အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း(272)
ယခုအချိန်တွင် စုဝေ့ချင်း၏ စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများက တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ရလေသည်။
သူက သူ၏ ဘောပင်ကို အသုံးပြုပြီး ဇာတ်ကောင်အသေးစားလေးတစ်ခုကို ဖန်တီးကာ ခေတ်ကာလများ၏ ပြောင်းလဲမှုများနှင့် အတိတ်ကာလ အဖြစ်အပျက်များကို ရေးသားချင်သော စိတ်ဆန္ဒများက ဖြစ်ပေါ်လာခဲ့၏။
သူက ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ စိတ်လှုပ်ရှားမှု အရှိန်အဟုန်များက ဖြတ်ပြေးသွားခဲ့ရသည်။
သူ၏ နှလုံးသားထဲတွင်လည်း လေးလံလွန်းသော ဝတ္တရားတစ်ခုက ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါကို သေသေချာချာ သိမ်းဆည်းထားလိုက်ပါ၊ ကိုယ့်မှာ အတွေးအမြင်တချို့ ရှိလာလို့၊ အဲဒါတွေကို အရင်သွားပြီး ရေးမှတ်လိုက်ဦးမယ်”
သူ၏ လေးနက်လွန်းသော မျက်နှာအမူအရာကို မြင်သောကြောင့် လီရှန်းက အမြန်ပင် ခေါင်းညိတ်ပြလိုက်လေသည်။
စနစ်က ပြောခဲ့ဖူးသည့်အတိုင်းပင်။ စာရေးဆရာများ၌ အမြဲတစေ စိတ်ကူးစိတ်သန်းသစ်များက ရုတ်တရက် ထွက်ပေါ်လာတတ်သည့်အတွက် စုဝေ့ချင်းသည်လည်း ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူမက မည်သည့်စကားမျှ ထပ်မံ၍ မပြောတော့ဘဲ စုရှောင်လော်ကို ဘေးသို့ လှဲလျောင်းပေးလိုက်လေသည်။
မိခင်နှင့် သမီးနှစ်ဦးလုံးက ဘေးစောင်းလှဲလျောင်းရင်း ကလေးကို နို့တိုက်ကျွေးပြီး အိပ်ပျော်သွားစေရန်အတွက် ချော့မြှူနေခဲ့လေတော့၏။
ရလဒ်အနေဖြင့် ကလေးကို ချော့မြှူပြီးနောက်တွင် မိခင်နှင့် သမီးနှစ်ဦးလုံးက မျက်လုံးများကို မှိတ်လျက် အိပ်မောကျသွားခဲ့ကြရလေပြီ။
စာရေးစားပွဲ၏ ဘေးတွင် ထိုင်နေသော စုဝေ့ချင်းက စားပွဲအံဆွဲထဲမှ မှတ်စုစာအုပ်အသစ်စက်စက်တစ်ခုကို လေးနက်စွာ ထုတ်ယူလိုက်ပြီးနောက် ဘောပင်အဖုံးကို ဖွင့်လှစ်လေသည်။
ထို့နောက် သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော စာလုံးများကို စတင်၍ ရေးသားမှတ်တမ်းတင်နေခဲ့လေတော့၏။
တစ်ချိန်တည်းမှာပင်။
လီရှန်းက စနစ်နှင့် ထပ်မံ၍ စကားပြောဆိုနေခဲ့လေပြီ။
လီရှန်းက စနစ်မှ သူမနှင့် ထပ်မံ၍ ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်းကို သိရှိရချိန်တွင် အံ့ဩလွန်းသောကြောင့် စကားပင်မပြောနိုင်တော့ပေ။
“နင်က အကောင့်နံပါတ် (2)နဲ့ နံပါတ် (3) ကိုပါ ထပ်ပြီး ချိတ်ဆက်လို့ ရတာလား”
လီရှန်းအနေဖြင့် ဤလုပ်ဆောင်ချက်ကို မသိရှိခဲ့ပေ။
စနစ်၏ လေသံက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့သည်။
