင်ကို သတ္တမအဆင့်အထိ မြှင့်တင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ လုံလုံလောက်လောက် ရှိနေတာပဲဥစ္စာ"

ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး "ငါထွက်လာတုန်းက ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်တို့ကို မြေနက်မြေကို စီမံခန့်ခွဲဖို့ မှာခဲ့တာ၊ သူတို့တွေ အဲဒီမှာ စီးပွားရေးလုပ်ငန်းတွေတောင် ထူထောင်ပြီးလောက်ပြီ ထင်တယ်၊ ငါက မြေနက်မြေကို သိမ်းယူသွားရင် သူတို့က ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲမှာပဲ နေထိုင်ရတော့မှာပေါ့၊ ငါက အဲဒီလိုမျိုး မဖြစ်စေချင်ဘူး"

ချင်ယွမ်ဖုန်းသည် ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသော ချင်မိသားစု၏ မျိုးဆက်များကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသကဲ့သို့ မခံစားစေချင်ပေ။

ယခုအခါတွင် ယင်းတို့သည် ချင်ယွမ်ဖုန်းနှင့် တစ်မိသားစုတည်းကဲ့သို့ ဖြစ်နေပြီ ဖြစ်သော်လည်း ၎င်းတို့အား လွတ်လပ်ခွင့်ကိုသာ ပေးလိုသည်။

ထိုသို့ဆိုလျှင် မြေနက်မြေသည် ပြင်ပလောကတွင်သာ တည်ရှိနေရမည်ဖြစ်ပြီး ၎င်းတို့အတွက် သာမက ချင်ယွမ်ဖုန်းအတွက်ပါ ကြီးမားသော ဘေးကင်းရာ ကာကွယ်ရေးတံတိုင်းကြီး ဖြစ်လာပေလိမ့်မည်။

ရှောင်လင်သည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး "အရှင်သခင် စိတ်မပူပါနဲ့၊ ကျွန်မမှာ နည်းလမ်းတစ်ခု ရှိပါတယ်"

ချင်ယွမ်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားကာ လျင်မြန်စွာပင် "ဘာနည်းလမ်းလဲ" ဟု မေးမြန်းလိုက်သည်။

"သခင် အနေနဲ့ 'ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်း' ကို အသုံးပြုနိုင်ပါတယ်" ဟု ရှောင်လင်က ပြုံးလျက် ပြောဆိုသည်။

"ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်း ဆိုတာ ဘာလဲ" ချင်ယွမ်ဖုန်းက နားမလည်နိုင်ဟန်ဖြင့် မေးမြန်းပြန်သည်။

"အဲဒါက တစ်နေရာရာမှာ ရှိတဲ့ အရာကို အခြားတစ်နေရာဆီကို ထင်ဟပ်စေတာမျိုးပါ" ဟု ရှောင်လင်က ရှင်းပြလေသည်။

"ဥပမာအားဖြင့် အရှင်သခင်က မြေနက်မြေကို ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲကို သိမ်းယူသွားခဲ့ရင်တောင်မှ အဲဒီမြေနက်မြေကို ပြင်ပလောကရဲ့ ပကတိ အရှိတရားဆီကို ပြန်ပြီး ထင်ဟပ်ပြောင်းလဲထားလို့ ရပါတယ်၊ ဘယ်သူမှ ရိပ်မိမှာ မဟုတ်သလို မြေနက်မြေရဲ့ နယ်ပယ်ထဲကို ဝင်ရောက်လာတာဟာ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစထဲကို ဝင်ရောက်လာတာနဲ့ တူညီမှာဖြစ်ပြီး မြေနက်မြေကနေ ထွက်ခွာသွားရင်တော့ ပြင်ပလောကကို ပြန်ရောက်သွားတာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်"

"အဲဒီလောက်တောင် ထူးဆန်းအံ့ဩဖို့ ကောင်းတာလား" ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထလာခဲ့သည်။

"ဒါပေါ့" ရှောင်လင်က ခေါင်းညိတ်ကာ "ဒါပေမဲ့ အရှင်သခင် အနေနဲ့ တန်ဖိုးတစ်ခုတော့ အနည်းငယ် ပေးဆပ်ရပါလိမ့်မယ်"

"ဘာတန်ဖိုးလဲ"

