အခန်း (၅၁၉-၅၂၀)
Vol. 26 Ch. 519-520
အခန်း (၅၁၉) အကြီးမားဆုံးသော ကုန်ပစ္စည်းပံ့ပိုးသူ
ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် ယင်းနေရာထက် ပိုမိုခိုင်မာထူးခြားသော ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေဟူ၍ မရှိနိုင်ချေ။
ချင်ယွမ်ဖုန်း မြေနက်မြေသို့ ပြန်လည်ရောက်ရှိလာသောအခါ ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများသည် သဘာဝအတိုင်းပင် အလွန်တရာ ဝမ်းမြောက်လှိုက်လှဲသွားကြသည်။
ထို့ပြင် ချင်ယွမ်ဖုန်းသည် ၎င်းတို့အားလုံး ဝိညာဉ်ဆေးဝါးများ ရောင်းချခြင်းနှင့် ဆေးပင်များ စိုက်ပျိုးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသော်လည်း ကျင့်ကြံခြင်းကို လက်လွှတ်မထားဘဲ အရှိန်အဟုန်ပြင်းစွာ တိုးတက်နေကြသည်ကိုပါ သတိပြုမိလိုက်သည်။
ချင်ယွမ်ဖုန်း ပြန်လာသည်ကို မြင်လျှင် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ဝိညာဉ်ဆေးဝါးများ လာရောက်ဝယ်ယူနေသူများကိုပင် မောင်းထုတ်ကာ ဆိုင်ပိတ်လိုက်ကြသဖြင့် စောင့်ဆိုင်းနေကြသော လူအများမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြရသည်။
သို့သော်လည်း ၎င်းတို့သည် ဆေးပင်များကို ယင်းနေရာမှသာ ဝယ်ယူရမည်ဖြစ်သောကြောင့် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့အား တစ်ခွန်းတစ်ပါးမျှပင် ပြန်လည်ပြောဆိုခြင်း မပြုဝံ့ကြချေ။
ထို့ထက်မက ယင်းနေရာသည် ဆေးနတ်ဘုရားဂိုဏ်း၏ အစောင့်အရှောက်ခံ နယ်မြေဖြစ်ရုံမျှမက မကြာသေးမီကမှ ကျော်ကြားလာခဲ့သည့် လူငယ်လေး ချင်ယွမ်ဖုန်း၏ ပိုင်နက်ဖြစ်သည်ဟူသော ကောလာဟလများကြောင့်လည်း ဖြစ်သည်။
“ဖုန်းအစ်ကို... နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့၊ ညီမတို့အားလုံး အစ်ကို့ကို မျှော်နေကြတာ”
ချန်ရှောင်ချောင်က ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “မင်းတို့ တော်ကြတာပဲ၊ မြေနက်မြေက ဒီလောက်အထိ ခမ်းနားကြီးကျယ်လာလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး” ဟု ချီးကျူးလိုက်သည်။
ထိုသို့သော အချိန်၌ ချင်နန်ကလည်း ပြုံးလျက် “ဒါက ဆေးနတ်ဘုရားဂိုဏ်းနဲ့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းတို့ရဲ့ ကူညီပံ့ပိုးမှုကြောင့်လည်း ပါတာပေါ့” ဟု ဝင်ရောက်ပြောဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသွားသည်။ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် သူ၏ မျက်နှာကို ထောက်ထားသောကြောင့် မြေနက်မြေအတွက် အခမဲ့ ကြော်ငြာမြှင့်တင်မှုများ ပြုလုပ်ပေးခဲ့ပုံရပေသည်။
ချန်ဒါချောင်သည် အခန်းတွင်းသို့ လျှောက်လှမ်းလာပြီးနောက် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ချထားပေးလိုက်သည်။
“ဖုန်းအစ်ကို... ဒါကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ၊ ဒါတွေအားလုံးက ဒီအတောအတွင်း ဆေးပင်တွေ ရောင်းချလို့ ရလာတဲ့ ဝင်ငွေတွေ ဖြစ်ပါတယ်” ဟု ချန်ဒါချောင်က ပြုံးလျက် ရှင်းပြသည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရကာ “ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်တောင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရလိုက်တာလား” ဟု မေးမိသည်။
