အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း(276)
လော်ယွီရှို့က တံခါးအပြင်ဘက်တွင် စုဝေ့ဟိုင်ကို မြင်တွေ့လိုက်ရချိန်တွင် အလွန်ပင် ဝမ်းမြောက်သွားရပြီး အမြန်ပင် မေးမြန်းလိုက်လေသည်။
“မင်း ဒီတစ်ခေါက် ပြန်လာတာ ဘယ်လောက်ကြာကြာ နေမှာလဲ”
“နွေဦးပွဲတော် ကာလအတွင်းမှာ လူတိုင်းနဲ့အတူ နှစ်သစ်ကူးအကြို ညစာစားဖို့အတွက်တော့ အချိန်ရှိပါတယ်”
စုဝေ့ဟိုင်က ပြုံးပြလိုက်ပြီးနောက် လော်ယွီရှို့ကို အနည်းငယ် အပြစ်မကင်းမှုကို ခံစားရသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်ပြီး ပြောလိုက်လေ၏။
“ကျွန်တော် ဒီနှစ်အတွင်းမှာ အလုပ်များလွန်းလို့ အိမ်တွင်းရေးကိစ္စတွေကို လူတိုင်းကပဲ အများကြီး ကူညီပေးခဲ့ကြရတာပဲ”
“ဝူလီက တကယ့်ကို လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်၊ ကလေးနှစ်ယောက်ကိုလည်း ကောင်းကောင်း ပြုစုစောင့်ရှောက်ထားတာ၊
တကယ်တော့ ငါတို့ဘက်က အများကြီး မကူညီပေးနိုင်ခဲ့ဘူး၊ အရင်တုန်းက ဝူလီက ကလေးနှစ်ယောက်အပေါ်မှာ နည်းနည်းလောက် အေးစက်သလိုမျိုး ထင်ရတယ်၊
ဒါပေမဲ့ လွန်ခဲ့တဲ့ လပိုင်းတွေလောက်က သူမက တကယ့်ကို မိခင်ကောင်းတစ်ယောက်လိုမျိုး ပြုမူနေခဲ့တာ၊
မင်း ပြန်လာတာတော့ အကောင်းဆုံးပဲ၊ မင်းတို့နှစ်ယောက် လက်ထပ်ပြီး ရက်အနည်းငယ်အတွင်းမှပဲ မင်းက သုသေသနဌာနထဲကို ဝင်သွားခဲ့ရတာမလား၊
သူမက အိမ်ထောင်ကျပြီးတာမကြာသေးတဲ့ မိန်းကလေးတစ်ယောက်လေ၊ မင်း သူမအပေါ် ကောင်းကောင်း ဆက်ဆံသင့်တယ်”
ယခင်က သူမအနေဖြင့် ဝူလီကို မည်မျှပင် မနှစ်သက်ခဲ့ဖူးပါစေ၊ လွန်ခဲ့သော လအနည်းငယ်အတွင်း ကလေးနှစ်ယောက်၏ အပေါ်တွင် ထားရှိသော ဝူလီ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် လော်ယွီရှို့အနေဖြင့် ဝူလီအပေါ် မကောင်းပြောစရာ အချက်တစ်စုံတစ်ရာမျှ ရှာဖွေမရနိုင်တော့ပေ။
စုဝေ့ဟိုင်ကလည်း ဝူလီအပေါ် အနည်းငယ် အပြစ်မကင်းမှုကို ခံစားနေရလေသည်။
ထို့ကြောင့် သူက ခေါင်းကို အထပ်ထပ် ညိတ်ပြလိုက်ရင်း ပြောလိုက်လေ၏။
“ကျွန်တော် သိပါတယ် အမေ၊ ကျွန်တော်က ဘယ်လို လူလဲဆိုတာ အမေ မသိဘူးလား”
“မင်းကတော့ အမြဲတမ်း အလုပ်များနေတာပဲ၊ တကယ့်ကို အလုပ်များလွန်းတာ”
