အရိပ်အမြွက်
Vol. 007 Ch. 340
သူတို့ ခြောက်ယောက်ကို ကိုယ်စားပြုသော အလင်းတိုင်လုံး ခြောက်ခုက ခြောက်မြှောင် သဏ္ဌာန် ဖြစ်ပေါ်၍ အကွာအဝေးတစ်ခုသို့ လျင်မြန်စွာ ပျံသန်းလို့သွားသည်။
သိပ်မကြာခင်မှာ ဧရာမ ရွှေရောင်တံခါးကြီး တစ်ချပ်က ဝမ်လင်း ရှေ့တွင် ပေါ်လာခဲ့တော့သည်။
သည်တံခါး၏ ကြီးမားမှုက ဖော်ပြရန်ပင် ခက်ခဲလှသည်။ အခြား လူများကလည်း တံခါးနားသို့ ရောက်လာသည့် အခါ သူတို့က ပုရွက်ဆိတ်လေးများ အလား ထင်မှတ်ရပေသည်။ သည်တံခါးချပ်ကြီး ပေါ်တွင် ဧရာမ စာလုံးကြီးတစ်လုံး ရေးထိုးထား၏။ သည်စကားလုံးမှာ “မိုး” ဟူသော စာလုံးတစ်လုံးပင် ဖြစ်ချေသည်။
သည်ဂိတ်တံခါးပေါက်က မိုးကောင်းကင်ဘုံ နယ်မြေ၏ ဝင်ပေါက်ပင်။ သို့ရာတွင် သည်တံခါးပေါ်တွင် လက်ရာကြီးတစ်ခု ရှိလို့နေပြီး ၎င်းက အက်ရာများဖြင့် ဝန်းရံလို့နေ၏။
တံခါးအောက်တွင်လည်း မရေမတွက်နိုင်သော ပျက်စီး ကျိုးပဲ့နေသည့် ပလက်ဖောင်းများ ရှိနေခဲ့သည်။ သည်နေရာတွင် လူများစွာက ကြိုရောက်နှင့် နေခဲ့သည်။ သူတို့အားလုံးက ကိုယ်ပိုင် ပလက်ဖောင်းများ ပေါ်တွင် တည်ရှိလို့ နေကြသည်။
ဝမ်လင်းတို့ခြောက်ယောက် ရောက်ရှိလာပြီးနောက် သူတို့အား ဝန်းရံထားသော အလင်းတန်း များသည် ပျောက်ကွယ်လို့သွားပြီး သူတို့ကို ရှေ့သို့ တွန်းပို့လိုက်၏။ ဝမ်လင်းက ပေတစ်ရာခန့် ကျယ်သော ပလက်ဖောင်း တစ်ခု ပေါ်သို့ ကျရောက်သွား၏။
အခြား ငါးယောက်ကလည်း ပလက်ဖောင်း တစ်ခုစီပေါ်တွင် အသီးသီး နေရာယူ လိုက်ကြသည်။
သူက ပတ်ဝန်းကျင်ကို ဝှေ့ဝိုက် ကြည့်လိုက်သည့်အခါ တူညီသော အသွေးအသားနှင့် ပလက်ဖောင်းများကို တွေ့လိုက်ရ၏။
သည်အတွက်ကြောင့် ဝမ်လင်းက လွန်ခဲ့သော မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက ကောင်းကင်ဘုံ နယ်မြေ မပျက်စီးသေးခင်တွင် သည်နေရာသည် အလွန်ကြီမားသည့် ပလက်ဖောင်းကြီး တစ်ခု ဖြစ်ခဲ့ရမည်ဟု ခန့်မှန်းမိသည်။
ဂိတ်တံခါးပေါ်ရှိ လက်ရာကြီးကို ကြည့်ပြီးနောက် ဝမ်လင်းက သည်လို ကောင်းကင်ဘုံ တံခါးပေါ်၌ ထင်ကျန်စေခဲ့သည့် လက်ဝါးရာက မည်မျှစွမ်းအား ကြီးလိုက်မည်နည်းဟု မတွေးမိဘဲ မနေနိုင်တော့ပေ။
ခဏအကြာတွင် လူများစွာက မျိုးစုံသော ပလက်ဖောင်းများ ပေါ်တွင် ပေါ်ထွက် လာခဲ့ကြသည်။ သည်ပလက်ဖောင်းပေါ်ရှိ ကျင့်ကြံသူ အများစုက စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ ဖြစ်နေခြင်းက သူ့ကိုယ် ကြီးစွာ စိတ်ရှုပ်ထွေးမှု ဖြစ်စေ၏။
