← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း(275)

ကလေးငယ်တစ်ဦးက သူနှင့် ရင်းနှီးကျွမ်းဝင်နေသည်ကို တွေ့ရခဲလွန်းသောကြောင့် စုဝေ့ဟိုင်တစ်ယောက် စနောက်ကျီစယ်ချင်သော စိတ်များ ဖြစ်ပေါ်နေခဲ့လေ၏။

အထူးသဖြင့် စုဝေ့ချင်း၏ မနာလိုဖြစ်နေသော မျက်နှာအမူအရာကို မြင်တွေ့ရချိန်တွင် စုဝေ့ဟိုင်က သူ့ကို ပိုမို၍ စနောက်ချင်လာခဲ့ရသောကြောင့် ဆက်လက်ပြောဆိုလိုက်လေသည်။

“ငါတို့ရဲ့ ရှောင်လော်က ငါ့ကို သဘောကျနေတာပဲ၊ ဒီနေ့ညကျရင် အကြီးဆုံးဦးလေးနဲ့အတူ အိမ်ကို လိုက်ခဲ့မလား”

“မလိုက်ပါဘူး အကြီးဆုံးအစ်ကို၊ အစ်ကိုနဲ့ မရီးတို့ ခွဲခွာနေရတာ ကြာပြီပဲလေ၊ ဒီနေ့က အစ်ကိုတို့နှစ်ယောက်အတွက် အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ပြန်လည်ဆုံတွေ့ခြင်း မဟုတ်ဘူးလား၊ ကျွန်တော့်ရဲ့ ရှောင်လော်က သွားပြီး အနှောင့်အယှက် မပေးပါစေနဲ့”

စုဝေ့ချင်းက လက်ကို ထပ်မံ၍ ကမ်းလှမ်းလိုက်ပြန်လျှင် ဤအကြိမ်တွင် စုဝေ့ဟိုင်က သူ့ကို ထပ်မံ၍ စနောက်ခြင်းမပြုတော့ဘဲ ကလေးကို သူ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။

သို့သော် မည်သည့်အကြောင်းကြောင့်လဲဆိုသည်ကိုတော့ မသိရပေ။

စုဝေ့ဟိုင်၏ ရင်ခွင်ထဲတွင် ရှိနေချိန်က အလွန်ပင် ပျော်ရွှင်စွာ ပြုံးနေခဲ့သော စုရှောင်လော်က စုဝေ့ချင်း၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားချိန်တွင် ချက်ချင်းပင် မျက်နှာလေးက ရှုံ့မဲ့သွားရပြီး အော်ဟစ်ငိုကြွေးလာခဲ့လေတော့၏။

စုဝေ့ချင်း : “!”

စုဝေ့ဟိုင်၏ မျက်ဝန်းများက ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဝိုင်းစက်သွားရလေတော့သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ

သူမက သူမ၏ ဖခင်အရင်းကိုပင် သူလောက် မချစ်မြတ်နိုးဟုဆိုလိုသည်လား။

သူက ချက်ချင်းပင် လက်ကိုလှမ်းလိုက်ပြီး ကလေးကို ပြန်လည် ပွေ့ဖက်ရင်း ပြောလိုက်လေသည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါတို့ရှောင်လော်က အဖေ့ကို မလိုချင်တော့ဘူးနော်၊ အကြီးဆုံးဦးလေးကပဲ ပွေ့ထားပေးမယ် ဟုတ်ပြီလား”

စုရှောင်လော်က စုဝေ့ဟိုင်၏ ရင်ခွင်ထဲသို့ ပြန်လည်၍ ရောက်ရှိသွားချိန်တွင် ချက်ချင်းပင် သနားစဖွယ်ကောင်းစွာ ပြုံးပြလိုက်ပြန်သည်။

နောက်ဆုံးတွင် သူမ၏ ငိုကြွေးသံများက တိတ်ဆိတ်သွားခဲ့ရလေ၏။

သို့သော် စုဝေ့ချင်းက ကြောင်အအဖြင့် ကျန်ရှိနေခဲ့ရလေတော့သည်။

စုရှောင်လော်က စုဝေ့ဟိုင်၏ ရင်ခွင်ထဲ၌ ငိုကြွေးသံက တိတ်သွားခဲ့သည့် ထိုအချိန်အတောအတွင်းမှာပင် သူ၏ ကမ္ဘာကြီးတစ်ခုလုံးက ပြိုကွဲပျက်စီးသွားခဲ့ရသကဲ့သို့ ခံစားလိုက်ရလေ၏။