“ဒါပေါ့” လူတိုင်းက ရယ်မောလိုက်ကြသည်။ ချင်ယွမ်ဖုန်းသည် ယခုအချိန်အထိ မြေနက်မြေ၏ စီးပွားရေးဆိုင်ရာ တန်ဖိုးကို လျှော့တွက်နေဆဲ ဖြစ်ဟန်တူသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက မြေနက်မြေအား အခြားတစ်နေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ၎င်းတို့အား အလျင်အမြန်ပင် အသိပေးလိုက်သည်။ ဘယ်နေရာသို့ ရွှေ့ပြောင်းမည်ကို မသိကြသော်ငြားလည်း အားလုံးက လက်နှစ်ဖက်လုံး မြှောက်ကာ သဘောတူညီခဲ့ကြသည်။
၎င်းတို့၏ လက်ရှိဘဝကို ချင်ယွမ်ဖုန်းက ပေးသနားခဲ့ခြင်း ဖြစ်သည်ကို နားလည်ထားကြသဖြင့် သူ၏ ဆုံးဖြတ်ချက်မှန်သမျှကို အကြွင်းမဲ့ ထောက်ခံကြခြင်း ဖြစ်ပေသည်။
ယင်းက ချင်ယွမ်ဖုန်းအား အလွန်ပင် ကျေနပ်ပီတိ ဖြစ်စေသည်။ အချိန်တိုအတွင်း၌ ထိုလူများအားလုံး စည်းလုံးညီညွတ်သွားကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး ရှောင်လင်က လိုအပ်သော ပစ္စည်းများကို စုဆောင်းပြီးနောက် ထိုက်ချင်း နတ်လေပြည် အစီအရင်ကို ဆဋ္ဌမအဆင့် အစီအရင်အဖြစ် အဆင့်မြှင့်တင်လိုက်သည်။
ယခုအခါတွင်မူ မြေနက်မြေအား ပြောင်းရွှေ့ခြင်း လုပ်ငန်းကို စတင်နိုင်ပြီ ဖြစ်သည်။
မြေကမ္ဘာကြီး တုန်ခါသွားသည်နှင့်အတူ မြေနက်မြေသည် ဟင်းလင်းပြင်ထဲသို့ လွင့်ပျောက်ကွယ်ကွယ်သွားကာ ယင်းနေရာ၌ ဧရာမ ကျင်းကြီးတစ်ကျင်းသာ ကျန်ရစ်ခဲ့တော့သည်။
မြေနက်မြေ၏ အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော လူအများမှာ ကြက်သေ သေသွားကြရသည်။
၎င်းတို့သည် ဖြစ်ပျက်သွားသောအရာကို နားမလည်နိုင်ဘဲ ယုံကြည်နိုင်စွမ်းမရှိသည့် မျက်ဝန်းများဖြင့် ထိုကျင်းကြီးကို ငေးကြည့်နေမိကြသည်။
ထိုမျှကြီးမားလှသော မြေနက်မြေအား တိုက်ရိုက်ရွှေ့ပြောင်းပစ်ရန်အတွက် မည်မျှပြင်းထန်သော စွမ်းအားမျိုး လိုအပ်မည်နည်း။
ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများမှာမူ မည်သည့်ထူးခြားမှုကိုမျှ မခံစားလိုက်ရချေ၊ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့သည် အခြားတစ်နေရာသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မြေနက်မြေအား မသေမျိုးနန်းတော်၏ နောက်ကွယ်ရှိ ချိုင့်ဝှမ်းအတွင်း၌ သဘာဝကျကျပင် ချထားလိုက်သည်။
“ဖုန်းအစ်ကို... ဒါက ဘယ်နေရာလဲ” ချန်ရှောင်ချောင်က အံ့အားသင့်သော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။
ချင်နန်နှင့် အခြားသူများကပင် ချင်ယွမ်ဖုန်းအား မှင်တက်စွာ ကြည့်နေကြသည်။
ချင်ယွမ်ဖုန်းက နေရာတစ်ခုကို ဟင်းလင်းပြင်ထဲမှနေ၍ အခြားတစ်နေရာသို့ မည်သို့ရွှေ့ပြောင်းလိုက်သည်ကို ၎င်းတို့ နားမလည်နိုင်ကြတော့ချေ။
“ဒါက ငါတို့ရဲ့ ကမ္ဘာပဲ” ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
သို့သော်လည်း သူ၏ စိတ်ထဲ၌မူ မြေနက်မြေအား မူလနေရာသို့ ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်းအဖြစ် ပြန်လည်ပြသရန်၊ အိမ်အားလုံးကို ဖျက်ဆီးပစ်ရန်နှင့် ထိုထင်ဟပ်မှုနှင့် ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစတို့အကြား ဆက်သွယ်မှုအချက်အချာအဖြစ် တံခါးတစ်ချပ်သာ ချန်ထားရန် ရှောင်လင်နှင့် နောက်ထပ် အရောင်းအဝယ်တစ်ခု ပြုလုပ်လိုက်ရသည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရသည်။ နေရာပြောင်း အစီအရင် ပြားနှင့် မြေနက်မြေ၏ ထင်ဟပ်မှုပုံရိပ် ပေါင်းစပ်လိုက်ခြင်းကြောင့် ယုံကြည်မှုတန်ဖိုး မိန်းပေါင်း နှစ်ဆယ်ကျော် ကုန်ကျသွားခဲ့ရသည်။
ချင်ယွမ်ဖုန်း စုဆောင်းထားသော ယုံကြည်မှုတန်ဖိုးများသည် ရုတ်ချည်းပင် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့ရပေသည်။