[မနှစ်က အဲဒီကလေးတွေအတွက် မကြာခဏ လှည့်ကွက်တစ်ခုအဖြစ် လုပ်ဆောင်ပေးခဲ့ရဖူးတော့ ငါ့မှာ ဒုတိယအိမ်ရှင်ကို လက်ခံနိုင်တဲ့ အခွင့်အရေး ရှိလာခဲ့တာ]
“ငါ့ကို ပေးအပ်လိုက်တာလား”
လီရှန်းအနေဖြင့် စနစ်က သူမနှင့် ချိတ်ဆက်၍ မရနိုင်ကြောင်း ပြောဆိုခဲ့ဖူးသည်ဟုတွေးမိသည်။
စနစ်က လှည့်ကွက်တစ်ခုကို အသုံးပြုလိုက်ခြင်းလား။
[မဟုတ်ပါဘူး၊ ငါ ရှောင်လော်ကို ပေးအပ်လိုက်တာ၊ မင်းအနေနဲ့ကတော့ ချိတ်ဆက်စရာမလိုဘဲ တိုက်ရိုက်အသုံးပြုလို့ ရတယ်]
အကယ်၍ စနစ်တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သာရှိခဲ့လျှင် ယခုအချိန်တွင် မျက်နှာတစ်ခုလုံးက နီရဲနေလိမ့်မည်း။
[စနစ်ရဲ့ အချက်အလက်အားလုံးကို မင်းအတွက် ဖွင့်လှစ်ပေးလိုက်တာ]
ထို့ကြောင့် ချိတ်ဆက်ခြင်းရှိမရှိက အရေးမကြီးတော့ပေ။
လီရှန်းက ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ငါ နောက်ပိုင်းကျရင် ပြဇာတ်တစ်ခုမှာ ဝင်ရောက်သရုပ်ဆောင်ရဦးမှာပေါ့ ဟုတ်လား”
[ဖြစ်နိုင်ရင်ပေါ့]
စနစ်က စုဝေ့ချင်းမှ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ရိပ်မိသွားစေရန် မလိုလားပေ။
စုဝေ့ချင်းကတော့ စာလုံးများထဲ၌ လုံးဝ စိတ်အာရုံနစ်မြှုပ်လျက် တက်ကြွစွာ ရေးသားနေခဲ့သည်။
သူက စိတ်အာရုံ ပြန်လည်ရောက်ရှိလာချိန်တွင် ခုတင်ပေါ်ရှိ မိခင်နှင့် သမီးနှစ်ဦးလုံးက အိပ်မောကျနေခဲ့ကြလေပြီ။
သူက နာကျင်နေသော သူ၏လည်ပင်းကို ပွတ်သပ်လိုက်ရင်း ဘောပင်ဖုံးကို ပိတ်လိုက်ကာ ထိုင်ရာမှထ၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်ပြီးနောက် ခုတင်၏ ဘေးသို့ လျှောက်လှမ်းသွားခဲ့လေသည်။
သူက မိခင်နှင့် သမီးနှစ်ဦးလုံးအတွက် စောင်ကို လှမ်းခြုံပေးချင်ခဲ့လေ၏။
မမျှော်လင့်ဘဲ သူ လက်ကို လှမ်းလိုက်သည့်အချိန်တွင် လီရှန်းက မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့လေတော့သည်။
“ဝေ့ချင်း”
လီရှန်း၏ အသံက အနည်းငယ်အက်ရှရှ ဖြစ်နေသေး၏။
သူမက ခန္ဓာကိုယ်ကို မတ်လိုက်ပြီးနောက် ရှောင်လော်၏ ဘေးပတ်ပတ်လည်ရှိ စောင်ကို သေသေချာချာ ဖိပေးလိုက်ပြီးမှ စုဝေ့ချင်းဘက်သို့ လှည့်၍ပြောလိုက်လေသည်။
“စနစ်ဆိုတာက ဘာလဲ၊ ရှင် ကျွန်မကို သေသေချာချာ ရှင်းပြသင့်တယ် မဟုတ်ဘူးလား”
စုဝေ့ချင်း : “...”
သွားပြီ၊ ငါတော့ သွားပြီ။
စုဝေ့ချင်း၏ နောက်ကျောတစ်ခုလုံးက ချက်ချင်းပင် ချွေးစေးများဖြင့် စိုရွှဲသွားရလေတော့သည်။
သူက လီရှန်းကို ကြောင်အအအဖြင့်သာ စိုက်ကြည့်နေမိခဲ့ပြီး ပါးစပ်ကို ဟလိုက်သော်လည်း ခဏမျှအတွင်း မည်သို့ရှင်းပြရမည်ကို မသိရှိတော့ပေ။
လီရှန်း : “...”