[ ဒါက အသိဉာဏ်ပညာရဲ့ ဆွဲဆောင်မှု ဖြစ်နိုင်ခြေရှိပါတယ်]

စနစ်က သူ၏စိတ်ထဲတွင် ခပ်တိုးတိုး ကပ်၍ ပြောဆိုလာခဲ့လေသည်။

စုဝေ့ဟိုင်က သူ၏ အိမ်ထောင်ရေးဘဝတွင် မည်မျှပင် ရှုပ်ထွေးနေခဲ့ပါစေ၊ အလုပ်ခွင်တွင် သူက အမှန်တကယ်ပင် ထူးချွန်ထက်မြက်လွန်းသော သုတေသနပညာရှင် ပါရမီရှင်တစ်ဦး ဖြစ်လေ၏။

စုဝေ့ချင်းတစ်ယောက် ဆွံ့အသွားရလေတော့သည်။

ပထမဆုံးအကြိမ်အဖြစ် သူက သူ၏ ဦးနှောက်ကို ပြန်လည်၍သံသယဝင်မိလာခဲ့ရလေ၏။

သူက စုဝေ့ဟိုင်လောက် ဉာဏ်မကောင်းတာလား။

[Host က ပျင်းလွန်းနေတာပါ၊ ပိုပြီးတော့ အားသွန်ခွန်စိုက် ကြိုးစားဖို့ လိုအပ်ပါတယ်]

[ထက်မြက်လွန်းတဲ့ ဦးနှောက် မရှိနေခဲ့ရင်တောင် အနည်းဆုံးတော့ ကြိုးစားအားထုတ်တတ်တဲ့ စိတ်ဝိဉာဉ် ရှိနေရမယ် မဟုတ်ဘူးလား]

စုဝေ့ချင်းတစ်ယောက် စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းကို ငိုက်စိုက်ချထားမိရုံမျှမက စိတ်ပျက်နေသော မှိုပုလေးတစ်ပွင့်ကဲ့သို့ သနားစဖွယ် ဖြစ်နေခဲ့ရလေသည်။

သူက ဆိုဖာပေါ်တွင် တိတ်တဆိတ် ထိုင်လျက် စိတ်ကောက်နေခဲ့လေတော့၏။

စုဝေ့ဟိုင်က အနည်းငယ် အနေရခက်သွားခဲ့ရသည်။ စုရှောင်လော်က သူ့အပေါ် သံယောဇဉ် တွယ်နေခဲ့လေ၏။

သူက ကလေး၏လက်မောင်းလေးကို အနည်းငယ် ဖြေလျှော့ပေးလိုက်သည်နှင့် သူမက နှုတ်ခမ်းလေးကို ရှုံ့မဲ့ပြတတ်လေသည်။

ကံကောင်းစွာဖြင့် အသိဉာဏ်ပညာ၏ ဆွဲဆောင်မှုဟူသော အရာက မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကိုတော့ မယှဉ်ပြိုင်နိုင်ပေ။

လီရှန်းတစ်ယောက် တံခါးဝသို့ ဝင်ရောက်လာသည်နှင့် စုဝေ့ဟိုင်က ကလေးကို ပွေ့ချီထားရင်း စုဝေ့ချင်းကို ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

စုဝေ့ချင်းက ဆိုဖာပေါ်တွင် ထိုင်လျက် စိတ်ကောက်နေခဲ့သည်။

စုရှောင်လော်က လီရှန်းက ပြန်လည်ရောက်ရှိလာသည်ကို သိရှိသွားသကဲ့သို့ လီရှန်းရှိရာ အရပ်မျက်နှာဘက်သို့ လှည့်ကြည့်လိုက်တော့၏။

“နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”

စုဝေ့ဟိုင်က သက်ပြင်းချလိုက်မိလေတော့သည်။

သူက စုရှောင်လော်ကို လီရှန်းထံသို့ ပြန်လည်၍ အပ်နှံလိုက်ပြီးနောက် စုဝေ့ချင်း၏ စိတ်ပျက်နေရသော အကြောင်းအရင်းကို ခပ်တိုးတိုး ရှင်းပြခဲ့လေ၏။