အပြင်ဘက်၌ အံ့အားသင့်နေကြဆဲ ဖြစ်သော လူများသည် ရုတ်တရက် မြေနက်မြေ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ဘာမျှပင် မတုံ့ပြန်နိုင်ကြသေးချေ။
အရာအားလုံးက မပြောင်းလဲဘဲ ရှိနေကာ ၎င်းတို့ ခုနက မြင်တွေ့လိုက်ရသည်မှာ စိတ်အာရုံချောက်ခြားမှုတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
“အခု ဘာတွေဖြစ်ကုန်တာလဲ” လူတိုင်းက ယနေ့ ကမ္ဘာကြီးသည် ၎င်းတို့အား ပြက်လုံးထုတ်နေသည်ဟု ခံစားရသဖြင့် မျက်လုံးများကို ပွတ်သပ်ကြည့်နေကြသည်။
ချင်ယွမ်ဖုန်းသည် တံခါးပြင်ပသို့ တိုက်ရိုက် လျှောက်လှမ်းထွက်ခဲ့ရာ အားလုံးက သူ့နောက်မှ လိုက်ပါလာကြပြီး တံခါးပြင်ပရှိ နေရာမှာ ၎င်းတို့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော မြေနက်မြေ ဖြစ်နေသည်ကို တွေ့ရှိလိုက်ကြရသည်။
“ဒါက တကယ်ပဲ ဘာဖြစ်တာလဲ” ချန်ရှောင်ချောင်က ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဆွဲကိုင်ကာ မေးမြန်းသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် ၎င်းတို့အား ရိုးရှင်းစွာ ရှင်းပြလိုက်မှသာ အားလုံး နားလည်သဘောပေါက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းအပေါ် ထားရှိသော ၎င်းတို့၏ ကြည်ညိုလေးစားမှုမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့ရသည်။
ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးနိုင်ရန်အတွက် မည်မျှကြီးမားသော စွမ်းအားမျိုး လိုအပ်မည်နည်း။
“ကဲ... အခု နေရာပြောင်း အစီအရင်ကို တည်ဆောက်ပြီးပြီဆိုတော့ မင်းတို့ အချိန်မရွေး ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစကို သွားလို့ရသလို ကမ္ဘာသစ်ကိုလည်း လေ့လာလို့ရပြီ၊ အဲဒီမှာ အရမ်းပျော်စရာကောင်းတယ်” ချင်ယွမ်ဖုန်းက ပြုံး၍ ပြောသည်။
ချင်နန်နှင့် အခြားသူများအားလုံး စမ်းသပ်ချင်စိတ်များ ပြင်းပြလာကြသည်။ ကမ္ဘာသစ်တစ်ခုကို လေ့လာ စူးစမ်းရခြင်းသည် မည်မျှ စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်နည်း။
မြေနက်မြေသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး ဆေးပင်များကိုလည်း ယခင်အတိုင်းပင် ပြောင်းလဲမှုမရှိဘဲ ရောင်းချနေဆဲ ဖြစ်သည်။
“ဒါနဲ့... မြေနက်မြေက ဆေးပင်တွေချည်းပဲ ရောင်းရမှာ မဟုတ်ဘူး၊ အဲဒီမှာ သန့်စင်တဲ့ နတ်ရေစင်တွေ၊ မိစ္ဆာသားရဲတွေ ရှိသလို ရေကန်ထဲက ရေနေမိစ္ဆာသားရဲတွေ ကြီးထွားလာရင်လည်း ရောင်းလို့ရတယ်”
ချင်ယွမ်ဖုန်းက ချန်ဒါချောင်နှင့် အခြားသူများကို သတိပေးလိုက်သည်။
အဆုံးသတ်တွင်မူ ယခုအခါ ရေကန်ထဲ၌ သဘာဝ နတ်စမ်းရေတွင်းတစ်ခု ရှိနေပြီဖြစ်ပြီး စမ်းရေသည် ကုန်ခမ်းသွားခြင်း မရှိနိုင်သဖြင့် သန့်စင်သော နတ်ရေစင်သည်လည်း ကုန်ခမ်းသွားမည် မဟုတ်ချေ။
ယင်းတို့အနက် အချို့ကို ရောင်းချခြင်းသည် ကြီးမားသော ထိခိုက်မှု ရှိလိမ့်မည်မဟုတ်ပေ။
ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်အတွင်း၌ ရတနာလက်နက်များ၊ သိုင်းပညာရပ်များ၊ ဆေးလုံးများနှင့် အခြားအရာများ ရှိကြောင်း၊ ၎င်းတို့နှင့် သင့်တော်သောအရာမှန်သမျှကို ယူဆောင်နိုင်ကြောင်း ပြောကြားခဲ့သဖြင့် လူတိုင်း ပိုမိုဝမ်းမြောက်သွားကြရသည်။
အရာအားလုံးကို စီစဉ်ပြီးနောက် ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း အတန်းထဲသို့ မသွားဘဲ စီမံခန့်ခွဲရေးမှူးရုံးခန်းသို့သာ တိုက်ရိုက်ဦးတည်ခဲ့သည်။