တဖြည်းဖြည်းဖြင့် လူများပိုများပြားလာသဖြင့် ပလက်ဖောင်းများက လုံလောက်မှု မရှိတော့ချေ။
အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်က ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ရာ လွတ်နေသောပလက်ဖောင်းကို မတွေ့တော့ချေ။ ထို့ကြောင့်သူက အဘွားအို တစ်ယောက်၏ အနားသို့ ခြေချရန် ပြုလုပ်လိုက်သည်။ သည်ပလက်ဖောင်းက ပေ (၃၀၀) ခန့်ကျယ်ဝန်းသည်။ လူနှစ်ယောက် မပြောနှင့် လူ (၂၀)ခန့်ပင် သာသာလေး ဆန့်ပေသည်။
သို့သော် လူငယ်က ပလက်ဖောင်းပေါ်သို့ ခြေချရန် ပြုလုပ်လိုက်သည့် အခိုက်မှာပင် အဘွားအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ကြမ်းတမ်းစွာ အော်ဟစ် လိုက်သည်။ “ထွက်သွားစွမ်း…”
လူငယ်၏ မျက်နှာက အေးစက်လို့ သွားသည်။ သူက စကားပြန်ပြောမလို လုပ်လိုက်စဉ်မှာပင် အဘွားအိုက မျက်မှောင်ကြုတ် သွားပြီး သူမလက်က ရှေ့သို့ ဆန့်ထွက်လာကာ လူငယ်ကို ဖမ်းဆုပ်လိုက်၏။ လူငယ်က ရုတ်တရက် အော်ဟစ် လိုက်ပြီးနောက် နောက်သို့ အလျင်အမြန် ဆုတ်လိုက်သဖြင့် အန္တရာယ်ကို ရှောင်နိုင်ရုံလေး လွတ်သွားလေ၏။ သူ့အသွင်က အဘွားအိုကို ကြည့်နေရင်း မကျေမနပ်ဖြစ်မှုကြောင့် ရုပ်ဆိုးလို့နေသည်။ ထို့နောက်သူက သူ့အနားရှိ နောက်ထပ် ပလက်ဖောင်း တစ်ခု ပေါ်သို့ ခြေချလိုက်သည်။
သည်ပလက်ဖောင်းပေါ်တွင်တော့ ဝမ်လင်းတို့နှင့် အတူ လာခဲ့သော သက်လတ်ပိုင်း လူကြီးတစ်ယောက် ထိုင်လို့နေ၏။ သူက သူ့ပလက်ဖောင်း ပေါ်တွင် ထိုင်၍ အရက်သောက်လျက် ရှိနေပြီး သူ့နေရာသို့ နောက်ထပ် လူပိုတစ်ယောက် ရောက်လာလို့လည်း မည်သိုမျှ စိတ်ကွက်ဟန် မရချေ။
အနက်ရောင်ဝတ်စုံနှင့် လူငယ်က ပလက်ဖောင်း အစွန်တွင် ထိုင်လိုက်ပြီး အဘွားအိုကို လှမ်းကြည်းရင်း သူ့မျက်လုံးများက တလက်လက် တောက်ပ နေတော့သည်။
သိပ်မကြာခင်မှာပင် နောက်ထပ် လူတစ်ယောက် ရောက်လာခဲ့ပြန်၏။ သည်လူ၏မျက်နှာက တောက်ပလို့ နေသည်။ သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်တစ်ရောက်ပင်။ သူက ရောက်လာပြီးနောက် ပလက်ဖောင်းများ အားလုံးက နေရာယူပြီး သူများ ရှိနှင့်ပြီး ဖြစ်နေသည်ကို သတိပြုမိလိုက်ပြီး အခြားတစ်ဖက်သို့ ပျံသန်လိုက်၏။ သူက ဟင်္သာပြဒါး ဂြိုဟ်မှ ခြောက်ယောက် ရှိရာသို့ ပျံသန်းလာမိခြင်း ဖြစ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်က ဘီလူးနတ်ဆိုးကလန်မှ လူကြီးအနားသို့ ပေါ်လာခဲ့သည်။ ထို့နောက်သူက အေးစက်စွာ ပြောလိုက်၏။ “ထွက်သွားစမ်း…”