ထို့နောက်တွင် အံ့ဩစရာကောင်းသော အရှိန်ဖြင့် လျင်မြန်စွာပင် ထွက်ခွာသွားခဲ့လေတော့သည်။

သူက စုဝေ့ချင်းတစ်ယောက် သတိပြန်ဝင်လာခဲ့ပြီး သူ့ကို လာရောက်ထိုးကြိတ်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

ထိုပိန်ပါးလွန်းသော လက်မောင်းများနှင့် ခြေထောက်များက သူ့ကို နာကျင်စေရန် မစွမ်းဆောင်နိုင်ပါသော်လည်း သူဘက်မှ စုဝေ့ချင်းကို ထိုးကြိတ်မိမည်ကို စိုးရိမ်မိနေခဲ့သည်။

လီရှန်း ဆွံ့အသွားရလေတော့၏။

သူမက စုရှောင်လော်၏ နှာခေါင်းလေးကို ခပ်ဖွဖွ မညှစ်ဘဲ မနေနိုင်တော့ပေ။

“သမီးဆိုးလေး”

တကယ်တမ်းတွင် စုရှောင်လော်က စုဝေ့ဟိုင်ကို ပွေ့ချီခိုင်းချင်နေရခြင်းမှာ စုဝေ့ဟိုင်က သုတေသနအဖွဲ့ထံမှ ယခုလေးတင် ပြန်လာခဲ့ခြင်းဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် သုတေသနအဖွဲ့၏ ထူးခြားဆန်းပြားလွန်းသော အေးစက်တည်ငြိမ်သည့် အရှိန်အဝါများက ပါရှိနေဆဲဖြစ်သောကြောင့် ဖြစ်သည်။

မွေးဖွားကတည်းက သုတေသနအဖွဲ့ထံမှ စနစ်၏ ပြင်းထန်စွာ စောင့်ကြပ်ကြည့်ရှုခြင်းကို ခံခဲ့ရသော ကလေးငယ်တစ်ဦးအနေဖြင့် စုရှောင်လော်က ဤကဲ့သို့သော အေးစက်တည်ငြိမ်သည့် အရှိန်အဝါကို ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားနေရလေ၏။

နောက်ပိုင်းတွင် စုရှောင်လော် ကြီးပြင်းလာပြီးနောက် လူပေါင်းများစွာနှင့် ထိတွေ့ဆက်ဆံရချိန်သို့ ရောက်လာပါက ယခုကဲ့သို့ ပြုမူလိမ့်မည် မဟုတ်တော့ပေ။

သို့သော် လက်ရှိတွင် လီရှန်းအနေဖြင့် စုဝေ့ချင်းကို ထိုအကြောင်းကို မည်သို့ ရှင်းပြရမည်ကို မသိရှိသေးပေ။

စုဝေ့ချင်းမှာ လီရှန်းမှ သူ၏သမီးလေးကို ပြန်လည်၍ ပွေ့ချီလာသည်ကို မြင်ချိန်တွင် သနားစဖွယ်ကောင်းသော မျက်နှာအမူအရာဖြင့် အနားသို့ တိုးကပ်လာခဲ့လေတော့သည်။

စုရှောင်လော်က လီရှန်းကို ကြည့်ပြီး ပြုံးပြနေဆဲဖြစ်ကြောင်းကို မြင်တွေ့လိုက်ရချိန်တွင် သူ၏စိတ်ထဲ၌ မမျှတမှုကို ခံစားလိုက်ရလေ၏။

ထို့ကြောင့် စုရှောင်လော်၏ နှာခေါင်းလေးကို လှမ်း၍ ဆိတ်လိုက်ရင်း ပြောလာတော့သည်။

“မသိတတ်သမီးလေး၊ ကိုယ်ရဲ့ အဖေအရင်းကိုကျတော့ မလိုချင်ဘဲ တခြားသူကိုကျတော့ လိုချင်နေတယ်ပေါ့လေ”

“ရှင်က ရှင့်ရဲ့ သမီးအကြောင်းကို မသိဘူးလား”