စကားတစ်ခွန်းလောက် ပြောစမ်းပါဦး။
ရှင် စကားတစ်ခွန်းလောက်သာ ပြောလိုက်ရင် ကျွန်မလည်း အခြေအနေကို ကြည့်ပြီး သဘောတူလိုက်မှာပေါ့။
သူမက စိတ်ထဲတွင်တော့ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သော်လည်း အပြင်ပန်းတွင် အဖြေတောင်းဆိုသည့် အမူအရာကို ပြသရုံမျှမက ထိတ်လန့်ကြောက်ရွံ့ခြင်း အရိပ်အယောင်များကိုပါ ထည့်သွင်း၍ သရုပ်ဆောင်နေရလေ၏။
ထိုခေတ်ကာလများတွင် ရှေးဟောင်းအယူဝါဒများနှင့် မိရိုးဖလာအယူသည်းမှုများကို ဖျက်ဆီးပစ်နေသည့် ခေတ်ကြီးဖြစ်သောကြောင့် အလွယ်တကူ အစီရင်ခံခြင်းကို ခံရနိုင်သည်။
ထို့ကြောင့် လီရှန်းက စနစ်နှင့် ရုတ်တရက် ထိတွေ့လိုက်ရချိန်တွင် သေချာပေါက်ပင် ထိတ်လန့်ကြောက်ရွံ့နေသည့်အမူအရာကိုပြသရလိမ့်မည်။
စုဝေ့ချင်းတစ်ယောက် တိတ်ဆိတ်နေသည်ကိုမြင်သောကြောင့် လီရှန်းက ထပ်မံ၍ ဖိအားပေးလိုက်ပြီး ပြောလိုက်လေသည်။
“အဲဒီ စနစ်ဆိုတဲ့အရာက တောတောင်စောင့်နတ်တွေ၊ မိစ္ဆာတွေလိုမျိုးလား၊ ကမ္ဘာပေါ်မှာ တကယ်ပဲ နတ်ဘုရားတွေ ရှိနေတာလား”
လီရှန်းက စုဝေ့ချင်းကို အရိပ်အမြွက် ပြသလိုက်ခြင်း ဖြစ်သည်။
ပါးနပ်သောသည့်မည်သူမဆို ဤအချိန်တွင် စကားလမ်းကြောင်းအတိုင်း ဆက်လက်၍ ပြောဆိုရမည်ကို သိရှိကြပေလိမ့်မည်။
သို့သော် ဤအချိန်တွင် စုဝေ့ချင်းက အူကြောင်ကြောင် အမှားတစ်ခုကို လုပ်ဆောင်လိုက်ပြီး လက်များကို အထပ်ထပ် ဝှေ့ယမ်းပြလိုက်ရင်းပြောလိုက်လေ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက မိစ္ဆာမဟုတ်ပါဘူး”
“ဒါဆိုရင် အဲဒါက ဘာလဲ”
လီရှန်းက သူမ၏ ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ စုဝေ့ချင်းတစ်ယောက် မည်ကဲ့သို့သော ဆင်ခြေမျိုးကို ပေးလာမည်ကို ကြည့်ရှုရန် ပြင်ဆင်လိုက်လေတော့သည်။
မမျှော်လင့်ဘဲ စုဝေ့ချင်းက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး သူ၏ အတွေးများကို ပြန်လည်၍ စုစည်းနေခဲ့သည်။
ထို့နောက်တွင် စနစ်နှင့် စတင်တွေ့ဆုံခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး သေသေချာချာ ရှင်းပြခဲ့ရုံမျှမက ယခင်က စနစ်ထံမှ ရရှိခဲ့ဖူးသော ဆေးပညာဆိုင်ရာ အချက်အလက်များအကြောင်းကိုပါ ထည့်သွင်းပြောဆိုခဲ့လေ၏။
လီရှန်းတစ်ယောက် နားထောင်နေရင်း စိတ်ခံစားချက်တို့ ပိုမို ရှုပ်ထွေးလာခဲ့ရလေတော့၏။
အမှန်အတိုင်း ပြောရလျှင် စုဝေ့ချင်းအနေဖြင့် ဤကိစ္စကို လျှို့ဝှက်ချက်အဖြစ် အလွယ်တကူ ထိန်းသိမ်းထားနိုင်သည်။
သူက မရေမရဖြစ်သော နတ်ဘုရားနှင့်ဆိုင်သည့် ကိစ္စရပ်တချို့ကိုသာ အလွယ်တကူပြောဆိုလိုက်လျှင် သူမအနေဖြင့်လည်း အလှည့်စားခံရသကဲ့သို့ ဟန်ဆောင်နိုင်လေ၏။