စုဝေ့ဟိုင်က သူ၏ဇနီးဟောင်းအပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံခဲ့ဖူးပါသော်လည်း သူက အလုပ်များလွန်းသောကြောင့် သူမ၏ နှလုံးသားကို မရရှိနိုင်ခဲ့ရှာပေ။
ရလဒ်အနေဖြင့် သူမက သူမ၏ မိဘအိမ်ဘက်သို့သာ မျက်နှာသာပေးခဲ့ရုံမျှမက မိဘအိမ်အတွက် သူငယ်ချင်းဖြစ်သူကို အတင်းအကျပ် ခြိမ်းခြောက်မှုများပင် ပြုလုပ်ခဲ့လေ၏။
ထို့ကြောင့် နောက်ဆုံးတွင် သူတို့နှစ်ဦးက ကွာရှင်းပြတ်စဲခဲ့ကြရသည်။
သူက ယခုအချိန်အထိ အလုပ်များနေဆဲဖြစ်၍ ဝူလီနှင့် သူ၏အိမ်ထောင်ရေးဘဝက မည်မျှအထိ ကြာမြင့်စွာ တည်တံ့နိုင်မည်ကိုလည်း မသေချာပေ။
ထိုအကြောင်းကို တွေးတောမိလိုက်ချိန်တွင် စုဝေဟိုင်တစ်ယောက် ခေါင်းကို မော့လိုက်ပြီး တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်မိတော့သည်။
လော်ယွီရှို့က ထိုအကြောင်းကို သိရှိခြင်းမရှိသောကြောင့် ဆက်လက်၍ လေးနက်စွာ တိုက်တွန်းပြောဆိုလေ၏။
“မင်းနဲ့ ဝူလီတို့ ကလေးတစ်ယောက်လောက်ကို ထပ်မွေးသင့်တယ်နော်၊
ဝူလီက မင်းရဲ့ သားနှစ်ယောက်ကို ကြီးပြင်းလာအောင် ဒီလောက်အထိ ပြုစုစောင့်ရှောက်ပေးခဲ့တာ၊
မင်း ဝူလီအတွက် မျှော်လင့်ချက်တစ်ခုခု ပေးသင့်တာပေါ့၊ သားယောက်ျားလေးဖြစ်ဖြစ်၊ သမီးမိန်းကလေးဖြစ်ဖြစ် မင်းတို့ ကလေးတစ်ယောက်တော့ မွေးဖွားသင့်တယ်”
သားသမီး မည်သူပင်ဖြစ်ဖြစ်။
မည်သည့်အကြောင်းကြောင့်လဲဆိုသည်ကိုတော့ မသိရပေ။
စုဝေ့ဟိုင်၏ စိတ်အာရုံထဲတွင် သူယခုလေးတင် ပွေ့ချီခဲ့ဖူးသော စုရှောင်လော်၏ ပုံရိပ်လေးက ချက်ချင်းပင် ပြည့်နှက်သွားခဲ့ရလေ၏။
အကယ်၍ သူသာ သမီးမိန်းကလေးတစ်ဦးကို ရရှိခဲ့လျှင် သူမက စုရှောင်လော်ကဲ့သို့ ချစ်စရာကောင်းလိမ့်မည် မဟုတ်ပါလား။
စုဝေ့ဟိုင်က ခဏမျှ စိတ်ကူးယဉ်မိသွားခဲ့သည်။
သို့သော် ထိုအတွေးက ဖြစ်ပေါ်လာသည်နှင့် စုမိသားစုထဲ၌ သားဆိုးလေးများက အမြောက်အမြား ရှိနေခဲ့သည်ကို သတိရမိသွားခဲ့ရ၏။
ထို့ကြောင့် သူ့အနေဖြင့် တတိယညီမိသားစုကဲ့သို့ ကံကောင်းနိုင်လိမ့်မည် မဟုတ်ပါကြောင်းနှင့် သမီးမိန်းကလေးတစ်ဦးကို ရရှိရန်ပင် မလွယ်ကူနိုင်ကြောင်းကို ပြန်လည်၍ တွေးတောမိသွားခဲ့ရရှာသည်။
ထိုမိခင်နှင့် သားနှစ်ဦးလုံးက ကုန်စုံစတိုးဆိုင်သို့ သွားခဲ့ပြီး ဟင်းသီးဟင်းရွက်များကို ဝယ်ယူခဲ့ကြလေ၏။