ဘီလူးနတ်ဆိုးကလန်မှ လူကြီးက သူ့ကို အရေးမထားသည့် ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကြီးက ဘီလူးတစ်ကောင် အသွင်သို့ ပြောင်းသွားခဲ့သည်။ ထို့နောက်သူက မတ်တတ် ထရပ်၍ ပြောလိုက်သည်။ “ဒီမှာ နေရာမရှိဘူး…” သူက ထိုသို့ပြောဆိုလိုက်စဉ် သူ့နဖူးပေါ်ရှိ ပုဆိန်က တဖျတ်ဖျတ် တောက်ပလို့နေသည်။
ထိုလူက ဘီလူးနတ်ဆိုးကလန်မှ လူကြီးကို ကြည့်၍ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “ဘီလူးနတ်ဆိုးကလန်…” သည့်နောက်သူက သည်ပလက်ဖောင်း ပေါ်ကနေ တဖြည်းဖြည်း ရွေ့လျားလို့ သွား၏။
သည့်နောက် သူက ရွှမ်ယွဲ့မှ ပါရမီရှင် အနီရောင်လိပ်ပြာ ရှိနေသည့် ပလက်ဖောင်းပေါ်၌ ပေါ်လာခဲ့ပြန်သည်။ ဘီလူးနတ်ဆိုး ကလန်မှ လူကြီးက သည်အဖြစ်ကို စိတ်ဝင်စားစွာ လှမ်းကြည့်လို့ နေသည်။
သည်လူက အနီရောင်လိပ်ပြာ ပလက်ဖောင်းပေါ်သို့ ရောက်လာပြီးနောက် သူမကို ကြည့်၍ လက်နှစ်ဖက်ယှက်၍ ဂါဝရပြုကာ ပြန်ထွာခွာလာခဲ့ပြန်သည်။
သူက အနီရောင်လိပ်ပြာသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက် ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ သူမက သူသွားရှုပ်လို့ မရသည့် လူစားမျိုးပင်။ ထို့ကြောင့် သူက လေထဲသို့ ပြန်တက်သွားပြီး သူက အနီးအနားရှိလူတိုင်းကို ကြည့်လိုက်သည်။ သူက အဖြူရောင်ဆံပင်နှင့် အဘိုးကို တစ်ချက် ကြည့်ပြီးနောက် လက်လျော့ လိုက်သည်။ ထို့အတူ သက်လတ်ပိုင်း လူကြီး၏ ပလက်ဖောင်းပေါ်တွင်လည်း အခြားတစ်ယောက် ရှိနေသည့် အတွက် လက်လျော့ လိုက်ပြန်သည်။
နောက်ဆုံးတွင် သူ့အကြည့်က ဝမ်လင်းနှင့် သတ်ဖြတ်လိုမှုများ ပြည့်နေသည့် မျက်လုံး ပိုင်ဆိုင်ထားသည့် လူငယ်ထံသို့ ကျရောက်သွား၏။ သူက ထိုလူငယ်၏ ပလက်ဖောင်းပေါ်သို့ သွားရောက်ရန်ပါ လက်လျော့ လိုက်၏။ အကြောင်းမှာ သူက သည်လိုလူမျိုးက လွယ်လွယ် အလျော့ပေးမည့် လူတစ်ယောက် မဟုတ်မှန်း သိလိုက်သောကြောင့် ဖြစ်၏။ သည့်အပြင် သူက ထိုလူငယ်နှင့် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားလာမည်ကို မလိုလာပေ။
ကြည့်ရသည်မှာ ဝမ်လင်းက လွယ်လွယ် အနိုင်ကျင့်လို့ ရသည့် အားနည်းသော ကျောင်းတော်သား အသွင် ပေါက်နေဟန် ရသည်။