ထို့နောက်တွင် သူမက စနစ်ကို စုဝေ့ချင်းနှင့် မျှဝေသုံးစွဲနိုင်လိမ့်မည်။ စနစ်ကို အသုံးပြုပြီး တောက်ပသော အနာဂတ်ဆီသို့ ဦးတည်သွားနိုင်မည် ဖြစ်သည်။
သို့သော် စုဝေ့ချင်းက အလွန် ရိုးသားစွာဖြင့် ပြန်လည်၍သုံးသပ်ပြောဆိုခဲ့လေပြီ။
“..ကိုယ် စနစ်ကတစ်ဆင့် အသိပညာအများကြီးကို သင်ယူခဲ့ရတာ၊ ဒါကို လှည့်ကွက်တစ်ခုလို့ ခေါ်ရင်လည်း ရပါတယ်”
စုဝေ့ချင်း၏ နှုတ်ခမ်းထောင့်တွင် ခါးသီးလွန်းသော အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့ရပြီး သူ၏လက်ချောင်းများကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လီရှန်း၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး ပြောလိုက်လေ၏။
“အမှန်အတိုင်း ပြောရရင် မင်း ကိုယ့် အပေါ် စိတ်ပျက်သွားနိုင်ပါတယ်၊ ဒါပေမဲ့ ဒီစနစ်သာ မရှိခဲ့ရင် ကိုယ်က အခုလိုမျိုး ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
သူက ကျန်ရှိနေသော စကားများကိုတော့ ဆက်လက်ပြောဆိုရန် မဝံ့ရဲတော့ပေ။
သူ့အနေဖြင့် ရဲဘော်လီရှန်းက သူ့ကို အထင်သေးသွားမည်ကို စိုးရိမ်နေခဲ့မိ၏။
ရဲဘော်လီရှန်းက အလွန်ပင် ထူးချွန်ထက်မြက်သူ ဖြစ်သော်လည်း သူကတော့ လှည့်ကွက်ကို အသုံးပြု၍သာ ယနေ့ကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့သည်။
သူက နဂိုကတည်းက ထိုကဲ့သို့သော ထူးချွန်သူတစ်ဦး မဟုတ်ခဲ့ပေ။
စုဝေ့ချင်းက သူ၏ အတွေးကမ္ဘာထဲ၌ ပိုမို၍ နစ်မြှုပ်လာခဲ့ရပြီး သူ့ကိုယ်သူ လုံးဝ နှိမ့်ချတွေးတောမိတော့မည့် အချိန်တွင်ပင် ရုတ်တရက် လီရှန်းက သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
“ရှင် အခုလိုမျိုး တွေးနေစရာ မလိုပါဘူး၊ ရှင် အိမ်ထောင်မကျခင်ကတည်းက ဒီစနစ်ကို စတင်အသုံးပြုခဲ့တာ မဟုတ်ဘူးလား”
လီရှန်းအနေဖြင့် အာရုံစိုက်နေခဲ့သောကြောင့် လက်ရှိအခြေအနေကို ဂရုမစိုက်နိုင်တော့ပေ။
အကယ်၍ သူမသာ ဆက်လက် တိတ်ဆိတ်နေခဲ့လျှင် စုဝေ့ချင်းတစ်ယောက် သူ့ကိုယ်သူ လုံးဝ အထင်သေးသွားလိမ့်မည်ဟု ခံစားလိုက်ရ၏။
သူမ သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ဒါ့အပြင် စနစ်က ရှင့်အတွက် ဖတ်ရှုဖို့ စာအုပ်တချို့ ပေးအပ်ခဲ့ပြီး ဆရာတချို့ ရှာဖွေပေးခဲ့တာပဲ ရှိတာလေ၊
တကယ်တော့ အဲဒီအသိပညာအားလုံးကို ရှင့်ဘာသာရှင်ပဲ အားသွန်ခွန်စိုက် သင်ယူခဲ့ရတာ မဟုတ်ဘူးလား”
စုဝေ့ချင်းက သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားမိလိုက်လေသည်။