ထို့နောက်တွင် စုဝေ့ဟိုင်က သူ၏စက်ဘီးကို တွန်းလျက် ကုန်တိုက်ကြီးဆီသို့ သွားကာ ဝူလီကို သွားကြိုခဲ့လေသည်။
ကလေးနှစ်ယောက်ကလည်း ကျောင်းမှ ပြန်လည်၍ ရောက်ရှိလာချိန်၌ စုဝေ့ဟိုင်တစ်ယောက်ပြန်လာပြီဖြစ်ကြောင်းကို ကြားသိရပြီး အလွန်ပင် ပျော်ရွှင်သွားခဲ့ကြရလေ၏။
စုဝေ့ဟိုင်က ဝူလီကို ခေါ်ဆောင်ပြီး ပြန်လာခဲ့ချိန်တွင် ထိုကလေးနှစ်ဦးလုံးကလည်း စုဝေ့ဟိုင်၏ ဘေးပတ်ပတ်လည်တွင်သာ ရှိနေခဲ့ကြလေသည်။
ညစာစားပြီးနောက် အိမ်သို့ ပြန်တော့မည့်အချိန်တွင် လော်ယွီရှို့က ထိုကောင်လေးနှစ်ယောက်ကို ထိုနေရာ၌ပင် ဆက်လက်၍ ဆွဲထားခဲ့လေ၏။
“…”
ဤသည်က အနည်းငယ်တော့ နေရခက်လွန်းလေ၏။
သူတို့က အနီးကပ်ဆုံးသော ဇနီးမောင်နှံ ဖြစ်ကြပါသော်လည်း အချိန်ကြာမြင့်စွာ ခွဲခွာနေခဲ့ကြရသောကြောင့် ပြန်လည် ဆုံတွေ့ချိန်တွင် အနည်းငယ်မျှ စိမ်းသက်မှုကို ခံစားရလိမ့်မည်။
သူတို့က အပြန်လမ်းတစ်လျှောက်တွင် စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။
အိမ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူတို့က ရေချိုးသန့်စင်ခြင်း ကိစ္စရပ်များကိုသာ လုပ်ဆောင်ခဲ့ကြလေသည်။
ထို့နောက် တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆုံရန်အတွက် ရှောင်လွှဲနေခဲ့ကြပြီး သူတို့၏ အလုပ်များကိုသာ လုပ်ဆောင်နေခဲ့ကြလေ၏။
အခန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက်တွင်တော့ စုဝေ့ဟိုင်က ဝူလီကို တင်းကျပ်စွာ ဆွဲယူပွေ့ဖက်လိုက်လေတော့သည်။
ထိုဇနီးမောင်နှံနှစ်ဦးအကြားရှိ အနည်းငယ်မျှသော နေရခက်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရလေတော့၏။
အချိန်အကြာကြီး စောင့်မျှော်ခဲ့ရသော ပြန်လည်ဆုံတွေ့ခြင်း၏ စိတ်လှုပ်ရှားမှုများသာ ကျန်ရှိနေခဲ့လေတော့သည်။
အရာအားလုံးက ပြန်လည်၍ တည်ငြိမ်သွားခဲ့ပြီးနောက်တွင် ထိုဇနီးမောင်နှံနှစ်ဦးက တစ်ဦးကိုတစ်ဦး မြတ်နိုးစွာဖြင့် ပွေ့ဖက်ထားခဲ့ကြ၏။
စုဝေ့ဟိုင်က အကဲခတ်သော လေသံဖြင့် ပြောဆိုလိုက်လေသည်။
“..ကိုယ် ဒီကာလအတွင်းမှာ နေ့တိုင်း အိမ်မှာ ရှိနေမှာ..မင်း ကလေးတစ်ယောက် မလိုချင်ဘူးလား၊ ကိုယ်တို့..”