“ဝင်ခဲ့ပါ” ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်း လာနေသည်ကို သိရှိနေပုံရသည်။ ချင်ယွမ်ဖုန်း တံခါးဝသို့ ရောက်သည်နှင့် အခန်းတွင်းမှ သူ၏ အသံ ထွက်ပေါ်လာခဲ့သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် အခန်းတွင်းသို့ လျှောက်လှမ်းဝင်လာကာ “ဆရာ... ကျွန်တော် ဆရာနဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ” ဟု ဆိုလိုက်သည်။
ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းအား မော့ကြည့်ကာ သက်ပြင်းချလျက် ခေါင်းခါလိုက်သည်။
“မင်း ဘာပြောချင်လဲဆိုတာ ငါသိပါတယ်၊ အခုရှိနေတဲ့ သင်ရိုးညွှန်းတမ်းတွေက မင်းအတွက် တကယ်ပဲ ထိရောက်မှု သိပ်မရှိတော့ဘူး မဟုတ်လား” ဟု ရှုဝမ်ချန်းက တည်ငြိမ်စွာ ပြောဆိုသည်။
ချင်ယွမ်ဖုန်း မျက်ခုံးပင့်မိသွားကာ ရှုဝမ်ချန်းက မိမိ၏ စိတ်ကူးကို ကြိုတင်သိရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားရသည်။
“ဆရာ... ကျွန်တော်က နောက်ထပ် အထူးလေ့ကျင့်မှုတွေ ရှိဦးမလားလို့ မေးချင်ရုံတင်ပါ၊ ကျွန်တော် အထူးလေ့ကျင့်မှုကို လိုချင်ပါသေးတယ်” ချင်ယွမ်ဖုန်းက သူ၏ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။
ရှုဝမ်ချန်းသည် အထူးလေ့ကျင့်မှုအတွင်း ချင်ယွမ်ဖုန်း၏ အော်ဟစ်ငိုညည်းသံများကို ပြန်လည်တွေးတောမိကာ ခေါင်းခါလိုက်မိသည်
။
“မင်းရဲ့ လက်ရှိအင်အားက အတော်လေးကို အားကောင်းနေပြီ၊ မင်းရဲ့ ပါရမီကလည်း အဆုံးစွန်ထိ ရောက်လုနီးပါး ဖြစ်နေပြီ၊ မင်းနဲ့ သင့်တော်မယ့် အထူးလေ့ကျင့်မှုမျိုး မရှိတော့ဘူး” ဟု ရှုဝမ်ချန်းက ဆိုသည်။
ချင်ယွမ်ဖုန်း ချက်ချင်းပင် စိုးရိမ်ပူပန်သွားကာ “ဆရာ... ကျွန်တော် အကယ်ဒမီမှာ ဒီအတိုင်းပဲ နေနေလို့ မဖြစ်ဘူးမလား၊ ကျွန်တော့်အတွက် နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး” ဟု တောင်းဆိုလိုက်သည်။
“ငါ စဉ်းစားထားပြီးသားပါ” ရှုဝမ်ချန်း၏ မျက်မှန်နောက်ကွယ်မှ မျက်ဝန်းများ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
“အဲဒါ ဘာလဲ” ချင်ယွမ်ဖုန်း စိုးရိမ်ထိတ်လန့်မှုကို အကြောင်းရင်းမရှိ ခံစားလိုက်ရသည်။
“ရှန်းဝူမျှော်စင်” ဟု ရှုဝမ်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါက ပုံရိပ်ယောင်လား၊ ကျွန်တော် အဲဒါကို စမ်းပြီးပြီလေ”
“ဒါက ပုံရိပ်ယောင်သက်သက်တင် မဟုတ်ဘူး” ရှုဝမ်ချန်းက ခေါင်းခါလိုက်ပြီး “မင်းရဲ့ အင်အားကို အလျင်အမြန် မြှင့်တင်ဖို့ဆိုရင် မင်းမှာ အတွေ့အကြုံတွေ လိုအပ်ရုံတင်မကဘဲ စိတ်အေးလက်အေးနဲ့ ကျင့်ကြံဖို့လည်း လိုအပ်တယ်” ဟု ဆက်လက်ရှင်းပြလေသည်။
အခန်း (၅၂၀)တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်း
ချင်ယွမ်ဖုန်းသည် ခဏမျှ စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ သူသည် ယခုဘဝသို့ ဝိညာဥ်ကူးပြောင်းခြင်း ဖြစ်တည်လာခဲ့သည့် အချိန်မှစ၍ တစ်ရက်မျှ နားနားနေနေ မရှိခဲ့ဘဲ အမြဲမပြတ် ရုန်းကန်လှုပ်ရှားခဲ့ရပေရာ ကျင့်ကြံခြင်း အားထုတ်နေသည် ဖြစ်စေ၊ သို့မဟုတ် ကျင့်ကြံခြင်း ခရီးလမ်းထက်၌ လျှောက်လှမ်းနေသည် ဖြစ်စေ အမြဲတစေ အလုပ်ရှုပ်နေခဲ့သည်သာ ဖြစ်ချေသည်။
မိမိနှင့် ကျင့်ကြံခြင်း အဆင့်အတန်း တူညီကြသည့် အခြားသော သိုင်းပညာရှင်များနှင့် နှိုင်းယှဥ်ပါက သူ၏ ကျင့်ကြံခြင်း အခြေခံသည် လုံလောက်သည်ထက်ပင် ပိုမိုနေပြီ ဖြစ်သည်။
ထို့အပြင် သူသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ တစ်ဝက်ခန့်ကိုပင် လှည့်လည် ဖြတ်သန်းခဲ့ပြီးပြီ မဟုတ်လော။