ထိုအခိုက်တွင် အရက်သောက်နေသော သက်လတ်ပိုင်း လူကြီးပင် ခေါင်းမော့၍ ကြည့်လာခဲ့၏။
ဘီလူးနတ်ဆိုးကလန်မှ လူကြီးကလည်း စိတ်ဝင်စားဟန်ဖြင့် လှမ်းကြည့်၏။
သွေးစာနေသည့် လူငယ်နှင့် ဆံပင်အဖြူရောင် အဘိုးအိုကပါ စိတ်ဝင်စားဟန်ဖြင့် လှမ်းကြည့်လို့ နေကြ၏။ တကယ်တော့ ဝမ်လင်းက သူတို့လို ဟင်္သာပြဒါးဂြိုဟ်မှ လာခဲ့သည့်သူ မဟုတ်လော။
သည်အသစ် ရောက်လာသည့် ကျင့်ကြံသူက ဝမ်လင်းကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူ… ဒီပလက်ဖောင်းကနေ ထွက်သွားပေးပါ။ နောက်တစ်ခု သွားရှာချေ…” သူ့အသံက အေးစက် နေနေသော်လည်း မောက်မာမှုတော့ သိပ်မရှိသည့်ပုံပင်။
ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုဘဲ ထိုလူကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ သူ့လက်ထဲတွင် လက်ကောက်တစ်ခု ပေါ်လာခဲ့ပြီးနောက် ၎င်းလက်ကောက်က ဧရာမ ဖားပြုတ်ကြီး အသွင်သို့ ပြောင်းသွား၏။
သည်ဖားပြုတ် ပေါ်လာသည့် အခိုက်တွင် ဝမ်လင်းကို လှမ်းပြောသည့် လူ၏အသွင်က ပြောင်းလဲသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မိုးကြိုးဖားပြုတ်”
သည်မိုးကြိုး ဖားပြုတ်က ဝမ်လင်း၏ရတနာများထဲက တစ်ခုပင်။ ထို့ကြောင့်သူက ၎င်းကို ထုတ်ဖော်ပြသ လိုက်ခြင်းအတွက် သိပ်မစိုးရိမ်လှပေ။ သူ့သိုလှောင် အိတ်ထဲတွင် အစစ်အမှန် ဝှက်ဖဲများစွာ ကျန်ရှိနေသေး၏။ အနာဂတ်တွင် သူနှင့် တိုက်ခိုက်မည့် သူများက သည်ဖားပြုတ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် လာမည်ဆိုရင်ပင် သူ့အစစ်အမှန် ပွဲသိမ်းနိုင်သည့် ဝှက်ဖဲများ အတွက်တော့ ကြိုပြင်ဆင်မှု ပြုနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် သည်နေရာ၌ စွမ်းအားက အရာရာဖြစ်သည်မှာ ထင်ရှားလှ၏။ သူက သူ့စွမ်းအားကို ထုတ်ဖော် မပြသဘူးဆိုလျှင် အနာဂတ်တွင် မလိုလားသည့် ပြဿနာ မြောက်များစွာကို တွေ့ကြုံလာနိုင်၏။ ထို့ကြောင့်လည်း ဝမ်လင်းက ဖားပြုတ်ကို ဆင့်ခေါ်ရန် အတွက် ဆုံးဖြတ်ခဲ့ခြင်းပင်။
မိုးကြိုးသားရဲ ပေါ်ထွက် လာပြီးနောက် အလင်းလုံးတစ်လုံးကို ဟိုလူထံသို့ ထုတ်လွှတ် လိုက်၏။ ဝမ်လင်းကို ပလက်ဖောင်းပေါ်မှာ ထွက်သွားခိုင်းသည့် လူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး ချိပ်ပိတ် လက်ဟန်တချို့ပြုလုပ်လိုက်ရာ ယင်နှင့်ယန် စက်ဝိုင်း တစ်ခု ပေါ်လာခဲ့၏။ သည်စက်ဝိုင်းက ဖားပြုတ်ကြီး၏ အလင်းလုံးနှင့် ထိပ်တိုက်တွေ့မိကြသည်။