“ဒါက ဘာကို ဆိုလိုတာလဲ၊ ဒါက ရှင်ကိုယ်တိုင်က ဥာဏ်ကောင်းလွန်းလို့ပေါ့၊ ရှင်က သင်ယူဖို့အတွက် အခွင့်အရေး မရှိခဲ့ရုံပဲလေ၊
အခု ရှင်မှာ ကောင်းမွန်တဲ့ ဆရာတစ်ဦးရှိလာပြီး ဒီစနစ်ထဲမှာလည်း ကျယ်ပြန့်လွန်းတဲ့ စာကြည့်တိုက်ကြီး ရှိလာပြီဆိုမှတော့ ရှင် စာပေတွေကို ကောင်းကောင်း တိုးတက်အောင်မြင်အောင် သင်ယူနိုင်တာက သဘာဝကျတဲ့ အရာတစ်ခုပဲ မဟုတ်ဘူးလား”
လီရှန်း၏ အသံက စိတ်လှုပ်ရှားနေခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးလွန်းသည့်အတွက် စုဝေ့ချင်း၏ အနည်းငယ် စိုးရိမ်ပူပန်နေသော နှလုံးသားကို ပြန်လည် တည်ငြိမ်သွားစေခဲ့သည်။
လီရှန်းက စိတ်ဆိုးဒေါသထွက်ခြင်း မရှိရုံမျှမက သူမ၏မျက်နှာပေါ်ရှိ ယခင်က ထိတ်လန့်ကြောက်ရွံ့မှုများကလည်း လျော့နည်းသွားခဲ့သည်။
ထိုအခြေအနေက စုဝေ့ချင်းကို ချက်ချင်းပင် စိတ်ဓာတ်ပြန်လည် တက်ကြွလာစေခဲ့၏။
သူက လီရှန်းကို ပွေ့ဖက်လိုက်ရင်း ပြောဆိုလေသည်။
“ကိုယ်က မင်း ကိုယ့်အပေါ် စိတ်ပျက်သွားမှာကို တကယ့်ကို စိုးရိမ်နေခဲ့တာ”
“ဘာတွေများ စိတ်ပျက်စရာရှိလို့လဲ၊ ရှင်က အခုဆိုရင် တရားဝင်ဝန်ထမ်း ဖြစ်နေပြီ၊ အိမ်ခန်းတစ်ခန်းလည်း ရရှိထားပြီ၊
ကျွန်မအပေါ်မှာလည်း အရမ်းကောင်းသလို ကျွန်မရဲ့ မိသားစုအပေါ်မှာလည်း ရိုသေလေးစားမှု ရှိတယ်၊
ဒီစနစ် မရှိခဲ့ရင်တောင် ကျွန်မက ရှင့်ကို လက်ထပ်မှာပဲ”
ဤစကားများက စုဝေ့ချင်း၏ နှလုံးသားကို အလွန်ပင်လှုပ်ရှားသွားစေခဲ့သည်။
“ကျွန်မတို့တွေ စောင့်ကြည့်ကြရအောင်”
လီရှန်းက စကားလမ်းကြောင်းကို ပြောင်းလဲလိုက်ရင်း ပြောလိုက်လေ၏။
“ဒီစနစ်က အခုအချိန်အထိတော့ ဘာဆိုးကျိုးမှ ရှိပုံမရဘူး၊ လျှို့ဝှက်ဆန်းပြားတဲ့ ဆရာလည်း ရှိနေသေးတယ် မလား၊
ကြည့်လေ၊ အခုဆိုရင် ကျွန်မတို့ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မပြုတော့သလို တက္ကသိုလ်တွေအားလုံးလည်း ပိတ်ထားပြီ၊ အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကျောင်းသားတွေကိုပဲ လက်ခံတော့တာလေ၊
ဆရာတွေကလည်း လယ်ကွင်းတွေထဲကို ဆင်းသွားကြရပြီ၊ ကျွန်မတို့တွေမှာ အခုလိုမျိုး သင်ကြားပေးမယ့် ဆရာကောင်းတစ်ဦး ရှိနေတာက တကယ့်ကို ကံကောင်းတာပဲ၊
ဒါပေမဲ့ ရှင် ဒီအကြောင်းကို တခြား ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောရဘူးနော်၊ မဟုတ်ရင် သူတို့တွေက ကျွန်မတို့ကို ပဒေသရာဇ် အယူသည်းမှုတွေနဲ့ရှိနေတယ်ဆိုပြီး တိုင်ကြလိမ့်မယ်”
ဆိုရလျှင် လူသားများ၏ ဦးနှောက်ထဲတွင် စနစ်တစ်ခု ရှိနေသည်ဆိုသည်ကို မည်သူမှ ယုံကြည်နိုင်မည်မဟုတ်ပါချေ။
*