“ရှန်းဝူမျှော်စင်ထဲမှာ အချိန်လျှို့ဝှက်နယ်ပယ်တစ်ခု ရှိတယ်။ ပြင်ပကမ္ဘာနဲ့ အချိန်စီးဆင်းမှု ကွာခြားချက်ကတော့ တစ်အဆင့်ကနေ တစ်ရာအထိ ရှိတယ်၊ မင်း အဲဒီထဲကို ဝင်ပြီး ကျင့်ကြံခြင်း အားထုတ်နိုင်တယ်” ဟု ရှုဝမ်ချန်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။
ချင်ယွမ်ဖုန်း၏ စိတ်အစုံ၌ ဝမ်းမြောက်ခြင်းများ ပြည့်နှံသွားရချေသည်။ ယင်းက ယခုအချိန်၌ သူ အလိုအပ်ဆုံး ဖြစ်နေသည့် အရာပင် ဖြစ်ပေရာ စိတ်ကို အေးချမ်းစွာ ထားရှိပြီး ကျင့်ကြံခြင်း အားထုတ်ရန် ဖြစ်သည်။
အတိတ်ကာလများ၌ ကျင့်ကြံခြင်းကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး ကျင့်စဉ်အဆင့်အတန်း အလွန်အမင်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းကြောင့် စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းရန်နှင့် ကျင့်ကြံရန်အတွက် အချိန်ပိုမို လိုအပ်နေခြင်း ဖြစ်သည်။
ဆရာကြီး ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်း လျှောက်လှမ်းရမည့် အနာဂတ် လမ်းစဥ်အတွက် ကြိုတင်၍ စီမံပေးထားပြီး ဖြစ်ဟန်တူပေသည်။
“သွားကြစို့၊ ငါ မင်းကို အခုပဲ ခေါ်သွားပေးမယ်၊ မင်း အဲဒီကနေ တစ်ခုခု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရှုဝမ်ချန်းက အေးဆေးစွာ ထပ်မံ ပြောကြားလိုက်သည်။
ရှန်းဝူမျှော်စင်သည် ချင်ယွမ်ဖုန်း အဝေးမြောက်ပိုင်းဒေသသို့ စတင်ရောက်ရှိစဥ်က ပထမဆုံး မြင်တွေ့ခဲ့ရသည့် အဆောက်အအုံ ဖြစ်ပြီး နှစ်ပေါင်းသောင်းချီသော ကာလများကို ဖြတ်သန်းကျော်လွန်ခဲ့သော်လည်း လေနှင့် နှင်းမုန်တိုင်းများကြား၌ မြင့်မားစွာ ထင်ထင်ရှားရှား မတ်တပ်ရပ်လျက် ရှိနေဆဲ ဖြစ်သည်။
ဤနေရာသို့ တစ်ခေါက် ပြန်လည်ရောက်ရှိလာချိန်တွင် ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ ခံစားချက်ပေါင်းစုံ လှိုင်းတံပိုးထန် တက်ကြွလာရချေသည်။
ယခင်က ချင်ယွမ်ဖုန်းသည် အပေါ်ထပ်သို့ တက်ရောက်နိုင်မည့် လှေကားကို ရှာဖွေမတွေ့ရှိခဲ့သော်လည်း ယခုအကြိမ်တွင်မူ ရှုဝမ်ချန်းက သူ့ကို လမ်းပြ၍ ခေါ်ဆောင်သွားခဲ့သည်။
ရှန်းဝူမျှော်စင်သည် ကိုးထပ် မြင့်မားပြီး မီတာတစ်ရာခန့် အမြင့်ရှိပေသည်။
အထပ်တစ်ခုချင်းစီသည် တစ်ဆယ်မီတာကျော် မြင့်မားကာ အလွန်ကျယ်ဝန်းလှပြီး ယင်း၏ ရည်ရွယ်ချက်မှာ လူသားတို့၏ စိတ်နေစိတ်ထားကို သန့်စင် ပျိုးထောင်ပေးရန် ဖြစ်သည်။
အပေါ်ထပ်သို့ ပိုမိုမြင့်မားစွာ တက်လှမ်းနိုင်လေလေ၊ ကြုံတွေ့ရသည့် တံလျှပ်အိပ်မက်များက ပိုမိုပြင်းထန် လှုပ်ရှားလာလေလေ ဖြစ်သည်။
သမိုင်းတစ်လျှောက် ရှစ်ထပ်မြောက် အထပ်၌ ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်မှတစ်ဆင့် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ထိုင်နေကြသည့် အဘိုးအို အနည်းငယ်ကို မြင်တွေ့ခဲ့ဖူးသည်။
ထိုအဘိုးအိုများသည် ရှန်းဝူအကယ်ဒမီ၏ သက်တမ်း အရင့်ဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်ကြသူများ ဖြစ်သည်။
သူတို့သည် မိမိတို့၏ လက်ရှိ ကျင့်စဉ်အဆင့်အတန်းကို ဖောက်ထွက်ပြီး သက်တမ်းကို တိုးမြှင့်လိုကြသဖြင့် ရှစ်ထပ်မြောက်သို့ လာရောက်ကာ တံလျှပ်အိပ်မက်များထဲ၌ ကျင့်စဉ်ဖောက်ထွက်နိုင်ရန် မျှော်လင့် အားထုတ်နေကြခြင်း ဖြစ်ချေသည်။
ရှန်းဝူအကယ်ဒမီကို စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ ထိုသို့သော ပုဂ္ဂိုလ်များစွာ လာရောက်ခဲ့ကြဖူးရာ အချို့က အောင်မြင်ခဲ့ကြသော်လည်း အချို့ကမူ ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်ခဲ့ရပေသည်။
ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်ကာ ထိုသူများကို ကျော်ဖြတ်ပြီး ရှန်းဝူမျှော်စင်၏ အမြင့်ဆုံးအထပ်သို့ ရောက်ရှိသည်အထိ အပေါ်သို့ ဆက်လက် တက်လှမ်းခဲ့သည်။
ဤအထပ်၌လည်း အလွန်ကျယ်ဝန်းသည့် ဟင်းလင်းပြင် ရှိနေပြီး အခန်းငယ် အနည်းငယ်အဖြစ် ပိုင်းခြားထားပေရာ ယင်းက ချင်ယွမ်ဖုန်း၏ အတိတ်ဘဝ ကမ္ဘာမြေပေါ်၌ တည်းခိုခဲ့ဖူးသည့် ဟိုတယ်များကဲ့သို့ စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အခန်းများ စီတန်း တည်ရှိနေခြင်း ဖြစ်သည်။
“ရှန်းဝူအကယ်ဒမီမှာဆိုရင် ကိုယ့်ရဲ့ ခွန်အားတွေ အလွန်အမင်း မြန်ဆန်စွာ တိုးတက်နေတယ်လို့ ခံစားရတဲ့အခါ အဲ့တာနဲ့ လျော်ညီတဲ့ ကျင့်ကြံခြင်းတွေကို ပြုလုပ်ရလေ့ရှိတယ်၊ ဒါပေမဲ့ မင်းလိုမျိုး ဘယ်လိုမှ သွန်သင်ဆုံးမလို့ မရနိုင်လောက်အောင် ထူးခြားတဲ့သူကတော့ တကယ်ပဲ ရှားပါးလွန်းပါတယ်” ဟု ရှုဝမ်ချန်းက တည်ငြိမ်စွာ ဆို၏။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ဒါက စီမံခန့်ခွဲရေးမှူးက ကောင်းမွန်စွာ သွန်သင်ပြသပေးခဲ့လို့ပါ”
ရှုဝမ်ချန်းက ခေါင်းကို ခါယမ်းလိုက်ပြီး ချင်ယွမ်ဖုန်းကို အခန်းတံခါးတစ်ခု ရှေ့သို့ ခေါ်ဆောင်သွားကာ ဖွင့်လှစ်ပေးလိုက်လေသည်။
အခန်းတွင်းရှိ ပြင်ဆင်မွမ်းမံမှုများသည် ကမ္ဘာမြေ၏ ခေတ်ပေါ် စတိုင်လ်နှင့် ဆင်တူလှသော်လည်း အထဲ၌ တရားထိုင်သည့် ဖျာကတ္တီပါထိုင်ခုံတစ်ခုမှတစ်ပါး အခြား မည်သည့်အရာမျှ ရှိမနေချေ။
“ကဲ၊ မင်း အထဲကို ဝင်နိုင်ပြီ၊ ငါ အခန်းတွင်းက အချိန်စီးဆင်းမှု အချိုးအစားကို အမြင့်ဆုံးအဆင့်အထိ ပြင်ဆင်ပေးထားမယ်” ဟု ရှုဝမ်ချန်းက အေးဆေးစွာ ဆိုသည်။
“နားလည်ပါပြီ ဆရာ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။
တံခါးဝ၌ ရှုဝမ်ချန်းသည် အခန်း၏ အချိန်စီးဆင်းမှု အချိုးအစားကို တစ်အဆင့်မှ တစ်ရာအထိ ညှိနှိုင်းပြင်ဆင်ပေးခဲ့ပြီးနောက် ရှန်းဝူမျှော်စင်ထဲမှ ထွက်ခွာသွားလေတော့သည်။
သူ သိရှိထားသည်မှာ ချင်ယွမ်ဖုန်း နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာချိန်တွင် ယခင်နှင့် မတူဘဲ သိသိသာသာ ကွဲပြား ခြားနားသွားလိမ့်မည်ဟူ၍ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် အခန်းထဲသို့ ရောက်ရှိသွားပြီး အကျွမ်းတဝင်ရှိလှသော်လည်း တစ်ဖက်တွင်လည်း ထူးဆန်းအံ့ဩဖွယ်ကောင်းသော ပြင်ဆင်မှုများကို ကြည့်ရှုကာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။
“လူရီ... မင်းက တကယ်တော့ ဘယ်လိုလူမျိုးလဲ”
ထိုသို့ ရေရွတ်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် တရားထိုင်သည့် ထိုင်ခုံပေါ်တွင် တိုက်ရိုက် ထိုင်လိုက်ပြီး စိတ်အစုံကို စင်ကြယ်အေးချမ်းစေကာ ကျင့်ကြံခြင်းကို စတင် အားထုတ်လေတော့သည်။
သူသည် အချိန်ကုန်ဆုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ၊ အဘယ့်ကြောင့်ဆိုသော် အခန်းတွင်း၌ ရက်ပေါင်းတစ်ရာ ကုန်ဆုံးချိန်သည် ပြင်ပကမ္ဘာ၌ တစ်ရက်သာ ရှိသေးသောကြောင့် ဖြစ်သည်။ မိမိကိုယ်ကိုယ် ပြန်လည် ပြင်ဆင်ရန်အတွက် သူ့ထံ၌ အချိန်လုံလောက်စွာ ရှိနေပေသည်။
လေးရက် ခန့် ကုန်ဆုံးသွားသောအခါ ချင်ယွမ်ဖုန်း၏ အတန်းဖော်များသည် အလွန်တရာ အံ့ဩ သိချင်စိတ် ပြင်းပြနေကြပြီး ချင်ယွမ်ဖုန်း တစ်ယောက် ဤအကြိမ်တွင် မည်သည့်နေရာသို့ ရောက်ရှိ ပျောက်ကွယ်နေသနည်းဟု တွေးတောနေကြရာ သူတို့သည် သူ့ကို မတွေ့ရသည်မှာ လေးရက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယီနန်ကမူ ပြုံးရုံသာ ပြုံးနေပြီး မည်သည့်စကားမျှ ဆိုခြင်း မရှိချေ။