ကလေး ဟုတ်လား။
ဝူလီ၏ စိတ်အာရုံထဲတွင် ကလေးမွေးဖွားသည့်အချိန်က လီရှန်း၏ ဖြူဖျော့နေခဲ့သော မျက်နှာအမူအရာနှင့် ဆေးရုံမှ ဆင်းလာချိန်တွင် ကြမ်းပြင်ပေါ်သို့ ရေမွှာများနှင့် သွေးကွက်များက စီးကျနေခဲ့သော အခြေအနေကို ပြန်လည်၍ တွေးတောမိသွားခဲ့ရလေ၏။
သူမ၏ ဦးရေပြားများပင် ထုံကျင်သွားရပြီး ခေါင်းကို အထပ်ထပ် ခါရမ်းရင်း ငြင်းပယ်လိုက်လေတော့သည်။
“မလိုချင်ပါဘူး၊ မလိုချင်ပါဘူး
ကျွန်မတို့ အဲဒီအကြောင်းကို မတွေးဘဲ ထားလိုက်ကြရအောင်”
စုဝေဟိုင် : “?”
မင်း ဘာကို ဆိုလိုတာလဲ။ မင်းက အမြဲတမ်း ကလေးမွေးဖွားဖို့အတွက် တွေးတောနေခဲ့တာ မဟုတ်ဘူးလား။
“ကျွန်မ ကလေးနှစ်ယောက်နဲ့ တကယ့်ကို အဆင်ပြေအောင် နေနိုင်မယိ၊
ကျွန်မ သူတို့အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံသရွေ့ သူတို့ကလည်း ကျွန်မအပေါ် စိတ်ရင်းမှန်နဲ့ ပြန်လည်ဆက်ဆံလိမ့်မယ်လို့ ယုံကြည်တယ်၊
ကလေးကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်မတို့ သဘာဝအတိုင်းပဲ ထားသင့်တယ်လို့ပဲ ထင်တယ်၊ အတင်းအကျပ် မလုပ်ချင်ပါဘူး၊
ရှင်လည်း အလုပ်များသလို၊ ကျွန်မကလည်း အလုပ်များတယ်လေ၊ ပြီးတော့ ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်ရသေးတယ်လေ၊
အခုအချိန်က ကျွန်မတို့ ကိုယ်ဝန်ဆောင်ဖို့အတွက် သင့်တော်တဲ့အချိန် မဟုတ်သေးဘူး”
ဝူလီက သူမ၏ အသိစိတ်မရှိဘဲ ဖြစ်ပေါ်လာသော တုံ့ပြန်မှုများကို အစွမ်းကုန် ဖုံးကွယ်လျက် ရှင်းပြရန် ကြိုးစားနေခဲ့လေသည်။
သို့သော် သူမ၏ အဓိက အတွေးအမြင်က ပြောင်းလဲခြင်း မရှိပေ။
သူမ ကလေးမွေးဖွားရန် မလိုလားခြင်းပင်။
ဝူလီတစ်ယောက် ပြောင်းလဲသွားခဲ့လေသည်။
စုဝေ့ဟိုင်က ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ထိုအမျိုးသမီး၏ နှလုံးသားက ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်းကို ရိပ်မိလိုက်သည်။
ယခင်က သူ ပြန်လာတိုင်း ဝူလီက တခြားမည်သူ့ကိုမျှ မျက်စိထဲသို့ မထည့်ခဲ့ပေ။
သူမက သူ၏ သားနှစ်ယောက်နှင့်ပင် အတူတကွ အချိန်ဖြတ်သန်းခွင့် မရရှိအောင် ရည်ရွယ်ချက်ရှိရှိတားဆီးတတ်ဖူးသည်။
သူ ထိုအကြောင်းကို ပထမဆုံးအကြိမ် သိရှိရချိန်က မည်မျှပင် ဒေါသထွက်ခဲ့ရဖူးပါစေ၊ ယခုအချိန်တွင်လည်း ထပ်တူထပ်မျှပင် စိတ်ရှုပ်ထွေးသွားခဲ့ရပြမ်၏။