ထိုအခါ သည်လူသည် သွေးတစ်လုပ် အန်လိုက်ရ၏။ သို့သော် သူ့ယင်နှင့်ယန် စက်ဝိုင်းက အလင်းလုံးကို တားဆီးနိုင်ခဲ့ပြီး နောက်သို့ ပြန်ဆုန်သွားစေနိုင်ခဲ့၏။ မိုးကြိုးဖားပြုတ်က သူ့ပါးစပ်ကို ဟလိုက်ပြီး ထိုအလင်းလုံးကို ပြန်ဝါးမျိုချ လိုက်ပြီး သူ့ရှေ့က လူကို သတိထားကာ လှမ်းကြည့် လိုက်သည်။
ဝမ်လင်းက ကျိတ်၍ သက်ပြင်း ချလိုက်မိသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူတိုင်းသည် သူတို့၏ကိုယ်ပိုင် နည်းလမ်းများ ရှိကြောင်း သိပေသည်။ အထူးသဖြင့် သည်နေရာကို ရောက်လာသည့် လူများပင်။
မိုးကြိုးသားရဲသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်တွင် ရောက်နေခဲ့ပြီ ဖြစ်၏။ ၎င်းသားရဲက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် စွမ်းအားနှင့် အနည်းငယ် အလှမ်းဝေး နေသေးသော်လည်း အလယ်အလတ် အဆင့်စွမ်းအားတော့ အနည်းဆုံး ပိုင်ဆိုင်ထားပေသည်။ ၎င်း၏ အလင်းလုံးက နယ်ပယ်စွမ်းအင် မပါဝင်သော်လည်း မြင့်မားသည်ဟု ပြော၍ ရ၏။
သည်လူက အဝေးသို့ ပျံသန်းသွား၏။ သူက မိုးကြိုးသားရဲကို ကြည့်၍ ပြုံးလိုက်သည်။ သူက ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ ရိုသေသမှုပြုလိုက်သည်။ ထို့နောက်သူက ပလက်ဖောင်း တစ်ခုကို ထပ်မံ မရှာတော့ဘဲ လေထဲတွင် ခြေချိတ်၍ ထိုင်နေတော့သည်။
ဝမ်လင်းက သည်လူသည် လွယ်လယ်အခုလိုထွက်သွားသည့်အတွက် အံ့ဩမိ သွားသည်။ သို့သော်သူက ဟန်ဆောင်နေတာလား၊ အမှန်လားဆိုသည်ကတော့ မသေချာလှပေ။
ရွှမ်ယွဲ့မှ ပါရမီရှင်၏ အကြည့်က မိုးကြိုးသားရဲအပေါ်သို့ ဖျတ်ခနဲ ကျရောက်လာခဲ့၏။ ထို့နောက် သူမက အကြည့် ပြန်ရုတ်သိမ်းလိုက်သည်။
ဘီလူး နတ်ဆိုးကလန်မှ လူကြီး၏ မျက်လုံးထဲ၌ တိုက်ပွဲ စာလောင်စိတ်များ ပြည့်လာပြီး ဝမ်လင်းကို ကြည့်၍ ခေါင်းတညိတ်ညိတ် လုပ်နေ၏။ သူက ဝမ်လင်း၏စွမ်းအားကို အသိအမှတ် ပြုလိုက်သည့် သဘောပင်။
အဘိုးအိုကတော့ မျက်လုံးကစားလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
သွေးဆာနေသည့် လူငယ်ကတော့ ဖားပြုတ်ကြီးကို အာသာငမ်းငမ်း ကြည့်နေ၏။ တကယ်တော့ သူ့ ကျင့်ကြံမှု နည်းစနစ်များက အင်းဆက် ပိုးမွှားပေါ်တွင် အခြေခံ ထားခြင်း ဖြစ်သည်။
သက်လတ်ပိုင်း လူကြီးကတော့ သက်ပြင်းချ၍ ပြောလိုက်သည်။ “မိုးကြိုးဖားပြုတ်… ဝမ်အာ… ငါက မိုးကြိုး သားရဲကို ထပ်တွေ့ရပြန်ပြီ။ ပိုင်ရှင်ကတော့ အတိတ်တုန်းက လူနဲ့တော့ မတူတော့ဘူး ပေါ့လေ…”