သို့သော်လည်း ချင်ယွန်းဖုန်းသည် နောက်ထပ်တစ်ကြိမ် အထူးလေ့ကျင့်ရေး ခရီးစဥ်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့ပေရာ အဘယ့်ကြောင့်ဆိုသော် စီမံခန့်ခွဲရေးမှူး ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းကို ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ယီနန်သည် ရှန်းဝူမျှော်စင် တည်ရှိရာ ဘက်သို့ လှမ်းမြော်ကြည့်ရှုလိုက်ပြီး ချင်ယွမ်ဖုန်းသည် ထိုမျှော်စင်ထဲ၌ ရှိနေခဲ့သည်မှာ ယခုအချိန်ဆိုလျှင် တစ်နှစ်ကျော်ပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း တွေးတောနေမိသည်။
ဤအချိန်တွင် ရှန်းဝူမျှော်စင်၏ အတွင်း၌မူ ချင်ယွမ်ဖုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်လေသည်။
သူ ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ ရက်ပေါင်း လေးရာ တိတိ ရှိခဲ့ပြီ ဖြစ်ရာ သူ၏ အသက်အရွယ်သည်ပင် တိတ်တဆိတ် သွေးသား ပြောင်းလဲကာ အသက် နှစ်ဆယ် အရွယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရက်ပေါင်း လေးရာတိုင်တိုင် ချင်ယွမ်ဖုန်းသည် တရားထိုင်သည့် ထိုင်ခုံပေါ်၌သာ ထိုင်နေခဲ့ပြီး ဆာလောင်မွတ်သိပ်သည့် အခါတွင်မှ အနည်းငယ်မျှသာ စားသောက်ခဲ့ပေရာ လူသားတို့ စားသောက်သည့် အာဟာရများကို ဖြတ်တောက်နိုင်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။
ထို့ပြင် ချင်ယွမ်ဖုန်း ရရှိခဲ့သည့် အကျိုးကျေးဇူးမှာ ပထမအဆင့် ဘိုးဘေးနယ်ပယ်မှသည် ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်၏ အထွတ်အထိပ်သို့ တိုးတက် ရောက်ရှိသွားခြင်းပင် ဖြစ်ချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်၏ ကျင့်စဉ်အဆင့် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရဟန်တူပြီး ရက်ပေါင်း တစ်ရာပြည့်သည်အထိ ထိုနေရာ၌ပင် ပိတ်မိနေခဲ့သည်။
“ဟူး...” ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကိုယ်တွင်းမှ မစင်ကြယ်သော ကိုယ်တွင်းစွမ်းအင်များကို လေပူအဖြစ် သက်ပြင်းချကာ မှုတ်ထုတ်လိုက်သည်။
ဤနေရာ၌ ပြင်းထန်လှသော ကျင့်ကြံခြင်း အားထုတ်မှုများကြောင့် ချင်ယွမ်ဖုန်းသည် ယခင်ကထက် ပိုမိုပိန်လှီသွားခဲ့ပြီး သူ၏ မျက်နှာသွင်ပြင်သည် ပိုမိုထင်ရှား ပြတ်သားလာခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် အလွန်တရာ ဝမ်းမြောက် ပျော်ရွှင်နေဆဲ ဖြစ်သည်။
“ပြင်ပကို ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်ရမယ့် အချိန်ရောက်ပြီ၊ ပြင်ပကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ မသိရသေးဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် ရေရွတ်လိုက်သော်လည်း မကြာမီမှာပင် မိမိ၏ ဦးခေါင်းကို ပြန်လည် ပုတ်လိုက်မိသည်။
သူသည် ဤနေရာ၌ ရက်ပေါင်း လေးရာတိုင်တိုင် ရှိနေခဲ့သော်လည်း ပြင်ပကမ္ဘာ၌မူ လေးရက်သာ ကုန်ဆုံးသေးသည် မဟုတ်လော။
ထိုစဥ် အချိန်မှာပင် ချင်ယွမ်ဖုန်းသည် မိမိ၏ အမည်ကို ခေါ်ဆိုနေသည့် ထူးဆန်းသော ခေါ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
“ချင်ယွမ်ဖုန်း...”
“ဘယ်သူလဲ” ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး အခန်းတံခါးဝဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
တံခါးဝ၌ မည်သူမျှ ရှိမနေသော်လည်း ထိုခေါ်ဆိုသံမှာ ရပ်တန့်သွားခြင်း မရှိချေ။
“ချင်ယွမ်ဖုန်း...”