လီရှန်းက မတတ်သာသော အပြုံးဖြင့် ပြောဆိုလိုက်လေ၏။

“ဟင်း.. ကိုယ် စပြီး စိုးရိမ်လာရပြီ၊ ဒီသမီးစုတ်လေးက လူစိမ်းတွေနဲ့ အရောတဝင် ရှိလွန်းနေတာ၊ တကယ်လို့ တစ်ယောက်ယောက်ရဲ့ လှည့်စားခြင်းကို ခံရပြီး အခေါ်ခံသွားရရင် ဘယ်လိုလုပ်မလဲ”

သူက စကားပြောရင်း ယနေ့တွင် ရှုဝမ်ချန်က သူ့ကို ပြောဆိုခဲ့ဖူးသော အကြောင်းအရာကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီးပြောလိုက်လေသည်။

“သူတို့က ရွာထဲကို ကလေးသူခိုး ရောက်လာခဲ့တယ်လို့ ပြောတာပဲ၊ ရွာတစ်ရွာတည်းမှာတင် ကလေး ခုနစ်ယောက် အခိုးခံခဲ့ရတာတဲ့၊ ကံကောင်းလို့ သူတို့က အဝေးကြီးကို မရောက်သေးတာ၊

ရွာသားတွေက အနောက်ကနေ အစွမ်းကုန် လိုက်လံဖမ်းဆီးခဲ့ကြတာဆိုတော့ ရွာက အရာရှိတွေ ရောက်သွားတဲ့အချိန်မှာ အဲဒီကလေးသူခိုးက အရိုက်ခံရလွန်းလို့ သေဆုံးသွားခဲ့ပြီလေ”

လီရှန်းက ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် စိတ်ကျေနပ်မှုကို ခံစားလိုက်ရသောကြောင့် ပြောလိုက်လေ၏။

“ခံရမှာပေါ့၊ ကလေးတွေကို ခိုးယူတတ်တဲ့သူတွေကတော့ တကယ်ပဲ သေသင့်တာပါပဲ”

“တကယ်လို့ မဖမ်းမိခဲ့ရင်ရော၊ ဒါကြောင့် ကိုယ်တို့တွေ နောက်ပိုင်းကျရင် ရှောင်လော်ကို သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိတဲ့ အသိတရားတွေ ရှိလာအောင် သေသေချာချာ သင်ကြားပေးရမယ်၊

ဒါမှ တခြားသူတွေရဲ့ အလွယ်တကူ လှည့်စားခြင်းကို မခံရမှာ”

စုဝေ့ချင်း၏ စိတ်ထဲ၌ ဖခင်အိုကြီးတစ်ဦး၏ ပူပန်မှုများက အလွန်ပင် လွန်ကဲနေခဲ့လေသည်။

လီရှန်းလည်း ခေါင်းကို အထပ်ထပ် ညိတ်ပြလိုက်ရင်း ပြောလိုက်လေ၏။

“ရှင်ပြောတာ မှန်ပါတယ်၊ ဒီကြီးမားလွန်းတဲ့ တာဝန်ကို ရှင့်ဆီမှာပဲ အပ်နှံထားလိုက်ပါ့မယ်”

စုဝေ့ချင်းက အားရကျေနပ်စွာဖြင့် ခေါင်းကို ညိတ်လိုက်လေတော့၏။

သူ ပထမဆုံး သင်ကြားပေးချင်သော အရာက စုရှောင်လော်ကို စုဝေ့ဟိုင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်မှု မရှိစေရန်အတွက် ပြောဆိုရန်ပင်။

တစ်ချိန်တည်းမှာပင် စုဝေ့ဟိုင်က စုဝေ့ချင်းတို့၏ အိမ်မှ ထွက်ခွာလာခဲ့သော်လည်း သူ၏ အိမ်သို့ အလောတကြီး ပြန်ခြင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် အိမ်၌ လူမရှိပါချေ။

ဝူလီက အလုပ်သွားနေခဲ့ပြီး ကလေးနှစ်ဦးလုံးကလည်း မူကြိုကျောင်းတွင် ရှိနေခဲ့ကြသည်။

ထို့ကြောင့် သူက လော်ယွီရှို့ကို သွားရောက်ရှာဖွေရန်အတွက်ထွက်ခွာလာခဲ့လေ၏။

လော်ယွီရှို့က လက်ရှိတွင် အမျိုးသမီးအဖွဲ့ချုပ် ရုံးခန်းထဲ၌ ယောက္ခမနှင့် ချွေးမအကြားတွင် ဖြစ်ပွားနေသော ပြဿနာကို ကြားဝင်စေ့စပ်ပေးနေခဲ့လေ၏။