ဝူလီက ကတ်ကြေးအသေးစားလေးတစ်ခုကို ယူဆောင်ပြီး စုချန်၏ လက်သည်းများကို ညှပ်ပေးလိုက်ပြီးနောက် သူ၏တင်ပါးလေးကို ခပ်ဖွဖွ ပုတ်ပြလိုက်ရင်း ပြောလိုက်လေသည်။
“ဘာဖြစ်လို့လဲ၊ မင်းက မင်းရဲ့ အဖေနဲ့တောင် ရှက်နေတုန်းလား၊ မင်းရဲ့ အဖေက အလုပ်များလွန်းလို့ပါ၊
မင်းရဲ့အဖေက ကြိုးစားပြီး အလုပ်လုပ်လို့သာ ငါတို့တွေ ဒီလိုမျိုး ပူပန်မှုမရှိတဲ့ လူနေမှုဘဝမျိုးကို ဖြတ်သန်းနိုင်တာလေ၊ သွား.. အဖေကို သွားပြီး ပွေ့ဖက်လိုက်ဦး”
ပထမဆုံးအနေဖြင့် စုချန်က အနည်းငယ် အနေရခက်နေခဲ့ရသည်။
သို့သော် ခဏအကြာတွင် သူက ဆိုဖာ၏ ဘေးသို့ အူကြောင်ကြောင်ဖြင့် လျှောက်လှမ်းသွားခဲ့ပြီး စုဝေ့ဟိုင်ကို နှစ်သိမ့်မှုပေးသောအနေဖြင့် ပွေ့ဖက်လိုက်လေတော့၏။
ဖခင်ဖြစ်သူက သူ၏သားထံမှ ရုတ်တရက် နှစ်သိမ့်မှုကို ရရှိလိုက်ရလေသည်။
“…”
စုချန်တစ်ယောက် လက်သည်းညှပ်ပြီးသွားခဲ့ပြီးနောက် စုကျွင့်ကလည်း ဝူလီ၏ အနားသို့ သွားခဲ့လေသည်။
သူက သူ၏ ဝကစ်ကစ် လက်လေးများကို ဆန့်ထုတ်ပေးလိုက်ပြီး ဝူလီကို လက်သည်းညှပ်ပေးရန်အတွက် တောင်းဆိုလို၏။
ထိုအပြုအမူကို လုပ်ဆောင်ခြင်းက ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။
လက်သည်းညှပ်၍ ပြီးစီးသွားခဲ့ပြီးနောက် စုကျွင့်က ခန္ဓာကိုယ်ကို လှည့်လိုက်ရင်း စုဝေ့ဟိုင်၏ ဘေးနားသို့ သွားခဲ့ပြန်သည်။
ထို့နောက် သူ၏ လက်မောင်းများကို ဖွင့်ဟလျက် ဖခင်ဖြစ်သူကို ပွေ့ဖက်လိုက်ပြီး ချိုသာစွာဖြင့် ပြောလိုက်လေ၏။
“အဖေ၊ အဖေ အရမ်းပင်ပန်းခဲ့ရပြီပဲ”
ဖခင်ဖြစ်သူ စုဝေ့ဟိုင်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသောကြောင့် မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားခဲ့ရရှာသည်။
သူက စိတ်လှုပ်ရှားမိရုံမျှမက သူ၏စိတ်ထဲတွင်လည်း အဆုံးမရှိသော မေးခွန်းများဖြင့် ပြည့်နှက်သွားခဲ့ရလေ၏။
ထိုမိသားစု လေးယောက်လုံးက အတူတကွ အချိန်အနည်းငယ် ဖြတ်သန်းခဲ့ကြပြီးနောက်တွင် မိသားစု၏ ပျော်ရွှင်စရာကောင်းသော ကမ္ဘာထဲမှ နိုးထလာခဲ့ကြရလေသည်။
ဝူလီက စုဝေ့ဟိုင်ကို မေးမြန်းလိုက်သည်။
“ရှင် တတိယမိသားစုအိပ်ခွဲရဲ့ အိမ်အသစ်ကို သွားကြည့်ဖူးလား”
“ကြည့်ဖူးတယ်လေ”
သူ ယမန်နေ့က ပြန်လာခဲ့ချိန်က နေရာမှားသွားခဲ့သည်ဟုပင် ထင်မှတ်ခဲ့မိသေးသည်။
ထိုအိမ်က သိသုသာသာ ပိုမိုကျယ်ဝန်းလာခဲ့ပုံရ၏။
*