"ယုံကြည်မှုတန်ဖိုး တစ်ကုဋေပါ" ရှောင်လင်က လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ "မူရင်းအစစ်အမှန်ဖြစ်ပြီး လှည့်စားခြင်း အလျဉ်းမရှိပါဘူး"

"တောက်... မင်းက ငါ့ရဲ့ ယုံကြည်မှုတန်ဖိုးကိုပဲ ချိန်ရွယ်နေတာကိုး" ချင်ယွမ်ဖုန်းက မကျေမနပ် ရေရွတ်လိုက်သည်။

ချင်ယွမ်ဖုန်းသည် ယခင်က ယုံကြည်မှုတန်ဖိုး မြောက်မြားစွာကို ရရှိခဲ့ဖူးပြီး ပစ္စည်းများစွာနှင့် လဲလှယ်ခဲ့ပြီးသည့်တိုင်အောင် ၎င်း၌ ခြောက်ကုဋေကျော်မျှ ကျန်ရှိနေသေးသည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ ယုံကြည်မှုတန်ဖိုးများကို အမြဲတစေ မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရှောင်လင် ပြောသကဲ့သို့ အမှန်တကယ် ဖြစ်လာနိုင်လျှင် ယင်းသည် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများ၏ အသက်အာမခံချက် ရရှိသွားမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ အန္တရာယ်နှင့် ကြုံတွေ့ရပါက မြေနက်မြေအတွင်းသို့ ဆုတ်ခွာသွားရုံရုံမျှသာ ဖြစ်သည်။

ထို့ပြင် ချင်ယွမ်ဖုန်း၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ မြေနက်မြေအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

ယင်းတို့အတွက်မူ မြေနက်မြေသည် တံလျှပ်အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

"ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ထိုအချိန်တွင် အားလုံးသည် အင်အား ပြန်လည်ပြည့်ဖြိုးလာကြပြီ ဖြစ်ပြီး ရှောင်ပိုင်သည်လည်း ဖြည်းညင်းစွာ နိုးထလာခဲ့သည်။

"ရှောင်ပိုင်... မင်း ဘာမှမဖြစ်ဘူးမလား" ချင်ယွမ်ဖုန်းက လျင်မြန်စွာ ရှေ့သို့ တိုးသွားကာ မေးမြန်းလိုက်သော်လည်း စိတ်ထဲတွင်မူ သတိအနည်းငယ် ထားနေဆဲ ဖြစ်သည်။

အခြားသူများလည်း ထို့အတူပင် ဖြစ်ကြပြီး မိမိတို့၏ ရတနာလက်နက်များကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။

ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြုံးလိုက်ပြီး "ငါ အဆင်ပြေပါတယ် ချင်ယွမ်ဖုန်း၊ ဒီတစ်ကြိမ်အတွက် ကျေးဇူးတင်ပါတယ်၊ ငါ့ရဲ့ အတိတ်က အမှတ်သညာတွေကိုလည်း ပြန်ရခဲ့ပါပြီ"

အားလုံးသည် သက်ပြင်းတစ်ချက်ကို အသာချနိုင်ကြတော့သည်။ ရှောင်ပိုင်သည် နတ်ဘုရားဝိညာဉ်၏ ဝါးမြိုခြင်းကို ခံရပြီး ၎င်း၏ ရူးသွပ်သော အတွေးအခေါ်များကို ဆက်ခံသွားမည်ကို သူတို့ အမှန်တကယ်ပင် စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

"မင်း ဘာမှမဖြစ်ရင် ပြီးတာပါပဲ" ချင်ယွမ်ဖုန်းသည်လည်း စိတ်အေးသွားခဲ့သော်လည်း မကြာမီမှာပင် ၎င်းအား အံ့အားသင့်သွားစေသည့် အရာတစ်ခုကို သတိပြုမိလိုက်သည်။

"မင်း... ပြုံးလိုက်တာလား" ချင်ယွမ်ဖုန်း၏ မျက်လုံးများ အဝိုင်းသား ဖြစ်သွားခဲ့ရသည်။