ချင်ယွမ်ဖုန်း အခန်းထဲမှ ထွက်လာခဲ့စဥ် ရင်ထဲ၌ ပျို့အန်ချင်စိတ် လှိုင်းတံပိုးများ ချက်ချင်း ထကြွလာခဲ့ပြီး အန်ထွက်လုနီးပါး ဖြစ်သွားရသည်။
အခန်းတွင်းနှင့် ပြင်ပကမ္ဘာ၏ အချိန်စီးဆင်းမှု ကွာခြားချက်များကြောင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်၌ မသက်မသာ ဖြစ်ပွားလာရခြင်း ဖြစ်သည်။
ခေတ္တမျှ ကြာပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် ပြင်ပ၏ အချိန်စီးဆင်းမှု စနစ်နှင့် လိုက်လျောညီထွေ ဖြစ်သွားခဲ့သည်။
ထိုခေါ်ဆိုသံသည် ဘယ်သောအခါမျှ
ရပ်တန့်မသွားခဲ့ဘဲ စင်္ကြံလမ်း၏ အဆုံးပိုင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ကြားသိလိုက်ရသည်။
ချင်ယွမ်ဖုန်းသည် သံသယများစွာဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားခဲ့ပြီး ဤနေရာ၌ မိမိကို မည်သူမျှ နောက်ပြောင် ကျီစယ်လိမ့်မည်မဟုတ်ကြောင်း တွေးတောမိကာ ပိုမို၍ စူးစမ်းလိုစိတ် ပြင်းပြလာခဲ့သည်။
မကြာမီတွင် ချင်ယွမ်ဖုန်းသည် စင်္ကြံလမ်း၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ရာ ထိုနေရာ၌ သီးခြား အခန်းငယ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ဤအခန်းသည် အခြားသော အခန်းများနှင့် ကွဲပြား ခြားနားနေသော်လည်း မည်သည့်အချက်က ကွဲပြားနေသည်ကိုမူ ချင်ယွမ်ဖုန်း အတိအကျ မပြောနိုင်ခဲ့ချေ။
ထိုခေါ်ဆိုသံသည် ဤအခန်းတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူပေရာ ချင်ယွမ်ဖုန်းသည် တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သော်လည်း တံခါးမှာ ပိတ်ဆို့ သော့ခတ်ထားကြောင်း တွေ့ရှိလိုက်ရသည်။
“ဒါက ဘာလဲဟ၊ ငါ့ကို ဘယ်သူ ခေါ်နေတာလဲ”
ချင်ယွမ်ဖုန်းသည် တံခါးကို ပြင်းထန်စွာ တွန်းလိုက်သော်လည်း အလွန် ခိုင်ခံ့လွန်းလှပြီး သော့ခတ်မှုသည်လည်း အလွန် ကျကျနန ရှိနေသဖြင့် သူသည် တံခါးကို ပြန်လည်၍ ခေါက်လိုက်လေသည်။
သို့သော် ချင်ယွမ်ဖုန်း အံ့အားသင့်သွားစေသည်မှာ တံခါးသည် ရုတ်တရက် အလိုအလျောက် ပွင့်ဟသွားခြင်းပင် ဖြစ်သည်။
ဆန်းကြယ်လှသော မှော်ဆန်သည့်
အင်အားတစ်ရပ်၏ ဆွဲဆောင်မှုကြောင့် ချင်ယွမ်ဖုန်းသည် အခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။
မိမိ၏ ရှေ့မှောက်၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ချင်ယွမ်ဖုန်း၏ မျက်လုံးများ အံ့ဩတကြီး ပြူးကျယ်သွားရလေတော့သည်။
၎င်းမှာ ရိုးရိုးသာမန် အခန်းတစ်ခန်း ဖြစ်သော်လည်း ပစ္စည်းအမျိုးမျိုးကို တောင်ပုံရာပုံ စုပုံထားခြင်း ဖြစ်သည်။
ဂိမ်းခွေများ၊ စာအုပ်များ၊ ကာတွန်းစာအုပ်များ၊ မုန့်မျိုးစုံ၊ ကွန်ပျူတာတစ်လုံး၊ ရုပ်မြင်သံကြားစက်တစ်လုံးနှင့် ရေခဲသေတ္တာတစ်လုံး စသည်ဖြင့် အရာဝတ္ထုများစွာ စုပုံနေခဲ့သည်။
အမျိုးသမီး နာမည်ကျော် မင်းသမီးများ၏ ပိုစတာ အကြီးကြီးများကိုလည်း အခန်း၏ နံရံများပေါ်တွင် ကပ်ထားခဲ့ပေရာ ချင်ယွမ်ဖုန်းကို အတိတ်ဘဝကဲ့သို့ အကျွမ်းတဝင်ရှိသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
ဤအရာသည် သိသိသာသာပင် ကမ္ဘာမြေပေါ်ရှိ စံပြ အိမ်အောင်း ဂိမ်းကစားသူတစ်ဦး၏ အခန်း ဖြစ်ချေသည်။
ရုပ်မြင်သံကြားစက်၏ ရှေ့မှောက်၌မူ အနည်းငယ် ထူးဆန်းဆန်းပြားသော လူငယ်တစ်ဦး ထိုင်နေခဲ့ပေသည်။
ထိုလူငယ်သည် ယခုအခါတွင် သူ၏ ဦးခေါင်းကို လှည့်လည်လိုက်ပြီး ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ ဆိုလိုက်၏။
“ချင်ယွမ်ဖုန်း... မင်း ရောက်လာခဲ့ပြီပေါ့”