ယောက္ခမဖြစ်သူက သူမ၏ ချွေးမက ပျင်းရိလွန်းပြီး အိမ်ကလည်း ဝက်ခြံကဲ့သို့ ညစ်ပတ်နေသည်ကို သန့်ရှင်းရေးလုပ်ရန် မသိရှိရုံမျှမက သူမ၏ မိဘအိမ်ကိုသာ အမြဲ ငွေကြေးထောက်ပံ့နေသည်ဟု ပြောဆိုလေသည်။

ချွေးမဖြစ်သူက သူမ၏ ယောက္ခမက အပြင်တွင် သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည်ဟု ပြောလာလေ၏။

သူမက သူမ၏ယောက္ခမ ရောက်မလာမီက သူတို့ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးက အလွန်ပင် သင့်မြတ်လွန်းပြီး ကလေးကလည်း လိမ္မာရေးခြား ရှိခဲ့သည်ဟု ပြောလေသည်။

သို့သော် ယောက္ခမဖြစ်သူ ရောက်ရှိလာပြီးနောက်တွင် ထိုဇနီးမောင်နှံနှစ်ဦးက အမြဲ ရန်ဖြစ်နေခဲ့ရ၏။

ထို့မျှမက ကလေးကလည်း ယောက္ခမ၏ မြှောက်ပင့်မှုကြောင့် သူမနှင့် ကင်းကွာသွားခဲ့ရပြီး အိမ်တွင် နေ့တိုင်း သူမကို ဆန့်ကျင်ပြောဆိုနေခဲ့သည်ဟု ပြောလာခဲ့လေသည်။

ယောက္ခမတွင်လည်း သူ၏ အကြောင်းပြချက် ရှိနေခဲ့ပြီး ချွေးမတွင်လည်း သူမ၏ အကြောင်းပြချက် ရှိနေခဲ့ခြင်း ဖြစ်၏။

ဤကြားဝင်စေ့စပ်မှုကြောင့် လော်ယွီရှို့က အလွန်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

ထိုယောက္ခမနှင့် ချွေးမနှစ်ဦးလုံးက အလွန်ပင် ခေါင်းမာကြပြီး တခြားတစ်ဖက်တွင်သာ အမှားရှိသည်ဟု အခိုင်အမာ ယုံကြည်နေကြလေသည်။

စုဝေ့ဟိုင်တစ်ယောက် ရောက်ရှိလာချိန်တွင် ထိုယောက္ခမနှင့် ချွေးမနှစ်ဦးလုံးက တစ်ဦးကိုတစ်ဦး ကြည့်ရှုခြင်းပင်မရှိကြဘဲ စကားလည်း မပြောဆိုကြပေ။

သူတို့နှစ်ဦး၏ အလယ်တွင် အမျိုးသားတစ်ဦးက ရှိနေခဲ့ပြီး သူက နာကျင်ရိပ်များပြည့်နေသော မျက်နှာအမူအရာဖြင့် သူ၏ဆံပင်များကို ဆွဲဖွနေခဲ့လေသည်။

သူက သူ၏မိခင်နှင့် ဇနီးဖြစ်သူတို့၏ အမှားများကို အဆက်မပြတ် စွပ်စွဲပြောဆိုနေခဲ့လေ၏။

ထိုယောက္ခမနှင့် ချွေးမနှစ်ဦးလုံးက ထိုအမျိုးသား၏ စွပ်စွဲချက်ကြောင့် မကျေမနပ် ဖြစ်သွားကြရပြီး ချက်ချင်းပင် ပူးပေါင်းလိုက်ကြကာ ထိုအမျိုးသားကို စကားလုံးများဖြင့် ပြန်လည်၍ တိုက်ခိုက်ကြလေတော့သည်။

ကြားဝင်စေ့စပ်မှုက ဤကဲ့သို့သော ထူးဆန်းလွန်းသော အခြေအနေမျိုးဖြင့် ပြီးဆုံးသွားခဲ့ရလေတော့၏။

*

All Chapters