ရှောင်ပိုင်သည် ယခင်က တစ်ခါမျှ မပြုံးခဲ့ဖူးချေ၊ သူမ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ ရှိမနေခဲ့ဖူးပေ။ သို့သော် ယခုလေးတင်၌ သူမသည် ချင်ယွမ်ဖုန်းကို အလွန်တောက်ပသော အပြုံးတစ်ခု ပြုံးပြခဲ့ခြင်း ဖြစ်ပေသည်။

ရှောင်ပိုင်က ခေါင်းညိတ်ကာ "ငါ့ရဲ့ အမှတ်သညာတွေ ပြန်ရလာခဲ့ပြီ၊ ပြီးတော့ အရင်က လိုအပ်နေခဲ့တဲ့ အရာအချို့လည်း ပြန်လည် ပြည့်စုံသွားခဲ့ပြီလေ"

ထိုစကားကို ကြားရသောအခါ ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် "ဒါဆိုရင်... မင်းက အမှန်တကယ်တော့ ဘယ်သူလဲ" ဟု မေးလိုက်သည်။

ဤမေးခွန်းသည် ချင်ယွမ်ဖုန်း၏ စိတ်ကို အချိန်အတော်ကြာအောင် နှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ရှောင်ပိုင်က မည်သူဖြစ်ကြောင်းနှင့် နတ်ဘုရားဝိညာဉ်နှင့် မည်သို့ ပတ်သက်မှုရှိကြောင်းကို သိရှိရန် အလွန် အရေးတကြီး လိုလားနေမိသည်။

အခြားသူများလည်း အလွန်ပင် စုစုစည်းစည်းဖြင့် စိတ်ဝင်တစား ရှိနေကြသည်။ ဤမျှ နုနယ်သိမ်မွေ့ပုံရသော မိန်းကလေးငယ် ရှောင်ပိုင်သည် နတ်ဘုရားဝိညာဉ်တစ်ခုနှင့် မည်သို့များ ပတ်သက်မှု ရှိနေနိုင်မည်နည်း။

ရှောင်ပိုင်သည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဖြည်းညင်းစွာပင် သူမ၏ အကြောင်းကို စတင် ပြောပြလေတော့သည်။

အမှန်စင်စစ်တွင် ရှောင်ပိုင်နှင့် နတ်ဘုရားဝိညာဉ်တို့သည် မူလက နတ်ဘုရားတစ်ပါးတည်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

သို့သော်လည်း ရှောင်ပိုင်သည် ထိုနတ်ဘုရား၏ ကောင်းမြတ်သော စိတ်အာရုံဖြစ်ပြီး နတ်ဘုရားဝိညာဉ်မှာမူ ထိုနတ်ဘုရား၏ ယုတ်မာသော စိတ်အာရုံ ဖြစ်ချေသည်။

ထိုနတ်ဘုရားသည် သေလုမြောပါး ဖြစ်နေချိန်တွင် ဤမသေမျိုးနန်းတော်ကို တိုက်ရိုက် လုယူခဲ့ပြီး အသက်ဆက်နိုင်ရန်အတွက် ဝိညာဉ်ကူးပြောင်းခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုခဲ့သည်။

သို့သော် ၎င်း လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ဝိညာဉ်ကူးပြောင်းခြင်း လျှို့ဝှက်ပညာရပ် ပျက်ပြားသွားခဲ့ပြီး နတ်ဘုရား၏ ကောင်းမြတ်သော စိတ်အာရုံ အပိုင်းအစ အများစုကို တိုက်ရိုက် ခွဲထုတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းပင်။

ထို့ပြင် ထိုနတ်ဘုရား၏ ကောင်းမြတ်သော စိတ်အာရုံသည် ဝိညာဉ်ကူးပြောင်းပြီးနောက် ဖြူစင်သန့်ရှင်းသော မိန်းကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ရာ ယင်းကို ထိုနတ်ဘုရားအနေဖြင့် လုံးဝ လက်မခံနိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် မူလက အမျိုးသားတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။ ထိုမိန်းကလေးငယ်မှာ ရှောင်ပိုင်ပင် ဖြစ်ပြီး ယင်းသည် ရှောင်ပိုင်၌ ရုပ်ကလာပ်ခန္ဓာကိုယ် ရှိနေပြီး နတ်ဘုရားဝိညာဉ်၌ ခန္ဓာကိုယ် မရှိရခြင်း၏ အကြောင်းရင်း ဖြစ်ပေတော့သည်။

All Chapters