ဝမ်လင်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ မိုးကြိုးဖားပြုတ်က သားရဲထောင်ချောက် ကွင်းထဲသို့ ပြန်ဝင်ရောက် သွားတော့၏။
လူတိုင်းက ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
ဝမ်လင်းကတော့ တည်ငြိမ်စွာပင် ဘူးသီးခြောက်ကို ထုတ်လိုက်သည်။ သူ ဘူးသီးခြောက်ထဲမှ အရက်တစ်ငုံ သောက်လိုက်ပြီးနောက် တွေးတောလို့ နေသည်။
သိပ်မကြာခင်မှာပင် ကောင်းကင်တံခါးမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သည်ဆူညံသံက အစတွင် တိုးညင်းသော်လည်း တဖြည်းဖြည်း မိုးကြိုးမုန်တိုင်းသံ အလား ဖြစ်လာခဲ့၏။ သည်လိုအသံ တုန်ခါမှုများနှင့် အတူ ကောင်းကင်ဘုံတံခါးက တဖြည်းဖြည်း ပွင့်လာခဲ့တော့သည်။
ရွှေရောင် အလင်းတန်းများက ဂိတ်တံခါးမှ ထွက်ပေါ်လာခဲ့ပြီး သည်ဧရိယာ တစ်ခုလုံး ထွန်းလင်းလို့ သွား၏။ ခဏအကြာမှာပင် သည်ကောင်းကင်ဘုံ တံခါးက လုံးဝ ပွင့်လို့ သွားတော့သည်။
အနီးအနားရှိ ကျင့်ကြံသူ အားလုံးက မတ်တပ်ထရပ်ပြီး အထဲသို့ ပျံသန်း ဝင်ရောက်လာကြတော့၏။ သူတို့အားလုံးက ကောင်းကင်ဘုံ တံခါးပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်လို့ သွားတော့သည်။
ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်လို့နေသည်။ သူက ချက်ချင်းအထဲသို့ မဝင်ရောက် သေးပေ။ ဟင်္သာပြဒါး ဂြိုဟ်မှ ကျင့်ကြံသူငါးယောက် ဝင်သွားမှ သူက လိုက်ဝင်မည် ဖြစ်သည်။
သူက တံခါးဝကို ဖြတ်ကျော်လာသည့် အခိုက်တွင် ကောင်းကင်ဘုံ နယ်မြေမှ အားကောင်းသော အော်ရာက ပျံနံလာသည်ကို ခံစားမိ၏။ သည်အော်ရာက သတ်ဖြတ်လိုမှု ဆန္ဒများမပါဝင်ဘဲ အထဲသို့ ဝင်ရောက်သည့် လူတိုင်းထံသို့ ပျံ့နှံလာရုံသာ ဖြစ်သည်။ တဖြည်းဖြည်းဖြင့် ကောင်းကင်ဘုံ တံခါးက ပြန်ပိတ်လို့ သွားတော့၏။
တစ်ချိန်တည်းမှာ ဝမ်လင်းရှေ့တွင် ကျောက်စိမ်းပြားငယ် တစ်ခု ပေါ်လာခဲ့၏။ သူက သည်ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူက သည်နေရာကို မလာခင်ကတည်းက ကောင်းကင်ဘုံ နယ်မြေနှင့် ပတ်သက်၍ ရှာဖွေ လေ့လာထားခဲ့သည်။
သူက သည်ကျောက်စိမ်းပြားသည် အပြန်လက်မှတ်တစ်ခု ဖြစ်ကြောင်းသိသည်။ သူက နေရာတစ်ခုခုတွင် ၎င်းကို တစ်နာရီကြာ အသက်သွင်း လိုက်သည်နှင့် ၎င်းက သူလာခဲ့သော ဂြိုဟ်သို့ ပြန်ခေါ်ဆောင် သွားပေမည် ဖြစ်သည်။
***